“လူတွေဟာ သူတို့စိတ်မှာ ခံယူထားသလောက်ပဲ ပျော်ရွှင်ကြရပါတယ်” - အေဘရာဟင်လင်ကွန်း (၁၈၀၉ - ၁၈၆၅)
ရတာမလို၊ လိုတာမရ ဆိုတဲ့ လောကကြီးမှာ အလုပ်ဝင်နေရတဲ့ လူငယ်တွေအတွက် ကိုယ်မလုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတဲ့ လူငယ်တွေလည်း အများကြီးရှိနေမှာပါ။ ၀ါသနာမပါတဲ့အလုပ်ကို လုပ်နေရလို့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကင်းမဲ့နေပါလိမ့်မယ်။ ဒါပေမယ့်လည်း ဖြစ်လာတဲ့အခြေအနေမှာ အကောင်းဆုံးပျော်အောင်နေနိုင်ဖို့ ၊ ကိုယ့်အလုပ်ဟာ ကိုယ့်အတွက် အဓိပ္ပာယ်ရှိဖို့ လိုအပ်သေးတယ်မဟုတ်လား။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ဖို့များလိုအပ်ပါလိမ့်မလဲ။
စာရင်းလုပ်ပါ
သင့်ကို ပျော်ရွှင်စေတဲ့အချက်တွေ သင်နှစ်သက်တဲ့အချက်တွေ ချရေးပါ။ အလုပ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် သင်နဲ့ ပက်သက်တဲ့အချက်တွေသာ ချရေးလိုက်ပါ။
အလုပ်မှာ သင်မကြိုက်တဲ့ အချက်တွေရေးပါ။ ရေးတဲ့အခါမှာ တိတိကျကျရေးပါ။ ငါ ဘော့စ်ကို မကြိုက်ဘူး ဆိုတာမျိုးနဲ့ မပြီးပါဘူး။ ဘာကြောင့် မကြိုက်တာလဲ။ သူဟာ အရမ်းဆူပူကြိမ်းမောင်းတတ်လို့လား၊ တွေဝေတတ်လို့လား၊ တီထွင်ဖန်တီးနိုင်စွမ်းမရှိလို့လား၊ စသဖြင့် တိတိကျကျရေးပါ။
အလုပ်မှာ သင်ကြိုက်တဲ့ အချက်တွေရေးပါ။ မကြိုက်တဲ့အချက်တွေကို ရေးခဲ့သလိုပဲ တိကျဖို့လိုပါတယ်။ သင်ဘယ်လောက်ပဲ သင့်အလုပ်ကို မုန်းတီးနေပါစေ သင်နှစ်သက်စရာ အချက်လေးတွေတော့ ရှိဦးမှာပါ။ ဥပမာ - အလုပ်က အိမ်နဲ့ နီးနီးနားနားမှာ ရှိတာ၊ နေ့လည်ပိုင်း အားလပ်ချိန် ပေးထားတာ၊ ဆုကြေးငွေ ဖောဖောသီသီ ပေးတာ စတာမျိုးတွေပေါ့။
ဒီစာရင်း သုံးခု ရလာပြီဆိုရင် ယှဉ်တွဲကြည့်ပါ။ သင့်ကို ပျော်ရွှင်စေတဲ့ အချက်တွေက သင်အလုပ်မှာ မကြိုက်တာတွေနဲ့ ကိုက်ညီနေတာမျိုးတွေ သင်တွေ့ ရပါလိမ့်မယ်။ ဥပမာ - သင်က အလုပ်မှာ အထက်အရာရှိက ကိုယ့်အနားမှာ ရစ်သီရစ်သီ လာကြည့်နေတာ မကြိုက်ဘူး။ ဒါပေမယ့် သင့်ကို ပျော်ရွှင်စေတဲ့အရာထဲမှာ သင်က လူတွေကိုယ့်အနားမှာရှိတာ ဆိုပြီး ထည့်ထားတယ်။ သင်က တစ်ယောက်တည်းအထီးကျန်နေရတာ မကြိုက်ဘူး ဆိုပြီး ပြောပေမယ့် အလုပ်မှာ သင်ကြိုက်တာက အလုပ်ခန်းထဲမှာ အရာရှိက သင့်တစ်ယောက်တည်း တာဝန်ပေးထားတာမျိုး စသဖြင့် အံ့အားသင့်ဖွယ် ၀ိရောဓိတွေ တွေ့ရပါလိမ့်မယ်။
