Showing posts with label ​ဆောင်းပါး. Show all posts
Showing posts with label ​ဆောင်းပါး. Show all posts

Monday, February 20, 2017

Self-Study ဆိုသည်​မှာ


Self-study ဆိုတာဟာ ပညာရပ်တစ်ခုကို ကိုယ့်အားကိုယ်ကိုးပြီးရှာဖွေရတဲ့ နည်းစနစ်တစ်ခုပါ။ တကယ်တော့ကျွန်တော်တို့ ငယ်ငယ်က တက်ခဲ့ရတဲ့ ကျောင်းတော်ကြီးဟာ ပညာသင်ပေးတာထက် ပညာရှာနည်းကိုသင်ပေးတာ ဆိုရင်ပိုမှန်ပါလိမ့်မယ်။ လူတိုင်းဟာ ဘ၀ပေးအခြေအနေတွေမတူညီတဲ့အတွက် သူတို့ ရဲ့  လူနေမှုအဆင့်အတန်း၊ ၀ါသနာ နဲ့  ဘ၀ကိုဖြတ်ကျော်ကြပုံခြင်းလဲမတူညီကြပါဘူး။ ဒါကြောင့်လဲ လူတိုင်းမှာ ပညာရှာတဲ့နည်းစနစ်တွေ ကွာခြားသွားကြပါတယ်။

ငွေကြေးချမ်းသာသူတို့ အတွက်ပညာရှာတယ်ဆိုတာလွယ်ကူပေမယ့်လည်း ငွေကြေးမတတ်နိုင်သူတွေ အတွက်ကတော့ ယနေ့ အထိအခက်အခဲရှိနေဆဲဖြစ်ပါတယ်။ သင်ဟာ ပညာရှာဖို့ ရန်အတွက် ငွေရေးကြေးရေးအားဖြင့် အတိုင်းအတာတစ်ခုအထိ အခက်အခဲ ရှိနေသူတစ်ယောက်ဖြစ်နေပါစေ သင့်မှာသာ အမှန်တကယ် ပညာလိုချင်စိတ်ရှိပါက အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ မြန်မာနိုင်ငံလိုနေရာမျိုးမှာ ဆို ပညာဒါနကျောင်းတွေအများကြီးရှိပါတယ်။ သင်ဘယ်လိုကောင်းတဲ့ ကျောင်းမျိုးကိုတက်သည်ဖြစ်ပါစေ သင်ကိုယ်တိုင်က ကိုယ့်အားကိုယ်ကိုး ပညာရှာဖွေခြင်းမရှိဘူးဆိုရင် သင်ဟာ သင့်ကျောင်းမှာ သင်တဲ့ ပညာလောက်နဲ့သာ ကျန်ခဲ့မှာဖြစ်ပါတယ်။

ယနေ့ ခေတ်မှာဆိုရင် Self-study စာအုပ်တွေကို သီးသန့် ဝယ်ယူလို့ ရနိုင်နေပါပြီ။ Self-study လုပ်မယ့်သူတစ်ယောက်အတွက်အဓိကလိုအပ်ချက်ကတော့  စာဖတ်ဝါသနာပါ။ စာဖတ်ဝါသနာမပါဘဲနဲ့ တော့  ဒီလိုလေ့လာလို့ မရနိုင်ပါဘူး။ ဥပမာတစ်ခု ပြောပြချင်ပါတယ်။ သင်ဟာ ကွန်ပျူတာအခြေခံသင်တန်း တက်ချင်သူတစ်ယောက်ဆိုပါစို ။့သင်သာစာဖတ်ဝါသနာပါသူတစ်ယောက်ဖြစ်ခဲ့ရင် ကွန်ပျူတာအခြေခံနဲ့ ပတ်သက်တဲ့ စာအုပ်တွေမြန်မာလိုဝယ်လို့ ရနိုင်သလို Ebook တွေကိုလဲ အင်တာနက်ကနေ Free Download လုပ်လို့ ရနိုင်နေပြီဖြစ်တဲ့အတွက် သင်ကိုယ်တိုင် စာအုပ်ပါနည်းအတိုင်း စမ်းသပ်လေ့လာပြီး ပညာသင်နိုင်ပါတယ်။ စာအုပ် ရဲ့ တန်ဖိုးက အပြင်မှာ အလွန်ဆုံး ငါးထောင်အထက်မကျော်ပါဘူး။ သင်တန်းသွားတက်ရင် ငွေကျပ် သုံးသောင်းနှင့်အထက်မှာရှိပါတယ်။ တကယ်လို့ သင့်အိမ်မှာလေ့ကျင့်ဖို့  ကွန်ပျူတာမရှိဘူးဆိုရင် အင်တာနက်ဆိုင်တွေ ဂိမ်းဆိုင်တွေမှာ သွားရောက်လေ့ကျင့်နိုင်ပါတယ်။ ဒီလိုဆိုရင်သင်ဟာ ငွေကြေးအနည်းငယ်နဲ့  ပညာတစ်ခုကို ရရှိသွားမှာဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပညာရှာတဲ့အခါမှာ ရလာနိုင်တဲ့အကျိုးအပြစ်တွေကတော့ သင်တန်းမှာဆိုရင်တော့ သင်နားမလည်တာတွေကို ဆရာတွေကို အလွယ်တကူမေးလို့ ရနိုင်တဲ့ အတွက် အချိန်ကုန်သက်သာပါတယ်။ သင်တန်းတက်နေစဉ်ကာလအတွင်းမှာ သူငယ်ချင်းတွေအများကြီးရနိုင်ပါတယ်။ သင်တန်းပြီးဆုံးတဲ့အခါမှာလဲ အသိအမှတ်ပြုလက်မှတ်ရနိုင်ပါတယ်။ ဒါပေမယ့် သင်တန်းစရိတ်ကုန်ကျမှုက ကိုယ့်အားကိုယ်ကိုးလေ့လာတာထက်စာရင် အရမ်းများပါတယ်။ အပတ်စဉ်သွားနေရတဲ့ အတွက် လူပင်ပန်းတဲ့ အပြင် ခရီးသွားစရိတ်ပါပိုကုန်နိုင်ပါတယ်။ နွေရာသီလိုရက်မျိုးမှာဆိုရင် ကားကလဲပိတ် ခရမ်းလွန်ရောင်ခြည်ကလဲများ လူကလဲပင်ပန်းနဲ့  အိမ်ရောက်တဲ့အခါမှာ သင်တန်းကလေ့ကျင့်ခန်းတွေတောင် ပြန်မလေ့ကျင့်နိုင်ဘဲ ပင်ပန်းမှုဒဏ်ကြောင့်အိပ်ပျော်သွားတာကများပါတယ်။ ကာလကြာလာတဲ့အခါ မသွားချင်တော့လောက်အောင် ဖြစ်လာနိုင်ပါတယ်။

ဒါကတော့အလွယ်ကူဆုံးနည်းလမ်းတစ်ခုကိုဆွေးနွေးသွားတာပါ။ တကယ်လို့ သင်ဟာ ဘာသာစကားသင်တန်းတစ်ခုကိုတက်ချင်တယ်ဆိုရင်လဲ ပညာဒါနသင်တန်းတွေ၊ အွန်လိုင်းက လုပ်ပေးတဲ့ သင်တန်းတွေ အများကြီးရှိပါတယ်။ သင့်အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကိုလည်း online မှာလေ့လာနိုင်ပါတယ်။ အွန်လိုင်း ကနေလေ့လာမယ်ဆိုရင်တော့ သင်ဟာအင်္ဂလိပ်စာကျွမ်းကျင်ဖို့ တော့  လိုအပ်ပါတယ်။ Internet Wifi free ရနိုင်တဲ့နေရာတွေလဲရှိနေပါပြီ။

အသက်မွေးဝမ်းကြောင်းပညာရပ်နဲ့ ပတ်သက်ပြီး ကိုယ့်အားကိုယ်ကိုး လေ့လာချင်တယ်ဆိုရင်တော့  ကျောင်းမှာသင်လိုက်တဲ့ မိမိရဲ့ အထူးပြုဘာသာရပ်နဲ့ ပတ်သက်တဲ့  ရည်ညွှန်းစာအုပ်(Reference Book)တွေကို လေ့လာတတ်ဖို့  လိုအပ်ပါတယ်။ ရည်ညွှန်းစာအုပ်တွေကိုဖတ်တဲ့အခါ ၀တ္ထုဖတ်သလို အစကနေစဖတ်စရာမလိုပါဘူး။ ပထမဦးစွာ စာအုပ်ရဲ့ ရည်ညွှန်းချက်၊ ဖွဲ့ စည်းပုံ နှဲ့  အနှစ်ချုပ်ကိုအရင်လေ့လာပါ။ ပြီးမှ မာတိကာကိုကြည့်ပြီး မိမိစိတ်ဝင်စားတဲ့ သင်ခန်းစာရှိရာ စာမျက်နှာကနေစဖတ်ပါ။ အားသာချက်ကတော့ ရည်ညွှန်းစာအုပ်တွေမှာ ပုံလေးတွေနဲ့ ရှင်းပြထားတာဖြစ်တဲ့အတွက် ပုံကြည့်ရုံနဲ့  နားလည်သွားတာမျိုးတွေလဲရှိတတ်ပါတယ်။ ဘာသာပြန်တဲ့အခါမှာလဲ ဘာသာစကားပိုင်းဆိုင်ရာမဟုတ်တဲ့အတွက် စာပိုဒ်တစ်ပိုဒ်လုံးကိုဖတ်ပြီးတဲ့နောက်မှာ စာရေးသူဘာကိုဆိုလိုချင်သလဲဆိုတဲ့အကြောင်းအရာကိုခြုံငုံသိရင် ရပါပြီ။

အသက်မွေးဝမ်းကြောင်းပညာနဲ့ ပတ်သက်ပြီး လေ့လာရတဲ့အခါမှာ ကွာခြားချက်နှစ်ခုရှိလာပါတယ်။ တက္ကသိုလ်မှာ သင်ရတဲ့ပညာရပ်တွေကို ကျွန်တော်တို့ စိတ်ဝင်စားသည်ဖြစ်စေ မ၀င်စားသည်ဖြစ်စေသင်ကြားရပါတယ်။ သင်ကြားရသလိုပဲ အဲ့ဒီပညာရပ်တွေဟာ နောက်ပိုင်းမှာ ပြန်အသုံးကျလာပါတယ်။ အစပိုင်းမှာ ကျောင်းသားတော်တော်များများခံစားမိနေတာက “ငါတို့ နဲ့ လဲ မဆိုင်ဘဲနဲ့  ဘာလို့ သင်နေရတာလဲ” ဆိုတဲ့ခံစားချက်တွေပါ။ ဒါပေမယ့် တက္ကသိုလ်ကြီးမှာရှိတဲ့ ပညာရပ်တွေကတော့ စနစ်တကျဖွဲ့ စည်းထားတဲ့အတွက် ဆုံးခန်းတိုင်သည်အထိတက်ရောက်ပြီးမှသာ အကျိုးကျေးဇူးကိုခံစားရမှာပါ။ ကိုယ့်အားကိုယ်ကိုးလေ့လာတဲ့အခါမှာတော့ မိမိစိတ်ဝင်စားရာအပိုင်းကနေစတင်လေ့လာလို့ ရပါတယ်။ ကျန်တဲ့အပိုင်းတွေကိုတော့ လိုအပ်မှသာလေ့လာလို့ ရပါတယ်။ ဒါပေမယ့် ဘာတွေလိုအပ်သလဲဆိုတာလဲသိဖို့ အရေးကြီးပါတယ်။ ဒါကြောင့်ခက်ခဲမယ်လို့ ပြောရခြင်းဖြစ်ပါတယ်။ အင်ဂျင်နီယာ၊ ဆရာဝန် နဲ့ ဆိုင်တဲ့ပညာရပ်တွေကိုတော့  ကိုယ့်အားကိုယ်ကိုးလေ့လာဖို့ ရာမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီပညာတွေဟာ စနစ်တကျသင်မှသာ ထူးချွန်နိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ကျောင်းတက်နေသည့်တိုင်အောင် ကိုယ့်အားကိုယ်ကိုးထပ်မံလေ့လာသူတွေကတော့ အရည်အချင်း ပိုရှိနေမှာဖြစ်ပါတယ်။

ဘွဲ့ ရပြီးတဲ့ နောက်မှာ ကျွန်တော်တို့ မသိသေးတဲ့ ပညာတွေကိုဆက်လက်ရှာဖွေပြီး မျိုးဆက်သစ်လူငယ်လေးတွေကို လက်ဆင့်ကမ်းဖို့ လိုအပ်ပါတယ်။ ဒီလိုလက်ဆင့်ကမ်းနိုင်မှသာ ကျွန်တော်တို့ လူမျိုးတွေ ပညာတတ်တွေများလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးဆက်က လမ်းဖောက်ရမှာဖြစ်တဲ့ အတွက် Self-study လုပ်ဖို့ ရာ ပိုမိုလိုအပ်ပါတယ်။ မိမိတို့ ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာရှိတဲ့  နိုင်ငံရပ်ခြား က ပညာတွေကို လေ့လာပြီး နှောင်းလူငယ်တွေ အလွယ်တကူလေ့လာဖို့ ရာ နည်းလမ်းချပေးရမယ့်တာဝန် ကွန်တော်တို့ မှာရှိပါတယ်။ ကျွန်တော်တို့ ရဲ့ ဦးနှောက်တွေ က သူများရှာဖွေထားလို့  သိရတဲ့ အသိထက် ကိုယ်တိုင်ရှာဖွေတွေ့ ရှိတဲ့ အသိကို ပိုပြီးမှတ်မိလွယ်ပါတယ်။ ကျောင်းမှာ ဆရာမရှင်းပြလို့  ရသွားတဲ့ စာနဲ့  ကိုယ်ကိုယ်တိုင်လေ့လာလို့  ရသွားတဲ့ စာနှစ်ခုမှာ ကိုယ်ကိုယ်တိုင်လေ့လာလို့ ရသွားတဲ့ စာက တသက်ဘယ်တော့ မှမမေ့နိုင်တော့ ပါဘူး။ အချို့ သောဘာသာရပ်တွေဟာ လူတွေ မမြင်နိုင်တဲ့ အတွေးအခေါ်တွေနဲ့ သင်ကြားရတာဖြစ်တဲ့ အတွက် ကျောင်းသူ ကျောင်းသားတွေအဖို့  လက်တွေ့ ပြသဖို့ ခဲယဉ်းတာမျိုးတွေရှိပါတယ်။ ဒီလိုအချက်အလက်တွေအတွက်ဆိုရင်တော့ အွန်လိုင်း မှာရှိတဲ့  သက်ဝင်လှုပ်ရှားပုံရိပ်(Animation) လေးတွေကနေ တစ်ဆင့် သဘောပေါက်နားလည်သွားနိုင်ပါတယ်။ သင်ကိုယ်တိုင် ကိုယ့်အားကိုယ်ကိုးလေ့လာရင်းနဲ့  လက်တွေ့ ပြုလုပ်ဖို့ လိုအပ်လာတဲ့ အခါ မိတ်ဆွေ အပေါင်းအသင်းနှင့်ဖြစ်စေ သက်ဆိုင်ရာနယ်ပယ်အလိုက် လက်တွေ့ ကွင်းဆင်းလေ့လာမှုတွေပြုလုပ်နိုင်ပါတယ်။ ဒီလိုလေ့လာတာဟာ မလွယ်ကူပေမယ့် သင်သာ ဇွဲ မလျှော့ပဲကြိုးစားခဲ့ မယ်ဆိုရင် အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကိုယ့်အားကိုယ်ကိုးလေ့လာတဲ့အခါမှာ အခက်အခဲတွေအများကြီးရှိတဲ့အတွက် စိတ်ပင်ပန်းမှုတွေမလွဲမသွေကြုံတွေ့ ရမှာပါ။ လူတွေ နေမကောင်းရင် ဆေးတိုက်ရသလို စိတ်ပင်ပန်းရင်လဲ ပြန်လည်ပြီးအာဟာရဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ စိတ်အာဟာရဖြစ်ဖို့ အတွက်ဆိုရင်တော့  နှလုံးသားအာဟာရလို စာအုပ်မျိုး တက်ကျမ်းလို စိတ်ဓါတ်ခွန်အားပေးစာအုပ်လေးတွေကို ဖတ်ပေးခြင်းအားဖြင့် မိမိစိတ်ကို ပြန်လည် လန်းဆန်းလာအောင်ကုသနိုင်ပါတယ်။ ကိုယ့်အားကိုယ်ကိုးလေ့လာတဲ့အခါမှာ အကြာကြီး စိတ်ဓါတ်ကျနေရင် မိမိပဲဆုံးရှုံးနစ်နာရမှာပါ။ ကျွန်တော်တို့ စဉ်းစားရမှာက ပြသနာတစ်ခုကို ဒီတစ်နည်းနဲ့ ဖြေရှင်းလို့ မရရင် အခြားနည်းလမ်းတစ်ခု ကိုစဉ်းစားဖို့ ပါ။ ဥပမာ မိမိ ဆရာ ကိုဖြစ်ဖြစ်သွားရောက် တိုင်ပင်ပြီးမေးမြန်းတာမျိုး။ သူငယ်ချင်း အချင်းချင်း တိုင်ပင်တာမျိုး စသဖြင့်ပေါ့။ အဓိကကတော့ အင်တာနက်ကိုကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ဖို့ ပါပဲ။ အင်တာနက်ကနေ ကျွန်တော်တို့  သိချင်တာတွေကို အလွယ်တကူ ရှာလို့ ရနိုင်နေပါပြီ။ ကိုယ့်အားကိုယ်ကိုးလေ့လာတဲ့အခါမှ အဖွဲ့ တစ်ခုဖွဲ့ စည်းပြီး စုပေါင်းလေ့လာတာကအကောင်းဆုံးဖြစ်မှာပါတယ်။ အကြောင်းအရာတစ်ခုကို တာဝန်ခွဲပြီး လေ့လာတာဟာ အချိန်တိုအတွင်းမှာ အလွယ်တကူပြီးမြောက်စေပါတယ်။ အွန်လိုင်း မှာရှိတဲ့ Forum တွေ Discussion တွေမှာ မိမိနားမလည်သည်များ သိလိုသည်များကို ပွင့်ပွင့်လင်းလင်းဝင်ရောက်ဆွေးနွေးဖို့ လဲလိုအပ်ပါတယ်။ မြန်မာလူငယ်အတော်များများက Forum အသုံးချမှုနည်းပါးနေသေးတာတွေ့ ရပါတယ်။ ကိုယ့်အားကိုယ်ကိုးလေ့လာတဲ့အခါမှာ ရည်မှန်းချက်တစ်ခုချထားပြီး အချိန်ပိုင်းအလိုက် စီမံခန့် ခွဲ ထားတာကလဲအကောင်းဆုံးပါ။ ဒီဘာသာတစ်ခုထဲကိုပဲ အာရုံစိုက်လေ့လာမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ငြီးငွေ့ သွားနိုင်ပါတယ်။ စာဖတ်တဲ့အခါမှာလဲ ၂၅ မိနစ်ဖတ်လိုက် ၅ မိနစ်လောက်နားလိုက်ဖတ်သွားတာက ဦးနှောက်ကို ထုံထိုင်းမှုဒဏ်ကနေ ကင်းဝေးစေပါတယ်။ အကောင်းဆုံးကတော့  တစ်နာရီခြားတစ်ခါ (သို့ မဟုတ်) နှစ်နာရီခြားတစ်ခါ ဘာသာရပ်အကြောင်းအရာ ပြောင်းလဲလေ့လာတာက စိတ်ကိုလဲ ပြောလျော့သွားစေသလို ဦးနှောက်ကိုလဲ လန်းဆန်းနေစေပါတယ်။
နောက်ထပ်အကြံပေးချင်တာတစ်ခုကတော့ ဘယ်စာအုပ်ကိုဖတ်ဖတ် မှတ်စုစာအုပ်လေးနဲ့ တစ်ကွ ဖတ်ဖို့ ပါ။ သင်စိတ်ဝင်စားတဲ့ အကြောင်းအရာ (သို့ မဟုတ်) သင့်ကိုအထောက်အပံ့ပြုမယ့် အကြောင်းအရာလေးတွေ တွေ့ လာခဲ့ ရင် မှတ်သားထားတာ အကောင်းဆုံးပါ။ ဒီလိုမှတ်သားထားခြင်းဟာ တစ်ချိန် သင် ကိုယ့်အားကိုယ်ကိုးလေ့လာတဲ့ အခါ တစ်စိတ်တစ်ဒေသ အနေနဲ့ အကူအညီရနိုင်ပါတယ်။ စာအုပ်ဖတ်မှမဟုတ်ပါဘူး။ လူမှုကွန်ယက်တွေအသုံးပြုတဲ့အခါမှာလဲ ဒီလိုမှတ်သားတတ်ခြင်းဟာ ကောင်းမွန်သော အလေ့အထ တစ်ခု ဖြစ်စေမှာပါလို့ အကြံပြုချင်ပါတယ်။ နောက်ဆုံးအနေနဲ့ မှာချင်တာကတော့ Self study လုပ်တဲ့အခါမှာ လက်လှမ်းမှီသမျှနေရာအားလုံးကနေ လေ့လာပါ။ စိတ်ဓါတ်ကျလာတဲ့အခါ အမြန်ဆုံး အားပေးပါ။ ကိုယ့်အားကိုယ်ကိုးလေ့လာခြင်းက ဆရာနဲ့  လက်တွဲသင်ရတာထက် ပိုမိုခက်ခဲပေမယ့်လဲ သင့်ကို အရည်အချင်းပြည့်ဝသူတစ်ယောက်ဖြစ်လာစေမှာပါ။

ကျွန်တော်ဖတ်ဖူးသော ဆောင်းပါးတစ်ပုဒ်

Saturday, February 18, 2017

တစ်​ကိုယ်​လုံးတန်​ဖိုး​တွေ တွက်​ပြ​တာ ​ခေတ်​စားလာ​တော့ ကြုံဖူးတာ​လေး ​ပြောပြချင်​တယ်​..

ဟိုးတစ်​​လောက အန်​ကယ်​တစ်​​ယောက်​ သူ့နာရီချွတ်​ပြီး
" ဒီနာရီဘယ်​​လောက်​တန်​မယ်​ထင်​လဲ မှန်းကြည့်​"
ဆိုပြီး ကျွန်​​တော့်​ကို​​မေးတယ်​..
(သူကချမ်းသာ ​အောင်​မြင်​​နေတဲ့ ကုမ္ပဏီပိုင်​ရှင်​တစ်​ဦးပါ)

"မမှန်းတတ်​ဘူးခင်​ဗျ" လို့​ပြောလိုက်​​တော့ သူက
ပြန်​​ပြောတယ်​..
အ​မေရိကန်​​ဒေါ်လာ ၆သိန်း တန်​တယ်​တဲ့..
မြန်​မာ​ငွေနဲ့ဆို သိန်း ၇၈၀၀ ​ကျော်​တန်​တာ​ပေါ့..
(အမ​လေးဗျ... အံ့သြလို့မပြီး​သေး..)
"ဟိုပွဲ ဒီပွဲ အခမ်းအနား​တွေမှာ တစ်​ခါလာလည်း ဒီနာရီ
တစ်​ခါလာလည်း ဒီနာရီ ဖြစ်​​နေမှာစိုးလို့
ဒေါ်လာ ၆သိန်း ၇သိန်း တန်​ နာရီချည်း ၅ လုံး​လောက်
ဝယ်​ထားတယ်​" ဆို​တော့.....
ဟို​က်......ရှားဘား.... ကျွန်​​တော်​ ပက်​လက်​လန်​သွားတယ်​...

(ကိုယ်​​တွေ တစ်​မျိုးလုံး တစ်​​ဆွေလုံးပိုင်​ဆိုင်​မှုကို​ပေါင်းရင်​​တောင်​ သူ့နာရီတစ်လုံးဖိုး​မရှိဘူး..)

ဒါ​ပေမဲ့....
အခု​တော့ အဲ့ဒီနာရီထဲက တစ်​လုံးပြီး တစ်​လုံးပြန်​​ရောင်း​နေပြီတဲ့..
" စီးပွား​ရေးအတွက်​​ငွေလိုလို့လား..အန်​ကယ်​.." လို့​မေးလိုက်​​တော့
" မဟုတ်​ဘူး ..ဆင်းရဲတဲ့ ​ဝေးလံ​ခေါင်​ဖျားက က​လေး​တွေ
စာသင်​နိုင်​​အောင်​ စာသင်​​ကျောင်း​တွေကို
ဒီနာရီ​တွေနဲ့ ​ဆောက်​မလို့ကွ..
နာရီတစ်​လုံး​ရောင်းရတဲ့​ငွေနဲ့တင်
ကျောင်း​ပေါင်းများစွာ ​ဆောက်​နိုင်​တယ်​ သား​ရေ.." ဆို​တော့
ကျွန်​​တော်​ ဘာပြန်​​ပြောရမလဲမသိရ​တော့​လောက်​​အောင်​ 
တော်​​တော်​​လေး ပီတိဖြစ်​သွားပါတယ်​..

"သားအရက်​​သောက်​တတ်​လား.."
သူကဆက်​​မေးတယ်​..
"ဟုတ်​ကဲ့ တစ်​ခါတစ်​​လေ..​ပေါ့.."

"အရက်​ဘယ်​​လောက်​တန်​​သောက်​ဖူးလဲ.."
"ဘလူး​လေဘယ်​​လောက်​အထိပဲ အမြင့်​ဆုံး​သောက်​ဖူးပါတယ်​.."

"အန်​ကယ့်​မှာလည်း သူငယ်​ချင်းတစ်​​ယောက်​ရှိတယ်​..
သူက ​နေ့တိုင်းအရက်​​သောက်​တယ်​..
သူ​သောက်​တဲ့အရက်​က တစ်​ပုလင်းကို
မြန်​မာ​ငွေ သိန်း ၆၀ ​ကျော်​တန်​တယ်​..
တစ်​ပုလင်း ကုန်တာနဲ့ေ​နာက်တစ်ပုလ​​င်း တန်း​ဖောက်​တာပဲ..
တစ်​​နေ့​တော့ အန်​ကယ်​က သူ့ကို​မေးတယ်​..
သူငယ်​ချင်း..သူငယ်​ချင်း​ပေါ့..မင်း​သောက်​တဲ့အရက်​က
သေး​ပေါက်​ရင်​ ​ရွှေပြန်​ထွက်​ကျလားလို့.."

(ကျွန်​​တော်​ပြုံးမိတယ်​..ဟုတ်​ပ ..
အရက်​ပဲဟာ ဘာဖြစ်​လို့ဒီ​လောက်​​ထိဈေးကြီးရတာလဲ​​နော်​..)

"မင်း​သောက်​တဲ့အရက်​တစ်​လုံးက ​ရေရှားတဲ့​ဒေသက
ရွာတစ်​ရွာမှာ အ၀ီဇိတွင်း တစ်​တွင်းတူးလို့ရတယ်​ကွ..
ပေးစမ်း အရက်​တစ်​လုံးဖိုး ..မနက်​ဖန်​မင်း အရက်​မ​သောက်​နဲ့
ဆိုပြီး အန်​ကယ်​က သူ့ဆီက အရက်​တစ်​လုံးဖိုး ယူလာပြီး
ရေရှားတဲ့ ​ဒေသတစ်​ခုမှာ ​ရေတွင်းတစ်​တွင်း တူး​ပေးလိုက်​တာ..
တစ်​ရွာလုံး ​ရေအလျှံအပါယ်​သုံး​ရလို့ 
ပျော်​​နေကြတာကိုလည်း မြင်​သွား​ရော
အဲ့ဒီသူငယ်​ချင်း အခု အရက်​ ​လျော့သောက်​​ပြီး
မြန်​မာနိုင်​ငံအနှံ့​ရေတွင်းတူးတဲ့အလှူ​​တွေ လှူ​နေ​လေရဲ့...
ခုဆို ရွာ​ပေါင်းများစွာမှာ ​ရေတွင်း ​ရေကန်​ လှူပြီး​​သွားပြီ သား​ရေ..."

"မ၀တ်​ရဘူး..မစားရဘူး..မ​သောက်​ရဘူးလို့
အန်ကယ်မ​​ပြောဘူး​နော်​..သား..
သူ့အိုးနဲ့ သူ့ဆန်​ တန်​​အောင်​​တော့ ၀တ်​ရမယ်​ စားရမယ်​..
ဒါ​ပေမဲ့ အဲ့ဒီအရာ​တွေအ​ပေါ်​တော့ မက်​မက်​​မော​မော လုပ်​မ​နေနဲ့..
ဒါဘယ်​​လောက်​တန်​လည်းဆိုတာလည်း ထုတ်​ကြွားစရာမလိုဘူး..

ဒီ့ထက်​​ကောင်းတဲ့ ဒီ့ထက်​တန်​ဖိုးကြီးတဲ့ ပစ္စည်း​တွေကို
သုံးနိုင်​တဲ့သူ​တွေက မင်းကို င​ပေါကြီးဆိုပြီး ​​ပြောလိမ့်​မယ်​သားရဲ့..
မင်းကိုယ်​မင်း​တော့ အဟုတ်​ကြီးထင်​​နေမှာ​ပေါ့..
မင်းထက်​ အဆ​ပေါင်းများစွာချမ်းသာသူ​တွေအတွက်​က​တော့
မင်းဟာ င​ပေါကြီးပဲ..
ရုပ်​၀တ္ထုပစ္စည်းတိုင်းဟာ တန်​ဖိုးဖြတ်​လို့ရတယ်​ကွ..
တကယ့်​တန်​ဖိုးဖြတ်​မရတဲ့ ရတနာ​ဆိုတာ ဘာလဲသိလား သား.."

"မသိပါဘူး ..အန်​ကယ်​"

"သီလ သမာဓိ ပညာ..မင်းရဲ့ ကိုယ်​ကျင့်​တရား..
နောက်​ပြီး ​လောက​ကောင်းကျိုး အများအကျိုး ဘယ်​​လောက်
သယ်​ပိုးပြီးပြီလဲဆိုတာ​တွေသာ တန်​ဖိုးမဖြတ်​နိုင်​တဲ့
ရတနာ​တွေဖြစ်လို့ ဒီရတနာ​တွေသာ တကယ့်​အဖိုးတန်
တကယ့်​အနှစ်​သာရ​တွေပါ သား​ရေ..
ကြွားချင်​သလား..အဲ့ဒီရတနာ​တွေသာ မင်းထုတ်​ကြွားစမ်းပါ..
မင်းထက်​ အဆ​ပေါင်း သိန်းသန်းချီ ချမ်းသာတဲ့သူ​တွေက
မင်းကို ဦးညွှတ်​မှာဖြစ်​တဲ့အပြင်​ တစ်​​လောကလုံးက
သာဓု​ ခေါ်ပါလိမ့်​မယ်​ကွယ်​.."

(​ရင်​ထဲကို​အေးချမ်းသွားတာပဲ..
ကောင်းလိုက်​တဲ့ အနှစ်​သာရ စကား​တွေပါလား..)

"ကဲ အချိန်​လဲ ​​လင့်​ပြီ...သားက နယ်​ကိုပြန်​ရမှာမဟုတ်​လား..
ဘယ်​နှစ်​နာရီကားလဲ ကိုစိုးထိုက်​.."

ကျွန်​​တော်​က လက်​မှာပတ်​ထားတဲ့ နာရီကိုကြည့်​ပြီး..
"၄ နာရီ ဖဒို_ရန်​ကုန်​ မြတ်​ရတနာကား
လက်​မှတ်​ဖြတ်​ထားတာ အန်​ကယ်​..ဟုတ်​..
အချိန်​​တောင်​ကပ်​​နေပြီ..
ခွင့်​ပြုပါအုံးခင်​ဗျာ.."

"ကဲကဲ...သွား..သွား...
မင်းလက်​က နာရီလည်း ဒီအချိန်​ပဲ..
အန်​ကယ့်​လက်​က သိန်း ၇၈၀၀ ​ကျော်​တန်​နာရီလည်း ဒီအချိန်​ပဲ..
လမ်း​ဘေးက ၃ထောင်တန်​နာရီလည်း ဒီအချိန်​ပဲ..
နာရီတစ်​လုံးရဲ့ တန်​ဖိုးက အချိန်​မှန်​ခြင်းပဲသား..
လူတစ်​​ယောက်​ရဲ့ တန်​ဖိုးက​တော့ ကိုယ်​ကျင့်​တရား နဲ့
သီလ သမာဓိ ပညာပါပဲ သား​ရေ..
အဓိကနဲ့ သာမည ခွဲတတ်​ပါ​စေ..
တန်​ဖိုး အစစ်​ကို တန်​ဖိုးထားတတ်​ပါ​စေကွယ်​.."

ကျွန်​​တော်​သည်​ အဖိုးမဖြတ်​နိုင်​​သော ဆုံးမစကားတို့ကို
ရင်​မှာမှတ်​သားလျှက်
၂သောင်း တန်​နာရီ..
၅ထောင် တန်​ပုဆိုး..
၈ထောင် တန်​အင်္ကျီ..
၃ထောင် တန်​ကတ္တီပါဖိနပ်​တို့ကိုစီးကာ
ခိုင်​မာ​သော ကိုယ်​ကျင့်​တရား နှင့်​ သီလ သမာဓိ ပညာကို
နက်​ရှိုင်းစွာ ​ဆောက်​တည်​ပြီး
ဤ​လောကကြီးတွင်​ ​ရင်​​ကော့ ​ခေါင်း​မော့ကာဖြင့်
ဝင့်​​၀င့်​ကြွားကြွား ရှင်​သန်​သွားဖို့ ဆုံးဖြတ်​လိုက်​ပါ​တော့သည်။

ကိုစိုးထိုက်​(ဖဒို)
credit

လောကကို အရှုံး​ပေးချင်​​နေပြီလား ?


"လောက" မှာ...

ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
"ကိုယ်ပါပဲ"

ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
"ကိုယ်ပါပဲ"

ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း
"ကိုယ်ပါပဲ"

ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
"ကိုယ်ပါပဲ"

"အဓိက" က ကိုယ့်ရဲ့ "စိတ်" ပါပဲ
စိတ် ဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။

"စိတ်" ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့
"ဆေးတစ်ခွက်" ဖြစ်နိုင်ပြီး ……

မကောင်းတဲ့ "စိတ်" တွေ ထားမယ်ဆိုရင်တော့
ကြောက်စရာကောင်းတဲ့ "ဘေး" အန္တရာယ်
တစ်ခု ဖြစ်သွားနိုင်ပါတယ် ……

ကဲ့ …… အဲ့တော့ အရေးအကြီး ဆုံးက …
မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့ နဲ့
တန်ဖိုး ရှိအောင်နေထိုင်ဖို့ ပဲ မဟုတ်လား……

ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ
ကိုင်ထားကြည့်လိုက်ပါ...
သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ '' အပူဒဏ် ''ကို
ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ ……

သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့
ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ် ……

ဒီလိုပဲ ……
သင်မှာရှိတဲ့ စိတ်ညစ်စရာတွေကို
သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ
ပိုကြီးထွားလာပြီး …
သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ……

မတွေးတော့ပဲ …
ဖြေရှင်းဖို့ နည်းလမ်းရှာမှသာ ………
အဆင်ပြေမှာပါ ……

တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ်
တစ်ချို့က ဒါတွေကိုချစ်သူရည်းစားအတွက် 
တစ်ချို့က အလုပ်အတွက်
ငွေကြေးပြသနာအတွက်
အစရှိတဲ့…… စိတ်ညစ်မှု့မျိုးစုံပေါ့။

ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ……
ကိုယ် ကို ကိုယ် ……
"ပြစ်ဒဏ်" ပေး အကျဉ်းချနေတာပါ ……

"အဓိက" ဘာလုပ်ရမှာလဲ..
ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ ပါပဲ

"အကျိုးရှိရင် အကြောင်းရှိသလို"
အခက်အခဲ ရှိရင် ဖြေရှင်းလို့ ရမယ့်
နည်းလမ်းဆိုတာရှိစမြဲပါ …

သင်တို့ လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း
စိတ်ညစ်ဖူးမှာပါ..

ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ
ဖြစ်သွားတာပဲလေ ……
အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။

အပျော်တွေနဲ့ပဲ နေပါ ။ အပျော်တွေကို ဖန်တီးပါ ။
စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။ ……

"လောက" ကြီးက
"စိန်ခေါ်မှု့"တွေ အရမ်းများတယ်

ဆုံးရှုံးမှု့ဒဏ်တွေ
ဝမ်းနည်းကြေကွဲမှု့ ဒဏ်တွေကို
သင်မခံနိုင် ရင် '' စိန်ခေါ်မှု့'' တွေ များတဲ့
"လောက" ကြီးကို
ဘယ်လို ဆက်ပြီး ရင်ဆိုင်မလဲ………???

စဉ်းစားပါ ဆုံးရှုံးမှု့ဒဏ်တွေကို
ကိုယ် "သေကြောင်းကြံတဲ"့ နည်းနဲ့
ဖြေရှင်းမှာလား ……??

ဒါဆို သင် "လုံလောက်တဲ့"
ရင့်ကျက်မှု့မရှိသေးလို့ ဆိုတာ မမေ့ပါနဲ့

" လုံလောက်တဲ့ " ရင့်ကျက်မှု့ရှိသူတိုင်းဟာ
" ကိစ္စတိုင်း"ကို ထည့်တွက်မနေကြပါဘူး

"ပူလောင်မှု့" ကိုခံစားနေရတယ် ဆိုတာ
"မေတ္တာ" စိတ်မရှိလို့ ပါ

ပြီးတော့ ''အတ္တ'' စိတ်ကြီးနေတာ
မိမိ ကိုယ် မိမိ ချစ်တာ
မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ
မိမိ မာန ကို "ရှေ့ တန်း"တင်ပေးနေတာ

ဒီတော့ ဒါတွေမဖြစ်အောင်
သင်စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင် ……
ဒီလိုစိတ်ထားကြည့်ပါ ………

{ ၁ }ခွင့်လွှတ်နားလည်ပေးကြည့်ပါ
{ ၂ }ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ
{ ၃ }အကောင်းမြင်စိတ်လေးနဲ့ အကောင်းမြင်ပေးပါ ……

အရင်ငြိမ်းချမ်းသွားမှာက သင်ပါ
လူတစ်ယောက်ရဲ့ "အမှား"ကို
မေ့ပစ်ခြင်းဟာ လည်း
အကောင်းဆုံး "ဂလဲ့စား" ချေခြင်းတစ်မျိုးပါပဲ ……

"ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ" တဲ့
မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး …
( သူလည်းအားချင်မှအားမှာလေ )

" မုန်တိုင်း" ပြီးရင်တော့
"လေပြေ" ရောက်လာစမြဲပါ ……

"အကောင်းဆုံး"တွေ လာဖို့ 
အဆိုးတွေ အရင် လာလည်တာပါ ……

"နေရိပ်" ကို လိုချင်လို
့နေပူထဲ ရပ်စောင့်နေရပါလားလို့
အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ

ငါ "ပေ" ဖြစ်နေလို့ ခံနေရတာ
"တူ"ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့
စိတ်ဓါတ် မွေးကြည့်ပါ ..……

လူဘဝ ဆိုတာ တစ်ကယ်တော့
"ခနတာ"လေးပါ အဲ့ထဲမှာ
သင်က ……
ထမင်းစားဖို့ အသက်ရှင်နေတာလား ……?
အသက်ရှင်ဖို့  ထမင်းစားနေတာလား …… ?
ဆိုတာ အရင်တွေးပါ .……

"ကာဗွန်" ခြင်း တူရင်တောင်
မီးသွေး အဖြစ်မခံပါနဲ့ ……
တန်ဖိုးရှိတဲ့ "စိန်" ပဲ ဖြစ်အောင်ပဲကြိုးစားပါ ……

သင်အလုပ်တွေ လုပ်နေရင်းနဲ့
ပညာတွေဆက်ရှာပါ
အမြဲမပြတ် လေ့လာပါ။
သင်ယူပါ။

ပြီးတော့ လူသားတွေ ကို
အကျိုးပြု နိုင်တဲ့ "ပရဟိတ" တွေများများလုပ်ပါ။
များများလှူပါ။ ကူညီပါ။ ဖေးမပါ။
စိတ်ကောင်းထားပါ။ "ရိုးသားစွာ" ကြိုးစားပါ ……

ကဲ .… ဒါဆို
သင် ဘဝတစ်ခုလုံးအတွက်
"တန်ဖိုး" ရှိစွာနေထိုင်နိုင်တဲ့
"လူ" တစ်ယောက်ဖြစ်သွားနိုင်ပါပြီ ။

မူရင်း . . .ခရက်ဒစ်ပေးပါသည် ။

Tuesday, February 14, 2017

အလုပ်တွင် ပျော်မွေ့ခြင်း

“လူတွေဟာ သူတို့စိတ်မှာ ခံယူထားသလောက်ပဲ ပျော်ရွှင်ကြရပါတယ်” - အေဘရာဟင်လင်ကွန်း (၁၈၀၉ - ၁၈၆၅)     
ရတာမလို၊ လိုတာမရ ဆိုတဲ့ လောကကြီးမှာ အလုပ်ဝင်နေရတဲ့ လူငယ်တွေအတွက် ကိုယ်မလုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတဲ့ လူငယ်တွေလည်း အများကြီးရှိနေမှာပါ။ ၀ါသနာမပါတဲ့အလုပ်ကို လုပ်နေရလို့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကင်းမဲ့နေပါလိမ့်မယ်။ ဒါပေမယ့်လည်း ဖြစ်လာတဲ့အခြေအနေမှာ အကောင်းဆုံးပျော်အောင်နေနိုင်ဖို့  ၊ ကိုယ့်အလုပ်ဟာ ကိုယ့်အတွက် အဓိပ္ပာယ်ရှိဖို့   လိုအပ်သေးတယ်မဟုတ်လား။ ဒီတော့ ကျွန်တော်တို့   ဘာလုပ်ဖို့များလိုအပ်ပါလိမ့်မလဲ။

စာရင်းလုပ်ပါ
သင့်ကို ပျော်ရွှင်စေတဲ့အချက်တွေ သင်နှစ်သက်တဲ့အချက်တွေ ချရေးပါ။ အလုပ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် သင်နဲ့ ပက်သက်တဲ့အချက်တွေသာ ချရေးလိုက်ပါ။

အလုပ်မှာ သင်မကြိုက်တဲ့ အချက်တွေရေးပါ။ ရေးတဲ့အခါမှာ တိတိကျကျရေးပါ။ ငါ ဘော့စ်ကို မကြိုက်ဘူး ဆိုတာမျိုးနဲ့   မပြီးပါဘူး။ ဘာကြောင့် မကြိုက်တာလဲ။ သူဟာ အရမ်းဆူပူကြိမ်းမောင်းတတ်လို့လား၊ တွေဝေတတ်လို့လား၊  တီထွင်ဖန်တီးနိုင်စွမ်းမရှိလို့လား၊ စသဖြင့် တိတိကျကျရေးပါ။

အလုပ်မှာ သင်ကြိုက်တဲ့ အချက်တွေရေးပါ။ မကြိုက်တဲ့အချက်တွေကို ရေးခဲ့သလိုပဲ တိကျဖို့လိုပါတယ်။ သင်ဘယ်လောက်ပဲ သင့်အလုပ်ကို မုန်းတီးနေပါစေ သင်နှစ်သက်စရာ အချက်လေးတွေတော့ ရှိဦးမှာပါ။ ဥပမာ - အလုပ်က အိမ်နဲ့ နီးနီးနားနားမှာ ရှိတာ၊ နေ့လည်ပိုင်း အားလပ်ချိန် ပေးထားတာ၊ ဆုကြေးငွေ ဖောဖောသီသီ ပေးတာ စတာမျိုးတွေပေါ့။

ဒီစာရင်း သုံးခု ရလာပြီဆိုရင် ယှဉ်တွဲကြည့်ပါ။ သင့်ကို ပျော်ရွှင်စေတဲ့ အချက်တွေက သင်အလုပ်မှာ မကြိုက်တာတွေနဲ့   ကိုက်ညီနေတာမျိုးတွေ သင်တွေ့  ရပါလိမ့်မယ်။ ဥပမာ - သင်က အလုပ်မှာ အထက်အရာရှိက ကိုယ့်အနားမှာ ရစ်သီရစ်သီ လာကြည့်နေတာ မကြိုက်ဘူး။ ဒါပေမယ့် သင့်ကို ပျော်ရွှင်စေတဲ့အရာထဲမှာ သင်က လူတွေကိုယ့်အနားမှာရှိတာ ဆိုပြီး ထည့်ထားတယ်။ သင်က တစ်ယောက်တည်းအထီးကျန်နေရတာ မကြိုက်ဘူး ဆိုပြီး ပြောပေမယ့် အလုပ်မှာ သင်ကြိုက်တာက အလုပ်ခန်းထဲမှာ အရာရှိက သင့်တစ်ယောက်တည်း တာဝန်ပေးထားတာမျိုး စသဖြင့် အံ့အားသင့်ဖွယ် ၀ိရောဓိတွေ တွေ့ရပါလိမ့်မယ်။

ခုဆိုရင် ဒီတွေ့  ရှိချက်တွေကို ဖတ်ရှုပြီးတဲ့အခါ ကိုယ့်ကိုယ်ကို အနားပေးလိုက်ပါ။ သင်ရရှိလာတဲ့ အချက်အလက်အသစ်တွေ သင့်ကိုယ်ထဲကို စီးဝင်လာဖို့အတွက် အချိန်ယူပါ။ နောက်တစ်ဆင့်ဆီ ကူးပြောင်းဖို့  အသင့်ဖြစ်မယ့်အချိန်ကို သင်အလိုလိုရောက်ရှိလာပါလိမ့်မယ်။ အချက်အလက်တွေ အတင်းမှတ်မိအောင် သင့်ကိုယ်သင် တွန်းအားပေးတာမျိုးမလုပ်ပါနဲ့   ။ သင့်ရဲ့    ဦးနှောက်က မကြာသေးမီကမှ ရရှိလာတဲ့ သင့်အကြောင်း သတင်းအချက်အလက်အသစ်တွေကို ထည့်သွင်းလည်ပတ်ဖို့   အချိန်တစ်ခုလိုပါတယ်။ ရက်အနည်းငယ်ကြာတဲ့အချိန်မှာ ဒါတွေကို အသုံးပြုဖို့   သင် အသင့်ဖြစ်နေပါလိမ့်မယ်။

လက်တွေ့ကျင့်သုံးခြင်း

၁။ ကိုယ့်ကိုယ်ကို ကတိပေးပါ။

သင်ချမှတ်ထားတဲ့ ရည်မှန်းချက်က သင့်အလုပ်မှာ ပျော်မွေ့ဖို့ပါ။ အဲ့ဒီလိုဖြစ်ဖို့အတွက် သင့်အနေနဲ့   အပြုသဘောဆောင်တဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ လုပ်မယ် ဆိုပြီး ဆုံးဖြတ်ထားဖို့လိုပါတယ်။ စာရွက်ပေါ်မှာ အချက်အလက်တွေကို ယှဉ်ပြီး ဖတ်ကြည့်ရုံနဲ့   သင်ဟာ သူ့အလိုလို ပြောင်းလဲသွားမယ်လို့ မထင်ပါနဲ့။  သင့်စိတ်ခံစားမှုတွေ ပြောင်းလဲဖို့   သင့်ရဲ့   သဘောထားတွေနဲ့   အပြုအမူတွေကို အမြဲဆန်းစစ်နေဖို့လိုပါတယ်။

၂။ အပြုသဘောဆောင်အချက်တွေပေါ်မှာ အာရုံစိုက်ပါ။
ဥပမာ - သင်မကြိုက်တဲ့အချက် သင့်အရာရှိက သင့်နားမှာ လာနေတဲ့အခါ သင်က လူတွေ ကိုယ့်အနားမှာရှိတာ နှစ်သက်တယ်ဆိုတာ သတိရပါ။ ကိုယ့်ဖုန်းက အဆက်မပြတ် တဂွမ်ဂွမ်လာလို့   စိတ်ညစ်တဲ့အခါ သင်က လူတွေနဲ့  စကားပြောရတာကို နှစ်သက်တယ်ဆိုတာ သတိရလိုက်ပါ။ သင်အလုပ်မှာ မကြိုက်တဲ့အချက်တွေ ကြုံတွေ့လာတဲ့အခါ သင့်ကိုပျော်ရွှင်စေတဲ့အချက်တွေနဲ့   စဉ်းစားပြီး အဲ့ဒီအကြောင်းအရာပေါ်မှာပဲ အာရုံစိုက်ထားပါ။ ကိုယ့်ကိုယ်ကိုလည်း သတိပေးနေပါ။ သူက ငါ့နားလာနေလည်း ပြသနာမဟုတ်ပါဘူးလေ၊ ငါက လူတွေငါ့အနားမှာ ရှိနေတာ နှစ်သက်တဲ့လူမျိုးပဲ …. စသဖြင့်ပေါ့။

၃။ အလုပ်နဲ့ပက်သက်တဲ့ စိတ်အားတက်ကြွစရာတွေကို ရှာဖွေပါ။

သင့်ကို စိတ်အားတက်ကြွစေတဲ့အရာတွေထဲမှာ သင့်အလုပ်နဲ့ပက်သက်တာ တစ်ခုမဟုတ် တစ်ခုတော့ သေချာပေါက်ရှိမှာပါ။ အဲ့ဒီအရာတွေကို မြင်အောင်ကြည့်ပါ။ အလုပ်ထဲက အားတက်စရာဆိုတာ သင့်ရဲ့   ကြီးကြပ်သူကလည်း သိထားသင့်တဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းတွေနဲ့ ပက်သက်လို့  သင့်အရာရှိနဲ့  စကားပြောသင့်ပြီး သင့်ကို စိတ်အားတက်ကြွစေမယ့် သင်စိတ်ပါလက်ပါလုပ်ချင်တဲ့ အလုပ်တွေ ပိုမိုတာဝန်ပေးလာတာကို ခံယူသင့်ပါတယ်။ ဒါပေမယ့် ခုပြောခဲ့သမျှတွေကို တပြိုင်နက်တည်း လုပ်ရမယ်လို့တော့ မဆိုလိုပါဘူး။ သင့်ကို  ခိုင်းထားတဲ့အလုပ်တွေအတွက် သူ့  မှာ ခိုင်လုံတဲ့အကြောင်းပြချက်တွေ ရှိနေနိုင်သလို လုပ်ဆောင်နေတဲ့ လုပ်ငန်းတာဝန်တွေ ပြောင်းလဲဖို့အတွက် သင့်ဘက်က အချိန်တစ်ခုတော့ စောင့်သင့်ပါတယ်။ သင့်ကိုခိုင်းတဲ့အလုပ်တွေ ပြောင်းပေးဖို့   ပြောတဲ့နေရာမှာလည်း အပြုသဘောဘက်ကနေ လိမ္မာပါးနပ်စွာ ပြောဆိုတတ်ဖို့လိုပါတယ်။ ကျွန်တော် ဒီအလုပ်ကြီးတွေချည်းပဲ လုပ်နေရတယ်၊ ပျင်းစရာအရမ်းကောင်းတယ်ဗျာ၊ ကျွန်တော်တော့ မလုပ်ချင်ဘူး ဆိုတာမျိုးတွေ လုံးဝမပြောသင့်ပါဘူး။

၎။ အဆိုးမြင်အတွေးတွေကို နှိပ်ကွပ်ထားပါ။

တခါတလေမှာ ကိုယ်မကြိုက်တဲ့ မုန်းတီးတဲ့အကြောင်းအရာတွေကိုပဲ တွေးနေတာမျိုး သင့်ကိုယ်သင် သတိထားမိဖူးမှာပါ။ သင့်စိတ်ကပဲ ဒီအတွေးတွေကို ထပ်တလဲလဲစဉ်းစားနေပြီး ကြီးထွားလာအောင်လုပ်နေသလိုပါပဲ။ အဲ့ဒီလိုလုပ်နေလို့   ဘာတစ်ခုမှ ကောင်းတာထွက်လာမှာမဟုတ်ပါဘူး။ သင့်စိတ်က အဲ့လိုဖြစ်နေပြီလို့  သတိထားမိတာနဲ့   အပြုဘက်ကချက်ချင်းလှည့်တွေးပေးပါ။ သင့်ကိုပျော်ရွှင်စေတဲ့အချက်တွေနဲ့   ဆက်စပ်တဲ့ အလုပ်ထဲကအချက်တွေကိုပဲ စဉ်းစားနေလိုက်ပါ။ ဒီလိုလုပ်တာ တကယ်တမ်းတော့ မလွယ်ပါဘူး။ အဆိုးဘက်ကနေပဲ စိတ်ဖိစီးနေတာက ကျွန်တော်တို့အားလုံးလိုလိုမှာ အလေ့အကျင့်တစ်ခုလို ဖြစ်နေပြီးတော့ ဒီအကျင့်ကိုဖျောက်ဖို့   ခက်ခဲလှပါတယ်။ ဒါပေမယ့် ဒီအကျင့်ကို တဖြည်းဖြည်း ဖျောက်ဖို့လိုအပ်လှပါတယ်။ ဒီလိုမျိုး မကောင်းတဲ့အရာပေါ်မှာပဲ တအုံနွေးနွေးတွေးနေမိတာက သင့်ကို စိတ်ကျရောဂါ စွဲကပ်လာစေနိုင်သလို သင့်ရဲ့  စွမ်းဆောင်ရည်တွေကို ကျဆင်းလာစေပါလိမ့်မယ်။ စွမ်းဆောင်ရည်ကျဆင်းလာတဲ့အခါ သင်ကလည်း ငါကတော့ ဒီလိုတွေအဆင်မပြေလို့   ငါညံ့ဖျင်းလာတယ် ဆိုပြီး မကောင်းတဲ့အချက်တွေကိုပဲ ပိုအာရုံစိုက်မိ၊ ပိုအာရုံစိုက်တော့ စွမ်းဆောင်ရည်ပိုကျ ဒီလိုနဲ့  ပဲ သံသရာလည်နေပါလိမ့်မယ်။

၅။ အနားပေးချိန်ကို ထိထိရောက်ရောက်အသုံးချပါ။

အလုပ်မှာ အနားပေးချိန် ၁၅ မိနစ်ရတာမျိုး၊ ဒါမှမဟုတ် ထမင်းစားချိန်နားတဲ့အခါမျိုးက သင်လုပ်ချင်တဲ့အရာတွေကို စဉ်းစားဖို့  အချိန်ကောင်းပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေဝန်းရံပြီး ဟေးလားဝါးလား လုပ်ရမယ့်အချိန် မဟုတ်ပါဘူး။ ဒီလိုအချိန်ဖြုန်းတာက ရုံးယဉ်ကျေးမှုဖြစ်နေရင်လည်း သင့်အနေနဲ့   သူတို့နဲ့   ခဏတာ ဖယ်ခွာနေဖို့လိုအပ်ပါတယ်။ သင်လုပ်သင့်တာက ခဏတဖြုတ်လမ်းထလျှောက်တတ်တဲ့လူတွေကို ရှာပြီး အညောင်းပြေလမ်းလျှောက်တာ၊ ဒါမှမဟုတ် ကောင်းတဲ့အကြောင်းအရာတွေကို ပြောတတ်တဲ့သူမျိုးနဲ့   စကားစမြည်ပြောတာ မျိုးလုပ်သင့်ပါတယ်။ အပျက်မြင်သဘောထားရှိတဲ့သူတွေထက် အပြုသဘောထားရှိတဲ့သူတွေနဲ့   နေ့လည်စာစားတာ ပိုကောင်းပါတယ်။ ကျွန်တော်တို့ ကြိုးစားနေတဲ့ ရည်မှန်းချက်က အဆိုးမြင်တွေလျှော့ပြီး အကောင်းမြင်တွေ တိုးတက်လာစေဖို့ပါ။ အပျက်အမြင်တွေပဲ ပြောတတ်တဲ့သူနဲ့ ပေါင်းနေရင် ကိုယ့်ရဲ့အပျက်အမြင်တွေက ကြီးထွားလာမှာဖြစ်သလို အကောင်းမြင်တတ်တဲ့သူနဲ့  ပေါင်းရင် ကိုယ်လည်းပဲ အကောင်းမြင်တတ်လာမှာဖြစ်ပါတယ်။

၆။ ရလဒ်တွေကို စောင့်စားနေပါ။

ဒီအဆင့်တွေကို လက်တွေ့အသုံးချပြီးပြီဆိုရင် သင် အကျိုးရလဒ်တွေ စတင်ခံစားရပါလိမ့်မယ်။ ပထမဆုံးတော့ အသေးအဖွဲလေးတွေပဲ သင်ခံစားရဦးမှာပါ။ ဒါပေမယ့်လည်း အဲ့ဒီလို တစ်ခုခံစားရတိုင်း တစ်ခါ အသိအမှတ်ပြုပေးလိုက်ပါ။ အောင်မြင်မှုတစ်ခုတိုင်းက သင့်ရဲ့  ဦးနှောက်ကို ပြန်လည်သတင်းပို့   မှာဖြစ်သလို နောက်ပိုင်းမှာ အောင်မြင်မှုတွေက မြန်သထက်မြန်လာမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက သင်မကြိုက်တဲ့အရာတွေကတော့ ရှိနေဦးမှာပါပဲ။ “ဘ၀ရဲ့  နေ့တိုင်း အချိန်တိုင်းကို နှစ်သက်သဘောကျနေပါတယ် ဆိုတဲ့လူ မရှိပါဘူး” ဒါ သဘာဝပါပဲ။ ကိုယ်မကြိုက်တဲ့အရာတွေဖြစ်လာတဲ့အခါမှာ ပြတ်ပြတ်သားသားဖြေရှင်း ဆုံးဖြတ်၊ ပြောင်းလဲလို့ရရင် ပြောင်းလဲ၊ ပြောင်းလဲလို့မရရင် မေ့ပစ်လိုက်ပါ။ ဒါပါပဲ။ မကောင်းတဲ့အာရုံတွေပေါ်မှာ ဘာလို့များ ကိုယ့်စိတ်ကို မြုပ်ထားမှာလဲ။ အချိန်တွေပေးရတာချင်းအတူတူ နောက်ဖြစ်လာမဲ့ ကောင်းတဲ့အရာတွေပေါ်မှာပဲ အာရုံစိုက်ထားလိုက်ပါ။ သင် တနေ့တခြား အလုပ်မှာ ပျော်မွေ့လာပါလိမ့်မယ်။

ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်း မကျနိုင်တဲ့ လောကကြီးမှာ ကိုယ်မနေချင်တဲ့နေရာမှာ နေနေရ၊ အလုပ်လုပ်နေရပေမယ့်လည်း နေရတဲ့ခဏမှာ အတွေးတွေကိုပြောင်းလဲပေးရင်း လူငယ်တွေအားလုံး ကိုယ့်ဘ၀ကို ကိုယ် စိတ်တိုင်းကျနိုင်ကြပါစေ။

နေသစ်