Thursday, October 12, 2017

လင်းမိုးစွေ၏ ကဗျာတို ၃၂ပုဒ်

လင်းမိုးစွေရဲ့ကဗျာတို ၃၂ပုဒ်
|||||||||||||||||||||||||||||||||||

" ပန်းရဲ့နောက်ကွယ် ”
__________________

နေရောင်အားကိုးနဲ့
အစောကြီးနိုးနေတဲ့ပန်းတွေ
နေရောင်ကြောင့်
အစောကြီးညှိုးသွားရ ရှာပြီ
ရောင်းပန်းမလှတဲ့ ဝီရိယအကျိုးတွေလေ။

.
လင်းမိုးစွေ
၂၅.၉.၂၀၁၆

.
လွန်ခဲ့သောအရေးအခင်း
_______________________

သူလည်း
တစ်သက်နဲ့တစ်ကိုယ်။

ကိုယ်လည်း
တစ်သက်နဲ့တစ်ကိုယ်
သရဲ တစ္ဆေ ပုံပြင်တွေထဲကလို ခေါင်းပြတ်ကြီး
အရှင်လတ်လတ်မြင်ဖူးခဲ့တာတော့ မဟုတ်ဘူး

အသေ။

.
လင်းမိုးစွေ
၈/၈/၂၀၁၆

.
မွေးနေ့များ
___________

သူသာ သက်ရှိထင်ရှားရှိနေသေးရင်
၁၀၁ နှစ်
ဒီထက် ပိုပြောလို့မရ
ဒီထက် လိုပြောလို့မရ
ဒီထက် ငိုပြောလို့ ရတယ်
သူသာ သက်ရှိထင်ရှားရှိနေသေးရင်
၁၀၂ နှစ်
ဒီထက် ပိုပြောလို့မရ
ဒီထက် လိုပြောလို့မရ
ဒီထက် ငိုပြောလို့ ရတယ်
သူသာ သက်ရှိထင်ရှားရှိနေသေးရင်
စသည်ဖြင့်...မွေးနေ့များ
မဆုံးတော့ဘူး
ရှင်နေတယ်

လင်းမိုးစွေ
၁၃.၂.၂၀၁၆

.
ပန်း မပန်တဲ့နေ့
______________

ဓာတ်ပုံတွေ ရှေ့မှာ
ကြေးရုပ်တွေ ရှေ့မှာ
ကျောက်တိုင်တွေ ရှေ့မှာ
ဗိမာန်တွေ ရှေ့မှာ
ဘုရားအသီးသီးရဲ့ဘုရားစင် ရှေ့မှာ
ခေါင်းပေါ်က ပန်းတွေ
မျက်ရည်တွေနဲ့  ဝေ ... ။     ။

လင်းမိုးစွေ
၁၉.၇.၂၀၁၆

.

ll ရေမွှေး ll

ရနံ့အသေတွေကို မပုပ်မသိုးအောင် အလုံပိတ်ပုလင်းထဲ အကျဉ်းကျနေတဲ့ တစ်ခါတုန်းက ပန်းတွေ။

လင်းမိုးစွေ
၂၈/၈/၂၀၁၆

.

ll ရေတံခွန် ll

အမြင့်က ကျတာပဲ မနာဘဲ ရှိမလား
အမြင့်က ကျတာပဲ မလှဘဲ ရှိမလား

လင်းမိုးစွေ
၆/၉/၂၀၁၆

.

ရည်းစားစကား
_____________

မင်းရှေ့မှာ
လက်သီးလက်မောင်းတွေ မတန်းတော့ဘူး
လက်ကလေး နောက်ပစ်လို့
တစ်ကိုယ်တော်ဆန္ဒ ပြပါရစေ။

လင်းမိုးစွေ
၇.၀၇.၂၀၁၆

.

ll သွားကျိုးကလေး ll

ကျိုးသွားတဲ့ငယ်သွား
သိမ်းထားခဲ့မိလို့ ဒီနေ့အထိ ရှိသေးတယ်
ငယ်ဘဝက ဒီနေ့ မရှိတော့ဘူး
ကြွက်ကလေးရေ...
နင့်သွားနဲ့ ငါ့သွားနဲ့ လဲရအောင်...
အိမ်ခေါင်မိုးပေါ် နောက်ပြန်ပစ်တင်လိုက်တယ်
ငယ်သွားအောင်
ငယ်သွားကို...။      ။

လင်းမိုးစွေ
၇/၉/၂၀၁၆

.

ll ကန်သင်းရိုးပေါ်ကညနေခင်း ll

အရှေ့အနောက် တောင် မြောက် ဘယ်မှာ မသိပါ
ပညာမတတ်ပေမယ့် စိတ်ထားကောင်းတဲ့
ရေနုတ်မြောင်းကလေး
ထောင်မတ်နေတဲ့ စပါးနှံတွေဦးညွှတ်သွားစေဖို့
မြင့်ရာမှ နိမ့်ရာ
ထမင်းရည်ချောင်းစီး
လည်ချောင်းထဲအထိ စီးနေတယ်။

လင်းမိုးစွေ
၅/၉/၂၀၁၆

.

|| ငြိမ်းချမ်းရေးသို့ဦးညွှတ်ခြင်း ||

အားလုံး
သက်သာ
အားလုံး
အေးစေ မှာ
အရပ်အနိမ့်အမြင့် ညီအောင်ညှိလို့မရပေမယ့်
အရှေ့အနောက်ဘယ်ညာ ညီအောင်ညှိလို့ရပါတယ်
အားလုံးတစ်တန်းတည်းဖြစ်အောင်
အားလုံး
သတိရှိဖို့လိုသလို
အားလုံး
အသိရှိဖို့လိုပါတယ်...။      ။

လင်းမိုးစွေ
၃/၉/၂၀၁၆

.

ပန်းချီဆရာ
___________

ဆေးစပ်ခွက်ထဲက ဆေးတွေ
ကင်းဘတ်စ်စပေါ် သူ့နေရာနဲ့သူ
တင်လိုက်ပြီ။

အတုကို
အတုယူလို့
ကိုယ့်ဒေါသကိုယ် ကြည့် မဝဘူး။

.                                     
လင်းမိုးစွေ
၁၅.၂.၂၀၁၆

.
ပိတောက်...ပန်းခဲ့ပြီ
_________________

ဘယ်အချိန် ပွင့်ပွင့်
ပွင့်ဖို့သာ အဓိက။

ဘာလို့ ခေါင်းတပြင်ပြင် ဖြစ်နေကြတာလဲ
သစ္စာမဲ့တဲ့ စကား
ခင်ဗျားတို့ပဲ ပြောနေတာ...။     

လင်းမိုးစွေ
၈.၄. ၂၀၁၆
.

ငြိမ်သက်နှစ်မိနစ်
_______________

ဥဩဆွဲသံနဲ့အတူ ကမ္ဘာပျက်နေတယ်။

၁၀:၃၇
၁၉.၇.၂၀၁၆

.

"ကျွန်မမှာ မိန်းမသား"
___________________

ဆူးနဲ့ဖက် ဥပမာနဲ့
တစ်ဘဝလုံး ဇာတ်နာလို့ မဆုံးဘူး။

လင်းမိုးစွေ
၁၆.၇.၂၀၁၆

.

ရေစီးသန်သော ချောင်းကလေး
__________________________

ကြိုး တံတား
ကျိုး တံတား

လင်းမိုးစွေ
16.6.2016

.

ကျောင်းသား (သို့) ကျောင်းဓား
____________________________

ကျိုးသွားတဲ့ ကား လေးသံလို
ဓားအဖြစ်
ဘဝကူးသွားလို့
မဟုတ်မခံ စိတ်က
မနိုင်ဝန်ဖိအားကို
ကျေးဇူးတင်လို့ မဆုံး...။      ။

လင်းမိုးစွေ
၈.၄.၂၀၁၆

.

သမ္မတအမည်တင်သွင်းတဲ့နေ့
___________________________

အစက အဖေ့ကို ဆံပင် ဆေးဆိုးခိုင်းမလို့ပါပဲ
အဖေက မအားဘူးလေ အလုပ်ကများတာဆိုတော့
နေပါစေ
အဖေကကျွန်တော်တို့မိသားစုရဲ့ သမ္မတကြီးပဲလေ။

လင်းမိုးစွေ
၁၀.၃.၂၀၁၆

.

ခေါင်းလောင်းသံတညံညံ
_______________________

သူများနည်းတူ လက်သန်းမှာ မင်ပြာတို့ခွင့်မရှိလည်း
စိတ်မကောင်း မဖြစ်မိပါဘူး
စိတ်ကောင်းထားဖို့
ပထမလေ...။     ။

လင်းမိုးစွေ
၂၆.၂.၂၀၁၆

.

ငယ်ချစ်ဦး
__________

အဘိဓာန်လိုမျိုး စာအုပ်အထူကြီးတွေက
ဖတ်ဖို့မှ မလိုတာ
စွယ်တော်ရွက်ကလေး
ညှပ်ထားရုံသာ...။

လင်းမိုးစွေ
၈ . ၂ . ၂ ၀ ၁ ၆ 

.

ငါ့ မခေါ်ရင် ငါ့အိုးပုတ်ပြန်ပေး ငါ့ငယ်ဘဝပြန်ပေး
________________________________________

သဲထမင်း
ပန်းဟင်းနဲ့
ဟန်လုပ်ပြီး စားရတဲ့အရသာ
ဒီနေ့ထိ
မြိန်တယ်...။       ။

လင်းမိုးစွေ
၂၂/၈/၂၀၁၆

.

|| ညမီးကျီ ||

ယမ်းတွေက
ပန်းတွေအလား
ကောင်းကင်တပြင်လုံး ဖူးပွင့်နေတယ်။

တစ်နေရာမဟုတ် တစ်နေရာ
ပျက်ကျမယ်မှန်းသိတယ်
တစ်နှစ်ပြီးတစ်နှစ်
အစားထိုးလို့
လွှတ်တင်ထားတဲ့ စိတ်ကူး
ဘယ်တော့မှ ပျက်မကျဘူး။

လင်းမိုးစွေ
၃၀/၈/၂၀၁၆
( တောင်ကြီးတန်ဆောင်တိုင်ညများ...သို့ )

.

ll မျက်ကွယ်ရာ ll

ထားခဲ့ပေမဲ့
ကျန်ခဲ့တာမှ မဟုတ်တာ
သွားပါ။

ဘယ်သူ့ဆီကမှန်းမသိ

ကျသွားတဲ့ မျက်ရည်စက်ကလေး
လမ်းပေါ်မှာ...။

လင်းမိုးစွေ
.

|| အချစ် ||

တကယ်တော့
ပုဏ္ဏားခြောက်ယောက် မမှားဘူး
ထိတွေ့တယ်ဆိုတာ
အမြင်တစ်မျိုးပဲလေ...။        ။

လင်းမိုးစွေ
၂ ၀ ၀ ၅
.

|| အညာနွေ ||

ရေ ထပ်ထည့်လို့မှ
ထူးပြီး မနူးတော့တဲ့ အသားလို
မီးဖိုပေါ်မှာတင် အချိန်ကုန်သွားတယ် ။

လင်းမိုးစွေ


                        || တစ်မိုးလုံး မိုး ||
                        

   ထားခဲ့ရတဲ့အဖြစ်က မျက်ရည်ဝဲရုံလေးပေမယ့်
           မျက်တောင် တစ်ချက်ခတ်လိုက်လို့
                        မိုးအဆုံး မြေအဆုံး
              လိုက်မယ့်သူ ခြေရာမခံမိအောင်
                            မျက်ရည်တွေ
       ခြေရာပျက်အောင် သည်းသည်း မည်းမည်း
                                    ရွာ
.
                           
                              လင်းမိုးစွေ

|| ရေကြီးချိန် ||

ဖားဖြစ်ကြောင်း အသံပြာအောင်တောင် မအော်လိုက်ရဘူး
အောင်မြင်မှုတွေနဲ့  မြူးလို့
ဘဝ မမေ့တဲ့ပုံပဲ
ဖားလောင်းလေးလို ကူးလို့...။

လင်းမိုးစွေ
၃၁.၇.၂၀၁၅
ဓမ္မစကြာနေ့
.

|| ဟိုဘက်ကမ်း ဒီဘက်ကမ်း ||

အသိုင်းအဝိုင်းနှစ်ခုကို တူတစ်စုံလိုထား
ညှပ်ယူပြီးမှ စားရမယ့်
အသည်း
မင်းလည်း  မစားရဲ
ငါလည်း မစားရဲ
ကိုယ့်ကမ်းပါးကိုယ် ဖြိုနေသလို
ကိုယ်တို့မျက်ရည်တွေ မြစ်ရေလိုကြီးတုန်းက

လင်းမိုးစွေ
.

|| လက်ပံတန်းအရေးအခင်း ||

သတိမူခဲ့ပါတယ်
မြူတွေ ကွယ်နေလို့
ဂူကို မမြင်တာပါ...။

လင်းမိုးစွေ
၁၈.၃.၂၀၁၅
.

|| ဆွတ်ပျံ့ဖွယ်နံနက်ခင်း ll

ရေဒီယိုမလာခင်
ခြံထဲက ပန်းတွေရဲ့သတင်း
ပြတင်းတံခါး ဖွင့်လိုက်တာနဲ့
အကုန်ကြားရပြီ...။       ။

လင်းမိုးစွေ
.

|| သားတို့ရုပ်ရည် ||

သနပ်ခါးနဲ့ ရေးပေးတဲ့ ပါးပေါ်က ဝလုံး
ကျွန်တော်သာ အလှဆုံး
အမေက ပြုံးလို့...။

လင်းမိုးစွေ
၈.၁၀.၂၀၁၅
.

|| တန်ဆောင်တိုင်ညများ ||

သာမညဖလတရား
မယ်ဇလီဖူးသုပ်လို နားထဲ ခါးနေတယ်
ရာသီပန်းဖြစ်တဲ့ ခဝဲပွင့်လေး
အိပ်မပျော်တဲ့ရောဂါရနေပြီ။

လင်းမိုးစွေ

.
                   || တံတား ||

       သားရေးသမီးရေးကိစ္စဆိုတာ
        ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း
         သဲသဲကွဲကွဲမမြင်ရသလိုမျိုး
                     ကျွန်တော်
               စောင့်ကြည့်တယ်
                        ကျွန်မ
                မျှော့်ကြည့်တယ်
အလယ်မှာ မြစ်ကြီးခြားနေတယ်လေ။

                    လင်းမိုးစွေ
                     ၂ ၀ ၀ ၎

Facebookပေါ်ကတဆင့်saveထားတဲ့ ကဗျာစုစည်းမှုဖြစ်ပါတယ်၊ မူရင်းမျှဝေသူအား creditပေးပါတယ် ၊ကျေးဇူးလည်းတင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment