အလုပ်တစ်ခုမှာ အချိန်အတိုင်းအတာတစ်ခုထိ လုပ်လာခဲ့ပြီး ကိုယ့်ဘက်က အဲဒီအလုပ်နဲ့ ပတ်သက်လို့ လုံလောက်တဲ့ ကျွမ်းကျင်မှုလည်း ရှိလာတဲ့ အချိန်ထိ အလုပ်ရှင်ဘက်က လစာတိုးပေးမယ့် အရိပ်အယောင် မပြသေးဘူးဆိုရင် ကိုယ့်ဘက်ကပဲ စပြီး လစာတိုးတောင်းရတော့မှာပါ။
အဲဒီလို လစာတိုးတောင်းတဲ့ အခါမှာ အလုပ်ရှင်နဲ့ ကိုယ့်ရဲ့ဆက်ဆံရေး မထိခိုက်ဘဲ ကိုယ်လိုချင်တဲ့ လစာပမာဏမျိုး ရရှိနိုင်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ အဆင့် ၄ ဆင့်ကို ဖော်ပြပေးချင်ပါတယ်။
၁။ ကြိုတင်လေ့လာပါ။
တခြားကုမ္ပဏီတွေက ကိုယ်နဲ့ ရာထူးအဆင့်တူတွေ လစာဘယ်လောက်ရနေသလဲ ဆိုတာကို ကိုယ့်မိတ်ဆွေတွေ၊ အလုပ်ရှာဂျာနယ်တွေ၊ အင်တာနက် စာမျက်နှာတွေမှာ လိုက်လံလေ့လာထားပါ။ ဒါမှ ကိုယ်နဲ့ ထိုက်တန်တဲ့ လစာငွေ ပမာဏကို မှန်မှန်ကန်ကန် တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။
၂။ တွေ့ဆုံဆွေးနွေးခွင့် တောင်းပါ။
လစာတိုးတောင်းတဲ့ ကိစ္စကို email ပို့လို့ မရပါဘူး။ ကိုယ့်ရဲ့သူဌေး၊ ဒါမှမဟုတ် အထက်အရာရှိနဲ့ နှစ်ဦးချင်း တွေ့ဆုံဆွေးနွေးခွင့်ရဖို့ လိုပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့ အချိန်မှာလည်း ကိုယ့်ဘက်က အတတ်နိုင်ဆုံး စိတ်ရှည်၊ လက်ရှည်နဲ့ လိုချင်တာကို ငြင်ငြင်သာသာ တောင်းဆိုဖို့ လိုပါတယ်။ ဘယ်အလုပ်ရှင်ကမှ ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံ ပိုထွက်မယ့် ကိစ္စကို လိုလိုချင်ချင်ရှိမှာ မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။
၃။ စိတ်ပညာကို အသုံးချပါ။
ကိုယ့်ရဲ့ လုပ်အားက ကိုယ်ရနေတဲ့ လစာထက် အများကြီး ပိုထိုက်တန်ကြောင်း တိုက်ရိုက်ပဲဖြစ်ဖြစ်၊ အရိပ်အမြွတ်ပဲဖြစ်ဖြစ် ကိုယ့်ဘက်က စတင်ပြီး မပြောမိ၊ မပြမိပါစေနဲ့။ အဲဒီလို ပြောလိုက်၊ ပြလိုက်မိရင် အလုပ်ရှင်က အလိုလို သူ့ဘက်သူ ကာကွယ်ချင်တဲ့စိတ် ဝင်သွားပြီး ကိုယ့်ရဲ့ လုပ်အားနဲ့ ပတ်သက်လို့ မေးခွန်းတွေ ပြန်ထုတ်လာပါလိမ့်မယ်။
အဲဒါကြောင့် ကိုယ့်ဘက်ကပဲ အလုပ်ရှင်ကို မေးခွန်းတွေထုတ်ပါ။ ဒီအလုပ်မှာ ဘယ်လောက်ကြာရင် တစ်ခါ လစာတိုးပေးလေ့ ရှိပါသလဲ။ ကျွန်တော်နဲ့ အလုပ်တွဲ လုပ်ရတာ အဆင်ပြေရဲ့လား - စတဲ့ မေးခွန်းမျိုးတွေ အရင်မေးကြည့်ပါ။ နောက်ပြီး ဒီတစ်ကြိမ်မှာ လစာတိုးတောင်းတာ အဆင်မပြေခဲ့ရင်လည်း နောက်ထပ် ကာလတစ်ခု အကြာမှာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့လုပ်အား အဆင့်တစ်ခု ထပ်မံတိုးတက်တဲ့ အခါမျိုးမှာ လစာတိုးပေးမယ့် ကတိစကားမျိုး ရအောင်ယူပါ။
၎။ လုပ်ရည်ကိုင်ရည် အမြဲတိုးတက်နေပါစေ။
လစာတိုးတောင်းတော့မယ် ဆိုရင် အလုပ်ရှင်ဘက်က ကိုယ်ဟာ လက်လွှတ်မခံသင့်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း သေချာနေဖို့တော့ လိုပါတယ်။ ဒီအတွက် ကိုယ့်ရဲ့အလုပ်ကို အကောင်းဆုံး လုပ်နိုင်ပြီး လုပ်ရည်ကိုင်ရည်ကလည်း အမြဲတိုးတက်နေဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်နေရာကို တခြားတစ်ယောက်နဲ့ အချိန်မရွေး အစားထိုးလို့ ရနေမယ်ဆိုရင် ကိုယ်လစာတိုးတောင်းတာကို အလုပ်ရှင်က ငြင်းလွှတ်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။
Ref: Fortune Magazine
No comments:
Post a Comment