Tuesday, February 28, 2017

အဝေးကို  ငေးကြည့်နေရင်း
သတိရတတ်စွာ၊  ငဲ့ကြည့်လိုက်တဲ့အခါ
မင်း . . . , အနားမှာ  ရှိတယ်။

အနီးအနားမှာ
မင်း . . . မရှိတဲ့အခါ
အဝေးကို  တွေးကြည့်ရင်း
မင်း
ငြိမ်းချမ်းပါစေကွယ်
ဆုတောင်းဖြစ်တယ် . . .။

ငှက်မောင်နှံတစ်စုံ
တောင်ပံဟုန်ဖွင့် ၊  သီကျူးရင့်တဲ့အခါ
မင်းနဲ့ . . .  ငါ
ငှက်ကလေးနှစ်ကောင်  ဖြစ်ချင်တယ်။

ငှက်တစ်ကောင်တည်း
အဖော်ကွဲစွာ၊  ကျူးရင့်တဲ့အခါ . . . ၊
ရင်မှာ  လှပ်ခနဲ ၊  မျက်နှာလွှဲပြီး
အသည်းထဲက . . .  မင်း
ကွေကွင်းခြင်းမှ ၊  ကင်းပ, ဝေဒနာ
ဖြေသာစေဖို့,
ငါသာ   အထီးကျန် ၊  ကောင်းကင်ယံမှာ
အတောင်ပံ  တဖျက်ဖျက်  ခတ်လိုက်တယ် . . .။            ။

မောင်လှမျိုး(ချင်းချောင်းခြံ)

No comments:

Post a Comment