Monday, February 13, 2017

ကျောင်းသားတွေကို အစဉ်စိတ်အားထက်သန်စေဖို့ (ရေးသားသူ - Cristina Cabal)


သင့်ရဲ့ ကျောင်းသားတွေကို စိတ်အားထက်သန်နေအောင် ဘယ်ရလိုလုပ်မှာလဲ။

ကျွန်မကတော့ အဲဒါကို ပျော်ရွှင်ခိုင်မာတဲ့ အိမ်ထောင်ရေးတစ်ခုနဲ့ နှိုင်းယှဉ်ပမာပေးလိုပါတယ်။ ချစ်ခင်နှစ်သက်ခြင်းလိုမျိုး စိတ်ခံစားမှုလိုဘဲ စိတ်အားထက်သန်မှုဆိုတာ မှန်မှန်လေးပြုစုပျိုးထောင်ပေးတာမျိုး မပြုလုပ်ပေးရင် တဖြည်းဖြည်း မှေးမှိန်လျော့ရဲသွားတတ်ပါတယ်။ အဲ့ဒါက အချိန်၊ အားစိုက်မှုနဲ့ စွမ်းအားတို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကြိုးစားရကြိုးနပ်ပါတယ်။

ကျွန်မရဲ့ အတွေ့အကြုံအရပြောရရင် ကျောင်းသားတွေကို စိတ်အားထက်သန်အောင် လုပ်နိုင်တဲ့ အရာ(သူ) ဟာ စိတ်အားထက်သန်မှုရှိတဲ့ ဆရာသာလျှင် ဖြစ်ပါတယ်။ သင်ဟာ စာသင်ခြင်းအပေါ် နှစ်သက်စွဲလမ်းမှု ရှိမယ်ဆိုရင် သင့်ကျောင်းသားတွေကလည်း သူတို့ရဲ့ သင်ကြားရေးအပေါ်နှစ်သက်စွဲလမ်းမှုကို ပြသနိုင်ခြေ ပိုများပါတယ်။ ဒါပေမဲ့ အဲ့ဒါရဲ့ ဆန့်ကျင်ဖက် အပြုအမူမှာလည်း ဆန့်ကျင်ဖက် သက်ရောက်မှုမျိုး ဖြစ်တတ်တယ်လို့ ပြောပါရစေ။ အကယ်လို့ သင်က စာသင်ရတာကို စိတ်မဝင်စားရင် သင့်ရဲ့ ကျောင်းသားတွေကလည်း စာသင်ကြားရေးကို စိတ်ပါကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် နှစ်ပေါင်းအတော်ကြာ စုဆောင်းမိထားတဲ့ ကျွန်မရဲ့ စာသင်အတွေ့အကြုံထဲက ကောင်းနိုးရာရာ အကြံပြုချက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

ကျောင်းသားတွေကို ပါဝင်လုပ်ကိုင်စေပါ။
ကျောင်းသားတွေကို အတန်းထဲမှာ ပူးပေါင်း ပါဝင်လုပ်ကိုင်စေတာ၊ ဦးဆောင်တက်ကြွ လှုပ်ရှားမှုတွေမှာ ပါဝင်စေတာမျိုး မလုပ်ရင်တော့ သူတို့တွေကို တက်ကြွမှု ဖြစ်စေမှာ မဟုတ်ပါဘူး။ ဆရာကဘဲ အရှေ့ကနေ အချိန်ပြည့် တတွတ်တွတ်ပြောသွားပြီး ကျောင်းသားတွေက လိုက်မှတ်ရတဲ့ ခေတ်က ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပါပြီ။ စာသင်ခန်းတွေဟာ ကျောင်းသားကို ဗဟိုပြုတာဖြစ်သင့်ပါပြီ။ သင်ယူမှု အဆင့်ဆင့်မှာ ဆရာတစ်ယောက်ဟာ နည်းပြ သို့မဟုတ် ကြားဝင်ဆောင်ရွက်သူတစ်ဦး အသွင်နဲ့သာ ကူညီတာ၊ လမ်းညွှန်တာ၊ ထိန်းကြောင်းတာမျိုးသာ လုပ်သင့်ပါတယ်။

ကျောင်းသားတွေကို ထွန်းလင်း တောက်ပခွင့် ပေးပါ။
ကျောင်းသားတွေကို အောင်မြင်မှုရဲ့ အရသာကို ခံစားခွင့်ပေးဖို့ အရေးကြီးပါတယ်။ သူတို့ရဲ့ ကြိုးစားမှု အသီးအပွင့် ရလာဒ်ကို မြင်သာတဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်ခိုင်းပါ။ ခက်ခဲတဲ့ လေ့ကျင့်ခန်းတစ်ခုကို အောင်မြင် ပြီးမြောက်သွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ “Yeah, I did it!” (ဟေး၊ အောင်ပြီကွ!) ဆိုတဲ့ ခံစားမှု အရသာဟာ ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုကို မြင့်မားစေပါတယ်။

