Monday, September 18, 2017

ကဗျာ၊စက်မှုနည်းပညာနဲ့ ကဗျာဆရာ

( ၁၉၉၇)က ကဗျာဆောင်းပါး
.
ကဗျာ၊စက်မှုနည်းပညာနဲ့ ကဗျာဆရာ
________________________
( သစ္စာနီ )
.
                   ကော်ဖီဆိုင်မဖွင့်တဲ့နေ့ဖြစ်ဖြစ် နေသာတဲ့နေ့ဖြစ်ဖြစ်၊ပန်းမပွင့်တဲ့ရာသီဖြစ်ဖြစ် ဘယ်အခါမဆို ကဗျာအကြောင်းကတော့ ပြောကောင်းပါတယ်။ကဗျာဆိုတာ သန့်စင်တဲ့ပျော်ရှွင်မှုတစ်ခုပဲ မဟုတ်လား။
                     ခုတလောမှာ ကဗျာကို သိတယ်လို့ထင်နေတဲ့ လူတစ်ချို့ကလည်း ကဗျာအကြောင်းကို တော်တော်ပြန်ပြောလာတာ ကြားရတယ်။ ကဗျာဆိုတာ ဘဝပဲဆိုတဲ့ ဝိဂြိုဟ်ပြုတာမျိုးကိုတော့ ခင်ဗျားတို့လည်း နားငြီးလောက်ပြီမို့ ချန်ထားခဲ့တာ ကောင်းပါတယ်။ ဒါကတော့ သဲကန္တာရသောင်ပြင်ထဲမှာ ဓာတ်ဆီကုန်ပြီး ဘီးကျွံနေတဲ့ ထရပ်ကားအိုကြီးတွေရဲ့ မြည်သံပါပဲ။
                     ဟိုးလပ်က အရာရာတိုင်းမှာ ကဗျာရှိတယ်လို့ ပြောခဲ့ပါတယ်။ ကဗျာရဲ့အခြေခံဓာတ်သဘောဟာ လူတိုင်းရဲ့အတွင်းသဏ္ဏန်မှာရော၊ အပြင်သဏ္ဏန်မှာပါ ပါရှိနေပြီး အဲဒါကို တစ်ခါတလေ ကဗျာအနေနဲ့ ၊တစ်ခါတလေ ကဗျာဆန်တဲ့အနေနဲ့ တွေ့ရတတ်တယ်လို့ ကျနော့်ရဲ့ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်(ကဗျာအဓိပါ္ပယ် ဖွင့်ဆိုသက်မှတ်ချက်ဆောင်းပါး ၊ ၁၉၇၉ ရုပ်ရှင်ပဒေသာ)။အဲဒီဆောင်းပါးမှာပဲ ကဗျာဆိုတာ စကြာဝဠာအနှံ့ ကြဲပြန့်နေတဲ့ ၊သူနဲ့ ထိခိုက်မိတဲ့ပစ္စည်းတွေ ၊ကိစ္စတွေ ၊ခံစားလှုပ်ရှားမှုတွေအားလုံးကို ကောက်ငင်ပြီး ကဗျာဆရာဆိုတဲ့သူက သူ့အတတ်ပညာအလျောက် အချိုးအစား ကျနပြေပြစ်စွာ ဖွဲ့စည်းတင်ပြထားတဲ့ လုပ်ငန်းတစ်ရပ်လို့ ကောက်ချက်ချခဲ့ပါတယ်။
                     အခု ထပ်ပြောချင်တာက အဲဒီကဗျာထဲက ခေတ်ပေါ်ကဗျာဆိုတဲ့ကိစ္စပါပဲ ။ထပ်ပြောချင်တယ်ဆိုပေမယ့်လည်း အဲဒီအကြောင်းကိုပဲ ( ၁။ မြန်မာခေတ်ပေါ်ကဗျာ ဘယ်လဲ၊ ၁၉၇၇ ။၂။မြန်မာခေတ်ပေါ်ကဗျာသစ် ၊၁၉၇၈ )ရာပ်ရှင်ပဒေသာမဂ္ဂဇင်းမှာ ဆောင်းပါးနှစ်ပုဒ် ရေးခဲ့ပါသေးတယ်။ကာ၇န်မဲ့ကဗျာ..ဆိုတဲ့အခော်အသုံးကတော့ ဘာအဓိပါ္ပယ်မှ မရှိတဲ့ဟာမို့ ပြဿနာလုပ်ရှင်းမနေတော့ပါဘူး။ ဒီနေ့ခေတ်ပေါ် ကဗျာရေးသူတွေနဲ့ တိုက်ရိုက်ပက်သတ်တဲ့ အခြင်းအရာကိုပဲ အလေးပေးပြောချင်ပါတယ်။(ကဗျာတိုးတက်ရေးလမ်းကြောင်းမှာ အရေးကြီးတဲ့နေရာကပါတဲ့ ဖတ်သူတွေနဲ့လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်ပါလိမ့်မယ်)။
                     ဒီနေ့ မြန်မာပြည်မှာ ခေတ်ပေါ်ကဗျာလို့ ဆိုတဲ့ဟာကို ရေးတဲ့သူ အရေအတွက် တော်တော်များများရှိတယ်။ နောက်လည်း ရေးလာဦးမယ့် အလားအလာတွေရှိတာမို့ ကြာရင် မြန်မာကဗျာလောကမှာ ခေတ်ပေါ်ကဗျာရေးသူဦးရေဟာ အစဉ်အလာထက် ကဗျာရေးသူဦးရေထက် ပိုမိုပွားများသွားစရာ အကြောင်းရှိပါတယ်။ အဲဒီခေတ်ပေါ်ကဗျာရေးသူတွေကို ကြည့်တော့ အစုနှစ်စုရယ်လို့ တွေ့ရတယ်။
                     အရေအတွက် တော်တော်များတဲ့ ပထမအစုရဲ့ ကဗျာတွေကို ဆန်းစစ်ကြည့်တော့ အားရစရာမရှိလှဘဲ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က (ခေတ်ပေါ်ကဗျာနဲ့ ပက်သတ်လို့ ရှုပ်ထွေးကာလ) ကဗျာမျိုးလောက် အဆင့်မှာပဲ ဝဲလည်နေတာ တွေ့ရတယ်။ ထူးခြားတဲ့ အာရုံခံစားမှုမျိုး ၊အလင်္ကာသုံးစွဲမျိုး အတွေးအမြင်မျိုးရယ်လို့ ပြောပလောက်အောင် ကွဲပြားခြားနားမလာခဲ့ဘူး။ အဲဒီကဗျာတွေရဲ့ အဓိက ထင်ရှားတဲ့ အချက်ရယ်လို့က ပြောမယ်ဆိုရင် အစဉ်အလာ လေးလုံးစပ်ပုံစံကို ဖျက်ထားတယ်ဆိုတာ လောက်ပဲ တွေ့ရတယ်။ဒါကြောင့်လည်း ခေတ်ပေါ်ကဗျာအယူအဆကို ကောင်းကောင်း သဘောမပေါက်တဲ့သူတွေက( အဲဒီထဲမှာ ကဗျာဆရာတွေကိုယ်တိုင်ပါတယ် )။ အဲဒီကဗျာတွေကို ကြည့်ပြီး ခေတ်ပေါ်ကဗျာဆိုတာ ကာရန်မဲ့ကဗျာပဲလို့ အပေါ်ယံကြော သူတို့ဟာ သူတို့ ကင်ပွန်းတပ်ကြ ၊စွတ်စွဲကြ လုပ်လာကြတာပါပဲ ။အမှန်တော့ အစဉ်အလာ လေးလုံးစပ်ပုံစံကို ဖျက်ပြီး ရေးလိုက်ကြရုံနဲ့ ခေတ်ပေါ်ကဗျာဖြစ်မလာနိုင်ပါဘူး။ကဗျော်တို့ ကဗျက်တို့ပဲ ဖြစ်သွားနိုင်ကာတယ်။ကာ၇န်မဲ့တယ်ဆိုတာက (မမဲ့ချင်လည်း မမဲ့ဘူး။ လေးလုံးစပ်ပုံစံ ကာ၇န်ယူပုံစံ စနစ်တော့ မဟုတ်တော့ဘူး။)ခေတ်ပေါ်ကဗျာတစ်ပုဒ်ဖြစ်ဖို့အတွက် များမြောင်တဲ့ ဆုံဆည်းတိုက်ဆိုင်မှုတွေထဲက သာမညအကြောင်းအချက်ငယ်တစ်ခုသာ ဖြစ်ပါတယ် ။
                     ဒုတိယအုပ်စုကတော့ လူနည်းစုပါ။ အဲဒီလူစုကတော့ ခေတ်ပေါ်ကဗျာအပေါ် တကယ်လည်း တစူးတစိုက်ရှိပြီး လေ့လာအားထုတ်နေတာ တွေ့ရတယ်။အပတ်တကုပ်နဲ့ သူတို့ရဲ့ကဗျာတွေကို မဂ္ဂဇင်းတွေမှာ ဖော်ပြတာ မခံရလည်း နောက်မတွန့်ဘဲ ရေးမြဲရေးနေသူတွေဖြစ်တယ်။ ( နယ်က လူငယ်သစ်တွေပါ ထည့်ရေတွက်လိုက်ရင် အဲဒီအုပ်စုကလည်း အင်အားမနည်းပါဘူး) ဒါပေမယ့် သုတို့ကဗျာတွေကို လေ့လာကြည့်တော့ ဝီရိယစိုက်ထုတ်မှုတွေ အချည်းနှီးဖြစ်နေတာ မြင်ရပြန်တယ်။ သူတို့က ခေတ်ပေါ်ကဗျာဆရာဆိုတာ အမှန်လွန်ဝါဒ ၊ သငေ်္ကတဝါဒ ဆိုတာတွေလို့ နားလည်စွဲမှတ်ပြီး ဘို့ဒလဲယားလို ၊ အဲလိယော့လို ကဗျာမျိုးတွေ ကြိုးစားပမ်းစားနေကြလို့ပါပဲ ။သငေ်္ကတဝါဒရဲ့ သမ္မာကျမ်းစာလို့ ဆိုရမယ့် (flower of evil)မိစ္ဆာပန်းများ ဆိုတဲ့ ကဗျာစာအုပ်ကို ဘို့ဒလဲယားဟာ ၁၈၅၇ ခုနှစ် ၊ဇွန်လ ၂၅ရက်နေ့မှာ ထုတ်ဝေခဲ့ပါတယ်။အခုဆိုရင်နှစ်တစ်ရာကျော်လာပြီ။ ပြင်သစ်မှာ ဘယ်သူမှ သူ့လို ရေးမနေကြတော့ပါဘူး။ အမေရိကားနဲ့ အင်္ဂလန်မှာလည်း အဲလိယော့လို အက်ဇရာပေါင်းလို ဘယ်သူမှ မရေးကြတော့ပါဘူး။ဒီနေ့ခေတ်ပေါ်ကဗျာဟာ အာရုံမြင်ဝါဒရဲ့ စိတ္တဇဆန်ဆန်စွဲထင်မှု ၊သငေ်္ကတဝါဒရဲ့ မရှင်းလင်းမှု လှို့ဝှက်ကဲမှု ၊အမှန်လွန်ဝါဒရဲ့ အဓိပါ္ပယ်ထွေပြားဝေဝါးမှု ၊အဲဒါတွေအားလုံးကို ငြင်းပယ်တယ်..လို့ တော်တော်စောစောကပဲ " မြန်မာခေတ်ပေါ် ကဗျာသစ် "(၁၉၈၇ ၊ရုပ်ရှင်ပဒေသာ)ဆောင်းပါးမှာ ပြောဆိုခဲ့ပါတယ်။
                      ကျွန်တော်တို့ ခေတ်ပေါ်ကဗျာရေးသူ အတော်များများဟာ ဟိုးလဗ်ထက် ဘို့ဒလဲယားကို အားကျနေတာ ။အက်ဇင်ဘာဂျာနဲ့ ဟားဗက်ထက် အက်ဇရာပေါင်းနဲ့ အဲလိယော့ ဆန်ချင်နေတာ အံ့သြလို့ မဆုံးစရာပဲ။ဟိုးလဗ်က ကဗျာဆိုတာ သတင်းစာဖတ်သလို ဘောလုံးပွဲသွားသလို ရိုးရိုးသာမာန်ကိစ္စပဲလို့ ပြောခဲ့တာ နည်းယုဖို့ကောင်းပာတယ်။ အက်ဇင်ဘာဂျာကလည်း ကဗျာဟာ နံရံပေါ်မှာ ရေးထားတဲ့အရုပ်လို လူတိုင်းနားလည်ရမယ်လို့ ပြောခဲ့ပါတယ်။
                     ဒီနေ့ ခေတ်ပေါ်အနုပညာသစ်ဆိုတာ ရိုးရှင်းနက်နဲမှုနဲ့ စက်မှုသိပ္ပံကို ပေါင်းစပ်ပေးထားတာပါပဲ။ ပန်းချီမှာလည်း ကျဗစ်ဇင်တွေ ၊ဆာရီရယ်လစ်တွေကနေ ဟိုက်ပါရီရယ်လစ်ဇင်ခေတ်ကို ပြန်ရောက်နေပါပြီ ။ (ဓာတ်ပုံထက် ပိုတူအောင် ရေးနည်းပဲ)။စကားပြေမှာလည်း ထရူးမင်းကပို့တို့၊ တွမ်ဝုဗ်တို့က ရှင်းလင်းလွယ်ကူပြီး သတင်းစာ စပါးပြေဆန်တဲ့ (နယူးဂျာနယ်လစ်ဇင်) အရေးအသားတစ်မျိုးကို ခေတ်သားအောင် ကြိုးစားခဲ့ကြပါတယ်။ရုပ်ရှင်မှာလည်း ရှင်းရှင်းလွယ်လွယ် ၊နီရိုရီရာ်လစ်ဇင်နဲ့ မတူတဲ့ မှတ်တမ်းဆန်ဆန် (ဂျူကူမင့်ထရီ)နည်းစနစ်ကို အားပြုရိုက်ကူးလာကြပါတယ်။( ဂေါ့ဖားသားနဲ့ အမ်ဒါဖိုင်းယား_ ရှု)
                     ဒီနေ့ ကမ္ဘာတစ်ဝန်းမှာ အပေါက်ကွဲဆုံးဖြစ်နေတဲ့ ဘရိတ်စ်ဒန့်ကိုပဲ ကြည့်ပါ ။အဲဒီက (Electric Boogie)လို့ အမည်ပေးထားတဲ့ ကကွက်တွေဟာ စက်မှုသိပ္ပံနဲ့ အနုပညာကို ပေါင်းစပ်ထားခြင်းရဲ့ ထင်ရှားတဲ့ နောက်ဆုံးသာဓကပါပဲ။ကခုန်သူတွေဟာ ကွန်ပြူတာစက်ပေါ်က အလင်းရောင်တန်းတွေ ဝင်းခနဲ လက်ခနဲ ပြိုးပြတ်သလို ခန္ဓာကိုယ်ကို လှုပ်ရှားရသလိုမျိုး ၊စက်ရုပ်လမ်းလျှောပ်တာကို အတုယူထားတဲ့ ဆတ်တောက် ဆတ်တောက် လှုပ်ရှားမှုမျိုးကို ကကွက်အဖြစ် အသုံးပြူကြတယ်။လရဲ့ဆွဲငင်အားနဲ့ လူရဲ့ရုန်းကန်အားကို အခြေခံပြီး တီထွင်ထားတဲ့ မွန်းဝေါ့ခ်ခေါ်တဲ့ လပေါ် လမ်းလျှောက်ပုံနဲ့ တူတဲ့ ကကွက်တွေလည်း ပါတယ်။
                 နေထိုင်မှုဘက်လည်း ကြည့်ဦး။
ဒီနေ့ဗိသုကာပညာဟာ အကွန့်မညွန့်၊အချွန်အတက်တွေကို ပယ်တဲ့ ရိုးစင်းလွယ်ကူမှုမှာ အခြေခံတဲ့ အဆောက်အအုံတွေကို နှစ်ခြိုက်စွာ တိုးချဲ့ဆောက်လုပ်လာတာ တွေ့နေရတာပဲ မဟုတ်လား။ (Pyrity of Desugn)ဒီဇိုင်းသန့်စင်မှုကို အလေးပေးလာတဲ့သဘောပါပဲ။
                     ဒီနေ့ခေတ်ပေါ်အနုပညာဆိုတာ စက်မှုသိပ္ပံသရုပ်မှန်ဝါဒလို့ပြောရင် ရမယ်ထင်ပါတယ်။
                    ဒီနေကမ္ဘာဟာ အဂုၤလိမာလရဲ့ကမ္ဘာ၊နပိုလီယမ်ရဲ့ကမ္ဘာ မဟုတ်တော့ပါဘူး။ ညူကလိယ ၊ကွန်ပြူတာ၊အီလက်ထရွန်နစ်၊ စက်မှုသိပ္ပံခေတ်ထဲမှာ ကဗျာဟာ အလယ်ခေတ်ကလို ခန့်ထည်နွဲ့နှောင်းပြီး အသိရခက်ခဲအောင် တမင်ကြီုးစားနေတာမျိုးကို စွန့်ပစ်သင့်တာ အမှန်ပါပ မဟုတ်လား။( အမှန်တော့ ဒီနေ့ဟာ စက်မှုတော်လှန်ရေးပြီးစ ကာလနဲ့တောင် ကွာခြားနေပါပြီ )။အနုပညာဆိုတာ သိပ္ပံပညာနဲ့ တစ်သီးတခြား ကင်းလွတ်တဲ့အရာ ဖြစ်တယ်ဆိုတဲ့ အယူအဆကတော့ အက်မတန်ကျဉ်းမြောင်းပြီး မျက်ကန်းဆန်တဲ့ကောက်ချက်ချမှုသာ ဖြစ်ပါတယ်။အဲဒီလူမျိုးကို ပြဒါးလင်းဂူထဲမှာ အမဲသားစိမ်းတစ်ပိသာနဲ့အတူသာ ပိတ်လှောင်ထားဖို့ပဲ ကောင်းတယ်။
                    တစ်ချို့ကဗျာဆရာတွေက သိပ္ပံပညာဟာ သူတို့ဆီက ကြယ်ပွင့်တွေကို ခိုးယူသွားပါပြီဟု မြည်တမ်းပြီး ရန်ထောင်ငိုပွဲဖွဲ့ကြတယ်။သူတို့ကိုယ်တိုင်ကတော့ အမိုင်နိုအက်ဆစ်၊ နျူကလစ်အက်ဆစ်နဲ့ ခရိုမိုဆုမ်းတွေ စီးဆင်းနေတဲ့ အရာဆိုတာ မေ့လျော့နေကြတယ်။ သဘာဝတရားကို ခံစားချက်နဲ့ ကြည့်မြင်ပြီး အဲဒီခံစားချက်ကို ဖော်ပြဖို့ ကြိုးစားနေတဲ့လူကို အနုပညာရှင် ၊ ယုတ္တိဗေဒပေါ်မှာ အခြေခံပြီး အနက်ဓိပါ္ပယ်ဖွင့်ဆိုဖို့ ကြိုးစားတဲ့လူကို သိပ္ပံပညာရှင်လို့ ယေဘူယျအားဖြင့် ခေါ်နိုင်ပါတယ်။
                    ဒါပေမယ့် သိပ္ပံပညာရှင်တွေ ဝန်ခံထားတဲ့အချက်တစ်ချက်ရှိတယ်။သူတို့သီအိုရီအသစ်တစ်ခု ရှာဖွေတွေ့ရှိတယ်ဆိုတာ စဉ်းစားလို့ မဟုတ်ဘဲ စိတ်ကူးဉာဏ်ကွန့်မြူးမှုကြောင့်သာ ဖြစ်ပါတယ်တဲ့။ ကဗျာဆရာတစ်ယောက်အနေနဲ့လည်း ခံစားမှုကိုသာ အသားပေးနေပြီး အဲဒီခံစားမှုကို မထိန်းချုပ်နိုင်ရင် အညံ့စားကဗျာဆရာပဲ ဖြစ်မယ်တဲ့ ။ပုံစံကျနေတဲ့ လူတွေရဲ့ အမြင်ကတော့ ကဗျာဆရာက စဉ်းစားတွေးခေါ်နေပြီး သိပ္ပံပညာရှင်က ခံစားနေရင် မကြိုက်ချင်ကြဘူး။
                    ဒီနေ့ခေတ်ပေါ်ကဗျာဆိုတာ လက်ရှိစက်မှုသိပ္ပံလူ့အဖွဲ့အစည်းရဲ့ တိုက်ရိုက်ထိတွေ့ လက်ခံစားသုံးနေတဲ့ အရာတွေကို အဓိက အားပြုပြီး အရိုးစင်း၊ အရှင်းလင်းဆုံး၊အလွယ်ကူဆုံးနည်းနာတွေနဲ့ အနက်နဲဆုံး ၊အားအကောင်းဆုံးဖြစ်အောင် ဖော်ပြနိုင်တာကို ခေါ်တာပါပဲ။ဂန္ထဝင်နဲ့ ရိုမန့်တစ်ခေတ်က ကဗျာဆရာတွေအဖို့ ခပ်ယူသုံးစွဲလို့ မကုန်ခမ်းနိုင်တဲ့ လမင်း၊ စမ်းရေ ၊ကြယ်တာရာ၊နွေဦး၊ ပန်းပွင့် စတဲ့ ပစ္စည်းတွေရဲ့သြဇာက ကျွန်တော်တို့ ဘာလို့ ရုန်းမထွက်နိုင်ရမှာလဲ။
                  အဲဒီခေတ်က ကဗျာဆရာတွေကိုတော့ အပြစ်ဖို့စရာမရှိပါဘူး။ဒန်တီဟာ တယ်လီဗေရှင်းကို မမြင်ဖူးသလို နတ်သျှင်နောင်ဟာလည်း ဟယ်လီကော်ပတာကိုမှ မမြင်ဖူးခဲ့ပဲ။နို့မို့သာဆိုရင် သူလည်း ဓာတုကလျာဆီကို ကျေးစေမယ့်အစား တယ်လီဖုန်းဆက်တဲ့ကဗျာသာ ရေးတော့မှာပေါ့။
               လက်ရှိကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ စက်မှုသိပ္ပံခေတ် လူသုံးကုန်ပစ္စည်းတွေ အလျှံပယ်ရှိနေပါပြီ။ ဂန္ထဝင်ခေတ်စာဆိုတစ်ဦးက " တိမ်ကင်းစင်တဲ့လပြည့်ဝန်းလို သန့်စင်သူ "လို့ သုံးနှုန်းခဲ့တာကို ကျွန်တော်တို့က "သတ္တုသောက်ရေခွက် အသစ်တစ်ခုလို သန့်ရှင်းသူ"လို့ မသုံးနှုန်းရမှာလဲ။ လမင်းဆိုတာ ကျွန်တော်တို့ ထိကိုင်ဖို့ အလှမ်းကွာတဲ့ အဝေးကြီးကဟာ ။သတ္တုသောက်ရေခွက်ကတော့ ကျွန်တော်တို့နဲ့ လမ်းတကမ်းကဟာ။ အဲဒါနဲ့ ထိတွေ့ဖို့ (ကိုင်တွယ်ခံစားဖို့ )အချိန်နဲ့နေရာ များများ မလိုဘူး။ ခေတ်ပေါ်အနုပညာဆိုတာ အချိန်နဲ့နေရာ(ကာလနဲ့ဒေသ/Time and Space) ကို ခြုံထားတဲ့အရာပါပဲ။
                  ဒီနေ့ခေတ်ဟာ အဝေးဆက်သွယ်မှု (Telecommunication ) ထွန်းကားတဲ့ခေတ်၊ တယ်လီဖုန်း ၊ကြိုးမဲ့ကြေးနန်း၊ဂြိုလ်တုသတင်း ကျည်ဆန်၊ရထား ၊ကွန်ပြူတာ စတဲ့ဟာတွေကို အသုံးပြုနေတဲ့ခေတ်မှာ ကဗျာဟာ တစ်နေ့တခြား ကျုံ့ဝင်လာနေတယ်။ လူသားတိုင်းဟာ အဲဒီအချိန်နဲ့ နေရာချုံ့လာမှုကို မလွဲမသွေ ခံစားနေရတယ်။အဲဒီခေတ်ပေါ်အာရုံခံစားမှုဟာ အနုပညာ(ဖန်းတီးသူနဲ့ သုံးစွဲသူ)ကို တိုက်ရိုက် သြဇာပေးလာတယ်။အဲဒီကိစ္စက အတော်ရှည်ရှည်လျားလျား ရှင်းလင်းရမှာမို့ ဒီနေရာမှာ သဘောလောက်ပဲ တင်ပြပါရစေ။
                  ကျွန်တော်တို့ဟာ အဖန်တရာတေနေတဲ့ စမ်းရေ၊ ပန်းပွင့်၊ ကြယ်၊လနဲ့ နွေဦးတွေ ၊တောင်တန်းတွေအစား ပတ်ဝန်းကျင်မှာ အမြဲရှိ ၊အမြဲထိတွေ့နေရတဲ့ စည်သွပ်ဗူး၊တယ်လီဖုန်း၊မီးခလုတ်၊ဝါယာကြိုး၊ဓာတ်ပြား၊ သောက်ရေခွက် စတာတွေကို ဘာကြောင့် အစားထိုး မသုံးစွဲဘဲ ရှောင်ဖယ်နေရတာလဲ။ စက်မှုသိပ္ပံခေတ်က ထွက်ပြေးဖို့ ကြိုးစားနေတာဆိုရင် အဲဒါဟာ ဆုံးရှုံးမှုတစ်ခုသာ ဖြစ်တယ်။"အဲသလို သုံးစွဲတဲ့ အင်္လကာတွေက ကဗျာမဆန်ဘူးဗျာ့"ဆိုရင်တော့ ဒါ တရားသေ ရူးသွပ်မှုတစ်ခုသာ ဖြစ်တယ်။
                  ကဗျာဟာ ကဗျာပါပဲ။ကဗျာဟာ စာပေဆန်ရမယ်။(အမှန်တော့ အစဉ်အလာ ဂန္ထဝငိစာပေ ဆန်ရမှာကို ပြောတာ)ဆိုတာ တော်တော်ဟောင်းတဲ့မှိုတက်နေတဲ့ ပြက်လုံးပဲ။ တစ်ခါက အဲဒီအယူအဆမျိုးရှိတဲ့ မိတ်ဆွေ အယ်ဒီတာတစ်ဦးက "ကျုပ်တို့ မဂ္ဂဇင်းအတွက် ကဗျာခံ့ခံ့လေးတစ်ပုဒ် လုပ်ပေးစမ်းပါဗျာလို့ "ဆုံတုန်း ပြောဖူးတယ်။ကျွန်တော်က "ခံ့ခံ့ဆိုတာ ဘာကို ပြောတာလဲဗျာ့၊ကဗျာမှာ နှုတ်ခမ်းမှေွးတပ်ပေးရမှာလား"လို့ ပြောပြီး ရယ်နေလိုပ်တယ်။ကဗျာလည်း မပေးဖြစ်ဘူး။အမှန်တော့ သူ ဘာပြောချင်တယ်ဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်။သူတို့်မဂ္ဂဇင်းမှာ ဖော်ပြနေကျ တခြားကဗျာတွေကို အကွန့်အညွန့် ပေါရာဏစကားလုံးတွေ ကြားညှပ်ထားတဲ့ ဂန္ထဝင်မစင်တဲ့ ကဗျာမျိုးကို ဆိုလိုတာပါ။အဲဒီလိုပဲ ချက်ကိုစလိုဗက်မှာ ကဗျာနှစ်ဂိုဏ်းကွဲတော့ ဟိုးလဖ်က (Anti Literary)စာပေမဆန်တဲ့ ကဗျာဂုဏ်းဘက် ပါသွားတယ်လို့ သိရတယ်။
                  ခုန ပြောခဲ့သလိုပါပဲ။ကဗျာတစ်ပုဒ်ဟာ ကဗျာဖြစ်နေဖို့ပဲ အရေးကြီးပါတယ်။( ကဗျာဆိုတာ တစ်ချို့လူတွေ လုပ်နေသလို သီတင်းကျွတ်ရင်လည်း ရေးဖို့၊ ပညာရှိဆဲ ဆဲချင်ရင် ရေးဖို့၊ တောက ဧည့်သည်ရောက်ရင်လည်း ရေးဖို့တော့ မဟုတ်ဘူးပေါ့ )ကျွန်တော်တို့ဆီက ကဗျာအပေါ် တကယ်စေတနာထားပြီး ကြိုးစားအားထုတ်နေတဲ့သူတွေ အထူးသတိပြုရမှာက သငေ်္ကတဝါဒ၊ အမှန်လွန်ဝါဒ အိပ်ဆေးမိပြီး ဘိုဒလဲယားပခုံးကိုမှီ မှေးလိုက်မနေဖို့ပါပဲ ။
                  ဒီနေ့ မဂ္ဂဇင်းအသစ်တွေ တိုးပွားလာနေတယ်။ကဗျာအသစ်တွေကိုလည်း မဂ္ဂဇင်းတချို့က အသားပေး အသုံးပြုချင်နေတာ တွေ့ရတယ်။( ကဗျာသစ်ဆိုတာ ဘာလံလို့ သူတို့သဘောပေါက်ဖို့ လိုတာပေါ့ )ကဗျာကို ထိုက်သင့်သလောက် သဘောပေါက်ပြီး နေရာမှန်ကို ရောက်စေချင်တဲ့စေတနာရှိတဲ့ အယ်ဒီတာတချို့လည်း ရှိနေပါတယ်၊သက်ဆိုင်ရာတာဝန်ရှိသူတွေကသာ မှန်မှန်ကန်ကန် သဘောပေါက်မယ်ဆိုရင် မြန်မာကဗျာဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ခေတ်တစ်ခေတ်ကိုတောင် ရောက်လာစရာရှိပါတယ်။အခုလို အခွင့်သာခိုက်မှာ အဓိက တာဝန်ရှိသူတွေကတော့ ကဗျာရေးသူတွေကိုယ်တိုင်ပါပဲ။
              ခင်ဗျားတို့ ဘာတွေ ရေးကြမလဲ။
.
သစ္စာနီ

No comments:

Post a Comment