ခုဆိုရင် ဒီတွေ့ ရှိချက်တွေကို ဖတ်ရှုပြီးတဲ့အခါ ကိုယ့်ကိုယ်ကို အနားပေးလိုက်ပါ။ သင်ရရှိလာတဲ့ အချက်အလက်အသစ်တွေ သင့်ကိုယ်ထဲကို စီးဝင်လာဖို့အတွက် အချိန်ယူပါ။ နောက်တစ်ဆင့်ဆီ ကူးပြောင်းဖို့ အသင့်ဖြစ်မယ့်အချိန်ကို သင်အလိုလိုရောက်ရှိလာပါလိမ့်မယ်။ အချက်အလက်တွေ အတင်းမှတ်မိအောင် သင့်ကိုယ်သင် တွန်းအားပေးတာမျိုးမလုပ်ပါနဲ့ ။ သင့်ရဲ့ ဦးနှောက်က မကြာသေးမီကမှ ရရှိလာတဲ့ သင့်အကြောင်း သတင်းအချက်အလက်အသစ်တွေကို ထည့်သွင်းလည်ပတ်ဖို့ အချိန်တစ်ခုလိုပါတယ်။ ရက်အနည်းငယ်ကြာတဲ့အချိန်မှာ ဒါတွေကို အသုံးပြုဖို့ သင် အသင့်ဖြစ်နေပါလိမ့်မယ်။
လက်တွေ့ကျင့်သုံးခြင်း
၁။ ကိုယ့်ကိုယ်ကို ကတိပေးပါ။
သင်ချမှတ်ထားတဲ့ ရည်မှန်းချက်က သင့်အလုပ်မှာ ပျော်မွေ့ဖို့ပါ။ အဲ့ဒီလိုဖြစ်ဖို့အတွက် သင့်အနေနဲ့ အပြုသဘောဆောင်တဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ လုပ်မယ် ဆိုပြီး ဆုံးဖြတ်ထားဖို့လိုပါတယ်။ စာရွက်ပေါ်မှာ အချက်အလက်တွေကို ယှဉ်ပြီး ဖတ်ကြည့်ရုံနဲ့ သင်ဟာ သူ့အလိုလို ပြောင်းလဲသွားမယ်လို့ မထင်ပါနဲ့။ သင့်စိတ်ခံစားမှုတွေ ပြောင်းလဲဖို့ သင့်ရဲ့ သဘောထားတွေနဲ့ အပြုအမူတွေကို အမြဲဆန်းစစ်နေဖို့လိုပါတယ်။
၂။ အပြုသဘောဆောင်အချက်တွေပေါ်မှာ အာရုံစိုက်ပါ။
ဥပမာ - သင်မကြိုက်တဲ့အချက် သင့်အရာရှိက သင့်နားမှာ လာနေတဲ့အခါ သင်က လူတွေ ကိုယ့်အနားမှာရှိတာ နှစ်သက်တယ်ဆိုတာ သတိရပါ။ ကိုယ့်ဖုန်းက အဆက်မပြတ် တဂွမ်ဂွမ်လာလို့ စိတ်ညစ်တဲ့အခါ သင်က လူတွေနဲ့ စကားပြောရတာကို နှစ်သက်တယ်ဆိုတာ သတိရလိုက်ပါ။ သင်အလုပ်မှာ မကြိုက်တဲ့အချက်တွေ ကြုံတွေ့လာတဲ့အခါ သင့်ကိုပျော်ရွှင်စေတဲ့အချက်တွေနဲ့ စဉ်းစားပြီး အဲ့ဒီအကြောင်းအရာပေါ်မှာပဲ အာရုံစိုက်ထားပါ။ ကိုယ့်ကိုယ်ကိုလည်း သတိပေးနေပါ။ သူက ငါ့နားလာနေလည်း ပြသနာမဟုတ်ပါဘူးလေ၊ ငါက လူတွေငါ့အနားမှာ ရှိနေတာ နှစ်သက်တဲ့လူမျိုးပဲ …. စသဖြင့်ပေါ့။
၃။ အလုပ်နဲ့ပက်သက်တဲ့ စိတ်အားတက်ကြွစရာတွေကို ရှာဖွေပါ။
သင့်ကို စိတ်အားတက်ကြွစေတဲ့အရာတွေထဲမှာ သင့်အလုပ်နဲ့ပက်သက်တာ တစ်ခုမဟုတ် တစ်ခုတော့ သေချာပေါက်ရှိမှာပါ။ အဲ့ဒီအရာတွေကို မြင်အောင်ကြည့်ပါ။ အလုပ်ထဲက အားတက်စရာဆိုတာ သင့်ရဲ့ ကြီးကြပ်သူကလည်း သိထားသင့်တဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းတွေနဲ့ ပက်သက်လို့ သင့်အရာရှိနဲ့ စကားပြောသင့်ပြီး သင့်ကို စိတ်အားတက်ကြွစေမယ့် သင်စိတ်ပါလက်ပါလုပ်ချင်တဲ့ အလုပ်တွေ ပိုမိုတာဝန်ပေးလာတာကို ခံယူသင့်ပါတယ်။ ဒါပေမယ့် ခုပြောခဲ့သမျှတွေကို တပြိုင်နက်တည်း လုပ်ရမယ်လို့တော့ မဆိုလိုပါဘူး။ သင့်ကို ခိုင်းထားတဲ့အလုပ်တွေအတွက် သူ့ မှာ ခိုင်လုံတဲ့အကြောင်းပြချက်တွေ ရှိနေနိုင်သလို လုပ်ဆောင်နေတဲ့ လုပ်ငန်းတာဝန်တွေ ပြောင်းလဲဖို့အတွက် သင့်ဘက်က အချိန်တစ်ခုတော့ စောင့်သင့်ပါတယ်။ သင့်ကိုခိုင်းတဲ့အလုပ်တွေ ပြောင်းပေးဖို့ ပြောတဲ့နေရာမှာလည်း အပြုသဘောဘက်ကနေ လိမ္မာပါးနပ်စွာ ပြောဆိုတတ်ဖို့လိုပါတယ်။ ကျွန်တော် ဒီအလုပ်ကြီးတွေချည်းပဲ လုပ်နေရတယ်၊ ပျင်းစရာအရမ်းကောင်းတယ်ဗျာ၊ ကျွန်တော်တော့ မလုပ်ချင်ဘူး ဆိုတာမျိုးတွေ လုံးဝမပြောသင့်ပါဘူး။
၎။ အဆိုးမြင်အတွေးတွေကို နှိပ်ကွပ်ထားပါ။
တခါတလေမှာ ကိုယ်မကြိုက်တဲ့ မုန်းတီးတဲ့အကြောင်းအရာတွေကိုပဲ တွေးနေတာမျိုး သင့်ကိုယ်သင် သတိထားမိဖူးမှာပါ။ သင့်စိတ်ကပဲ ဒီအတွေးတွေကို ထပ်တလဲလဲစဉ်းစားနေပြီး ကြီးထွားလာအောင်လုပ်နေသလိုပါပဲ။ အဲ့ဒီလိုလုပ်နေလို့ ဘာတစ်ခုမှ ကောင်းတာထွက်လာမှာမဟုတ်ပါဘူး။ သင့်စိတ်က အဲ့လိုဖြစ်နေပြီလို့ သတိထားမိတာနဲ့ အပြုဘက်ကချက်ချင်းလှည့်တွေးပေးပါ။ သင့်ကိုပျော်ရွှင်စေတဲ့အချက်တွေနဲ့ ဆက်စပ်တဲ့ အလုပ်ထဲကအချက်တွေကိုပဲ စဉ်းစားနေလိုက်ပါ။ ဒီလိုလုပ်တာ တကယ်တမ်းတော့ မလွယ်ပါဘူး။ အဆိုးဘက်ကနေပဲ စိတ်ဖိစီးနေတာက ကျွန်တော်တို့အားလုံးလိုလိုမှာ အလေ့အကျင့်တစ်ခုလို ဖြစ်နေပြီးတော့ ဒီအကျင့်ကိုဖျောက်ဖို့ ခက်ခဲလှပါတယ်။ ဒါပေမယ့် ဒီအကျင့်ကို တဖြည်းဖြည်း ဖျောက်ဖို့လိုအပ်လှပါတယ်။ ဒီလိုမျိုး မကောင်းတဲ့အရာပေါ်မှာပဲ တအုံနွေးနွေးတွေးနေမိတာက သင့်ကို စိတ်ကျရောဂါ စွဲကပ်လာစေနိုင်သလို သင့်ရဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းလာစေပါလိမ့်မယ်။ စွမ်းဆောင်ရည်ကျဆင်းလာတဲ့အခါ သင်ကလည်း ငါကတော့ ဒီလိုတွေအဆင်မပြေလို့ ငါညံ့ဖျင်းလာတယ် ဆိုပြီး မကောင်းတဲ့အချက်တွေကိုပဲ ပိုအာရုံစိုက်မိ၊ ပိုအာရုံစိုက်တော့ စွမ်းဆောင်ရည်ပိုကျ ဒီလိုနဲ့ ပဲ သံသရာလည်နေပါလိမ့်မယ်။
၅။ အနားပေးချိန်ကို ထိထိရောက်ရောက်အသုံးချပါ။
အလုပ်မှာ အနားပေးချိန် ၁၅ မိနစ်ရတာမျိုး၊ ဒါမှမဟုတ် ထမင်းစားချိန်နားတဲ့အခါမျိုးက သင်လုပ်ချင်တဲ့အရာတွေကို စဉ်းစားဖို့ အချိန်ကောင်းပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေဝန်းရံပြီး ဟေးလားဝါးလား လုပ်ရမယ့်အချိန် မဟုတ်ပါဘူး။ ဒီလိုအချိန်ဖြုန်းတာက ရုံးယဉ်ကျေးမှုဖြစ်နေရင်လည်း သင့်အနေနဲ့ သူတို့နဲ့ ခဏတာ ဖယ်ခွာနေဖို့လိုအပ်ပါတယ်။ သင်လုပ်သင့်တာက ခဏတဖြုတ်လမ်းထလျှောက်တတ်တဲ့လူတွေကို ရှာပြီး အညောင်းပြေလမ်းလျှောက်တာ၊ ဒါမှမဟုတ် ကောင်းတဲ့အကြောင်းအရာတွေကို ပြောတတ်တဲ့သူမျိုးနဲ့ စကားစမြည်ပြောတာ မျိုးလုပ်သင့်ပါတယ်။ အပျက်မြင်သဘောထားရှိတဲ့သူတွေထက် အပြုသဘောထားရှိတဲ့သူတွေနဲ့ နေ့လည်စာစားတာ ပိုကောင်းပါတယ်။ ကျွန်တော်တို့ ကြိုးစားနေတဲ့ ရည်မှန်းချက်က အဆိုးမြင်တွေလျှော့ပြီး အကောင်းမြင်တွေ တိုးတက်လာစေဖို့ပါ။ အပျက်အမြင်တွေပဲ ပြောတတ်တဲ့သူနဲ့ ပေါင်းနေရင် ကိုယ့်ရဲ့အပျက်အမြင်တွေက ကြီးထွားလာမှာဖြစ်သလို အကောင်းမြင်တတ်တဲ့သူနဲ့ ပေါင်းရင် ကိုယ်လည်းပဲ အကောင်းမြင်တတ်လာမှာဖြစ်ပါတယ်။
၆။ ရလဒ်တွေကို စောင့်စားနေပါ။
ဒီအဆင့်တွေကို လက်တွေ့အသုံးချပြီးပြီဆိုရင် သင် အကျိုးရလဒ်တွေ စတင်ခံစားရပါလိမ့်မယ်။ ပထမဆုံးတော့ အသေးအဖွဲလေးတွေပဲ သင်ခံစားရဦးမှာပါ။ ဒါပေမယ့်လည်း အဲ့ဒီလို တစ်ခုခံစားရတိုင်း တစ်ခါ အသိအမှတ်ပြုပေးလိုက်ပါ။ အောင်မြင်မှုတစ်ခုတိုင်းက သင့်ရဲ့ ဦးနှောက်ကို ပြန်လည်သတင်းပို့ မှာဖြစ်သလို နောက်ပိုင်းမှာ အောင်မြင်မှုတွေက မြန်သထက်မြန်လာမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက သင်မကြိုက်တဲ့အရာတွေကတော့ ရှိနေဦးမှာပါပဲ။ “ဘ၀ရဲ့ နေ့တိုင်း အချိန်တိုင်းကို နှစ်သက်သဘောကျနေပါတယ် ဆိုတဲ့လူ မရှိပါဘူး” ဒါ သဘာဝပါပဲ။ ကိုယ်မကြိုက်တဲ့အရာတွေဖြစ်လာတဲ့အခါမှာ ပြတ်ပြတ်သားသားဖြေရှင်း ဆုံးဖြတ်၊ ပြောင်းလဲလို့ရရင် ပြောင်းလဲ၊ ပြောင်းလဲလို့မရရင် မေ့ပစ်လိုက်ပါ။ ဒါပါပဲ။ မကောင်းတဲ့အာရုံတွေပေါ်မှာ ဘာလို့များ ကိုယ့်စိတ်ကို မြုပ်ထားမှာလဲ။ အချိန်တွေပေးရတာချင်းအတူတူ နောက်ဖြစ်လာမဲ့ ကောင်းတဲ့အရာတွေပေါ်မှာပဲ အာရုံစိုက်ထားလိုက်ပါ။ သင် တနေ့တခြား အလုပ်မှာ ပျော်မွေ့လာပါလိမ့်မယ်။
ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်း မကျနိုင်တဲ့ လောကကြီးမှာ ကိုယ်မနေချင်တဲ့နေရာမှာ နေနေရ၊ အလုပ်လုပ်နေရပေမယ့်လည်း နေရတဲ့ခဏမှာ အတွေးတွေကိုပြောင်းလဲပေးရင်း လူငယ်တွေအားလုံး ကိုယ့်ဘ၀ကို ကိုယ် စိတ်တိုင်းကျနိုင်ကြပါစေ။
နေသစ်
No comments:
Post a Comment