ဝင်းထဲသို့ ဝင်လိုက်သည်နှင့် ဖိနပ်လုပ်ငန်းခွင်မှ တူထုသံ၊ စက်ဖြတ်သံတို့ ကြားရသည်။ ဝင်းထဲမှာလည်း ဖိနပ်လုပ်ငန်းခွင် လုပ်သားတို့ ဟိုတစ်စု သည်တစ်စု။ ထိုဝင်းကား ဆင်ခြောက်ကောင်ဖိနပ် လုပ်ကိုင်သောကြောင့် ဆင်ခြောက်ကောင်ဝင်းဟုပင် နာမည်တွင်သည်အထိ ကျော်ကြားသော မန္တလေးမြို့ ၂၈-၂၉ ကြား၊ ၈၀-၈၁ ကြားမှ ရှေ့တော်ပြေးဝင်းဖြစ်သည်။
မန္တလေးဟု ဆိုလိုက်လျှင် အိမ်ပြန်လက်ဆောင်အဖြစ် မန္တလေးဖိနပ် မှာယူကြသည့်ခေတ်အထိ ဖြစ်ခဲ့သော မန္တလေး ဖိနပ်လုပ်ငန်းတို့၏ ခေတ်ဦးတွင် စောင်း ကောက်ဖိနပ်၊ ပန်းသီးတံဆိပ် ရှုမဝဖိနပ်တို့နှင့်အတူ ဆင်ခြောက်ကောင် ဖိနပ်သည်လည်း အပါအဝင် ဖြစ်ခဲ့သည်။ မန္တလေး ဖိနပ်၊ ဆင်ခြောက်ကောင် ဖိနပ်၏ မူလ ပဲ့ကိုင်ရှင်ကား ဦးဟန်သိန်း ဖြစ်သည်။
စောင်းကောက်ဖိနပ် လုပ်ငန်းရှင် ဦးလှကျော်၏ တူလည်းဖြစ်သော ဦးဟန်သိန်းသည် ဖိနပ်လုပ်ငန်း ပညာသင် ဘဝတွင် နှစ် ၂၀ ခန့် ပညာသင်ကြားပြီးမှ ဆင်ခြောက်ကောက် အမည်ဖြင့် လုပ်ငန်းခွဲပြီး သားရေဖိနပ်များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ယခုမူ ဦးဟန်သိန်း ကွယ်လွန်သွားသည်မှာ ခြောက်နှစ်ခန့် ရှိပြီဖြစ်သော်လည်း ဆင်ခြောက်ကောင်ဝင်းထဲတွင်မူ ဦးဟန်သိန်း၏ တပည့် သားမြေးများ ဦးစီးသော မန္တလေးဖိနပ် လုပ်ငန်းက တွင်ကျယ်နေဆဲ ဖြစ်သည်။
မန္တလေးဖိနပ်တို့ ယနေ့ထိတိုင်
ရပ်တည်လာနိုင်ခြင်း သမိုင်းကြောင်းကို ကြည့်လျှင် လွယ်ကူခဲ့သည်တော့ မဟုတ်ပါ။ “လက်မှုကနေ စက်မှုပြောင်းပြီး အရည်အသွေး ကောင်းကောင်းနဲ့ ထုတ်နိုင်ဖို့ အများကြီး ကြိုးစားခဲ့ကြရတာ”ဟု ဦးဟန်သိန်း၏ သားဖြစ်သူ ဆင်ပျံကမ္ဘာ ဖိနပ်လုပ်ငန်းမှ ဦးဝင်းမြင့်က ဆိုပါသည်။
