ခင်ဇော်မြင့်ကဗျာများစုစည်းမှု ( ပုဒ်ရေ- ၈၀)
============================
တောင်သမန်
-------------------------
လူတစ်ယောက်
အင်းရေပြင်ကိုကြည့် စိတ်ကူးခဲ့လိမ့်မယ်
အဲဒီစိတ်ကူးဟာ အခု တံတားဖြစ်လို့
အဲဒီတံတားပေါ်မှာ အခု ကျွန်တော်တို့
လမ်းလျှောက်လို့
အင်းရေပြင်ကိုကြည့်လို့
စိတ်ကူးလို့။ ။
.
ခင်ဇော်မြင့်
*******************************************************************
မျှော်စင်
===========
.
အလွမ်းနင့်အောင်မြင်ရတယ်
တိမ်ပြာတွေလို
ကောင်းကင်ကဖြူလို့
ကျီးကန်းတွေ တဝဲလည်းလည်းပျံလို့
ပြီး ၊ သစ်ရွက်တွေ တဝဲလည်းလည်းကြွေလို့။
ဟုတ်ပြီ လမ်းရဲ့ရနံ့ကိုမှုတ်ထုတ်လိုက်
ပြီး ၊ အားစိုက်လို့
ဓါတ်ကြိုးများရဲ့တွန်ကျူးသံကိုခေါင်းငုံ့ကာစုပ်ယူလိုက်။
အမှန်တကယ် ကိုယ်လုပ်ရမှာ
မီးခိုးနဲ့နေရောက်ခြည်ကို အနံ့ခံဖို့
ပြီး ၊ ခေါင်းလောင်းတို့ရဲ့အသံကို စူးစမ်းဖို့။
ပြောစရာမရှိအောင် အရောင်တွေလှလွန်းတယ်
မေ့လျောခဲ့ရတယ်။
တနေရာရာမှာ
ချွင်းချက်များက သွား၍တူပါလိမ့်မယ်။
.
"နွေဦး" တဲ့
ကျနော်မဖွဲ့တတ်ခဲ့ပေါ့
ခြေစုံရပ် ရို့ကျိုးခဲ့ပါတယ်။
.
ခင်ဇော်မြင့်
***************************************************
သတိရခြင်းအကြွင်း
-----------------------
သွားရမယ့် ခရီးက ဝေးလွန်းတော့
ဘယ်လိုစိတ်ချနေရမလဲ
သဘာဝအပေါ် ထားရှိသော တရားတို့ မမြဲမြံနိုင်သေး
သေခြင်းက ဘယ်တော့မှ ပြန်ပေးမဆွဲဘူးဆိုတယ်။
နောက်ကမ္ဘာမှာ သစ်ပင်တွေရှိသလား
ပြာဆိုတာ အဖိုးသားနားသလား
ရင်ခလောက်ဆန်အောင် ဖြစ်ရလေခြင်းများ
ပစ်စင်က မြို့ကို အခုထိလှိုက်စားဆဲ
သေခြင်းက ဘယ်တော့မှ ပြန်ပေးမဆွဲဘူးဆိုတယ်။
တစ်ကိုယ်မှ တစ်ကိုယ် နာအောင် ရုန်းကြရ
မခွဲခွာလို့မှ မဖြစ်ဘဲ။
နှလုံးသားလည်း
မီးပျက်ခဲ့တဲ့ စနေနေ့လို ဖြစ်ခဲ့ရပါတယ် ။ ။
ခင်ဇော်မြင့်
****************************************
လေမှုန်မှုန်နေ့တစ်နေ့
---------------------------------
မြေမှာ နေရတာ ညောင်းထင်ရဲ့
ရွက်ခြောက်ကြွေ လေမှာ ၀ဲပြတော့
လက်ခေါက်ထားတဲ့အင်္ကျီကို ပြန်လျှော့ချမိတယ်။
ခုတလော
နေရတာ မကောင်းဘူး
ကျော ခဏ ခဏ အောင့်တယ်။
အဝေးရာသီကလေးက
ကိုယ့်အတွင်းစိတ်ကိုယ် တသွင်သွင် ခါချပြနေတော့
ဓာတ်မှန်တစ်ချပ်ကို မြေမြုပ်သင်္ဂြီုလ်ဖို့
ရက်ရွေ့လိုက်ရတယ်။
ညကျ ထွက်လာမယ့် ကြယ်တွေကလည်း
သဲတကျိကျိဖြစ်နေမှာပဲ ။
အခုတော့
ငှက်တစ်ကောင်မှ မမြင်ရတော့ဘူး ။ ။
ခင်ဇော်မြင့်
*******************************************
ဒီကမ္ဘာနဲ့ ဇီဇ၀ါ
--------------------
ဒီကမ္ဘာမှာ မနေလို့
ဘယ်ကမ္ဘာမှာ သွားနေရမလဲ
ဒီအသက်အရွယ်ရောက်ခဲ့
ဒီဆံပင်ဖြူခဲ့
ဒီမျက်ရည်ပူခဲ့
ဒီကျီးမည်းပြီး နောက်ထပ်ကျီးမည်းများ
ဒီကမ္ဘာမှာ ဇီဇ၀ါပင်တွေ ရှိတယ်
ဇီဇ၀ါပင်တွေက ကြွေလည်း မသေတဲ့ကဗျာကို ရေးကြတယ်။
ခင်ဇော်မြင့်
***********************************************
ငါး
====
ဒီဘ၀အပြင်
ဘယ်ဘ၀ကပိုကောင်းဦးမလဲ ။
မရွေ့မလျား
ငါတို့ငြိမ်သက်နေတာ ငါတို့ကူးခတ်ခြင်း ။
အပြေးအလွှား
ငါတို့ကူးခတ်နေတာ ငါတို့ပျံသန်းခြင်း ။
စိတ်ကိုလျှော့လည်း
ကိုယ်ကပေါ့မသွား ။
တကယ်တမ်း
ရေကိုထမ်းထားရသောပွင့်ချပ်ကတစ်ဖတ်တည်း ။ ။
ခင်ဇော်မြင့်
Sept 2003၊ မြားနတ်မောင်
***************************************
ခရု
-------------
နေ့ စဉ်ညစဉ်
ဒီတက်သလိုတက်ခဲ့
ဒီဆင်းသလိုဆင်းခဲ့ .။
အောင်မြင်ရင်
သောင်ပြင်မှာဂ္ဈမ်းထိုးမယ် ။
ရှုံးနိမ့်ရင်
အုန်းပင်တွေဟာတရားခံပဲ ။
ကမ္ဘာကြီးအညောင်းအညာပြေဖို့ 
က္ဈန်တော်လမ်းလျှောက်ထွက်လာပါပြီ ။ ။
ခင်ဇော်မြင့်
*******************************************
တစ်ကိုယ်တော်ကဗျာ
------------------------
ပုဝါအနီက
နွားရိုင်းကိုစတယ်..။
အိပ်မက်ကိုနှစ်ပိုင်းခွဲပြီးမက်နေရတာ
ညနေခင်း
ဘဝ
ဒေါနပန်း
အဲဒါနဲ့ 
ကဗျာဆရာက
ရေကိုမြိုတယ်
ဝတ်လာတဲ့ တီရှပ်က
ရီရဲလ်မက်ဒရစ်ကဖေး...။
တပို့ တွဲလမှာဆူးပန်းတွေပွင့် တယ်
ရယ်စရာတွေကညမှာအသံမြည်တယ်
လှည်းဘီးကိုအဆန်းတကြယ်လုပ်နေတဲ့ 
ချစ်မေတ္တာပဲ
ပြန်ကွေ့ လာတဲ့ လေယာဉ်ပျံပဲ...။
***********************************
နေကြာ
============
နေ၀င်သွားတယ်
ကောင်းကင်နဲ့မြေသားကြား
နေ့တစ်နေ့ရဲ့အဖြစ်မှာအော်ခေါ်သံ
ဒီရိုးတံ
အခါခါကြောက်ရွံ့ထိတ်လန့်တုန်လှုပ်
ထင်ရာမြင်ရာသဲသဲလှုပ်လှုပ်
အခြောက်တိုက်
အမှောင်ကြားကမ္ဘာကိုအားနာအခိုက်အတန့်
ရွပ်ရွပ်ချွံချွံ
တစ်ကိုယ်ရေမအောင်မြင်မှုတွေဟာ
အသံမမြည်ပဲထွက်သွားတဲ့တိမ်တွေပေါ့
ကျွန်တော့်ကိုယ်ကျွန်တော်မေ့လို့အိပ်စက်လိုက်တယ်
အဲဒါလည်း
နာမည်ဝှက်နဲ့ပေါ့ ။
.
ခင်ဇော်မြင့်
ရုပ်ရှင်သစ္စာ
**********************************************
လောက်လန်းများ
------------------
ဤသို့ဖြင့်
ပြောမနာဆိုမနာ
ဤသို့ဖြင့်
ဆဲမနာဆိုမနာ
ဤသို့ဖြင့်
မလူးသာမလွန့်သာ
ဤသို့ဖြင့် ရင်းနှီးပွင့်လင်းစွာ ချစ်လာကြ
ပထမ
အဝတ်အစားများအားလုံး ချွတ်၍ စစ်ဆေးခံရ
သွားများကို ချွတ်၍ စစ်ဆေးခံရ
ခန္ဓာကိုယ် မွှေးညင်းများပါမကျန် စစ်ဆေးခံရ
နောက်
ဒွါရ ကိုးပေါက်စလုံး စစ်ဆေးခံရ
ဤသို့ဖြင့်
တစ်ကိုယ်နဲ့ တစ်ကိုယ် မမြင်ရ
သူတို့သည် ရင်းနှီးပွင့်လင်းစွာ ချစ်လာကြ၏။
(တရားစာအုပ်တစ်အုပ်ထဲမှ စာသားများ ဖြစ်ပါသည်။)
********************************************
အသေးအဖွဲများ
-------------------
.
မျက်ရည်ယိုဖွယ် ကဏ္ဍတွေ သွေးမစုပ်နိုင်သ၍ မိုက်လုံးကြီး
ရေဖျဉ်းသမားတွေ မီးအားကောင်းတဲ့နေ့ဟာ ဒီနေ့ပါ
မိုးက ဘာလို့ စောစောရွာတာလဲ။
ခလုတ်တိုက်မိခဲ့တာတွေ ပြန်စဉ်းစားကြည့်ရအောင် အချည်းနှီး
မျက်မမြင်တွေ လမ်းထွက်လျှောက်မယ့်နေ့ဟာ ဒီနေ့ပါ
နေက ဘာလို့ စောစောကွယ်တာလဲ။
ဝါးဂွမ်းလို လူတွေ
လူလို အရက်ပျံတွေ
အရက်ပျံလို အိမ်နံပါတ်တွေ
ဆက်စပ်မှုမှန်သမျှ အပြောရ အသိရ ခက်တယ်။
ဥပမာ-
တိမ်တွေ အသေအပျောက်များတဲ့နေ့ဟာ ဒီနေ့ပါ။
ဥပမာ-
စက္ကူပန်းပင်ကလေးသာ ပွင့်ပြနိုင်ရှာတဲ့ အိမ်ကလေးက
အနီရောင်ပါ ။ ။
ခင်ဇော်မြင့်
**************************************************
တံခါးရွက်နှစ်ခု
------------------------
တံခါးရွက်နှစ်ခုဟာ
အလုပ်ရှုပ်တယ်။
သေတဲ့လူ သေတယ်
ရူးတဲ့လူ ရူးတယ်။
အမှန်တကယ်
တံခါးရွက်နှစ်ခုဟာ
အလုပ်ရှုပ်တယ်။
မပြောသင့်သောစကားကို ပြောနေဆဲ
ပြောသင့်သောစကားကို မေ့နေဆဲ
ငါ့အရိပ်လည်း သမံတလင်းမှာ ငြိနေဆဲ။
စိတ်မောစရာ
ငါခြေတင်ထားတဲ့ခုံက မငြိမ်ဘူး
ငါလက်တင်ထားတဲ့ပခုံးက မငြိမ်ဘူး
ငါ့အနားမှာ
ဘ၀ကို ပြောင်းပြန်လွမ်းတဲ့ လေချွန်သံ။
တံခါးရွက်နှစ်ခုနဲ့ ပတ်သက်လို့တော့
ကျွန်တော့်မှာ မူရင်းမရှိဘူး။ ။
.
ခင်ဇော်မြင့်
******************************************
မျက်နှာကျက်
----------------------------
ငါ အပေါ်ကိုမော့ကြည့်တယ်
မျက်နှာကြက်က ငုံ့ကြည့်တယ် ။
ငါ အိပ်တယ်
မျက်နှာကြက်က မအိပ်ဘူး ။
ငါ တစ်ရေးနိုးတယ်
မျက်နှာကြက်က သင်္ချာတွက်နေတယ် ။
ငါ အိမ်အောက် ရေဆင်းသောက်တယ်
မျက်နှာကြက်က လှေကားရင်းထိလိုက်ပို့တယ် ။
ငါ နောက်ဖေးတံခါးကို ဖွင့်တယ်
ပန်းရနံ့ တစ်ခုခုရတယ် ။
အဓိပ္ပါယ်ရှိရှိ
အူနေသော ခွေးကိုအပြစ်ဆိုစရာမရှိ ။
ငါ လှေကားအတိုင်း ပြန်တတ်လာတယ်
မျက်နှာကြက် မရှိတော့ဘူး ။ ။
ခင်ဇော်မြင့်
သောင်းပြောင်းထွေလာ
**************************************
ကြယ်ပျံ
===============
ဘယ်ကိုပျောက်နေတာလဲဆို
မိုးပေါ်တက်ကပ်နေတာလို့ပဲပြောရဦးမယ် ။
ကမ္ဘာက
ငါ့ကိုမီးခလုတ်တစ်ခုလိုကြော်ငြာတယ် ။
ဒီလောကရဲ့ စိတ်ဒုက္ခများ
ဒီလောကရဲ့အနှစ်သာရများ
ရေသောက်မြစ်များ ။
မေ့နေတယ်
ငါလည်း
ငယ်ငယ်ကနံရံကိုခြေထောက်နဲ့ကန်
တစ်ပတ်ကျွမ်းပစ်ခဲ့တဲ့ဓားခုတ်ကောင်ပဲ ။
အခုတော့
တိမ်တောက်သလိုငါအမြင်မှန်ရခဲ့ ။
အဲဒါ
စက္ကူပင်ပေါ်ခဏတဖြုတ်တင်နေတဲ့
အရိပ်အယောင်တစ်ခုဆီကပါ...... ။ ။
ခင်ဇော်မြင့်
Feb 2000 ရုပ်ရှင်တေးက
*******************************************
ကျုံး
----------------------------
ကြာရွက်ကလေးတွေလှုပ်တုပ်လှုပ်တုပ်နဲ့ 
ရင်ထဲကိုကုက္ကိုရိပ်တွေေ၇ာက်မလာတော့ တာကလွဲပြီး
တစ်ချိန်ကလိုပဲ
မြို့ ရဲ့ ဗန်းစကားက
ပိန်းကြာရွက်ပေါ်ရေမတင်ဘူးဆိုတယ် ။
ပျံလွှားတို့ လောကအပေါ်ရှပ်တိုက်ပျံလွှားကြ
ရေကြက်တို့ လောကထဲ ထဲထဲဝင်ဝင်လေ့လာကြ
တစ်ခေတ်ကစစ်မက်ရေးရာတွေကိုပြည်ဖုံးကားချ
ပြည့် ဖုံးကားကိုလဲရွှေပိန်းချ
ဟင်္သာပြဒါးနီနီရဲရဲ
တစ်ချိန်ကလိုပဲ
ပစ္စင်နဲ့ ရင်တားနဲ့ မြို့ ရိုးနဲ့ 
ရနံ့ အသစ်ကြီး ။ ။
ခင်ဇော်မြင့် 
***********************************
မွေးနေ့သို့
================
အချိန်တိုင်း
မနက်ဖြန်ကို မတွေးတယ်
မခုတ်ဓားလို
ဓားအိမ်ထဲမှာပဲနေ
ငါ့အသက်ကို ဖွက်ထားတယ်။
မွန်းကျပ်မှုနဲ့ အဆုံးသတ်မလား။
နေ
နေစဉ်ခဏ
တရားကိုယ်နဲ့
သဘောင်္တစ်စင်း စုန်လာရင်
ရေကို ကျေးဇူးတင်ရမယ်။
**********************************************
အမည်မသိ (၃)
---------------------------
ကမ်းခြေမှာ
ခြေရာတစ်စုံဟာ လတ်လတ်ဆတ်ဆတ်။
ကိုယ်စိတ်နှလုံးသုံးပါးစလုံး
ညှိုးငယ်တဲ့နေ့ရက်များ
တရွေ့ရွေ့များ။
မနေ့ကထက်
ဒီနေ့ဟာ ပိုခက်လာ။
တမာပင်ထက်က ငှက်ကလေးရဲ့လေချွန်သံ
အသံရောရုပ်ရော ငါမြင်မိကြားမိသလို ရှိသား။
ကမ်းခြေမှာ
ခြေရာဟာ ပုပ်သိုးစပြုပြီ။ ။
***********************************
သလင်းဦးရဲ့ နှစ်များ
---------------------------
သလင်းဦးရဲ့ နှစ်များ
သလင်းဦးရဲ့ နှစ်များဟာ
အပြင်က သော့ပိတ်ထားတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်လား
အချစ်နဲ့ပက်သတ်တဲ့ စီးကရက်တစ်ပွဲ ရောက်မလာသေးတဲ့ကဖေးဆိုင်လား။
သလင်းဦးရဲ့ နှစ်များ
သလင်းဦးရဲ့ နှစ်များဟာ
သတိရနေတယ်ဆိုတဲ့ အမေ့သံလား
ယာဉ်သုံးတန်ကုန်သုံတန်နဲ့ အိမ်မပြန်လာနိုင်တော့တဲ့ သားလား။
သလင်းဦးရဲ့ နှစ်များ
သလင်းဦးရဲ့ နှစ်များဟာ
ရေအိုင်ထဲ ခုန်ဆင်းသွားတဲ့ ဖားကလေးတစ်ကောင်လား
ခွေးတောက်ပင်ပေါ် တက်ခွေနေတဲ့ မြွေတစ်ကောင်လား။
သလင်းဦးရဲ့ နှစ်များ
သလင်းဦးရဲ့ နှစ်များဟာ ကြာရွက်ပေါ်က ရေစက်များ
သလင်းဦးရဲ့ အတွေးများဟာ ဒီကျောက်ဂူမှာ ထွက်ပေါက်မရှိဘူး
သလင်းဦးရဲ့ နှစ်များမှာ မြစ်က အဲသလို စီးခဲ့တယ်။ ။
ခင်ဇော်မြင့်
*******************************************
မိုးနည်းရပ်ဝန်း (၂)
-----------------
မိုးတိမ်က
ကိုယ့်ကို ရယ်သွမ်းသွေးတယ်
တစ်ခုသော မွေးနေ့က
ကိုယ့်ဆံပင်ကို နမ်းတယ်
သတင်းအတိအကျ မသိရတဲ့ သတင်းက
ကိုယ့်နှလုံးသားကို အစိုအခြောက်မြှောက်တယ်။
နေမင်းကို သားရေကွင်းနဲ့ ပစ်တဲ့ကလေးလို
သူ့ကိုယ်စား
ဝမ်းနည်းကြောင်း သဝဏ်လွှာပါးပါမယ်။
ခင်ဇော်မြင့်
*********************************
အချစ်
============
.
