Sunday, December 24, 2017

တကယ့် အချစ်ဝတ္ထု


    သစ္စာနီ
   
၁။
ကုန်းပေါ်ရောက်နေသည့် ငါးတစ်ကောင်လိုပင် ကျွန်တော်သည် အချစ်ဆိုသောအရာနှင့် အချစ်ရုပ်ရှင်ကားများတွင် ပါလေ့ရှိသော ဇာတ်လိုက်တို့၏ ပုံစံများနှင့် မတူရုံမက ဖြောင့်ဖြောင့်ကြီးပင် ဆန့်ကျင်နေသည်ဟု မှတ်ယူနိုင်ပါသည်။ အကြမ်းဖျဉ်းမှာ အောက်ပါ ဇယားအတိုင်း ဖြစ်ပါသည်။

ဇာတ်လိုက် ကျွန်တော်

ရုပ်ချောချော ရွက်ကြမ်းရေကြို (ကိုယ့်အထင်)

အရပ်မြင့်မြင့် အတော်ပင် ပုပါသည်

အသားဖြူဖြူ ညိုညို (ယောက်ျားများ အသားဖြူသည်ကို ကြည့်မရပါ)

ဘွဲ့ရပညာတတ် မရ

ကြွယ်ဝချမ်းသာ လက်လုပ်လက်စား

တီးတတ်၊ မှုတ်တတ် လေအနည်းငယ်ချွန်တတ်
(ဥပမာ- ဂစ်တာ၊ တယော၊ စန္ဒရား)

အသတ်အပုတ် ကျွမ်းကျင် ရန်ဖြစ်တိုင်း ခံရလေ့ရှိသည်

စကားပြောကောင်း မကောင်း
(မိန်းမတွေကျလောက်အောင်
ပြောတတ်ခြင်းကို ဆိုလိုပါသည်)

ရာထူးဂုဏ်ရှိန် ဝေလာဝေး

တခြားအရည်အချင်း မရှိ
(မြင်းစီး၊ စက်ဘီးစီး၊ ကားမောင်း၊
မော်တော်ဆိုင်ကယ်စီး၊ နွယ်ကြိုးလွှဲ၊
သီချင်းဆို၊ ရေကူး၊ တင်းနစ်ရိုက် စသဖြင့်)

သို့သော် ကျွန်တော့်တွင် ချစ်သူတစ်ယောက် (တကယ်ပင်) ရှိခဲ့ခြင်းမှာ အချစ်ဝတ္ထုတွေ အချစ်ရုပ်ရှင်ကားတွေ မှားသလား။ ကျွန်တော် မှားသလား။ ဖူးစာရေးနတ် မှားသလား။ ကျွန်တော့်ကို ချစ်တဲ့ ကောင်မလေးမှားသလား။ အချစ်ဆိုသော အရာကပင် မှားလေသလား။ စဉ်းစားရစရာ ဖြစ်ပါသည်။

၂။
အချစ်ဟူသော စကားလုံးကို ၁၉၈၆ ခု ဇွန်လထုတ် မြန်မာစာ အဖွဲ့၏ “မြန်မာစာလုံးပောင်းသတ်ပုံကျမ်း” တွင် ရှာမတွေ့ပါ။ မြန်မာစာ အဘိဓာန်တွင် ရှာမတွေ့ပါ။ မလိုအပ်၍ (သို့မဟုတ်) မှားယွင်းစရာမလို၍ ထည့်သွင်း မဖော်ပြထားခြင်း ဖြစ်နိုင်ပါသည်။ ချစ် ဟူသော စကားလုံးကိုမူ ဖေါ်ပြထားပါသည်။ ချစ်၁၊ ကြိ၊ မေတ္တာရှိသည်။ ချစ်၂၊ ကြိ၊ အပူရှိန်ကြီးသဖြင့် တူးသည်။ ကျွမ်းသည်။ ဤမျှသာဖြစ်သည်။ အင်္ဂလိပ် အဘိဓာန်တို့တွင် ထို “ချစ်” နှင့် အချစ်ကိစ္စကို အတော်များများ ရှင်းလင်း တင်ပြထားသည်ကို တွေ့ရပါသည်။သူတို့အတွက် လိုအပ်၍ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကျွန်တော့်အတွက် လတ်တလော လိုအပ်နေသည်မှာ ကျွန်တော်ကိုယ်တိုင် အချစ်၏ကိုယ်ထည်ကို ခြေခြေမြစ်မြစ် ဆုပ်ကိုင်ကြည့်ခွင့်ရရန် ဖြစ်ပါသည်။

၃။
လူတစ်ယောက် အမှန်တကယ် ဘယ်ဟာကို ပိုင်ဆိုင်ခဲ့ဖူးပါသလဲ။ ကျွန်တော်သည် နံနက်ခင်းတစ်ခုကို ပိုင်ဆိုင်ချင်ခဲ့ဖူး၏။ နံနက်ခင်း တစ်ခုကို ပိုင်ဆိုင်လုနီးမှာပဲ မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို အိပ်ရာထဲက လာနှိုးသွားခဲ့သည်။ သူနှင့်ကျွန်တော် စကားပြောချိန်မှာ နံနက်ခင်းဟာ ကျွန်တော့်ကို စိတ်ဆိုးပြီး ထွက်ခွာသွားခဲ့ပါသည်။ ထိုအချိန်ကစပြီး ကျွန်တော်သည် နံနက်ခင်း တစ်ခုကိုသာ ဘယ်သော အခါမှ မပိုင်ဆိုင်တော့ပါ။

၎။
ဖြစ်ဆဲခဏငယ်ကို မိုက်ခရိုစကုတ်ဖြင့် ခွဲကြည့်သော် ဧရာမ စက္ကန့်ကြီးများကို တွေ့ရခြင်းမှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပေသည်။ ဧရာမ စက္ကန့်ကြီးများထဲမှာ စွဲကပ်နေသော သေးငယ်သည့် ပိုးမွှားကလေးများကို အမည်သစ် တစ်ခုပေးရန် ကျွန်တော် မကြိုစားတော့ပါ။ ပြဇာတ်အားလုံး တစ်ပုံစံတည်း ဖြစ်နေခြင်းကို ကျွန်တော်တို့ ချောင်းမြောင်းကြည့်ရှုကြပါစို့။

၅။
ခုလောက်ဆို တက္ကသိုလ်မှာ ကံ့ကော်တွေ ပွင့်ရော့မည်။ လေထုသည် ဝတ်မှုံများ၏ ရနံ့ဖြင့် ချိုအီနေလိမ့်မည်။ ဖွဲဖွဲညင်းညင်းရွာသော ရနံ့မိုးသည် ရင်ကို စွတ်စိုသွားစေသည်။ ကံ့ကော်ဆိုသော နာမည်ဆန်းနှင့် ပန်းလိုလှသော မိန်းကလေး တစ်ယောက်ကို ချစ်ခဲ့ဖူးသည်။ မှန်ဗီရိုထဲမှာ သကြားလုံး အပြည့်ထည့်ထားသော ကံ့ကော်သည် သကြားလုံးဖြစ်သည်။ သူငယ်ချင်း ကျူရှင်ဆရာတစ်ယောက်က ဝဏ္ဏပဘာ ဟုခေါ်ဖို့အကြံပေးသည်။ သူ့အကြံကို ငြင်းပယ်လိုက်သည်။ သူ့ကိုလည်း စာမေးပွဲချပစ်လိုက်သည်။ သူ့ကိုသာမက ရှင်မဟာရဌသာရကိုပါ အောင်မှတ်မပေး။ သုံးဆယ့်လေးမှတ်နှင့် ချပစ်လိုက်သည်။ ကံ့ကော် အချစ်ဆုံးနှင့် အသင့်တော်ဆုံးနာမည်မှာ ကံ့ကော်ဖြစ်ပါသည်။ သူ့အသက် နှစ်ဆယ့်တစ်နှစ် ပြည့်သောနေ့မှာ ချစ်ပါသည်ဟု အဖြေပေး၍ ဘဝတစ်ခုလုံးကို သူ့ကို မွေးနေ့ လက်ဆောင်အဖြစ် ပေးခဲ့သည်။ အသက်လေးဆယ် အရွယ်တိုင်သောအခါ ကံ့ကော်စွန့်ခွာထွက်ပြေးသည်။ တက္ကသိုလ်မှာ ကံ့ကော်တွေ ဝေမြဲဝေဆဲ။

၆။
ကျွန်တော်တို့ အချစ်ဇာတ်လမ်းမှာ ရှိတ်စပီးယား ပြဇာတ်တွေလောက်လည်း မဆန်းပြား။ အာဒံနဲ့ဧဝ တို့လောက်လည်း မရိုးစင်း။ ရှင်မွေးနွမ်းနှင့် မင်းနန္ဒာ တို့လောက်လည်း ချွဲချွဲပစ်ပစ်မရှိပါ။ သာမန် ဖြစ်ရိုးဖြစ်စဉ်ဟုသာ ဆိုရပါမည်။ အချစ်ဆိုတာ ဘယ်လိုအရာလဲ ဟုမေးလျှင် ကျွန်တော်သည် အလွယ်တကူ (သို့မဟုတ်) ခက်ခက်ခဲခဲ ဖြေရှင်းနိုင်လိမ့်မည် မထင်ပါ။ နှစ်ယောက်အတူ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကာ စကားပြောနေရလျှင် (ဘာစကားတွေပဲ ပြောနေရ နေရ။ ဥပမာ ရှောက်သီးသုတ် အကြောင်း၊ အိုစမာ ဘင်လာဒင် အကြောင်း၊ ငယ်ငယ် ခွေးလိုက်ဆွဲ၍ ချော်လဲသည့်အကြောင်း) ကြည်နူးနေကြတာကိုပင် အချစ်ဟု ခေါ်လေသလား။

ကျွန်တော်နှင့်သူသည် ရှေ့သွားနောက်လိုက် မညီရုံမက၊ စိတ်တူ ကိုယ်တူလည်း မဖြစ်ကြပါ။ ကျွန်တော်က ဝက်သားအလွန်ကြိုက်သည်။ သူက လုံးဝမစား။ ကျွန်တော်က ကုလားကားကြိုက်သည်။ သီချင်းဆိုကာ က ခန်းကို အကြိုက်ဆုံးဖြစ်၏။ သူက ကုလားကားမကြိုက်။ သီချင်းဆိုကခန်းများကို အမုန်းဆုံးဖြစ်၏။ အင်္ဂလိပ်စကားပြော ဇာတ်ကားများကို သူလုံးဝမကြည့်။ သူကြိုက်သော မြန်မာကားများကို ကျွန်တော် လုံးဝမကြည့်။ သူက အသီးအနှံကြိုက်သည်။ ကျွန်တော်မကြိုက်။ အထူးသဖြင့် သူကြိုက်သော ဒူးရင်းသီး၊ သရက်သီးတို့ကို အနံ့ပင် မခံနိုင်။ တူတာတစ်ခုတော့ရှိသည်။ ကျွန်တော်က သူ့ကိုကြိုက်၍ သူက ကျွန်တော့်ကို ကြိုက်ခြင်းပင် ဖြစ်လေသည်။

၇။
အိုမင်းသမီး။ ခြေနင်းကို စီးလျှက် သင်၏ခြေတို့သည် အလွန်တင့်တယ်ပါပေ၏။ သင်၏ခါးဆစ်တို့သည် လိမ္မာသောသူ ပြုပြင်သော ကျောက်ကောင်း ရတနာကဲ့သို့ ဖြစ်ကြပါသည်။ သင်၏ခါးသည် အရည်ဖြင့်ပြည့်သော ဖလားတစ်လုံးဖြစ်ပါသည်။ ဝမ်းသည်လည်း နှင်းဆီပန်းခြယ်သော စပါးပုံဖြစ်ပါသည်။ သင်၏ရင်သားနှစ်ဖက်တို့သည် ဒရယ်သငယ်အမွှာနှင့် တူကြပါသည်။ လည်ပင်းသည် ဆင်ဆွယ်ရဲတိုက် ကဲ့သို့လည်းကောင်း၊ မျက်စိတို့သည် ဟေရှဘုန်မြို့ ဗာသရဗ္ဗိမ် တံခါးနားမှာရှိသော ရေကန် ကဲ့သို့လည်းကောင်း၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာမူသော လေဗနူန် ရဲတိုက် ကဲ့သို့လည်းကောင်း ဖြစ်ပါသည်။ သင်၏ ဦးခေါင်းသည် ကရေဗေလ တောင် နှင့်တူ၍ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ၏။ ငါချစ်သောနှမ။ ငါပျော်မွေ့ဖို့ရာ သင်သည် အလွန်လှပေ၏။ အလွန်ချစ်ဖွယ်သော လက္ခဏာနှင့် ပြည့်စုံပါပေ၏။ သင်၏အရပ်သည် စွန်ပလွံပင် ကဲ့သို့ဖြစ်၍ သင့်ရင်သားတို့သည် စွန်ပလွန်သီးပြွတ် နှင့် တူ၏။ စွန်ပလွန်ပင်ကို ငါတက်မည်။ အကိုင်းအခက်တို့ကို ငါကိုင်မည် ဟုဆိုသော်…

မော်ဒန်အနုပညာ တစ်ခုဖြစ်သော Collage ခေါ် “စပ်ထည်” အမျိုးအစား ဝတ္ထုတို ဖြစ်ပါသည်။

၁။ သစ္စာနီ
၂။ ငြိမ်းအေးအိမ်
၃။ မောင်ကျော်သာ (ပဲခူး)
၎။ နေမျိုး
၅။ ဇော်ဇော်အောင်
၆။ သစ္စာနီ
၇။ ဆော်လမုန်သီချင်း (ဓမ္မဟောင်းကျမ်း)

သစ္စာနီ

No comments:

Post a Comment