ပြည်ပ ပစ္စည်း တင်သွင်းမှုများ ပိတ်ဆို့ထားသောခေတ်၊ အစစ အရာရာ ဈေးနှုန်း စရိတ် ကြီးမားသော ခေတ်များကို ကျော်ဖြတ်ခဲ့သည့် မန္တလေးဖိနပ် လုပ်ငန်းတွင် အချိုး အကွေ့ များစွာ ရှိခဲ့သည်။ လွတ်လပ်ရေးရပြီး ၁၉၅၄ ခုနှစ် ပြည်တွင်းထုတ်ကုန် တစ်ခုအနေနှင့် အခြေခံ သုံးကုန်ဖြစ်သော ဖိနပ်လုပ်ငန်းကို ပြည်တွင်း လုပ်ငန်းရှင်များက ကြိုးပမ်းခဲ့ကြသည်။ ရန်ကုန်တွင် ဓားမောက်၊ မန္တလေးတွင် စောင်းကောက်ဟူ၍ အပြိုင်အဆိုင်လည်း ဖြစ်လာခဲ့သည်။
ယခုအခါ ရန်ကုန်ဖိနပ်ဟူ၍ ထင်ထင်ရှားရှား မရှိတော့သော်လည်း မန္တလေးတွင်တော့ ဖိနပ်လုပ်ငန်းများက အခိုင်အမာ ရပ်တည်နေတုန်း။ ၁၉၅၀ ဝန်းကျင်က ရုပ်ရှင်ရုံ ကြော်ငြာများမှာ မန္တလေးဖိနပ်များ နေရာ ယူခဲ့သည်။ ၁၉၇၀ ပြည့်နှစ် ဝန်းကျင်လောက်ကျတော့ မင်းသား မင်းသမီးတွေပါ တန်းတန်းစွဲ ဂုဏ်ယူမြတ်နိုးစွာ ဝယ်စီးကြသော မန္တလေးဖိနပ်ဟူသည့်ခေတ်ကို ရောက်ခဲ့သည်။
မန္တလေး ဖိနပ်ဟု ခေါ်ကြသော သားရေဖိနပ်တို့၏ ဂုဏ်သတ္တိမှာ ခိုင်ခန့်သည်။ စီးရသည်မှာ သက်သောင့်သက်သာ ရှိသည်။ သားရေ အကောင်းကို သုံးသောကြောင့် မပျက်စီးလွယ်သလို ထိုသားရေ ဖိနပ်ပေါ် ထုထားသော တံဆိပ်သည်ပင် ဂုဏ်တစ်မျိုးဖြစ်သည်။ “ရုပ်ရှင်ဗီဒီယိုခေတ်တုန်းကဆို မင်းသား မင်းသမီးတွေဖြစ်တဲ့ ရန်အောင်၊ ရဲအောင်၊ မေဆွိ၊ ကျော်သူ၊ နေအောင်၊ ဝင်းဦးတို့ မန္တလေးရောက်တိုင်း လာတိုင်းကြည့် စီးကြည့်ပြီး ဝယ်ခဲ့ကြတာပေါ့”ဟု ဦးဝင်းမြင့်က ဆိုသည်။
မန္တလေးဖိနပ်တစ်ရံ ဖြစ်လာဖို့အတွက် ကုန်ကြမ်းအားဖြင့် သားရေ၊ ရာဘာ၊ ကတ္တီပါသည်းကြိုး စသည်တို့ လိုအပ်ပြီး အသုံးပြုသော ကုန်ကြမ်းများသည် အဓိကအားဖြင့် ပြည်တွင်းဖြစ် ပစ္စည်းများသာ ဖြစ်သည်။ သားရေအတွက် အညာ ဒေသတစ်ဝိုက် သားသတ်ရုံများမှ ကျွဲသားရေကို ဝယ်ရသည်။ ကျွဲတစ်ကောင်လျှင် သားရေ ဘယ်ညာခြမ်း နှစ်ခြမ်းရသည့် အနက် သားရေသား ထူသော ကျောပိုင်း တစ်ဝိုက်ကို အဓိက အသုံးပြုရသည်။ ထိုသားရေကို ဆေးနက်ဆိုး၍သော်လည်းကောင်း၊ သဘာဝ သားရေ အရောင်အတိုင်းသော်လည်းကောင်း အသုံးပြုပြီး ဖိနပ်ချုပ် လုပ်နိုင်သည်။
သားရေဖိနပ် အောက်ခံ ရော်ဘာပြားကိုတော့ အောက်ပြည်အောက်ရွာ မော်လမြိုင်၊ သထုံစသော ဒေသများမှ ရော်ဘာများကို အသုံးပြုရသည်။ ခြွင်းချက်အနေနှင့် မန္တလေးဖိနပ်လုပ်ငန်းတွင် ကတ္တီပါစသာလျှင် ပြည်ပမှ တင်သွင်းရခြင်းဖြစ်သည်။
မန္တလေးတွင်သာ အစအဆုံး ပြင်ဆင် ထုတ်လုပ်သော လက်မှုလုပ်ငန်းဖြစ်သည့် ဆင်ခြောက်ကောင် သားရေ ဖိနပ်လုပ်ငန်းသည် မဆလခေတ်က နိုင်ငံ့ အကြီးအကဲများ ဖြစ်သော ဦးနေဝင်း၊ ဦးစန်းယုတို့ပင် မှာယူကြသည်အထိ နာမည်ကောင်းရခဲ့သည်။ ကုန်ကြမ်းလည်း ရှားပါးသောခေတ်ဖြစ်၍ ဖိနပ်တစ်ရံလျှင် အော်ဒါ လနှင့်ချီ စောင့်ရသော်လည်း ဝယ်လက်ဖောက်သည်တို့ မပြတ်ခဲ့။
မူလ ၁၉၅၀ ဝန်းကျင် လုပ်ငန်းစခဲ့စဉ်က သားရေဖိနပ် တစ်ရံလျှင် ခုနစ်ကျပ်ခေတ်မှ ယခု ၂၀၁၇ ခုနှစ် သားရေဖိနပ် တစ်ရံလျှင် ကျပ်တစ်သောင်းဝန်းကျင် ခေတ်အထိ ဈေးမြင့်တက်ခဲ့သလို လုပ်ငန်းလည်း ကြီးလာသည်နှင့်အမျှ လုပ်သား ဦးရေလည်း ပိုတိုးလာသည်။ တိုးတက်လာသော လုပ်သား ဦးရေနှင့်အတူ ဆင် ခြောက်ကောင် ဖိနပ်လုပ်ငန်းသည်လည်း လက်မှုမှ စက်မှုသို့ တဖြည်းဖြည်း ကူးပြောင်းပြီး ထုတ်ကုန် မြှင့်တင်လာခဲ့သည်။
သားရေဖိနပ် ထုတ်လုပ်ရာတွင် အဆင့်ဆင့် ပြုလုပ်ရပြီး လုပ်သား ဆယ်ယောက်ခန့် မရပ်မနား ပြုလုပ်ရသည်။ သားရေပြား ကုန်ကြမ်းကို ဖိနပ်ပုံကြမ်း မလျာမီ လေးထောင့် အပြားများ အရင် ဖြတ်ရသည်။ ဆေးဆိုးပြီး တစ်ရက်နှစ်ရက်ခန့် အခြောက်ခံရသည်။ ထိုသားရေပြားများကို နှစ်လွှာကပ်ပြီး စက်နှင့် ဖိရသည်။ ရှေးယခင်ကတော့ လူအားဖြင့် လေးပေါင် တူနှင့် ထုသော်လည်း ၁၉၈၄ ခုနှစ်မှစ၍ မန္တလေး စိန်ပန်းအရပ်တွင် တပ်ဆင် ထုတ်လုပ်သည့် စက်ဖြင့် သားရေပြားများကို ဖိကြိတ်သည်။
နှစ်လွှာကပ်ပြီးသော သားရေပြားကို ဖိနပ်ပုံစံအတိုင်း ပုံတိုင်းဖြင့်လျာကာ ပုံဖြတ်ရသည်။ ပြီးလျှင်တော့ သည်းကြိုးတပ်ဖို့ ခေါင်ဖောက်၊ ခါးဖောက်ရသည်။ ဖိနပ်တစ်ရံ ပြုလုပ်ပုံသည် ပညာသားပါသလို အဆင့်တိုင်းမှာလည်း သူ့ပညာနှင့်သူ ဖြစ်သည်။ ဆေးဆိုးခြင်း၊ သားရေသား အလယ်ကို ခြစ်စားခြင်း၊ ကော်သုတ် တူထုခြင်း၊ ခေါင်ပေါက် ခါးပေါက် ဖောက်ခြင်း၊ ပုံချခြင်း၊ ခြစ်ကြိုးဆွဲခြင်း၊ ခါးထွင်း၊ ဓားလှန်၊ ခေါင်ရိုက်၊ ခေါင်ပူး၊ ကြိုးထိုး၊ အရောင်တင် အဆင့်ဆင့်တွင် နည်းစနစ်တကျ ဖြတ်သန်းခဲ့မှသာ စီးသူ၏ ခြေဖဝါးတွင် သားရေဖိနပ်ကောင်း တစ်ရံက ပေးသော သက်သောင့်သက်သာရှိမှု၊ အဆင့်အတန်းမြင့်မှုကို ခံစားနိုင်မည်ဖြစ်သည်။
“အခုခေတ်မှာ ဖိနပ်လုပ်ငန်း အသစ်တွေ အများကြီး ဖြစ်လာပြီ။ တချို့လည်း ရှေးနည်းတွေအတိုင်း မလုပ်ကြတော့ဘူး။ ဦးလေးတို့ ခေတ်တုန်းက ဆရာကြီးတွေ သင်ပေးလိုက်တဲ့ ဖိနပ်ကောင်း လုပ်နည်းစဉ်ဆိုတာ ရှိတယ်။ စုစုပေါင်း ၂၈ ချက်တောင်မှ။ အခုတော့ အဲဒီနည်းတွေ သိသူလည်း ရှားကုန်ပါပြီ”ဟု ဦးဝင်းမြင့်က ဆိုသည်။
ဆင်ခြောက်ကောင်ဝင်းအတွင်း ဖိနပ်လုပ်ငန်း လုပ်သားတို့ကတော့ တကုပ်ကုပ် အလုပ်လုပ်နေဆဲ။ မန္တလေးဖိနပ် လုပ်ငန်းသည် လုပ်သားတို့အတွက် နေ့တွက်ဝင်ငွေ ခိုင်မာသော လုပ်ငန်းဟုဆို ရင်လည်း မမှားချေ။ ဖိနပ်လုပ်ငန်းကြီး တစ်ခုလျှင် အမျိုးသားလုပ်သား ၁၀ ယောက်၊ အယောက် ၂၀ ခန့်ကို အလုပ် ပေးနိုင်ပြီး ဖိနပ်ဆိုင်များတွင်လည်း အရောင်းဝန်ထမ်း မိန်းကလေးတို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနိုင်သေးသည်။ ထပ်ဆင့် ဖောက်သည် ယူကြသည့် နယ်ကုန်သည်များအတွက်လည်း ဖိနပ်လုပ်ငန်းတွေကို အားထားနေရသည်။
ဆင်ခြောက်ကောင် ဖိနပ်လုပ်ငန်း၏ အမှတ်တံဆိပ်ဖြစ်သော ဆင်ခြောက်ကောင်ပုံသည် သားရေဖိနပ် တစ်ရံချင်းစီမှာ အထင်းသား။ “ကြိုက်သလောက်စီး အကြမ်း ခံနေရမယ်။ စီးတာများလို့ သည်းကြိုးတွေသာ ပြတ်ရင် ပြတ်သွားမယ်။ သားရေသား လုံးဝ မပြတ်ဘူး။ ဒီဖိနပ်ပေါ်မှာ မြဲနေမယ့် တံဆိပ်နဲ့ထပ်တူ ကိုယ့်လုပ်ငန်းကို အာမခံနိုင်တယ်”ဟု ဦးဝင်းမြင့်က ရဲရဲဝံ့ဝံ့ ဆိုလိုက်လေသည်။
ညီညီ
Credit: The Voice
No comments:
Post a Comment