Monday, February 20, 2017

Self-Study ဆိုသည်​မှာ


Self-study ဆိုတာဟာ ပညာရပ်တစ်ခုကို ကိုယ့်အားကိုယ်ကိုးပြီးရှာဖွေရတဲ့ နည်းစနစ်တစ်ခုပါ။ တကယ်တော့ကျွန်တော်တို့ ငယ်ငယ်က တက်ခဲ့ရတဲ့ ကျောင်းတော်ကြီးဟာ ပညာသင်ပေးတာထက် ပညာရှာနည်းကိုသင်ပေးတာ ဆိုရင်ပိုမှန်ပါလိမ့်မယ်။ လူတိုင်းဟာ ဘ၀ပေးအခြေအနေတွေမတူညီတဲ့အတွက် သူတို့ ရဲ့  လူနေမှုအဆင့်အတန်း၊ ၀ါသနာ နဲ့  ဘ၀ကိုဖြတ်ကျော်ကြပုံခြင်းလဲမတူညီကြပါဘူး။ ဒါကြောင့်လဲ လူတိုင်းမှာ ပညာရှာတဲ့နည်းစနစ်တွေ ကွာခြားသွားကြပါတယ်။

ငွေကြေးချမ်းသာသူတို့ အတွက်ပညာရှာတယ်ဆိုတာလွယ်ကူပေမယ့်လည်း ငွေကြေးမတတ်နိုင်သူတွေ အတွက်ကတော့ ယနေ့ အထိအခက်အခဲရှိနေဆဲဖြစ်ပါတယ်။ သင်ဟာ ပညာရှာဖို့ ရန်အတွက် ငွေရေးကြေးရေးအားဖြင့် အတိုင်းအတာတစ်ခုအထိ အခက်အခဲ ရှိနေသူတစ်ယောက်ဖြစ်နေပါစေ သင့်မှာသာ အမှန်တကယ် ပညာလိုချင်စိတ်ရှိပါက အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ မြန်မာနိုင်ငံလိုနေရာမျိုးမှာ ဆို ပညာဒါနကျောင်းတွေအများကြီးရှိပါတယ်။ သင်ဘယ်လိုကောင်းတဲ့ ကျောင်းမျိုးကိုတက်သည်ဖြစ်ပါစေ သင်ကိုယ်တိုင်က ကိုယ့်အားကိုယ်ကိုး ပညာရှာဖွေခြင်းမရှိဘူးဆိုရင် သင်ဟာ သင့်ကျောင်းမှာ သင်တဲ့ ပညာလောက်နဲ့သာ ကျန်ခဲ့မှာဖြစ်ပါတယ်။

ယနေ့ ခေတ်မှာဆိုရင် Self-study စာအုပ်တွေကို သီးသန့် ဝယ်ယူလို့ ရနိုင်နေပါပြီ။ Self-study လုပ်မယ့်သူတစ်ယောက်အတွက်အဓိကလိုအပ်ချက်ကတော့  စာဖတ်ဝါသနာပါ။ စာဖတ်ဝါသနာမပါဘဲနဲ့ တော့  ဒီလိုလေ့လာလို့ မရနိုင်ပါဘူး။ ဥပမာတစ်ခု ပြောပြချင်ပါတယ်။ သင်ဟာ ကွန်ပျူတာအခြေခံသင်တန်း တက်ချင်သူတစ်ယောက်ဆိုပါစို ။့သင်သာစာဖတ်ဝါသနာပါသူတစ်ယောက်ဖြစ်ခဲ့ရင် ကွန်ပျူတာအခြေခံနဲ့ ပတ်သက်တဲ့ စာအုပ်တွေမြန်မာလိုဝယ်လို့ ရနိုင်သလို Ebook တွေကိုလဲ အင်တာနက်ကနေ Free Download လုပ်လို့ ရနိုင်နေပြီဖြစ်တဲ့အတွက် သင်ကိုယ်တိုင် စာအုပ်ပါနည်းအတိုင်း စမ်းသပ်လေ့လာပြီး ပညာသင်နိုင်ပါတယ်။ စာအုပ် ရဲ့ တန်ဖိုးက အပြင်မှာ အလွန်ဆုံး ငါးထောင်အထက်မကျော်ပါဘူး။ သင်တန်းသွားတက်ရင် ငွေကျပ် သုံးသောင်းနှင့်အထက်မှာရှိပါတယ်။ တကယ်လို့ သင့်အိမ်မှာလေ့ကျင့်ဖို့  ကွန်ပျူတာမရှိဘူးဆိုရင် အင်တာနက်ဆိုင်တွေ ဂိမ်းဆိုင်တွေမှာ သွားရောက်လေ့ကျင့်နိုင်ပါတယ်။ ဒီလိုဆိုရင်သင်ဟာ ငွေကြေးအနည်းငယ်နဲ့  ပညာတစ်ခုကို ရရှိသွားမှာဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပညာရှာတဲ့အခါမှာ ရလာနိုင်တဲ့အကျိုးအပြစ်တွေကတော့ သင်တန်းမှာဆိုရင်တော့ သင်နားမလည်တာတွေကို ဆရာတွေကို အလွယ်တကူမေးလို့ ရနိုင်တဲ့ အတွက် အချိန်ကုန်သက်သာပါတယ်။ သင်တန်းတက်နေစဉ်ကာလအတွင်းမှာ သူငယ်ချင်းတွေအများကြီးရနိုင်ပါတယ်။ သင်တန်းပြီးဆုံးတဲ့အခါမှာလဲ အသိအမှတ်ပြုလက်မှတ်ရနိုင်ပါတယ်။ ဒါပေမယ့် သင်တန်းစရိတ်ကုန်ကျမှုက ကိုယ့်အားကိုယ်ကိုးလေ့လာတာထက်စာရင် အရမ်းများပါတယ်။ အပတ်စဉ်သွားနေရတဲ့ အတွက် လူပင်ပန်းတဲ့ အပြင် ခရီးသွားစရိတ်ပါပိုကုန်နိုင်ပါတယ်။ နွေရာသီလိုရက်မျိုးမှာဆိုရင် ကားကလဲပိတ် ခရမ်းလွန်ရောင်ခြည်ကလဲများ လူကလဲပင်ပန်းနဲ့  အိမ်ရောက်တဲ့အခါမှာ သင်တန်းကလေ့ကျင့်ခန်းတွေတောင် ပြန်မလေ့ကျင့်နိုင်ဘဲ ပင်ပန်းမှုဒဏ်ကြောင့်အိပ်ပျော်သွားတာကများပါတယ်။ ကာလကြာလာတဲ့အခါ မသွားချင်တော့လောက်အောင် ဖြစ်လာနိုင်ပါတယ်။

ဒါကတော့အလွယ်ကူဆုံးနည်းလမ်းတစ်ခုကိုဆွေးနွေးသွားတာပါ။ တကယ်လို့ သင်ဟာ ဘာသာစကားသင်တန်းတစ်ခုကိုတက်ချင်တယ်ဆိုရင်လဲ ပညာဒါနသင်တန်းတွေ၊ အွန်လိုင်းက လုပ်ပေးတဲ့ သင်တန်းတွေ အများကြီးရှိပါတယ်။ သင့်အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကိုလည်း online မှာလေ့လာနိုင်ပါတယ်။ အွန်လိုင်း ကနေလေ့လာမယ်ဆိုရင်တော့ သင်ဟာအင်္ဂလိပ်စာကျွမ်းကျင်ဖို့ တော့  လိုအပ်ပါတယ်။ Internet Wifi free ရနိုင်တဲ့နေရာတွေလဲရှိနေပါပြီ။

အသက်မွေးဝမ်းကြောင်းပညာရပ်နဲ့ ပတ်သက်ပြီး ကိုယ့်အားကိုယ်ကိုး လေ့လာချင်တယ်ဆိုရင်တော့  ကျောင်းမှာသင်လိုက်တဲ့ မိမိရဲ့ အထူးပြုဘာသာရပ်နဲ့ ပတ်သက်တဲ့  ရည်ညွှန်းစာအုပ်(Reference Book)တွေကို လေ့လာတတ်ဖို့  လိုအပ်ပါတယ်။ ရည်ညွှန်းစာအုပ်တွေကိုဖတ်တဲ့အခါ ၀တ္ထုဖတ်သလို အစကနေစဖတ်စရာမလိုပါဘူး။ ပထမဦးစွာ စာအုပ်ရဲ့ ရည်ညွှန်းချက်၊ ဖွဲ့ စည်းပုံ နှဲ့  အနှစ်ချုပ်ကိုအရင်လေ့လာပါ။ ပြီးမှ မာတိကာကိုကြည့်ပြီး မိမိစိတ်ဝင်စားတဲ့ သင်ခန်းစာရှိရာ စာမျက်နှာကနေစဖတ်ပါ။ အားသာချက်ကတော့ ရည်ညွှန်းစာအုပ်တွေမှာ ပုံလေးတွေနဲ့ ရှင်းပြထားတာဖြစ်တဲ့အတွက် ပုံကြည့်ရုံနဲ့  နားလည်သွားတာမျိုးတွေလဲရှိတတ်ပါတယ်။ ဘာသာပြန်တဲ့အခါမှာလဲ ဘာသာစကားပိုင်းဆိုင်ရာမဟုတ်တဲ့အတွက် စာပိုဒ်တစ်ပိုဒ်လုံးကိုဖတ်ပြီးတဲ့နောက်မှာ စာရေးသူဘာကိုဆိုလိုချင်သလဲဆိုတဲ့အကြောင်းအရာကိုခြုံငုံသိရင် ရပါပြီ။

အသက်မွေးဝမ်းကြောင်းပညာနဲ့ ပတ်သက်ပြီး လေ့လာရတဲ့အခါမှာ ကွာခြားချက်နှစ်ခုရှိလာပါတယ်။ တက္ကသိုလ်မှာ သင်ရတဲ့ပညာရပ်တွေကို ကျွန်တော်တို့ စိတ်ဝင်စားသည်ဖြစ်စေ မ၀င်စားသည်ဖြစ်စေသင်ကြားရပါတယ်။ သင်ကြားရသလိုပဲ အဲ့ဒီပညာရပ်တွေဟာ နောက်ပိုင်းမှာ ပြန်အသုံးကျလာပါတယ်။ အစပိုင်းမှာ ကျောင်းသားတော်တော်များများခံစားမိနေတာက “ငါတို့ နဲ့ လဲ မဆိုင်ဘဲနဲ့  ဘာလို့ သင်နေရတာလဲ” ဆိုတဲ့ခံစားချက်တွေပါ။ ဒါပေမယ့် တက္ကသိုလ်ကြီးမှာရှိတဲ့ ပညာရပ်တွေကတော့ စနစ်တကျဖွဲ့ စည်းထားတဲ့အတွက် ဆုံးခန်းတိုင်သည်အထိတက်ရောက်ပြီးမှသာ အကျိုးကျေးဇူးကိုခံစားရမှာပါ။ ကိုယ့်အားကိုယ်ကိုးလေ့လာတဲ့အခါမှာတော့ မိမိစိတ်ဝင်စားရာအပိုင်းကနေစတင်လေ့လာလို့ ရပါတယ်။ ကျန်တဲ့အပိုင်းတွေကိုတော့ လိုအပ်မှသာလေ့လာလို့ ရပါတယ်။ ဒါပေမယ့် ဘာတွေလိုအပ်သလဲဆိုတာလဲသိဖို့ အရေးကြီးပါတယ်။ ဒါကြောင့်ခက်ခဲမယ်လို့ ပြောရခြင်းဖြစ်ပါတယ်။ အင်ဂျင်နီယာ၊ ဆရာဝန် နဲ့ ဆိုင်တဲ့ပညာရပ်တွေကိုတော့  ကိုယ့်အားကိုယ်ကိုးလေ့လာဖို့ ရာမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီပညာတွေဟာ စနစ်တကျသင်မှသာ ထူးချွန်နိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ကျောင်းတက်နေသည့်တိုင်အောင် ကိုယ့်အားကိုယ်ကိုးထပ်မံလေ့လာသူတွေကတော့ အရည်အချင်း ပိုရှိနေမှာဖြစ်ပါတယ်။

ဘွဲ့ ရပြီးတဲ့ နောက်မှာ ကျွန်တော်တို့ မသိသေးတဲ့ ပညာတွေကိုဆက်လက်ရှာဖွေပြီး မျိုးဆက်သစ်လူငယ်လေးတွေကို လက်ဆင့်ကမ်းဖို့ လိုအပ်ပါတယ်။ ဒီလိုလက်ဆင့်ကမ်းနိုင်မှသာ ကျွန်တော်တို့ လူမျိုးတွေ ပညာတတ်တွေများလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးဆက်က လမ်းဖောက်ရမှာဖြစ်တဲ့ အတွက် Self-study လုပ်ဖို့ ရာ ပိုမိုလိုအပ်ပါတယ်။ မိမိတို့ ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာရှိတဲ့  နိုင်ငံရပ်ခြား က ပညာတွေကို လေ့လာပြီး နှောင်းလူငယ်တွေ အလွယ်တကူလေ့လာဖို့ ရာ နည်းလမ်းချပေးရမယ့်တာဝန် ကွန်တော်တို့ မှာရှိပါတယ်။ ကျွန်တော်တို့ ရဲ့ ဦးနှောက်တွေ က သူများရှာဖွေထားလို့  သိရတဲ့ အသိထက် ကိုယ်တိုင်ရှာဖွေတွေ့ ရှိတဲ့ အသိကို ပိုပြီးမှတ်မိလွယ်ပါတယ်။ ကျောင်းမှာ ဆရာမရှင်းပြလို့  ရသွားတဲ့ စာနဲ့  ကိုယ်ကိုယ်တိုင်လေ့လာလို့  ရသွားတဲ့ စာနှစ်ခုမှာ ကိုယ်ကိုယ်တိုင်လေ့လာလို့ ရသွားတဲ့ စာက တသက်ဘယ်တော့ မှမမေ့နိုင်တော့ ပါဘူး။ အချို့ သောဘာသာရပ်တွေဟာ လူတွေ မမြင်နိုင်တဲ့ အတွေးအခေါ်တွေနဲ့ သင်ကြားရတာဖြစ်တဲ့ အတွက် ကျောင်းသူ ကျောင်းသားတွေအဖို့  လက်တွေ့ ပြသဖို့ ခဲယဉ်းတာမျိုးတွေရှိပါတယ်။ ဒီလိုအချက်အလက်တွေအတွက်ဆိုရင်တော့ အွန်လိုင်း မှာရှိတဲ့  သက်ဝင်လှုပ်ရှားပုံရိပ်(Animation) လေးတွေကနေ တစ်ဆင့် သဘောပေါက်နားလည်သွားနိုင်ပါတယ်။ သင်ကိုယ်တိုင် ကိုယ့်အားကိုယ်ကိုးလေ့လာရင်းနဲ့  လက်တွေ့ ပြုလုပ်ဖို့ လိုအပ်လာတဲ့ အခါ မိတ်ဆွေ အပေါင်းအသင်းနှင့်ဖြစ်စေ သက်ဆိုင်ရာနယ်ပယ်အလိုက် လက်တွေ့ ကွင်းဆင်းလေ့လာမှုတွေပြုလုပ်နိုင်ပါတယ်။ ဒီလိုလေ့လာတာဟာ မလွယ်ကူပေမယ့် သင်သာ ဇွဲ မလျှော့ပဲကြိုးစားခဲ့ မယ်ဆိုရင် အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကိုယ့်အားကိုယ်ကိုးလေ့လာတဲ့အခါမှာ အခက်အခဲတွေအများကြီးရှိတဲ့အတွက် စိတ်ပင်ပန်းမှုတွေမလွဲမသွေကြုံတွေ့ ရမှာပါ။ လူတွေ နေမကောင်းရင် ဆေးတိုက်ရသလို စိတ်ပင်ပန်းရင်လဲ ပြန်လည်ပြီးအာဟာရဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ စိတ်အာဟာရဖြစ်ဖို့ အတွက်ဆိုရင်တော့  နှလုံးသားအာဟာရလို စာအုပ်မျိုး တက်ကျမ်းလို စိတ်ဓါတ်ခွန်အားပေးစာအုပ်လေးတွေကို ဖတ်ပေးခြင်းအားဖြင့် မိမိစိတ်ကို ပြန်လည် လန်းဆန်းလာအောင်ကုသနိုင်ပါတယ်။ ကိုယ့်အားကိုယ်ကိုးလေ့လာတဲ့အခါမှာ အကြာကြီး စိတ်ဓါတ်ကျနေရင် မိမိပဲဆုံးရှုံးနစ်နာရမှာပါ။ ကျွန်တော်တို့ စဉ်းစားရမှာက ပြသနာတစ်ခုကို ဒီတစ်နည်းနဲ့ ဖြေရှင်းလို့ မရရင် အခြားနည်းလမ်းတစ်ခု ကိုစဉ်းစားဖို့ ပါ။ ဥပမာ မိမိ ဆရာ ကိုဖြစ်ဖြစ်သွားရောက် တိုင်ပင်ပြီးမေးမြန်းတာမျိုး။ သူငယ်ချင်း အချင်းချင်း တိုင်ပင်တာမျိုး စသဖြင့်ပေါ့။ အဓိကကတော့ အင်တာနက်ကိုကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ဖို့ ပါပဲ။ အင်တာနက်ကနေ ကျွန်တော်တို့  သိချင်တာတွေကို အလွယ်တကူ ရှာလို့ ရနိုင်နေပါပြီ။ ကိုယ့်အားကိုယ်ကိုးလေ့လာတဲ့အခါမှ အဖွဲ့ တစ်ခုဖွဲ့ စည်းပြီး စုပေါင်းလေ့လာတာကအကောင်းဆုံးဖြစ်မှာပါတယ်။ အကြောင်းအရာတစ်ခုကို တာဝန်ခွဲပြီး လေ့လာတာဟာ အချိန်တိုအတွင်းမှာ အလွယ်တကူပြီးမြောက်စေပါတယ်။ အွန်လိုင်း မှာရှိတဲ့ Forum တွေ Discussion တွေမှာ မိမိနားမလည်သည်များ သိလိုသည်များကို ပွင့်ပွင့်လင်းလင်းဝင်ရောက်ဆွေးနွေးဖို့ လဲလိုအပ်ပါတယ်။ မြန်မာလူငယ်အတော်များများက Forum အသုံးချမှုနည်းပါးနေသေးတာတွေ့ ရပါတယ်။ ကိုယ့်အားကိုယ်ကိုးလေ့လာတဲ့အခါမှာ ရည်မှန်းချက်တစ်ခုချထားပြီး အချိန်ပိုင်းအလိုက် စီမံခန့် ခွဲ ထားတာကလဲအကောင်းဆုံးပါ။ ဒီဘာသာတစ်ခုထဲကိုပဲ အာရုံစိုက်လေ့လာမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ငြီးငွေ့ သွားနိုင်ပါတယ်။ စာဖတ်တဲ့အခါမှာလဲ ၂၅ မိနစ်ဖတ်လိုက် ၅ မိနစ်လောက်နားလိုက်ဖတ်သွားတာက ဦးနှောက်ကို ထုံထိုင်းမှုဒဏ်ကနေ ကင်းဝေးစေပါတယ်။ အကောင်းဆုံးကတော့  တစ်နာရီခြားတစ်ခါ (သို့ မဟုတ်) နှစ်နာရီခြားတစ်ခါ ဘာသာရပ်အကြောင်းအရာ ပြောင်းလဲလေ့လာတာက စိတ်ကိုလဲ ပြောလျော့သွားစေသလို ဦးနှောက်ကိုလဲ လန်းဆန်းနေစေပါတယ်။
နောက်ထပ်အကြံပေးချင်တာတစ်ခုကတော့ ဘယ်စာအုပ်ကိုဖတ်ဖတ် မှတ်စုစာအုပ်လေးနဲ့ တစ်ကွ ဖတ်ဖို့ ပါ။ သင်စိတ်ဝင်စားတဲ့ အကြောင်းအရာ (သို့ မဟုတ်) သင့်ကိုအထောက်အပံ့ပြုမယ့် အကြောင်းအရာလေးတွေ တွေ့ လာခဲ့ ရင် မှတ်သားထားတာ အကောင်းဆုံးပါ။ ဒီလိုမှတ်သားထားခြင်းဟာ တစ်ချိန် သင် ကိုယ့်အားကိုယ်ကိုးလေ့လာတဲ့ အခါ တစ်စိတ်တစ်ဒေသ အနေနဲ့ အကူအညီရနိုင်ပါတယ်။ စာအုပ်ဖတ်မှမဟုတ်ပါဘူး။ လူမှုကွန်ယက်တွေအသုံးပြုတဲ့အခါမှာလဲ ဒီလိုမှတ်သားတတ်ခြင်းဟာ ကောင်းမွန်သော အလေ့အထ တစ်ခု ဖြစ်စေမှာပါလို့ အကြံပြုချင်ပါတယ်။ နောက်ဆုံးအနေနဲ့ မှာချင်တာကတော့ Self study လုပ်တဲ့အခါမှာ လက်လှမ်းမှီသမျှနေရာအားလုံးကနေ လေ့လာပါ။ စိတ်ဓါတ်ကျလာတဲ့အခါ အမြန်ဆုံး အားပေးပါ။ ကိုယ့်အားကိုယ်ကိုးလေ့လာခြင်းက ဆရာနဲ့  လက်တွဲသင်ရတာထက် ပိုမိုခက်ခဲပေမယ့်လဲ သင့်ကို အရည်အချင်းပြည့်ဝသူတစ်ယောက်ဖြစ်လာစေမှာပါ။

ကျွန်တော်ဖတ်ဖူးသော ဆောင်းပါးတစ်ပုဒ်

No comments:

Post a Comment