Wednesday, February 8, 2017
ခရီး
.
ပန်းကြားထဲ
လွမ်းစကားချွဲ
အနမ်းများ သည်းစဉ်ကကွယ်။
.
အဓိပတိလမ်းက အချစ်
သစ်ပုပ်ပင်ရင်းက အနမ်း
ခုံတန်းပြာပေါ်က အကြည်နူးတွေနဲ့
ဦးချစ်ဆိုင် ဗာဒံရိပ်တောင်မှ
နိဗ္ဗာန်လို့ထင်တယ်။
.
သမုဒယ အနွယ်ကလေးတွေနဲ့
လူ့ဘဝဆို အလွယ်တွေးပြီး
ဝေးရမှာ ကြောက်
ဆွေးရမှာ ကြောက်တာနဲ့
နှစ်ယောက်အတူ နီးကြပါစို့ အချစ်ရယ်
ဖြစ်လွယ်ပျက်လွယ် လောကထဲ။
.
အထင်အရှား
လင်မယားရယ် အိမ်ထောင်ပြုကာမှ
လူ့ဘဝ ရေဆန်လမ်းမှာ
ပန်းများလည်း မဝေပါလား
အနမ်းများလည်း မခြွေသာအား . . .
.
စကားဆို နှစ်ကိုယ်ကြည့်ရုံနဲ့
ဝမ်းပြည့်ကာ ကိုယ်မလှနိုင်တော့
ဘဝလှေကမ်းက အထွက်မှာ
လှော်တက်ကို ဘွဲ့နဲ့လဲပါလို့
ဝဲစုပ်တော့ လှေယိုင်
ပဲ့ကိုင်ရင်းလှေစောင်း
ဝမ်းခေါင်းထဲ ရေဝင်နဲ့
ခရီးစဉ် လေထန်ခိုက်
မှောက်မိုက်လို့ မည်း။
No comments:
Post a Comment