သင်ယူခြင်းကို ပျော်စရာကောင်းအောင်လုပ်ပါ။

သင့်အတန်းကို စွဲလန်းစရာ၊ အမှတ်ရစရာတွေ ဖြစ်အောင်လုပ်ပါ။ ကစားပွဲတွေ၊ ပြိုင်ပွဲတွေ လုပ်ပေးပါ။ လူတိုင်းဟာ ပြိုင်ပွဲတွေကို နှစ်ချိုက်ကြပြီး အဲ့ဒါက ကျောင်းသားတွေကို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပြောဆိုဆက်ဆံရအောင်၊ ပျော်ရွှင်ဖွယ်ဖြစ်ပြီး သင်ယူခြင်းကိုပါ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေစေအောင် အခွင့်အရေးတွေ ဖန်တီးပေးပါတယ်။

ဖတ်စာအုပ်တွေကနေ ဝေးဝေးနေပါ။

သင့်ကျောင်းသားတွေကို သူတို့ရဲ့ လိုအပ်ချက်၊ စိတ်ဝင်စားမှု စတာတွေနဲ့ ကိုက်ညီမယ့်၊ လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက်ပေးမယ့် ပြင်ပက တစ်ကယ့်အကြောင်းအရာတွေ ကိုသင်ကြားရေးမှာသုံးပါ။ သင့်ကိုယ်ပိုင် သင်ခန်းစာတွေကို ဖန်တီးကာ သူတို့တွေ အောင်မြင်ဖို့အတွက် သင်က ဘယ်လောက်ကြိုးပမ်းအားထုတ်မှုတွေ၊ အချိန်တွေ ရင်းနှီးပြီး ကူညီပေးနေတယ်ဆိုတာ ပြသပါ။

အချို့အရာတွေကို ဘာကြောင့်လုပ်ရသလဲဆိုတာ ရှင်းပြပါ။

ကျောင်းသားတွေကို ဖတ်စာအုပ်ဖွင့်ပြီး ’စာမျက်နှာ ၂၂ က လေ့ကျင့်ခန်း ၅ ကိုလုပ်ပါ’ လို့ ခိုင်းတာလောက် ပျင်းစရာကောင်းတာမရှိပါ။ လေ့ကျင့်ခန်းတစ်ခုကို လုပ်ခိုင်းတော့မယ်ဆိုရင် ကျောင်းသားတွေကို အဲ့ဒီလေ့ကျင့်ခန်းကို လုပ်ဖို့ ဘာကြောင့် အရေးကြီးကြောင်းနဲ့ အဲ့ဒါကို လုပ်လို့ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိမလဲဆိုတာကိုပါ ရှင်းပြဖို့ လိုအပ်ပါတယ်။

ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေပေးပါ။

လေ့ကျင့်ခန်းတစ်ခု လုပ်ခိုင်းတော့မယ်ဆိုရင် ရှင်းရှင်းလင်းလင်း ညွှန်ကြားပြီး ကျောင်းသားတွေကိုလည်း ဦးစွာပထမ ပြင်ဆင်ဖို့ရယ် ပြီးတော့ မရှင်းလင်းတာတွေ မေးမြန်းဖို့ရယ်အတွက် အချိန်ပေးရပါမယ်။ လုပ်ရမယ့် လေ့ကျင့်ခန်းကို သေသေခြာခြာ နားမလည်လို့ ကောင်းကောင်းမလုပ်နိုင်တာလောက် ကျောင်းသားတွေကို စိတ်ပျက်စေတဲ့ အရာ မရှိတော့ပါဘူး။ ဒါဟာ ကျောင်းသားတွေအတွက် အရမ်းအရေးကြီးပါတယ်။ သူတို့တွေ လုပ်ရမယ့်အရာဟာ ဘာလဲဆိုတာ သူတို့တွေ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။

သင်ခန်းစာတိုင်းအတွက် ရှင်းလင်းပြီး လက်လှမ်းမှီနိုင်တဲ့ ရည်မှန်းချက်တွေ သတ်မှတ်ပေးပါ။

အတန်းပြီးလို့ ကျောင်းသားတွေ သင့်အတန်းထဲကနေ ထွက်သွားတဲ့အခါ ဒီအတန်းတက်ရတာ တန်ပါတယ်ဆိုတဲ့ အတွေးနဲ့ ထွက်သွားတာကို သင်လိုချင်မှာပါ။ သင့်ရဲ့ သင်ခန်းစာအစီအစဉ်ကို စာသင်ခန်းရှေ့သင်ပုန်းကြီးရဲ့ ထောင့်တစ်နေရာမှာ ရေးထားခြင်းဖြင့် ကျောင်းသားတွေက သူတို့ဘာသင်ခန်းစာတွေ သင်ရတော့မယ်ဆိုတာ ကြိုတင် သိရှိ ပြင်ဆင်ထားလို့ရအောင် လုပ်ပြီး သင်ခန်းစာကို စတင်ဖို့ အတန်းချိန် ပြီးဆုံးသွားတဲ့အခါ မိမိ ချရေးထားတဲ့ သင်ခန်းစာ အစီအစဉ်တွေ ပြန်ကြည့်ပြီး သင်ပြီးသမျှကို ပြန်လည်ခြုံငုံ ရှင်းလင်းပြပါ။ ကျောင်းသားတွေက လက်ရှိတော့ ဘယ်နေရာရောက်နေပြီး၊ ရှေ့မှာတော့ ဘာတွေဆက်လုပ်သွားမယ်ဆိုတာ သိရှိနေဖို့ အရေးကြီးလှပါတယ်။
ကျောင်းသား နေရာချထားပုံစံပြောင်းလဲပြီး ရွှေ့လျားမှုများ ထည့်သွင်းပေးပါ။

ကျောင်းသားတွေကို နှစ်ယောက်တွဲလိုက်၊ အုပ်စုလိုက် အလုပ်လုပ်ခိုင်းပါ။ သူတို့ထိုင်နေကျ နေရာကနေ ထွက်ခိုင်းပြီး နေရာရွှေ့ပေးပါ။ တွဲထိုင်နေသူတွေကိုလည်း မကြာခဏပြောင်းခိုင်းပါ။ ကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုကို ရယူကာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး အဓိပ္ပါယ်ရှိတဲ့ လေ့ကျင့်ခန်းမျိုးတွေ သတ်မှတ်ပေးပြီး လုပ်ခိုင်းကာ သူတို့တွေ လွတ်လွတ်လပ်လပ်ပြောဆို ဆွေးနွေးပြီး မေးခွန်းတွေ မေးမြန်းနိုင်မယ့် ပျော်ရွှင်ရင်းနှီးတဲ့ အခြေအနေကို ဖန်တီးပေးပါ။

မတူညီတဲ့ သင်ကြားရေးပစ္စည်းတွေကို သုံးပါ။

ကျောင်းသားတွေဟာ စာအုပ်ကို ကြည့်ရတာထက် မြင်ကွင်းကျယ် screen ကို ကြည့်ရတာကို ပိုမို နှစ်သက်ကြတယ်ဆိုတာ ကျွန်မတို့ သိကြပါတယ်။ ဒါကြောင့်မို့လို့ အမြင်ကို အထောက်အကူပြုစေတဲ့ visual သင်ထောက်ကူအရာတွေ၊ flash card လို ပုံပြကဒ်ပြားတွေ၊ စာနဲ့ ပုံနဲ့ တွဲထားတဲ့ infographic တွေ၊ ဥာဏ်စမ်း ပဟေဠိတွေ အပြင် အဆင်ပြေတဲ့ ခေတ်ပေါ်နည်းပညာ အသစ်တွေကို အသုံးပြုပါ။ နောက်ပြီး အွန်လိုင်း ဥာဏ်စမ်းတွေ၊ ဂိမ်းကစားနည်းတွေ၊ ဗီဒီယိုတွေရနိုင်တဲ့ ဆိုဒ်တွေလည်း အခုအခါမှာ အများကြီး ရှိနေပါပြီ။ ဆရာတစ်ယောက်အနေနဲ့ စာသင်ခန်းထဲကို အကျိုးကျေးဇူးတွေ သယ်ဆောင် လာပေးမယ့် သင်ကြားရေး အထောက်အကူအသစ်တွေကို ရှာဖွေ ယူဆောင်လာဖို့ ရွေးချယ်စရာတွေရှိပြီး ကျွန်မတို့ရဲ့ စာသင်ခန်းထဲကိုလည်း နည်းပညာအသစ်တွေကို ယူဆောင်လာခြင်းဟာလည်း ကျောင်းသားတွေကို စိတ်အားထက်သန်အောင် ပြုလုပ်ပေးခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ကျောင်းသားတွေကို မဆုံးနိုင်တော့တဲ့ သဒ္ဒါ နဲ့ ဝေါဟာရ လေ့ကျင့်ခန်းတွေချည်း လုပ်ခိုင်းနေလိုကတော့ သူတို့တွေကို စိတ်ဓါတ်တွေ တက်ကြွပြီး စိတ်အားထက်သန်လာဖို့တော့ မမျှော်လင့်ပါနဲ့။

သိပ်လည်း အရမ်းကြီးအမှား မပြင်ပေးပါနဲ့။

ကျောင်းသားတွေက အထူးသဖြင့် အတန်းအပြင်ထွက်ပြီး စကားပြောရတဲ့အခါ အမှားအယွင်းလုပ်မိရင် အလွန်အကျွံ အမှားပြင်ပေးတာကို ရှောင်ရှားပါ။ သူတို့ အမှားတစ်လုံးပြောမိတိုင်း စကားဖြတ်ဖြတ်ပြီး ဝင်ဝင်ပြင်ပြောပေးနေရင် သူတို့ရဲ့ မိမိကိုယ်ကို ယုံကြည်မှုကို လျော့ကျ ထိခိုက်စေပါတယ်။ သူတို့ပြောတာကို ဆုံးအောင် နားထောင်ပါ။ ပြီးတော့ သူတို့ရဲ့ ပါဝင်ပြောဆိုမှုအတွက် ကျေးဇူးတင်ကြောင်းပြောပါ။ ပြီးတော့မှ သူတို့ လုပ်ခဲ့တဲ့ အမှားတွေထဲက အရေးကြီးတဲ့ အမှား ၁ ခု၊ ၂ ခုလောက်ကိုသာ ရွေးချယ်ညွှန်းပြပြီး ပြင်ဆင်ပေးလိုက်ပါ။ ပြီးတော့ ကျောင်းစာတွေကို အမှားလုပ်ခြင်းဟာ ပညာသင်ကြားရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ အားလုံးအမှားနဲ့ မကင်းကြောင်း၊ ဆရာတွေတောင် မှားတတ်ကြကြောင်း သတိပေးပြောဆိုကာ အားပေးပါ။

ချီးမွမ်းပါ။

ကျောင်းသားတွေရဲ့ လုပ်ဆောင်မှုတစ်ခုပြီးတိုင်း၊ သူတို့ရဲ့ အဖြေတွေက မမှန်သည့်တိုင်၊ အထူးသဖြင့် အားနည်းတဲ့ ကျောင်းသားတွေအတွက် တော်လိုက်တာ “Well done” တို၊့ ဖြေပေးတာကျေးဇူးပဲ “Thank you” ဆိုတဲ့ စကားတွေနဲ့ မှတ်ချက်ပြီး ချီးမွမ်းပေးတာဟာ သူတို့ရဲ့ ယုံကြည်မှုကို တိုးပွားစေပါတယ်။ ကောင်းတဲ့မင်္ဂလာစကားလေးတွေ ပြောစရာတစ်ခုခုအမြဲ ရှိပါတယ်။ အကောင်းမြင်တာလေးနဲ့ စတင်လိုက်ပါ။ ပြီးတော့မှ လိမ္မာပါးနပ်စွာနဲ့ အားနည်းချက်တွေကို လိုက်ပြင်ပေးသွားလို့ ရပါတယ်။

ဒါဆို ကျွန်မပြောပြချင်တဲ့ အထဲက အကောင်းဆုံးအကြံပြုချက်က ဘာဖြစ်မလဲ။ ကျွန်မရဲ့ ၂၆ နှစ်ရှိပြီဖြစ်တဲ့ စာသင်သက်တမ်းမှာ ကျွန်မအများဆုံး လက်စွဲခဲ့တဲ့ အရာကတော့ အပေါ်မှာ ကျွန်မပြောပြခဲ့တဲ့ အကြံပြုချက်တွေ အားလုံးခြုံငုံပါဝင်မယ် ထင်ပါတယ်။ အဲ့ဒါကတော့ “သင့်ကို သင်ပေးစေချင်တဲ့ ပုံစံအတိုင်း သင်က သင်ပေးပါ။” ဆိုတဲ့ “Teach as you would like to be taught.” ဆိုတာဘဲ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးပါဘဲ။

British Council Voices Magazine မှ Cristina Cabal ၏ How to keep your students motivated ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ မူရင်းဆောင်းပါးကို www.britishcouncil.org/voices-magazine/how-keep-your-students-motiv... တွင်ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment