တရုတ်နိုင်ငံ ပညာရေးစနစ်တွင် မတော်တဆ စာမေးပွဲ ကျသွားခြင်းကို ကာကွယ်ပေးသည့် အနေနှင့် ကျောင်းတစ်ကျောင်းတွင် အမှတ်ချေးငှားနိုင်သော ‘အဆင့်ဘဏ်’ (Grade Bank) စနစ်ကို တီထွင်ထားကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံအရှေ့ပိုင်း အထက်တန်းကျောင်း တစ်ကျောင်းတွင် ‘အဆင့်ဘဏ်’ စနစ်ကို တီထွင်ပြီး မတော်တဆ စာမေးပွဲ ကျနေပါက အဆင့်ဘဏ်တွင် အပ်ထားသည့် အမှတ်ထဲမှ ကယ်မှတ်ကို ပြန်လည်တောင်းခံပြီး အအောင်ရစေရန် ဆောင်ရွက်နိုင်ကြောင်း ယင်းသတင်းက ဆိုသည်။ ဘဏ်တွင် အမှတ်များကို အပ်ထားနိုင်ရန်အတွက် ကျောင်းသားများသည် လက်တွေ့ဓာတ်ခွဲခန်းအတွင်း စမ်းသပ်လုပ်ဆာင်ထားမှု ရလဒ်များ သို့မဟုတ် ပြည်သူ့အကျိုးဆောင်ရွက်မှု စသည့် လူမှုရေးဆိုင်ရာ လုပ်ငန်းများက ရရှိသော အမှတ်များကိုသာ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ တရုတ်ပညာရေးစနစ်သည် နောက်ဆုံး အတန်းတင်စာမေးပွဲနှင့် အထက်တန်းအောင်ပြီးပါကလည်း ကောင်းခေါင်ဟု ခေါ်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ တစ်ခုတည်းကို အဓိက အလေးထား သင်ယူနေကြရသည့် ပညာရေးစနစ် ဖြစ်ပြီး နည်းပညာမျိုးစုံနှင့် စောင့်ကြည့်မှုများကြားတွင် စာမေးပွဲများကို ဖြေဆိုနေကြရခြင်း ဖြစ်သည်။ တရုတ်စာမေးပွဲ စနစ်တွင် နောက်ဆုံး အတန်းတင် စာမေးပွဲများ၌ ဝတ်ဆင်လာသည့် လက်ဝတ်ရတနာများ၊ မျက်မှန်များ၊ ဘောလ်ပင်၊ နာရီ၊ ပေတံနှင့် အတွင်းခံဘောင်းဘီအထိ စစ်ဆေးစောင့်ကြည့်နေကြရသည့် အနေအထားများကို ရင်ဆိုင်နေကြရသည်။ စာမေးပွဲ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများကို ရမှတ်ဖြင့် ပိုင်းဖြတ်သည့်စနစ်ဖြစ်ပြီး အမှတ်များမှ တော်သည်ဆိုသော စနစ်ကို ကျင့်သုံးနေဆဲ ဖြစ်သောကြောင့် အမှတ်ဖြင့် ကျောင်းသားတစ်ဦးကို ပိုင်းဖြတ်နေရသည့် အနေအထားတွင် အခက်အခဲများကို ရင်ဆိုင်နေကြရသည်။ တရုတ်နိုင်ငံ နန်ကျင်း အမှတ် ၁ အထက်တန်းကျောင်းတွင် ‘အဆင့်ဘဏ်’ စနစ်ကို ရှေ့ပြေးအစီအစဉ် အနေနှင့် စတင်စမ်းသပ်လျက်ရှိကာ အမှတ်များကို ချေးငှားပေးနိုင်ရန် စီစဉ်ပေးနေကြောင်း The Guardian သတင်းတွင် ရေးသားထားသည်။ ကျောင်းသားတစ်ဦးဖြစ်သူ ဂေါင်ရီဆိုသူသည် ရူပဗေဒ ဘာသာရပ်တွင် အမှတ် ၆၀ ရမှ အောင်မည်ကို ၇ မှတ် လျော့နည်းနေသောကြောင့် အဆင့်ဘဏ်က အမှတ်ကို ချေးငှားပြီး အောင်မြင်လာခဲ့ရသည်ဟု ယင်းသတင်းက ဆိုသည်။ စာမေးပွဲတွင် တစ်မှတ်ဆိုသည်ကလည်း အရေးကြီးကြောင်း၊ တစ်မှတ်ကြောင့် စာမေးပွဲကျသွားလျှင် ကျောင်းသားများအနေနှင့် စိတ်ဓာတ်ပိုင်းပါ ပျက်စီးသွားနိုင်ကြောင်း၊ ထိုသို့မဖြစ်စေရန် ‘အမှတ်နီ’ ဟု ခေါ်နေသည့် အသက်ကယ်မှတ်ကို ဘဏ်ကတစ်ဆင့် ပြန်ဖြည့်ပေးနိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်ကြောင်း ရူပဗေဒဆရာ မေဟောင်းက ပြောကြားသည်။
Credit -The Voice
No comments:
Post a Comment