စက္ကု အိတ်ထဲ လေအပြည့်မှုတ်
ဖောင်းကနဲ မြည်အောင် ရိုက်ချလိုက်တယ်
ဒါတောင်
သီချင်းတအေးအေးနဲ့ အသံက ထွက်လာသေး
အဲဒါ
ချယ်ရီပင်တစ်ပင်
ဒါမှမဟုတ်
အဓိပါယ်ဖော်ရသိပ်ခက်တဲ့ မျက်နာပေးကလေး
အိမ်မက်မှာ
ခက်ရင်းခွတစ်လက်စိုက်နေတယ်
အဲဒါ
ရေငုတ်သင်္ဘောတစ်စီး
ဒါမှမဟုတ်
ကမ္ဘာက အပြောကျယ်ပါတယ်။
ခင်ဇော်မြင့်
************************************************
ရေချိုးခြင်း
-----------------
ကိုယ်အနှစ်သက်ဆုံးစီးကရက်မှာ ညောင်ရွက်ပုံကလေး ပါတယ်
ပွဲတစ်ခုဟာ ဖဲကြိုးဖြတ်မှ အထမြောက်တယ်
၉၀-ခုနှစ်တုန်းက ဂျစ်ကားဘောနက်မှာ အဖြူရောင်မြွေလို့ ရေးခဲ့တယ်
ငယ်စဉ်က ထင်သလောက် မကဲ့ရဲ့ခဲ့ရတာ အခု နောင်တ ရ
အောက်မေ့ဖွယ်ရာကို အကျဉ်းရုံးတော့
နေဟာ ဦးခေါင်းပေါ် ရောက်လာ
ရေချိုးမယ်ဆိုရင် ဒီအချိန်ဟာ ရေချိုးလို့ အကောင်းဆုံးပါပဲ
မျက်နာကြက်က အသံတစ်သံ ခုန်ချလာ
ဘယ်လိုနည်းနဲ့ ရေချိုးရင် ကောင်းမလဲ
ကဗျာနဲ့ ရေချိုးခြင်းဟာ မှားလို့မရ သေနိုင်ရဲ့
မေ့ပစ်လိုက်တော့….
ကမ္ဘာကျော်ခဲ့သော ထုံးတမ်းစဉ်လာအချို့မှာ
ရေချိုးဖို့ဆိုတာ ရေရှိရာကို သွားရတယ်
အရိပ်ဟာ တုံ့နှေးလိပ်တစ်ကောင်လို အခန်းထဲက ထွက်လာ
သြော်……
နွေရာသီ..
ရေပိုက်ခေါင်းကို ဖွင့်တော့ ရေမလာသော်ငြား
ရေကန်ထဲမှာ ရေကျန်သေးတယ် ကဗျာတစ်ပုဒ်စာ.။ ။
ခင်ဇော်မြင့်
******************************************
သွေးအေးလေ့ကျင့်ခန်း
---------------------------
ချိန်းဆိုချက်တွေ လွဲတယ်
လွယ်မယ်ထင်တာတွေ ခက်ပြီး
ခက်မယ်ထင်တာတွေ မလွယ်ဘူး။
ငါ တစ်ယောက်တည်း ထိုင်တယ်
ငါ တစ်ယောက်တည်း ကဗျာရေးတယ်
အတွေးမှာ စံပယ်တွေ ဖွေးနေ ။
ညနေက
ငါ ပိုက်ကျော်ခြင်းခတ်တယ်
တည်လို့မရတာ ငါ ရအောင် တည်တယ်
အဲသလို
ပျော်လို့မရတာ ငါ ရအောင် ပျော်တယ်
ဘာခက်လဲ
လွယ်လွယ်လေးလို့ ငါ ထင်မ
အထင်နဲ့ အမြင်လည်း တခြားစီပဲ။
စိတ်ဆင်းရဲတော့ ကိုယ်လည်း ဆင်းရဲတယ်
နာရီကို ကြည့်လိုက်တော့
လေးနာရီ ထိုးပြီး ငါးနာရီထဲ
ဆိုလည်း
မိုးသောက်ပြီ ။
အဲသလို
ငါမှားပြီ ဆိုတာလည်း ငါအရင် သိပြီ
ကမ္ဘာကို ငါ မငြိုးဘူးဆိုတာလည်း
ငါ့နတ်တွေ သိပြီ ။
အိမ်အပြန်
ဖူးမြင်ရသော
စေတီဖြူဖြူ မီးစိမ်းစိမ်
အေးငြိမ်းခြင်း ။ ။
ခင်ဇော်မြင့်
*************************************
ဘိန်းစားနှင့်ကဗျာဆရာ
--------------------------
နေ့ရှိသ၍
အကြောတင်းလို့
နေ့ရှိသ၍
ယင်းထလို့။
ဒဏ်ရာပေါ် ဒဏ်ရာဆင့်
ငါတို့ အဆင့်တက်လာတယ်။
အသည်းမှာ အနာပေါက်နေတယ်
လက်ဖျံမှာ ကျီးပေါင်းတက်နေတယ်။
တစ်ခါတလေ
အောက်ကို အဆုံးထိ ခုန်ချရတာလည်း
အရသာရှိတယ်။
သေလည်း ပြီးတာပဲ
ပြီးလည်း သေတာပဲ
ချောက်ချောက်ချာား
သွားသောလမ်းက တူပါတယ်။
ခင်ဇော်မြင့်
******************************************
မျဉ်းဖြောင့်တစ်ခုရဲ့ ရနံ့
--------------------------------
အိပ်ပျော်သွားရင် နိဗ္ဗာန်
အိပ်မပျော်သေးရင် ငရဲ
ငါ့ဦးခေါင်းက ပူလောင်မှုကို မင်းရယ်မယ်။
အလကားနေ
ဘယ်သူမှ အဝေးကို ငေးနေမှာ မဟုတ်ဘူး။
ရုတ်တရက်
ငါ့အပေါ်က ဖြတ်သွားတဲ့ နွားပျံလို
အိမ်ပြန်ချင်ပေါ့..။ ။
ခင်ဇော်မြင့်
Feb 2000 ရုပ်ရှင်တေးကဗျာ
*****************************************
ကလောအလွန်
-------------------
မြေနီနီ
မိုးရွာလို့ ဖြူလေမလား ။
ရေထဲလေထဲ
ခိုက်ခိုက်တုန်လည်း
ရင်ထဲမီးနဲ့ 
ထင်းရူးပင်တွေကြံ့ ကြံ့ ခံနေ
ဒို့ ခေတ်ကိုရောက်ရမည်မှာမလွဲပါ
အောင်ပန်းက
လမ်းဟိုတစ်ကွေ့ မှာ..။ ။
ခင်ဇော်မြင့်
****************************************
အနှစ်မဲ့
-----------------
အ၀တ်နှစ်စုံလောက်နဲ့
ခန္ဒာကိုယ်ရဲ့နေ့တွေကို
ကြည့်ကောင်းအောင်လုပ်ထားရတယ်။
ခရုတစ်ကောင်ရဲ့သတ္တိမျိုးနဲ့
ပင်လယ်ကြီးကို ခေါ်ယူပြမယ်
ကောင်းကင်ဆန်ဆန်စကားလုံးများ
ကမ်းခြေအုန်းသီးပုပ်တွေအတိုင်း။
ဘောလုံးကွင်းသာသာ
ကျွန်တော့်ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာ
သေချာအောင်ရယူထားလိုက်ချင်တာက
စက်ဘီးအိုတစ်စီးရဲ့စည်းချက်သံရယ်
အင်္ဂါနေ့မနက်ခင်းများရယ်
နောက်ထပ်လိုချင်တာ ခပ်နည်းနည်းရယ်ပေါ့။
အခုတော့
အမှိုက်လိုမသေမသပ်
မလိုအပ်တာတွေ ပြည့်စုံလွန်းတဲ့ဘဝ
ရှည်ရှည်ကြာကြာဖြစ်တည်ခဲ့ရပုံက
တောင်တန်းများအတိုင်း ကျေနပ်ဖွယ်။
ခင်ဇော်မြင့်
( အနှစ်စိမ်းကဗျာစာအုပ်မှာ-သလင်းဦး အမည်ဖြင့်ရေးသားခဲ့ကဗျာ)
******************************************************
ပြန်တော့မယ်လို့  နှုတ်ဆက်မသွားတဲ့သီချင်း
-----------------------------------------------
ညဆို မြင်းတွေက ကဆုန်ပေါက်လို့ 
နေ့ ဆို ကုက္ကိုပွင့်တွေ မွှေးနေအောင် ကြွေလို့ ။
မိုးကြီးချူပ်သွားပြီ
ဒီလိုပါပဲ။
ကုက္ကိုရွက်တွေမှာလည်း
မွှေးပျံ့ သောရနံ့ နဲ့ ။
သွားချင်သူတွေ သွားလို့ 
လာချင်သူတွေလည်း လာလို့ 
ဒီလိုပါပဲ။
အမှတ်တရတွေဆိုတာလည်း
ဒီလိုပါပဲ။
သတိရတယ်ဆိုတာလည်း
ဒီလိုပါပဲ။
မဆုံးဘယ်ခါရှိတော့မယ်
ဒီလိုပါပဲ။
အသံကိုရွှေချထားလို့ မရတော့
အသံကိုစိန်စီထားလို့ မရတော့
ဒီသံသရာမှ
သူလည်း လွတ်ပါစေ
ကိုယ်လည်း ကျွတ်ပါစေ။
ခင်ဇော်မြင့်
**************************************
ကော်ဖီ
--------------
သကြားကလည်းပျော်
နို့ဆီကလည်းပျော်
ကော်ဖီက မပျော်ဘူး
ရင်ခုန်တယ်
ဇောချွေးပျံတယ်
မြွေနဂါးလိုလို
တိုးနယားလိုလို
နှလုံးသားထဲ လှည့်ပတ်လောင်မြိုက်နေသော
တောမီးလိုလို
ဒီဇာတ်လမ်းကို ရာသက်ပန် လွမ်းရတော့မယ်
သူ့နေရာ အစားထိုးဖို့မှ မလွယ်ပဲ ။
ခင်ဇော်မြင့်
**************************************
ဖျောက်ဆိတ်ကြယ်
-------------------------
ဇာတ်လမ်းကို အဆုံးသတ်ဖို့ထက်
ဇာတ်လမ်းကို စရတာ ခက်တယ်။
ဘာလို့များ
အငြိုးကြီးနေရတာလည်းမိုးရဲ့။
ဖန်ခွက်တစ်လုံးကတော့
အစိမ်းသေပြီ။
ဆုတ်ခွာရမယ့်လမ်းလည်း
ရေတဖွေးဖွေး။
ကြပ်ခိုးနဲ့ ကြက်မွှေးလို
တစ်ဦးအလစ်တစ်ဦး
ချောင်းနေရတဲ့ခေတ်ထဲ။
စိုသောလက်လည်းမခြောက်တော့။
အမှတ်တရပေါ့
ဒီကဗျာကိုရေးပါတယ်။ ။ ။
ခင်ဇော်မြင့်
*****************************************
ညနေ
------------
တစ်နေ့ခင်းလုံး
အကြောမျင်တွေ ကော့ပျံကြွလို့
အကာသဓာတ် ငုတ်ခဲ့ရတဲ့ညနေ။
ညှိလို့မရတဲ့ ရာသီဥတုတွေကြောင့်
သူ့ရင်အုံထဲက စံပယ်ရုံလေးနဲ့အတူ
လွမ်းဆွတ်နာကျနေရသူ။
ပိုမိုလို့
တောရနံ့တောင်ရနံ့များမွှေးပျံ့ဆဲ
ကျေးဌက်သံများဆူညံဆဲ
မနက်ဖြန်
ဒီနေရာမှာပဲရှိမယ်လို့
ဘယ်သစ်ပင်ကလှမ်းအော်လိုက်သလဲ။
ဒါလည်း
အမှန်တရားတစ်ခုထင်ပ
သက်တံ့ထက်ပိုင်းကျိုးကလေးဆီ
လင်းနို့တွေတစ်ဖြောင့်တည်းတဖျပ်ဖျပ်
ပျံထွက်ကျမှ
ကပျာကယာ
မတည့်မတ်တော့တဲ့ အရိပ်တစ်ခုကို
လှိုဏ်ဂူဝမှ
တိတ်တခိုး လှမ်းကြည့်မိပြန်တယ်။
ခင်ဇော်မြင့်
၁၀့ ၁၉၉၇
သောင်းပြောင်းထွေလာရယ်စရာ
(ပထမဆုံးဖော်ပြခံရသောကဗျာ။)
********************************************
မွေးနေ့
----------
ဘုရားသွားမယ်
ရွှေသင်္ကန်းကပ်မယ် စံပယ်ပန်းကပ်မယ်
အင်္ဂါထောင့်မှာ ရေသပ္ပာယ်မယ်
မီးပူဇော်မယ်
ခေါင်းလောင်းထိုးမယ်
ခိုကလေးတွေ ငါးကလေးတွေ
လိပ်ကလေးတွေ အစာကျွေးမယ်
အိမ်ရောက်ရင်
ရွှေဝါပြည်ကော်ဖီ မတ်ခွက်ကြီး
အပြည့်ဖျော်
အမေနဲ့ တူတူ သောက်မယ် ။
လောလောဆယ်
အမေ့ကို သတိရ
ပင်ပန်းကြီးလှတယ် ။ ။
။ ။ ခင်ဇော်မြင့် ။ ။
*********************************************
ရှုမျှော်ခင်းအရှင် ( ၂ )
---------------------------
အခုတော့
အားလုံးကောင်းနေပြီ
ခဏနေ
ဘာဖြစ်လာမယ်
ကိုယ်လဲမသိ
ကိုယ့်သူငယ်ချင်းလဲမသိ။
ကံဆိုတာလူကလုပ်တယ်
ဘာလို့ကံကိုလူကကြိုမသိရတာလဲ
နေ့တစ်နေ့ရဲ့ကောင်းမွေဆိုးမွေကို
ကိုယ်တို့လက်သင့်ခံရ ။
လမ်းကလမ်းအတိုင်းနေတယ်
ပျော်သူတို့ကလမ်းပေါ်စုန်ဆန်တယ်။
အခုတော့
ကိုယ်လည်းမူး
ကိုယ့်သူငယ်ချင်းလည်းမူး ။
လရောင်ခြည်က
လူ့စိတ်ကိုဖြားယောင်းသတဲ့
သူငယ်ချင်းက
ကိုယ့်ကို
မြို့နဲ့ပေးမတွေ့ဘူး ။ ။
ခင်ဇော်မြင့်
သည်းထိတ်ရင်ဖိုမဂ္ဂဇင်း
နိုဝင်ဘာ.၂၀၀၄
****************************************
မိုးနည်းရပ်ဝန်း
------------------
ရေကြည်ရာ
တိမ်တွေတဒီးဒီးနဲ့ခုတ်မောင်းသွားကြ ။
သည်းသည်းမည်းမည်းမိုးနဲ့
ရင်စေ့လေကိုပြန်ခေါ်ဖို့
စိန်ပန်းပင်ပေါ်က
`ဒီကနေ့´တောက်တဲ့တစ်ကောင်ပြုတ်ကျလာတယ် ။
အဆင်မပြေနေ့ရှိသ၍ကြားနေကျအသံအတိုင်း ။ ။
ခင်ဇော်မြင့်
ရုပ်ရှင်တေးကဗျာ
၁၉၉၇.ဇူလိုင်
*************************
ရေတံခွန်
-------------------
စိမ်းစိမ်းပင်ကြား ကြွေသစ်ရွက်
မြေသား ချုံကြား ကြေကွဲအက်
တစ်ကိုယ်ရေ
တောကြားတောင်ကြား အလွမ်းဇာတ်။ ။
ခင်ဇော်မြင့်
**************************
အချစ်
----------------------
အချစ်ဆိုတာ
တာရိုးအောက်က တီးတိုးသံ
သံသာလေကမ်းတိုင်
တိုင်တစ်လုံးတစ်မတ်
မတ်တပ်ရပ်လို့လမ်းမှာငို
ငိုရယ်ငိုရယ် ဆန်တစ်ပြည်
ပြည်မှသရေခေတ္တရာ
ရာပန်းဆီစစ်စစ်
စစ်နဲ့ငြိမ်းချမ်းရေး။ ။
**********************************
ဇီဝဇိုး
-----------------
နေ့ရှိသ၍
ပျံပြီးရင်းပျံ
အန်ပြီးရင်းအန်။
ပေးဆပ်သူတို့နှလုံးသား
ရင်မှာဖြစ်သောမေတ္တာပန်း
သွေးနှင့်သစ္စာဆိုပါတယ်။
*********************************************
ဥမင်လှိုင်ခေါင်း
--------------
တစ်နေ့တစ်နေ့
ဒီလိုနေရတာမပျင်းဘူးလား
အရိပ်ကိုညှစ်ချလိုက်ရင်ကျလာမယ်
အဝေးကိုမပြေးနိုင်တဲ့အသံက
နံရံမှာ
ချောင်းတွေမြောင်းတွေဘီလူးတွေ
တရိပ်ရိပ်
အသက်ရှူရတာမောတဲ့နေ့ရက်များ
ခင်ဗျားလည်း
အတောင်ကျိုးပြီးပါပြီလား
မြုံနေသောအလင်းများ
ပြန်လည်ပွင့်ပါစေသား
ခင်ဇော်မြင့်
*****************************
ဂီတနေစက်ဝန်း
-------------------------------
ကော်ဖီတစ်ခွက်နဲ့စီးကရက်တစ်လိပ်လောက်ရမလား
လမ်းထက်ငွေငန်းယာဉ်ကလေးဖြတ်သွားတော့
စိတ်လည်ပုံ အချို့ရေသဖန်းပင်အောက်မှာဖုတ်ပူမီးတိုက်
လွမ်းရမယ်
လွမ်းလိုက်ရင်
အဆွေးဆွေးနဲ့ အမြည့်မြည့်တွေချည် ...
မြစ်ရေကြီးခြင်းကိုအပူမရှပ်နိုင်စေတဲ့
ရေချိုးဆိပ်ကအစ
ချစ်တာပဓာနအသစ်စက်စက်အထိ
ဇာတ်လမ်းတစ်ခုတစ်လေလောက်ပြောပြမလား
ယောက်ျားဘသားကြီးခမျာငိုဦးတော့မယ်
ဖြစ်ရမယ်
ဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်းတွေချည် ...
ဒါလဲ
အရေးပေါ်ကိစ္စတစ်ခုတလေမဟုတ်ခဲ့ပါဘူး ။ ။
ခင်ဇော်မြင့်
ရနံ့သစ်
********************************
မြင်းတစ်ကောင်
------------------------------------
မြက်ခြောက်တွေမလိုချင်ဘူး
ကောက်ရိုးတွေမလိုချင်ဘူး ။
သူ
တွေးလို့ မှမဆုံးခင်
လေထဲကကျာပွတ်ရမ်းသံကြားမိ
ဒီမှာနေရတာအရသာမရှိပါဘူး ။ ။
ခင်ဇော်မြင့် 
***************************************************
ငရဲကောင်တွေရဲ့ ဥယျာဉ်
-------------------------------
မျက်စိတမှိတ်မရှိ လျပ်တပြတ်မရှိ
မျက်စိမွဲသူထိုင်ဖို့ သစ်ရိပ်မရှိ ငြိမ်သက်ခြင်းမရှိ
သစ်သီးတစ်လုံးမှမရှိ ပျော်ရွှင်ခြင်းမရှိပန်းတစ်ပွင့် မှမရှိ
နေရောင်လရောင်မရှိ ကြယ်ရောင်ဂြိုလ်ရောင်မရှိ
အချစ်နဲ့ ပတ်သက်လို့ စိတ်ကူးယဉ်စရာမရှိ စီးကရက်မရှိ
ရေလွှာလျှောစီးမရှိ ကစားကွင်းမရှိ မျှော်စင်မရှိ
မွေးနေ့ မရှိ ကိတ်မုန့် မရှိ ကိတ်မုန့် ကိုလှီးမယ့် ဓားသေးသေးတစ်လက်မရှိ
ဆေးစစ်ချက်အောင်သောစက်ဘီးတစ်စီးဌားရန်မရှိ အဝေးပြေးလမ်းမမရှိ
ဆားမပါတဲ့ ဒုက္ခတရားမရှိ နံနက်ခင်းလက်ဖက်ရည်တစ်ခွက်မရှိ
ဖြစ်လေရာဘဝ
ငရဲကျရစေ..ကျိန်စာမရှိ ။ ။
ခင်ဇော်မြင့် 
ချယ်ရီ
**********************************************
တစ်ကိုယ်ရေအသံ
- ----------------------
ဒီအကြောင်း
နောက်လေးနှစ်ထိ ပြောပြီးမယ်မထင်ဘူး
တကယ်လည်း
ကမ္ဘာ့ဖလား
ကျွန်တော် ခင်ဗျား ဘယ်သူရခဲ့ပါသလဲ။
ရေးကြီးသုတ်ပြာ မဖြစ်သင့်ဘူးလို့ထင်တာပဲ
ရာသီဥတုနှင့် တောရီုင်းတိရိစ္ဆာန်များ
မြက်ခင်းများနှင့် မိုးတိမ်ဖြစ်ပေါ်ပုံအကျဉ်း
ခင်ဗျားရဲ့လိုအင်ဆန္ဒ
ကျွန်တော်ရဲ့လိုအင်ဆန္ဒ
တစ်ခဏ
လက်ကိုင်ပုဝါချွေးသုတ်ရုံနဲ့ ပြီးမလား
ခန္ဓာကိုယ်ကြီးက ယပ်တောင်ကို တဖျပ်ဖျပ်
ယပ်တောင်ကိုပဲ တလှပ်လှပ်အေးစေတဲ့ အဖြစ်မျိုး
ဒုက္ခနဲ့ ပခုံးရီုးကျယ်ကျယ်ရှီရင်
အင်္ကျီကောင်းကောင်းတစ်ထည်လောက
ချုပ်ဝတ် လို့
ပြတင်းပေါက် ထဖွင့်ကြည့်ဖို့ မလိုတော့ဘူး
အပြင်မှာ လေသိပ်ငြိမ်လွန်းတယ်
သစ်ရွက်ကလေးတောင် မလှုပ်ဘူး ။ ။
ခင်ဇော်မြင့်
*************************************
သတိရခြင်း
----------------------
သတိရခြင်းကို ခလုတ်ဖွင့်တော့
မလင်းဘူး
တစ်နေ့လုံး
ဆာလောင်သူ ကျားလိုဟိန်းရ
အပူလောင်သူ မိုးလို ခြိမ်းရ
လိုချင်တာကို ၇အောင်ယူဖို့
ပေးချင်တာကို ရအောင်ပေးဖို့
ကိုယ့်စိတ်ကို နားနှစ်ဖက်ပိတ်လိုက်တယ်
ကိုယ့်ခန္ဒာကိုယ် အစွယ်ချိုးလိုက်တယ်
နေရောင်က
ကျောက်ဖျာတစ်ချပ်ပေါ်မှာ မရှိတော့
တစ်လမ်းမောင်း သစ်ရွက်ကြွေသံတို့အတွက်
အမြောက်တစ်ချက် ပစ်လိုက်တယ်။
မိုးတိမ်ကို ပြောင်းပြန်လှန်လို့မှ မရဘဲ
အသိနောက်ကျတယ်
အိမ်ပြန်စောတယ်။
ခင်ဇော်မြင့်
**********************************
အရာရာများ
-------------------------
အချစ်က
ရွှေတစ်ရစ်ငွေတစ်ရစ်နဲ့ ထွန်ရေးငင်နေတဲ့အချစ်။
ခေတ်က
ကျောပိုးအိတ်ကိုလွယ်ပိုးပြနေတဲ့ခေတ်။
တယ်လီဖုန်းက
အဝေးပြော မလွယ်ဘူး
သစ်ပင်တစ်ပင်ရဲ့ရာဇ၀င်အကြေင်း သိကောင်းစရာ
မြေညှိစက်သို့ မပြောဖြစ်ခဲ့တာပေါ့။
ခင်ဇော်မြင့်
*****************************************************
နှစ်ယောက်စဉ်းစားဖြစ်တဲ့နေ့
-------------------------------
ကိုယ်က
ရှဉ့်တက်လို့မရတဲ့ ရှဉ့်မတက်ပင်ကိုမှ
တက်ချင်တဲ့ရှဉ့်တစ်ကောင်
သူလည်း
ထို့အတူတူ။
ဘာမှမပြောခြင်းသည် အချစ်ဖြစ်တယ်။
အချစ်ဆိုတာ
ဘယ်ဆီနေမှန်းမသိ
ဘယ်ကိုပျံမှန်းမသိတဲ့မိုးစွေငှက်။
မိုးစွေငှက်ဆိုတာ
သစ်တော
သစ်တောထဲမှာ ရှဉ့်နှစ်ကောင်။
မြေကြီး
မြေကြီးပေါ် လမ်းလျှောက်ဆဲ။
တစ်နေ့လုံး
စီးကရက်လိုခဲနေတာ
ကိုယ်တို့ဦးခေါင်းနှစ်လုံးပေါ့။
ခင်ဇော်မြင့်
********************************************************
မသိလို့ မေးနေရတာတွေ
-------------------------------
ခင်ဇော်မြင့်
အဲသလို
စုန်းစုန်းမြုပ်သွားလို့ မြုပ်လား။
အဲသလို
ကိုယ်လွတ်ရုန်းသွားလို့ လွတ်လား။
အဲသလို
ခြေရာဖျောက်သွားလို့ ပျောက်လား။
စကားမစပ်
ရေကမ္ဘာမှာ နေသာပါရဲ့လား။
အဲဒီမှာ
ငါးကြီးဧရာကော မတွေ့မိဘူးလား။ ။
***************************************************
ဇာတ်လမ်းတို
---------------------------
ဘာမှ အထူးအထွေမရှိဘူး
သူ့မျက်ဝန်းလေး သတိရမိရုံနဲ့
ကောင်းကင်ယံက ညို့တက်လာသော မိုးသားများကိုကြည့်ကာ
တစ်ပါးသူရေးဖွဲ့ခဲ့တဲ့ စာသားလေးလို
ပြိုမှာလေလားလို့
ပိုက်ထားတဲ့လက်ကလေးကို နေရာပြောင်းမိ
ဒီကိစ္စဟာ တအားနူးညံ့တယ်။ ။
(မြှားနတ်မောင် – ဇန်နဝါရီ၊ ၂၀၀၀။)
************************************************
လေသလပ်နေ့များ
---------------------------
စနေနေ့ကို နှီးချောဖျာအောက် ပြန်ထိုးသွင်းရကောင်းမလား
ခေါင်ရမ်းပင်လို အဓိပ္ပာယ်မရှိဘူးလို့ ကိုယ့်ကိုယ်ကိုထင်တယ်
လွင့်ကျလာတဲ့ ရုပ်ရှင်ကြော်ငြာလို အထီးကျန်ဆန်တယ်
ကိုယ့်စိတ်ကူးတွေ တွင်းမဖော်နိုင်သေးတော့
ကြေကွဲစိတ်မှာ မျက်ရည်ခမျာ မြေကိုတွင်းဖော်လို့။
လေသလပ်မှုများဆိုရင်
တိမ်တွေ တစ်မြို့လုံးထွန်းလိမ့်မယ်
တစ်ကိုယ်လုံး ကိုက်ခဲနေရော့
စံပယ်ပန်းတွေလိုပဲ
သူ့နှလုံးသားက ဖုန်းခေါ်ရခက်တယ်
ခေါင်းစဉ်တိုင်း အပေးမှားနေတဲ့ ကဗျာဆရာ
ဒီနေ့ သူရောက်မလာတော့ပါဘူး … ။
ခင်ဇော်မြင့်
***********************************
အချစ်
-------------------
ခင်ဇော်မြင့်
အချစ်ဆိုတာ
တာရိုးအောက်က တီးတိုးသံ
သံသာလေကမ်းတိုင်
တိုင်တစ်လုံးတစ်မတ်
မတ်တပ်ရပ်လို့လမ်းမှာငို
ငိုရယ်ငိုရယ် ဆန်တစ်ပြည်
ပြည်မှသရေခေတ္တရာ
ရာပန်းဆီစစ်စစ်
စစ်နဲ့ငြိမ်းချမ်းရေး။ ။
********************************************
ဒေလီယာ
-------------------------
ရိုးတံထဲမှာ
ဝတ်မှုန်များစွာ
ရိုးတံထဲမှာ
နောက်ထပ်ရိုးတံများစွာ
သက်တန့်ကကြည့်တော့လှတယ်
ခဏတစ်ဖြုတ်သာ။…
*******************************************
ပွဲတော်
-----------------
ရေခြောက်ခြောက်
တစ်ယောက်တည်း
အခုလိုပျင်းရိနေရတာကိုက တစ်မျိုးအရသာရှိ။
ပျော်ရွှင်မှုဆိုတာထိုက်မှရတယ်
ဒီလိုမှန်းသိသူ့အိမ်ရှေ့ သွားထိုင်မိမယ်
တနင်္လာနေ့ကစခဲ့သောဇာတ်
တနင်္လာနေ့မှာဆုံးခန်းတိုင်ခဲ့။
တစ်နှစ်တစ်ခါ ရောက်လာစမြဲဟာ
ပ၀ါကိုဦးခေါင်းမှာ စည်းထားတယ်။
ညီမလေးက
နှုတ်ခမ်းကိုခရမ်းရောင် ဆိုးထားတယ်။
မြင်ပေမယ့်
လေထဲမှာကိုယ့်အသံ မရှိဘူး။. ။
ခင်ဇော်မြင့်
မြားနတ်မောင်၊ဧပြီ ၂၀၀၀
*********************************************
ပလိန်းကိတ်ရဲ့ အရသာ
-------------------------
ကိုယ်နှင့်ဝေးသောနေရောင်ခြည်ကို
ပူတယ်အေးတယ်မပြောလိုတော့..။
ကိုယ့်နှလုံးသားက
ကမ္ဘာနှင့်အမျှပွင့်သောပန်းရနံ့ တို့ စွဲတယ်
ဘယ်လောက်တန်ဖိုးရှိမလဲ ။
ဒီနေ့ တနင်္ဂံနွေ
ရေနွေးအိုးတစ်လုံးတည်မယ်
ကဗျာတစ်ပုဒ်တွေးမယ်
ထမင်းလည်းတစ်ခါပဲစားမယ်
ဒီထက်ချွေတာလို့ လည်းမရ
ဒီထက်အကျယ်ချဲ့ လို့ လည်းမရ ။
အလုပ်မရှိအလုပ်ရှာ
ကိုယ့်သိမ်ငယ်မှု
ကိုယ်ကြုံရသောမျက်လုံးများနဲ့ 
ကိုယ့်ဘ၀ဇာတ် ။
ရေချိုးခါနီး
ကိုယ့်တစ်ကိုယ်လုံးကိုယ်အနုစိတ်ပြန်ကြည့်
ဘာဆေးမင်ကြောင်မှမရှိ ။ ။
ခင်ဇော်မြင့်
မြားနတ်မောင်
ဧပြီ.၂၀၀၃
*************************************************
ရေပွက်ကဗျာ
-------------------
မနေ့တစ်နေ့ကလိုပဲနော်
အခုတော့
ပင်စည်က ကွာကျလာတဲ့ခူကောင်ရဲ့ ပူလောင်မှုကိုစာနာဖို့
အရာရာဟာနှောင်းခဲ့လေပြီ။
အခုတော့
တစ်ဘ၀လုံးကဗျာမီးနဲ့ ငိုလို့မပြီးတဲ့ ရဲယိုသီးလေးတွေအတွက်ဖြစ်ပြီပေါ့။
အခုတော့
လေဟာနယ်ထဲ အမြဲကိုယ်ဖော့နေရတဲ့ ဂြိုလ်တုလေးအတွက်ဖြစ်ပြီပေါ့။
အခုတော့
စုံဂဏန်းကိုစုံဂဏန်းနဲ့စားတော့
ပြတ်ပေါ့။
ပျဉ်းမပင်မှာတွယ်နေတဲ့ ခြလည်း
ပျဉ်းမပင်မရှိတော့
သေပေါ့။
အသံတိတ်ဘ၀ဟူသည်
ဆုံးပါးခြင်း
တော်သလင်းနေ ပုစွန်သေသလို
သေပေါ့
သေခဲ့သော အိပ်မက်ကို
တစ်ယောက်တစ်မျိုးပြောပေါ့။
အမည်မသိ
မြေကဗျာ
နေ့စဉ်နဲ့အမျှ သံဝေဂ
သတိရခြင်းအကြွင်း
ငါလျှောက်ရမယ့်လမ်းများ
ငါနင်းရမယ့်ကြမ်းများ
ကွေးသောလက်မဆန့်ခင်
ကိုယ့်အရွယ်နဲ့ကိုယ်သိခဲ့သမျှ ကြယ်တို့ထဲကကြယ်
ကြွေပေါ့။
တကယ်
ဥသြဆွဲသွားတဲ့ မီးသတ်ကားရဲ့လိပ်စာကိုမသိဘူး။
ပွဲစားလေး မောင်ဘတင့်ကို မသိဘူး။
လောကထဲ နေ့စဉ်ခဏ
မသိခြင်းတွေများလှ။
နောက်ထပ်နောက်များစွာ။
မမေ့နဲ့နော်
တောက်တဲ့ကအရေထူတယ်
ခွေးကပူတယ်
ပြန်စရာရှိလို့ ပျံသွားတဲ့ငှက်ကို
မင်းဘယ်လို တားမြစ်မလဲ
ယာကွတ်။
ခင်ဇော်မြင့်
ဒီဇင်ဘာ၊ ၂၀၀၆၊ ဧကရာဇ်မဂ္ဂဇင်း
************************************************
အရက်သမားကဗျာ
-----------------------
တစ်ရက်ပြီး တစ်ရက်
တစ်ခွက်ပြီး တစ်ခွက်
ငါတို့ ချစ်မေတ္တာ
ငါတို့ ရေပွက်ပမာ။
ငါတို့ လုံ့လများ
ငါတို့ ဝီရိယများ
ငါတို့ သမယများ
ပြီးသွားခဲ့ပါပြီ
မနက်ခင်းဆို
ငါတို့အားလုံး
နဒီမင်္ဂလာ ။ ။
ခင်ဇော်မြင့်
*****************************************************
နှောင်းမိုး
----------------------
နာနတ်သီးပုပ်
သစ္စပန်းအနွမ်းအကြေနဲ့။
လမ်းပေါ်မှာ ခြေရာတွေ အတိုင်းသား ။
မျှော်လင့်ချက်တွေ သောင်ထွန်းနေဆဲမို့
ဇာတ်လမ်းပမာဟာ
ဒူးခေါင်းနှစ်လုံးအကြား ဦးခေါင်းဝှက်ထားတယ်။
လိပ်ပြာကလေးက မီးနီမိနေတယ်။
သြော်..
သစ်ရွက်ကြွေတွေကိုတောင် လွယ်လွယ်မေ့ပစ်လိုက်နိုင်တဲ့ခေတ်ထဲ
နှောင်းမိုးတွေရေ
အငွေ့တထောင်းထောင်းနဲ့
သဲလွန်စမကျန်အောင် ရွာပါတော့…။
ခင်ဇော်မြင့်
***************************************************
ဆောင်း
------------------
မသိနားမလည်သူကလေးလို
နံရံကို တွန်းဖွင့်ဝင် နံရံကိုပြန်တွေ့လို့
ဝင်္ကပါ။
ဆိုပါစို့
ထူးဆန်းထွေလာ တခုပေါ်အမှီပြု့
ချစ်မေတ္တာဟာ အခု
ထီးတလက်နဲ့ဆိုက်ရောက်လာမယ်လား ။
ဒီထက်ကွေ့ကောက်ဖို့လည်းမဖြစ်နိုက်တော့
လသာသည်ဖြစ်စေ လမသာသည်ဖြစ်စေ
ဘဝကိုလည်း အဲဒီအတိုင်း ခံယူကာ
ကိုယ့်အနေအထားနဲ့ကိုယ်နေခဲ့
ဂေါ်သဇင်ပန်းလေးတွေပွင့်တော့မယ်လား
ကျွန်တော်မှားရင်လည်းခွင့်လွှတ်ဖို့
တဦးတယောက်ပြောပြပါလိမ့်မယ် အချစ်ရယ်။
ခင်ဇော်မြင့်
**********************************************
ဧကရာဇ်ပင်
-----------------------
ကိုယ့်ခြေရင်းမှာ
မြစ်မင်းငါးရာရှိတယ်။
လမင်းက စိမ်းတယ်
နေမင်းက ပြာတယ်။
တိမ်လိုလွင့်တဲ့နေ့ နဲ့ 
တောင်လို ငြိမ်သက်ရတဲ့နေ့ ဟာ
မြစ်တစ်မြစ်ရဲ့  အမြင့်ချင်းမတူတဲ့ချောက်ကမ်းပါး
ဒိုင်ယာရီက
သမိုင်းကိုဆွေးမြည့်စေသလား
ကိုယ့်ရနံ့ က
ကိုယ့်အတွေးကို မှိုနံ့ စွဲစေသလား။
ပန်းတွေကြွေလိုက်ပွင့်လိုက် ကြွေလိုက်
အရောင်တွေသေလိုက်ရှင်လိုက် သေလိုက်
ကိုယ်ကရွေ့ တယ်
ခေတ်ကရွေ့ တယ်
ပျော်စရာကောင်းတဲ့ ကမ္ဘာမြေပါ
ကိုယ်က မျက်မှန်နဲ့ မလိုက်ဘူး။
ခင်ဇော်မြင့်
Fashion Image - စက်တင်ဘာ၊ ၂၀၀၃
**************************************************
နောက်ဆုံး နောက်ဆုံး
==============
ဒဂုန်တာရာ
ခင်ဝမ်း
မောင်ချောနွယ်
ကိုသော်
Sမွန်း
ငြိမ်းချမ်း
ညိုလေး
မျိုးလေး
မှော်အောင် ။
ခင်ဇော်မြင့်
*****************************************
ဘဝတစ်ခု
--------------------
ဘယ်သူမဆို
ဘ၀တစ်ခုပဲ။
ဒါကိုသိမှတော့
ဘာကိုမှုရမလဲ။
ထီထိုးဖို့စိတ်ကူးခဲ့
ခဏခဏမေ့ခဲ့
ဘောလုံးပွဲကြည့်ဖို့သက်သက်ပဲ
ဂျာနယ်ဖတ်ဖို့သက်သက်ပဲ
အရက်သောက်ဖို့သက်သက်ပဲ
ငါလူဖြစ်လာခဲ့သလား
မေးခွန်းဟာ ခြောက်ကပ်ကပ်။
ငါ ရစရာအညှီများ
ငါ ပေးရမယ့် အတည်ပေါက်များ
အေး... မင်းလစ်တော့
ဒီစကားဟာ ဟာသပဲ
ဒီနှစ်ထဲ။
နိစ္စဓူဝ
ဒါကိုပဲ
ထပ်ကာတလဲလဲ စဉ်းစားရ။
သလင်းဦးရဲ့နှစ်များ
လာလမ်းဖြောင့်ခဲ့ပါသလား။
ခင်ဇော်မြင့်
၂၀၀၉၊ မေလ၊ ရုပ်ရှင်တေးကဗျာ
**********************************************************
ဥပုသ်နေ့နှင့်ထပ်တူကျတဲ့ တနင်္ဂနွေ
-----------------------------------------
မိုးသောက်ယံကအစ
ကိုယ့်စိတ်မှာတည်နေသော ၀န်ထုပ်ဝန်ပိုးများ
မျက်လုံးတစ်စုံကို မျက်လုံးတစ်စုံက အဓိပ္ပာယ်ရှင်းပြနေသော ခေတ်လို
အကျပ်အတည်းများ။
ရှက်တတ်ရင်
ခုနက ပြုတ်ကျလာတဲ့ အိမ်မြှောင်လည်း နမူနာယူစရာ။
တနင်္ဂနွေဟာ
နေကို ကိုယ်စားပြုပါတယ်။
ဥပုသ်နေ့ဟာ
ခြောက်သွေ့ပါတယ်။
ကျွန်တော်တို့
တစ်ယောက်ပခုံးတစ်ယောက်ဖက်
ကြော်ငြာများကို ငေးကြပါစို့။ ။
ခင်ဇော်မြင့်
လှိုင်းသစ်၊၂၀၀၉၊ဇွန်လ
****************************************************
စစ်ကိုင်း
----------------------
နာရီက
ပန်ကာလို လိုက်လည်လို့ရလား
ပန်းခြောက်တွေက
တစ်သက်လုံး အတည်ပေါက်ပဲ
သူလည်းသွား
ကိုယ်လည်းသွား
မင်းဝံတောင်တန်း
ဘာမှမဟုတ်တဲ့ စာသားကို ရေးမိပြန်တယ်
ခင်ဇော်မြင့်
******************************************
ရိပ်ခနဲတွေ
----------------------
လက်တွေလည်း တုန်နေပြီ
ရိပ်ခနဲတွေ ။
ဆံပင်တွေလည်း ဖြူနေပြီ
ရိပ်ခနဲတွေ ။
မျက်တွင်းတွေလည်း ချိုင့်နေပြီ
ရိပ်ခနဲတွေ ။
နားထင်တွေလည်း ချိုင့်နေပြီ
ရိပ်ခနဲတွေ ။
အောက်မျက်ခုံးလှုပ်တယ်
ညာလက်မောင်းလှုပ်တယ်
အိမ်ကနေ ဘယ်မှ မခွာတော့ဘူး
ရိပ်ခနဲတွေ ။
သစ်ပင်လိုနေချင်တယ်
သစ်ရွက်လို မကြွေချင်လို့ရလား
ရိပ်ခနဲတွေ ။
ခင်ဇော်မြင့်
ပိတောက်ပွင့်သစ် အမှတ်(၅၃) ။ ၂၀၁၃
*****************************************************
သစ်တောက်ငှက်
-------------------------------
အသံထက်မြန်တဲ့ ရထား
ခဏပြတင်းပေါက်ဖွင့်ကြည့်လို့ရမလား
လင်းလွန်းအားကြီးတဲ့ ဘဝများ
မှောင်လွန်အားကြီးတဲ့ ဘဝများ
ရေကို မျှော်မြင်သော်လည်း မရ
မြေကို မျှော်မြင်သော်လည် မရ
မြင်မြင်သမျှတို့ လျှပ်တစ်ပြက်
ကံကြမ္မာကို ရွှေလိုကျင်သူရဲ့ မသေချာခြင်းများ
အခြားသော အရာများ
အရိပ်က
သစ်ပင်ကို ထိုးဆိတ်စမြဲ
ဘာမှ မရရင်လဲ
ဖြစ်သမျှလဲ ။
ခင်ဇော်မြင့်
**********************************************
လိပ်ပြာခေါ်သူ
---------------------
နေ့စေ့သွားသော်ငြား
အံကြိတ်ထားသော်ငြား
ခြေကြိုးလက်ကြိုးတွေ ချည်ထားသော်ငြား
ပြီးသွားခဲ့ပါပြီ
ဒီလိုသေပုံသေနည်းတွေ
ဒီလိုကဗျာအချိုးမျိုးတွေ
ရိုးနေပါပြီဆိုရင်လည်း
ပြီးသွားခဲ့ပါပြီ
ထင်းရှူးဆီဆိုတာ
ထင်းရှူးပင်ကထွက်တာ
အင်ကြင်းကျောက်ဆိုတာ
အင်ကြင်းပင်ကထွက်တာ
လမ်းက အများကြီးရှိတာမို့
နောက်ကျသွားရင်ခွင့်လွှတ်ပါ
ငါမှ စကားပြောလို့မရပဲ။
ခင်ဇော်မြင့်
*************************************************
ညချမ်းချိန်ခါ
---------------
နည်းများနည်းနေမလားလို့
နောက်တစ်ပုဒ်ဆက်တင်လိုက်ပါတယ်
ချစ်စွာဖြင့်
ခင်ဇော်မြင့်
***************************************************
ခနောကဗျာ
-----------------
ဆားနည်းနည်း
သကြားနည်းနည်း
ဒီကဗျာက သဘာဝကြက်သားစစ်စစ်နဲ့
ထုပ်လုပ်ထားပါတယိ
လူမျိုးဘာသာမရွှေး
ဖတ်ရှု့လို့ရပါပြီ
ခင်ဇော်မြင့်
**************************************************************
ဒီကဗျာတွေက
------------------
ဒီကဗျာတွေက
တောင်ကြီးကိုရွေ့ရွေ့
အောင်ပန်းကို ရွေ့ရွေ့
ဒီကဗျာတွေက
လက်ပံတန်းမှာ
ပထမဆုံးကျန်ခဲ့တဲ့ ဖိနပ်တစ်ရံပါ
ဒီကဗျာတွေက
မုန်းဖို့နေနေသာသာ
ချစ်တာတောင်
ပျိ့ပျို့တက်လာတဲ့ကဗျာတွေပါ ။
ခင်ဇော်မြင့်
--------------------------------------
၉၉/ မေ ကလျာ
*********************************************************************
ဒိုင်ယာရီ
-----------------------------
ကြောက်ကြောက်ရွံရွံ
ပန်းခြောက်တစ်ခက်ကို ကိုင်ထားတယ်။
ဝဿန်
လွန်ကြိုးလည်း ဖားဥစွဲလို့
ခရာလည်း ကျီးပေါင်းတက်လို့။
အသစ်အဆန်များ
အဟောင်းအမြင်းများ
လူလိမ္မာတွေကြား
လူမိုက်ဟာ သိမ်ငယ်ရ။
ပျော်ချင်သူအတွက်
ပျော်ရွှင်မှုဟာ ဇာတ်လမ်းပမာ ။
ဘယ်လိုအရိပ်အရောင်ကိုမှ မတွေ့မမြင်ရအောင်
ကောင်းကင်
လွမ်းအားပိုတယ်။
မဖြစ်နိုင်ခြင်းကို ချွန်တဲ့လမ်း
ရွှေပြည်လမ်း ။ ။
ခင်ဇော်မြင့်
**************************************
ပင်အို
--------------
လိုက်ကာဖွင့်ကြည့်တော့လည်း
ပိုပူသလိုထင်ရ ။
မီး၏သဘော
ရေ၏သဘော
ကိုယ့်ကိုယ်ကိုယ် မအေးခဲအောင်တင်းလို့
ကိုယ့်ကိုယ်ကိုယ် အရည်မပျော်အောင်တင်းလို့ ။
ဒီလိုနေရင် ဒီလိုနေရမယ်
ဒီလိုမနေရင် ဒီလိုမနေရဘူး
ဘာလို့မှောင်မှောင်
ဘာလို့ ဒီအမှောင်ကို ဖွဲ့နေဦးမလဲ ။
ခင်ဇော်မြင့်
********************************************************
အိမ်ကို ပြန်မအိပ်တဲ့ညက(၂)
=============
ကျွန်တော် မျှော်မြင်လည်း
ပန်းပင်က ပန်းမပွင့်တော့ ။
ကျွန်တော် တေနာထားလည်း
ကျွန်တော်ခန္ဓာ ကျီးမဆိတ်တော့ ။
ကျွန်တော့်အိပ်မက် ကျွန်တော်
ကန့်လန့်ကာခြားလိုက်တယ်။
ကျွန်တော်မပျော်ရွှင်လည်း
ပန်းပင်က ပန်းမပွင့်တော့ ။
မနေ့က
အိမ်မှာ တစ်နေကုန် လမ်းသလားနေသောအရိပ်ကို
လိမ္မာတယ်လို့
မေမေက ပြောတယ် ။
ခင်ဇော်မြင့်
*******************************************
ကြေကွဲနာ
-----------------------------
လမ်းဟိုတစ်ဖက်မှာ လိပ်ပြာကလေး
ဇာတ်လမ်းကို အမည်ပေးပြီးသားဖြစ်တယ်။
လွမ်းဆွတ်ခြင်းတွေ တောင်လိုပုံနေတာတော့ အမှန်ပါ
လိပ်ပြာကလေးတောင် ပါမယ်ထင်တယ်
ငယ်ငယ်တုန်းက ရေးခဲ့တဲ့ကဗျာ
သူ့ပခုံးမှာ ချိတ်ထားတဲ့ လွယ်အိပ်ကလေးလို
ပျော်ရွှင်မှုဟာ ရေပွက်ပမာ
မြို့တစ်မြို့ကို သတိရစေသော လမ်းကလေးအတိုင်း
အိမ်ပြန်လာ
ရုတ်တရက်
မီးနီမိသလို ရပ်တန့်
လမ်းဟိုတစ်ဖက်မှာ လိပ်ပြာကလေး
ဇာတ်လမ်းကို အမည်ပေးပြီးသား ဖြစ်တယ်။
ခင်ဇော်မြင့်
******************************
အင်္ဂနေ့ရိုက်ကွင်း
-----------------------------------
အ၀ီစိရေချိုး
ထမင်းစား
သွားကြားထိုး
စံပယ်ပန်းတွေ ပွင့်မပွင့် ကြည့်
ပြီးရင် ပန်းခြံထဲ လမ်းလျှောက်ရဦးမယ် မဟုတ်လား
မပျော်မွေ့ခြင်းကို ချုံ့လို့
ဂျုံလို လုံးထားချင်တယ်။
လေသေနတ်တွေ တာစားနေတဲ့ခေတ်
ကျွန်တော့်အပြုံးက ညစ်ကျယ်ကျယ်နိုင်လိမ့်မယ်
နေမင်းကို တကူးတက မှန်ထိုးကြည့်တယ်
သူ့ခြေချင်းဝတ်မှာ ရွှေဆွဲကြိုးလေး မရှိရှာတော့ဘူး
ဒီလိုပါပဲ
မီးရောင်ကြားမှာ
ဇာတ်လိုက်ဟာ အထီးကျန်ဆန်ခဲ့ပုံ ။ ။
ခင်ဇော်မြင့်
*********************************************
ချုံထဲမှာ ယုန်ရှိတယ်
=================
အမြဲ
ပြေးလွှားနေလို့ ဘယ်ရမလဲ။
အမြဲ
ကြောက်လန့်လို့ ဘယ်ရမလဲ။
အမြဲ
အသည်းငယ်နေလို့ ဘယ်ရမလဲ။
အသက်ရှင်သမျှ
ညွတ်ကွင်းများ ၊ပိုက်တန်းများ။
ဖားက မြွေကို မျိုခဲ့တယ်။
ကျောက်ဖျာကြီးပေါ် ရေပေါ်မျောနေတယ်။
ယုန်က ပုံပြင်ထဲကအတိုင်း ပြေးမြဲပြေးဆဲ။
တစ်နေ့တစ်လံမက ပြေးခဲ့တယ်။
ဗျတ္တပြေးသလို ပြေးခဲ့တယ်။
ခက်လှချည်ရဲ့
ပစ္စုပ္ပန်က ငါန်းဖမ်းဆဲ
ဥသျှစ်သီးတွေလည်း သီးမြဲသီးဆဲ
ယုန်လည်း ပြေးမြဲပြေးဆဲ ၊။ ။
*************************************************
အချစ်
===========
တော်တော့လေ
မင်းကို တစ်စိတ်ပဲ ကျွေးနိုင်မှာ
ဒီပန်းသီးက အိမ်က ဆွတ်လာတာ။ ။
ခင်ဇော်မြင့်
************************************************************
တခစ်ခစ်တွေ
=========
.
ကြယ်တွေကိုကြည့်နေတာပဲ ထားပါတော့
လမ်းကိုငေးနေတာပဲထားပါတော့။
ဒီခေတ်မှာ
အရက်ဘယ်သူမှမသောက်ကြဘူးကွယ် ထားပါတော့။
ရှေ့လျောက်
တောင်တက်တွေကြည့်ပဲ ထားပါတော့။
နာနာကြင်ကြင်
ပန်းကလေးတစ်ပွင့်ပွင့်လာတယ်ပဲထားပါတော့။
ဒီခေတ်မှာ
ခြေသည်းပုတ်နေတာပဲထားပါတော့။
လက်စွယ်ငုပ်နေတာပဲထားပါတော့။
ခေါင်းကိုက်နေတာပဲထားပါတော့။
သွေးတိုးလို့
သိကြားရေစင်သောက်နေတာပဲ ထားပါတော့။
အမှိုက်တောင်းသွားသွန်နေတာပဲထားပါတော့။
နေ့ခင်းကြောင်တောင်
မျက်စိလည်နေတာပဲ ထားပါတော့။
သူစိတ်မဆင်းရဲပါစေနှင့်
ကိုယ်ပဲစိတ်ဆင်းရဲ ခံပါမယ်။
နံရံတိုင်း နံရံတိုင်း
ရှေးလူတွေ ဆော့ခဲ့တဲ့လက်ရာရှိတယ်။
ထရံမှာအလံစိုက်တယ်
နံရံမှာ ဓာတ်ပုံချိတ်တယ်။
တရွေ့ရွေ့သွားတယ်
တရွေ့ရွေ့ တရွေ့ရွေ့ပဲ။
ဒီခေတ်ထဲ
မချစ်သောသူများနှင့်တွေရခြင်းသည်လည်းတရွေ့တရွေ့ပဲ။
.
ခင်ဇော်မြင့်
***************************************
လခြမ်း
==========
အလင်းတစ်ဝက်နဲ့
ညထဲ ... တစ်ကိုယ်ရည် ရွက်လွှင့်ခဲ့။
သက်ရှိများ၊ သက်မဲ့များ ...
အားလုံးကို ကျော်လွှားခဲ့။
သမုဒ္ဒရာများကိုလည်း
ရေသောက်ဆင်းပြီး ထားရစ်ခဲ့။
နေသာသလို နေစမ်းပါဆိုပြီး
ကန္တာရတွေကိုလည်း နှစ်သိမ့်ခဲ့။
ပန်းမပွင့်ရင်တောင်
အရွက်လှဖို့ ကြိုးစားခဲ့သူပါ
ကမ္ဘာမြေ ကျေနပ်ပါလိမ့်မည်။ ။
ခင်ဇော်မြင့်
ရယ်စရာ၊ ဒီဇင်ဘာ၊ ၁၉၉၆
*********************************************************
ရေပွက်ပမာ
=========
မနေ့တစ်နေ့ကလိုပဲနော်
အခုတော့
ပင်စည်က ကွာကျလာတဲ့
ခူကောင်ရဲ့ပူလောင်မူကိုစာနာဖို့
အရာရာဟာ နှောင်းလာခဲ့လေပြီ။
အခုတော့
တစ်ဘဝလုံးကဗျာမီးနဲ့ငိုလို့မပြီးတဲ့
ရဲယိုသီးလေးတွေအတွက် ဖြစ်ပြီပေါ့။
အခုတော့
လေဟာနယ်ထဲ အမြဲကိုယ်ဖော့နေရတဲ့
ဂြိုလ်တုလေးတွေဖြစ်ပြီပေါ့။
အခုတော့
စုံဂဏန်းကို စုံဂဏန်းနဲ့စားတော့
ပြတ်ပေါ့။
ပျဉ်းမပင်မှာ တွယ်နေတဲ့ခြလည်း
ပျဉ်းမပင်မရှိတော့ သေပေါ့။
အသံတိတ်ဘဝဟူသည်
ဆုံးပါးခြင်း
တော်သလင်းနေ ပုစွန်သေသလို သေပေါ့
သေခဲ့သော အိပ်မက်ကို
တစ်ယောက်တစ်မျိုးပြောပေါ့။
အမည်မသိ မြေကဗျာ
နေ့စဉ်နဲ့အမျှ သံဝေဂ
သတိရခြင်းအကြွင်း
ငါလျှောက်ရမယ့်လမ်းများ
ငါနင်းရမယ့်ကြမ်းများ
ကွေးသောလက်မဆန့်ခင်
ကိုယ့်အရွယ်နဲ့ကိုယ်သိခဲ့သမျှ
ကြယ်တို့ထဲကကြယ်ကြွေပေါ့။
တကယ်
ဥသြဆွဲသွားတဲ့ မီးသတ်ကားရဲ့ လိပ်စာကိုမသိဘူး။
ပွဲစားလေးမောင်ဘတင့်ကို မသိဘူး။
လောကထဲ နေ့စဉ်ခဏ
မသိခြင်းတွေများလှ
နောက်ထပ် နောက်ထပ်များစွာ။
မမေ့နဲ့နော်တောက်တဲ့က
အရေထူတယ်
ခွေးကပူတယ်
ပြန်စရာရှိလို့ ပျံသွားတဲ့ငှက်ကို
မင်းဘယ်လို တားမြစ်မလဲ
ယာကွတ်။ ။
.
ခင်ဇော်မြင့်
၂၀၀၆
***************************************************************
ပင်းတယ
========
မြင်တယ်
လက်ဝှေ့ယမ်း နှုတ်ဆက်
တောင်တက်လမ်းတစ်ခုမှာ မြင်တယ် ။
မြင်တယ်
လိမ္မော်ခြံတစ်ခုမှာ မြင်တယ်။
မြင်တယ်
နတ်သမီး ခုနှစ်ဖော်ရေချိုးဆင်းခဲ့တဲ့
ပန်းတလုတ်ကန်နံဘေး
မြက်ခင်းကလေးမှာ မြင်တယ် ။
မြင်တယ်
ပင့်ကူကို မြှားနှင့်ခွင်းခဲ့သော မင်းသားတစ်ပါးရဲ့ရာဇ၀င်
လှိုင်ဂူဟောင်းတစ်ခုမှာ မြင်တယ် မျက်ဝါးထင်ထင်
မြင်တယ်
မြင်ခြင်းတွေ
လိုက်လို့မမီတဲ့ သင်္ကေတတွေ
ရှေးဟောင်းနှောင်းဖြစ်တွေ
မြို့တစ်မြို့အမှတ်အသား
သူ့အချိန်အဆအတိုင်းသာ တည်ရှိပါစေတော့ ။
.
ခင်ဇော်မြင့်
******************************************************************
တန့်ကြည်တောင်
===========
ဇာတ်လမ်းအရ
တောနှင့်တောင်က အချိတ်အဆက်မမိလေတော့
စကားဝါပင်လို တိတ်တိတ်ကြွေနေ၇ကြောင်း
ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းလေးလို တိတ်တိတ်နေရကြောင်း
မြစ်မင်းကို မှန်ထောင်ပြမိတယ် ။
ရင်ပြင်တော်မှာ
ကလေးတွေက လေယာဉ်ပျံရှပ်ထိုးကစားလို့ ။
အစီအစဉ်အရ
နေရောင်က ငါးတစ်ကောင်လို ဆလိုက်ထိုးမပြတော့
စိတ်နဲ့
စေတီဟောင်းကို ထုံးဖြူဖြူသုတ်ပြီးကြောင်း
ခြေတော်ရာကို ရေအအတိချပြီးကြောင်း
မြစ်မင်းကို မှန်ထောင်ပြရင်း
ရနံ့တစ်ခုရဲ့တစ်နေ့တာ
ကျောက်သားမှာ မင်ပြာနဲ့ ရေးခဲ့တယ် ။
.
ခင်ဇော်မြင့်
**************************************************
နှလုံသားတစ်ခု
===============
နှလုံသားတစ်ခုက
ရွှေဖလားကို ငုံငုံနမ်းလို့
နှလုံသားတစ်ခုက
တော်မီးလောင်လို့
နှလုံသားတစ်ခုက
လေတံခွန်ကို ခေါင်းည်းကြိုးတင်လို့
နှလုံသားတစ်ခုက
နာရီကို သံပတ်ပေးလို့
နှလုံသားတစ်ခုက
မီးမနပ်ခင် မီးကျက်လို့
နှလုံသားတစ်ခုက
စပံပင်ကလေးတွေကို ရေဖျန်းပြီး ဒန်းစီးလို့
နှလုံသားတစ်ခုက
ပတ္တမြားမှန် နွံမနစ်ဘူးဆိုစဉ်
နှလုံသားတစ်ခုက
မှတ်ပုံတင်လေးကို လွယ်
ညရထားနဲ့ ထွက်ခွာသွားပေါ့ ။
.
ခင်ဇော်မြင့်
*********************************************************
credit ; ပိုင်သစ်နွယ်
Saturday, September 29, 2018
ခင်ဇော်မြင့်ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment