တနင်္ဂနွေ
တနင်္ဂနွေနေ့တစ်နေ့မှာ ကျွန်တော်ဟာ ပင်လယ်ပြင်ထဲ ရောက်နေပါတယ်။ ပင်လယ်ကူး သင်္ဘောကြီးပေါ်ကနေ အဝေးကို မျှော်ကြည့်ရတာ နောက်ခံ ပေါက်ထွက်နေတဲ့ ပန်းချီကားကြီးကို ကြည့်ရသလိုပဲ။ ပင်လယ်ကြီးကို ငုံ့ကြည့်ရတာလည်း ကျွန်တော့်မှာ ဇဝေဇဝါဖြစ်ရပါသည်။ ကျွှန်တော့အောက်က ပင်လယ်ကြီးဟာ မှောက်ခုံဖြစ်နေတာလား။ပက်လက်ဖြစ်နေတာလား ကျွှန်တော်ဟာ
သူ့ကျောကုန်းပေါ် ရောက်နေတာလား ။ ရင်ဘတ်ပေါ် ရောက်နေတာလား မကွဲပြားဘူး။
အဝေးထောင့်တစ်ခုဆီက ကောင်းကင်ဟာ ပြာပြာအက်အက်ဖြစ်နေတယ်။လေတိုက်သံကလည်း တစ်ခါတစ်ခါမှာ ကျောက်ဆောင်တွေရဲ့ ချောင်းဆိုးသံနဲ့တူတယ်။ မာလိန်မှူးကြီးက……………….
“ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ ဟိုကောင်လေးကရော ဟိုငေးဒီငေးနဲ့”
သင်္ဘောဝမ်းဗိုက်ထဲ ခုန်ဆင်းပြီး သင်္ဘောရဲ့နံရိုးတွေကို ကျွန်တော် ရိုက်ချိုးပစ်လိုက်တယ် မာလိန်မှူးကြီးက သင်္ဘောကို ရိုက်မောင်းနေတဲ့ သူ့ကြိမ်လုံးကြီးကို လွှတ်ချပြီး ကျွန်တော့်ဆီကို ကားရားကားရား လျှောက်လာတယ်။ ကျောက်ဆောင်ကြီးကတော့ ဘယ်သူ့ဘက်ကလည်းမသိဘူး။ လူမိုက်တစ်ယောက်လို ခပ်လှမ်းလှမ်းကနေ ခါးထောက်ပြီးရပ်ကြည့်တယ်။
“မင်း…. ဘာလုပ်တာလဲ”
ကျွှန်တော်နဲ့မာလိန်မှူးကြီး စကားများကြပါတယ်။ ကျွန်တော်က သင်္ဘောနဲ့ဆက်မလိုက်ဖြစ်တော့ဘူး၊ ပင်လယ်ပြင်ပေါ်ခုန်ချပြီး ကိုယ့်ခြေထောက်နဲ့ကိုယ်ပဲ ဆက်လျှောက်နေလိုက်တယ်။သင်္ဘောကြီးကတော့ စွပ်ဖားလှည်းကြီးတစ်စီးလို ဒရွတ်တိုက်ဆွဲပြီး ထွက်သွားတယ်။အဲဒီစွပ်ကြောင်းကြီးကို ရှောင်နင်းပြီး မာနတွေ တစ်ခွဲသားနဲ့ကျွန်တော်ဆက်လျှောက်ခဲ့လေရဲ့။ နည်းနည်းချမ်းငွေ့ငွေ့ဖြစ်လာလို့ ပင်လယ်ခရီး တစ်ထောက်မှာပဲ ကျွန်တော်မီးဖိုကြီးဖိုရတယ်။တခြားလောင်စာလည်း ဘာမှမရှိဘူး။ပင်လယ်ကိုပဲ ရှို့ပြီးလှုံရတဲ့ မီးပေါ့။ မီးတောက်အရှိန်ကောင်းတုန်းမှာပဲ လူတစ်ယောက်ရောက်လာတယ်။သူကလည်း ကျွန်တော့်လိုပါပဲ။ မာလိန်မှူးကြီးနဲ့စကားများပြီး သဘောင်္ပေါ်က ဆင်းလာတာတဲ့။
“သူက ငါတို့ကိုအလုပ်လုပ်နေတာ မမြင်ရင် သဘောမကျဘူးကွ”
“လုပ်စရာရှိရင်တော့ လုပ်နေတာပဲ၊ လုပ်စရာမရှိရင်တော့ မလုပ်ဘူးပေါ့”
သူက တဟဲဟဲရယ်ပါတယ်။ သူ့ရယ်သံက ပင်လယ်ပြင်ကို လွှနှင့်တိုက်ဖြတ်သလိုပါပဲ။ရယ်သံအဆုံးမှာ သူကပြောတယ်။
“ဒီလိုကွ…..ပင်လယ်ပြင်မှာက ဘာအလုပ်မှမရှိရင် သဘောင်္အလုပ်သမားတွေက မာလိန်မှူးကို ရန်မူဖို့စဉ်းစားနေတတ်တယ်။အဲဒါကြောင့် သူက မင်းတို့ငါတို့ကို တစ်ခုမဟုတ် တစ်ခုလုပ်နေစေချင်တာ”
မဲ့ပြုံးနဲ့အတူ ခေါင်းကိုခါရင်း….
“ကော်ဖီခါးခါးတစ်ခွက် သောက်ချင်တယ်ဗျာ”
လို့ပြောလိုက်တယ်။
“အဲ့ဒါဆိုရင် ကုန်းမြေရောက်တဲ့အထိ မင်းဆက်လျှောက်ပေါ့”
“ကောင်းကင်ဘုံမှာ ဝင်စရာတစ်ခုရှိသေးတယ်”
လို့ပြောတယ်။
“လူကြုံမှာထားတာလေးတွေ ရှိသေးတယ် “တဲ့။
ကျွန်တော်တစ်ယောက်တည်း ကုန်မြေဆီ ပြန်ခဲ့တယ်။မီးပုံကိုမငြိမ်းခဲ့ဘူး။ပင်လယ်မှာ မီးကြွမ်းမီးကျန်ဟာ ပိုလို့ကြောက်စရာမဖြစ်လောက်ပါဘူး။ကျွန်တော့အတွက်ကတော့ ‘ တနင်္ဂနွေ’ဆို တာဟာ ဖျိုးဖျိုးဖျစ်ဖျစ် မြည်ဟည်းနေတဲ့ ပင်လယ်လောင်ကျွမ်းသံပါပဲ။
တနင်္လာနေ့
ဗီသိုဗင်ဆီ ကျွန်တော်ရောက်တယ်။ ဆရာကြီး ဗီသိုဗင်ဟာလူတစ်ယောက် သူ့ဆီပို့ပေးတဲ့ ဂီတသံစဉ်တွေကိုဖတ်နေတယ်။ပြီးတော့လည်း ခေါင်းကြီးကို ခါရမ်းနေတယ်။
“ဘာဖြစ်လို့လဲ”
ကျွန်တော်က မေးတော့ ဆရာကြီးက မျက်နှာအိုအိုနဲ့စာရွက်အောက်ခြေက မှတ်ချက်ကိုပြသည်။ ရေးထားတာက (သူ့သံစဉ်ဖွဲ့စည်းမှုကို ) “ ဘုရားသခင်၏ အကူအညီဖြင့် ပြီးပါသည်” တဲ့။ ကျွန်တော်က ဆရာကြီးရဲ့မျက်နှာကို လှမ်းကြည့်တယ်။ ဆရာကြီးက အဲဒီမှတ်ချက်ကလေးကိုပဲ ဘဝင်မကျပုံပေါ်ပါတယ်။ ကျွန်တော်လှမ်းကြည့်တဲ့ မျက်လုံးတွေကိုလည်း သူက နားလည်တယ်။ကျွန်တော့်ကို ရှင်းပြသလိုလိုနဲ့ တစ်ကိုယ်တည်းညည်းတယ်။
“ကိုယ့်လူရယ်…… ကိုယ့်အားကိုယ်ကိုးပါတော့လား “
ကျွန်တော် ဆရာကြီး ဗီသိုဗင်ဆီက ပြန်လာတော့ လမ်းမှာ လူတစ်ယောက်နဲ့တွေ့တယ်။အဲ့ဒီလူ က“တယော”တစ်လက်ကို ထမ်းလာတယ်။ကျွန်တော့်ကို တွေ့တွေ့ချင်း ဝမ်းသာအားရနဲ့ဆီးပြောတယ်။
“ကျွန်တော်တောင် ဘုရားသခင်ရဲ့အကူအညီနဲ့ ဂီတသံစဉ်တစ်ပုဒ်ဖွဲ့ခဲ့သေးတယ်ဗျ၊ လေ့လာချင်ရင် လေ့လာလို့ရအောင် ဗီသိုဗင်ဆီ ပို့ထားတယ်”
“အော်….. အဲ…..ဟုတ်ကဲ့”
“ခင်ဗျားလည်း နားထောင်သွားပါဦးလား၊ ကျွန်တော်တီးပြမယ်”
အမှန်တော့ ကျွန်တော့မှာ နားထောင်ချင်စိတ် သိပ်မရှိပါဘူး။ဒါပေမယ့် ခက်တာက ကျွန်တော့မှာ အချိန်နည်းနည်း အားလပ်နေတယ်။နွေရာသီကလည်း မရောက်သေးဘူး။လှမ်းကြည့်တော့ တောအုပ်ရဲ့ ခေါင်မိုးဟာ အညိုဖျော့ဖျော့ဖြစ်လို့။အဲ့ဒါနဲ့ပဲ သူ့ဘေးနားထိုင်ပြီး သူ့ဂီတကို နားထောင်နေလိုက်တယ်။
တီးကွက်အဆုံးမှာ သူက စူဇကာပုဏ္ဏားလိုပြုံးတယ်။ကျွန်တော့်မှာ သူ့ကိုလှူစရာ ဘာမှမရှိဘူး။ပွင့်ပွင့်ပဲ ပြောလိုက်တယ်။
“မကောင်းဘူး”
“ဘာ…..ဘာဖြစ်လို့တုံး”
“ခင်ဗျား…..တယောက အခေါင်းပေါက်မှ မပါဘဲ”
သူ့တယောမှာ အသံကို မြည်ဟိန်းစေမယ့် ခေါင်းပေါက်မပါပါဘူး။သစ်သားကလည်း နတ်ရုပ်လုပ်တဲ့ သစ်သားထင်ပါရဲ့။ ကျွန်တော်က လက်မခံတော့….
“အင်း…..ကျွဲပါးစောင်းတီးဆိုတော့ အဲဒါမျိုးပေါ့”
ဆိုပြီး သူထွက်သွားပါတယ်။ကျွန်တော့်ဘာသာ သားရေကွင်းတစ်ကွင်းကို ခြေမနှစ်ချောင်းမှာ တပ်ပြီး တီးကြည့်သော သူ့လိုပဲအသံထွက်တယ်။တနင်္လာသံလို့ကျွန်တော်က သတ်မှတ်ခဲ့တယ်။
အင်္ဂါနေ့
“ပိုက်ဆံချမ်းသာဖို့သာ ဆန္ဒလွန်ကဲနေရင် အဲဒီလူမွဲမှာပဲ”
“ဟုတ်…..ဟုတ္ကဲ့”
“ငါဆိုရင် တစ်နေ့တစ်နေ့ကို ပေါင်မုန့်နည်းနည်းနဲ့ဝိုင်နည်းနည်းနဲ့ပဲနေတာ။ ညကြီးသန်းခေါင်လည်း အလုပ် လုပ်စရာရှိရင်ထလုပ်တာပဲ”
“အော်……အင်း….ဟုတ်ကဲ့”
“ကောင်းတာပေါ့ ဆရာရယ်”
ကျွန်တော်တို့နှစ်ယောက်သား သူ့စကားကို အင်း လိုက်နေကြရပါတယ်။ သူကလည်း လေးစားစရာကောင်းတဲ့ ဝိညာဉ်တော်တစ်ခုမဟုတ်လား။ကျွန်တော်တို့ရဲ့ အခန်းလေးထဲမှာရှိတဲ့ အမှောင်ပွပွဟာ နေရတာ ငြီးစီစီကြီး ဖြစ်စေတယ်။ကျွန်တော့မိတ်တွေရဲ့ပန်းပုရုပ်တွေကလည်း အရေပြားတွေ တွဲကျလို့။
“ငါ ဘယ်လောက်ထိ ကြိုးစားရတယ် အောက်မေ့လဲ ၊ ဦးထုပ်ပေါ်မှာ ဖယောင်းတိုင်ထွန်းပြီးတော့ အလုပ်လုပ်ရတာ “
“ အော်”
နှစ်ယောက်သား ငေးရီနားထောင်နေရပြန်တယ်။အတော်ကြာမှ မိုက်ကယ်အိန်ဂျလို ပြန်သွားသည်။မိတ်တွေက သူ့ပန်းပုရုပ်တွေနဲ့ တွဲကတယ်။ ဘာဖြစ်လို့ဒီလောက်ပျော်သွားရတာလဲ။သူ့ဘာသာသူရယ်ရယ်ပြောပြော ပြောတယ်။
ကျုပ်အတွက် အကောင်းဆုံးနည်းစနစ်တစ်ခု ရလိုက်တယ်။ ကျုပ်လည်း ဦးထုပ်မှာ ဖယောင်းတိုင်ထွန်းပြီး ပန်းပုထုရမယ်။အင်းတစ်ခုပဲ……ဖယောင်းတိုင်ထွန်းလို့ရမယ့် ဦးထုပ်ကို ကျုပ်ရှာရမယ်”
ကျွန်တော်ကတော့ ပါးစပ်အဟောင်းသား ဖြစ်မိတာပေါ့။
“မဟုတ်သေးပါဘူး။သူက သူ့ခေတ်အခြေအနေအရ လုပ်တာ။ခု ခင်ဗျားခေတ်မှာက အဲလိုလုပ်စရာမှ မလိုဘဲ ။ လျှပ်စစ်မီးရှိနေတာပဲ”
“လျှပ်စစ်ရှိရှိ မရှိရှိဗျာ၊ ဖယောင်းတိုင်ရှိဖို့အရေးကြီးတယ်။နေဦး ကျုပ် ဦးထုပ်သွားရှာဦးမယ်”
သူ အခန်းပြင်ကိုထွက်သွားပါတယ်။ကျွန်တော်က ခန္ဒာကိုယ်ကို အပျင်းဆန့်ရင်း သူ့အတွက် စိတ်မသက်မသာ ဖြစ်နေမိတယ်။ဦးထုပ်ပေါ် ဖယောင်းတိုင်ထွန်းပြီး ပန်းပုထုဖို့ဆိုတာက သိပ်တော့ခက်ခဲမှာ မဟုတ်ပါဘူး။ဒါပေမယ့် မဖွယ်မရာ ဖြစ်နေတာက လျှပ်စစ်မီးရှိနေတယ်။ပိုဆိုးတာက သူ့ခေါင်းအထက်မှာ လည်မယ့်ပန်ကာကြီးလည်း ရှိနေမယ်။
နွေဦးရာသီကလည်း မရောက်သေးဘူး၊ ပန်ကာကြီးကို ကျွန်တော်မော့ကြည့်မိတယ်။ဟီးဟီးဟဲဟဲနဲ့ ဟင်းလင်းပြင်ကို ထိုးခွဲလည်ပတ်နေတယ်။အောက်ဆင်းလာပြီး ပန်းပုရုပ်တွေနဲ့ တွဲကလိုက်တယ်။ပြီးတော့မှ မျက်နှာကျက်ပေါ်ပြန်တက်ပြီး ဇောက်ထိုးကြီး ဆက်လည်နေတယ်။
သူကလည်း ပျော်တယ်လေ။ထိုလူက ဦးထုပ်ပေါ်မှာ ဖယောင်းတိုင်ထွန်းလိုက် ၊ သူက လေနဲ့ငြိမ်းလိုက် ဆော့ရမှာကိုး။ ပန်ကာကြီးရဲ့ ရယ်သံကို ကျွန်တော်နားနဲ့ဆက်ဆက်ကြားရတယ်။ပြက္ခဒိန်ကို လှည့်ကြည့်ပြီး ဒီရယ်သံဟာ အင်္ဂါသံလို့သိလိုက်တယ်။
ဗုဒ္ဓဟူးနေ့
ကျောက်တုံးတွေကို ကျွန်တော် တွန်းချလိုက်တယ်။ဝရုန်းသုန်းကား လိမ့်ဆင်းသွားတဲ့ ကျွန်တော်ဟာ နောက်ဆုံးမှာ တစ်စုံတစ်ယောက်ပေါ်ပိလို့။
သူက ကျွန်တော့်ကို စိတ်မဆိုးပါဘူး။
တွေ့ရတာ ဝမ်းသာပါတယ် လို့နှုတ်ဆက်တယ်။ ကျွန်တော်လည်း ကိုယ်ပေါ်ကမြေစေး၊မြေဖက်တွေကို ခွာချရင်း ….
“ကျွန်တော် တော်တော်နာသွားတယ်”
သူက ကျွန်တော့်စကားကိုလည်း စိတ်မဝင်စားပါဘူး။
“ဟော… မြူနှင်းတွေ အုံ့လာပြီ”
မြူတွေ၊ နှင်းတွေကလည်း တကယ်အုံ့လာကြတယ်။သူက မိုးပေါ်ကလမင်းကို မော့ကြည့်ပြီး…..
“ခင်ဗျား….ဘယ်က ပြုတ်ကျလာတာလဲ သိလား”
“သိတယ်လေ ၊ ဟိုတောင်ပေါ်က “
သူက ခေါင်းခါပါတယ်။
“မဟုတ်ဘူးဗျ၊ လမင်းပေါ်က ပြုတ်ကျလာတာ”
“သူ့မျက်နှာကြည့်တော့လည်း တည်တည်ကြည်ကြည်မို့လို့ ကျွန်တော်လည်းမဝေခွဲတတ်ဘူး။ကိုယ့်ဘာသာ မရေရာ ဖြစ်သွားတယ်”
“ဟုတ်လား၊ ကျွန်တော် မနေ့က လမင်းပေါ် တက်သွားမိတယ် ထင်တယ်”
သူက တခစ်ခစ်ရယ်သည်။
လရောင်အောက်မှာ ကျွန်တော်သီချင်းစပ်နေတာ
ဟုတ်လား….. ဘာသီချင်းများလဲ
သူ့ သီချင်းစာရွက်ပေါ်က ဂီတသင်္ကေတအရသံစဉ်အတော်လှပလိမ့်မယ်။ဒါပေမယ့်စာသားတွေကိုဖတ်ရင်းမြူနှင်းထဲက သွေးညှီနံ့ရတယ်။ ကျိန်စာတွေကို ဂီတသံ ထည့်ထားတာကို ။သာယာတဲ့တေးသွားဖြစ်လာလိမ့်မယ်လို့မယူဆ ရဲဘူး။
“ခင်…ခင်ဗျား စာသားတွေက”
“ဘာဖြစ်လို့လဲ”
“အနိဌာရုံဆန်လှချည်လားဗျာ “
သူကတခစ်ခစ်ရယ်ပြန်ပါတယ်။ ကျိန်စာဟာကောင်းချီးသြဘာ မဟုတ်ဆိုတဲ့စကားကို ဂါထာလို ခုနစ်ခေါက်ရွတ်ပြန်ရဲ့။
ပြီးမွ…..
“အနိဌာရုံဆန်တာဘာဖြစ်လဲဗျာ၊ခင်ဗျားတောင်ကျွန်တော့်ပေါ်ပြုတ်ကျလာသေးတာပဲ “
အဲ့ဒီအချိန်မှာပဲ ရှေးခေတ်မြင်းလှည်းကြီးတစ်စီးကို မြူတွေထဲမှာ မြင်လိုက်ရပြီး သူတက်သွားတယ်။အဲဒီ မြင်းလှည်းကြီး တအီအီ ပျောက်ကွယ်သွားတဲ့အထိ ကျွန်တော် အော်ကြီးဟစ်ကျယ် ငေးကြည့်နေခဲ့တယ်။မြင်းလှည်းအီသံကိုတော့ အတော်ကြာတဲ့အထိ ကြားနေရတုန်းပဲ။ဗုဒ္ဒဟူးသံအဖြစ် ကျွန်တော့်နားထဲကို ရွာချလာတယ်။
တာရာမင်းဝေ
No comments:
Post a Comment