မိသားစု
_______________ ကိုသျှား
စိတ်ကို ရုတ်တရက် ကန့်လန့်ဖြတ်ရိုက်လိုက်တဲ့သတင်းပဲ
ငါ့ဆောက်တည်ရာမဲ့မှုမှာ ငါ့ကိုယ်ငါ ဘာသားနဲ့ထုထားရမလဲ
ဘုရားမှာ ပန်း ရေချမ်း ဆီမီးကပ်လှူ
ပြုခဲ့ဖူးသမျှကုသိုလ်တွေကို အကုန်ပြန်တနေရုံနဲ့ ပြီးပါ့မလား
ဒါဟာ . . . သံယောဇဉ်ကို ဓာတ်လိုက်တာ
ဒါဟာ . . . မေတ္တာတရားကို ခွေးကိုက်တာ
တစ်ယောက်ရုပ်ခန္ဓာဟာ ဆေးရုံကုတင်ပေါ်ရောက်ဆိုရင်
တစ်ယောက်စိတ်ဟာ ငရဲကြမ်းပြင်ပေါ် ဝမ်းလျားမှောက်နေရတော့တာပဲ
နာမ်တရားနဲ့ တွေးခေါ်တော့ ဆွေးရတယ်
ရုပ်တရားနဲ့ လှမ်းအော်တော့ ပျက်ကျတယ်
ငါတို့မိသားစုဟာ လက်နက်တစ်ဝက်ချပြီးသားနိုင်ငံတော်လား
မေမေ့မှာ သစ်ရွက်လို ကြွေကျစရာတွေချည်းပဲဆိုရင်
ဖေဖေ့မှာလည်း သစ်ကိုင်းလို ကျိုးကျစရာတွေချည်းပါပဲ
ဆောင်းတကွဲနှင်းတကွဲဒီဇင်ဘာလို
သားလေးရဲ့သတ္တိတွေ မျက်နှာမွဲရပြီ
နာကျင်မှုကို နားလည်လို့ ငှက်တွေတောင်
ငါ့အနီးဆို လာမနားတော့ဘူး
ငါတို့ရဲ့မျက်ရည်ပေါက်ကြီးငယ်တွေဟာ
သူတို့အတွက် ကောက်ပဲသီးနှံတွေသာ ဖြစ်လိုက်ပါတော့ကွာ
မိသားစုဆိုတာ မျက်ရည်တွေချွေးစက်တွေနဲ့ တည်ဆောက်ထားရတဲ့
ခံတပ်တစ်ခု . . .
သဘောကောင်းတဲ့သစ်သီးတွေလို လွယ်လွယ်ကြွေပစ်လိုက်လို့မရဘူး
ဝမ်းနည်းကြေကွဲမှုတွေသာ အဆုံးသတ်ရိုးထုံးစံရှိတယ်
မေတ္တာဇာတ်ဟာ ဘယ်တော့မှ မပြီးဆုံးဘူးမဟုတ်လားမေမေ
ကိုသျှား
၂၀၁၅
******************************************
လွမ်းစေတီ
_________ ကိုသျှား
ညှိုးလျော်နေတဲ့ပန်းခြောက်တွေမှာ
ဖြေမဆည်နိုင်တဲ့ရင်နင့်ဖွယ်ဇာတ်လမ်းတွေ ရှိခဲ့မယ်
ရေငတ်နေတဲ့ဘုရားပန်းအိုးတွေမှာ
ကွဲအက်တုန်ယင်နေတဲ့မျှော်ငေးဆွံ့အမှုတွေ ရှိခဲ့မယ်
ပူဇော်မိတဲ့ဆီမီးလည်း မလင်းဘူး
ကပ်လှူမိတဲ့ရေချမ်းလည်း မလန်းဘူး
ဘယ်အရပ်ကကြားကြား
ဆည်းလည်းသံဟာ တိတ်ဆိတ်ချောက်ချားဖွယ်
ဒါဟာ . . .
အချစ်ကြီးလွန်းသူနှစ်ဦးဆီက ပဲ့ထွက်လာတဲ့
ကြေကွဲမှုအုတ်ခဲတွေ ဆင့်စီထားတာ
ဒါဟာ . . .
နာမည်ကောင်းမရရှာတဲ့ ဘုရားတစ်ပါးရဲ့
လူသားနှစ်ဦးအပေါ် စာနာထောက်ထားမှု
အသက်ကို ဌာပနာခဲ့သလား
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ခေါင်းငုံ့နာကျင်ရမှုတွေကို
ဌာပနာခဲ့သလား
မီးကို ရေနဲ့ ငြှိမ်းသလို
ချစ်ခြင်းမေတ္တာကို ကွေကွင်းခြင်းနဲ့ သတ်သလို
လူ့အဖြစ်ကို မအောင်မြင်တဲ့ဆုံစည်းခြင်းနဲ့
ငြှိမ်းသတ်ခံလိုက်ရသူတွေအကြောင်း
ခေါင်းကို လာစွဲလောင်ခဲ့
လွမ်းဖွယ် . . .
ဆွေးမြည့်ဖွယ် . . .
ပြီးတော့ ရင်ဆို့ဖွယ် . . .
ဘယ်သူမဆို
ချစ်ခြင်းမှာ ဝဋ်ကြွေးတော်ပြေပါစေကွယ် ။
ကိုသျှား
*********************************************
နိုင်ငံတော်ပြဇာတ်
_____________
ကိုသျှား
.
ခေါင်းမပါတဲ့ရထားတစ်စင်း ကမ္ဘာကြီးထဲ မောင်းဝင်နေသလို
သစ်ပင်ကို အမြစ်တွေဖြတ်ပြီး မြေပြင်ပေါ် ထောင်ပြထားသလို
ဖရိုဖရဲ လှပါတယ်
ပြီးတော့ . . . မရှုနိုင်မကယ်နိုင် လှပါတယ်
ရေကို ဝယ်နစ်ရသလို မကျွတ်လွတ်နိုင်ခြင်းများ
မီးကို ဝယ်လောင်ရသလို စော်ကားခံရမှုများ
ငါတို့ဟာ ဒုက္ခကို အောက်ကျနောက်ကျရှာဖွေခဲ့မိပြီလား
နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေတယ်
လက်တွေ တဆတ်ဆတ် တုန်နေတယ်
စိတ်ဟာ တဆတ်ဆတ် တုန်နေတယ်
ဒီအရပ်မှာ ပျော်ရွှင်မှုတွေ လူမနေတဲ့အခန်းထဲက
ဘုရားပန်းလို ညှိုးလျော်ခြောက်ကပ်နေခဲ့တာ ကြာပြီ
ဒီအရပ်မှာ မျှော်လင့်ခြင်းတွေ သစ်ခက်လို အစိမ်းချိုးခံခဲ့ရတာလည်း ကြာပြီ
တစ်ဇာတ်လုံး သွေးထွက်သံယိုရှုမျှော်ခင်း
အရသာဟာ လျှာကို လွှဆွဲနေတယ်
ငါတို့ မပျော်ရွှင်ခဲ့ရဘူး ငါတို့ ပျော်ကျခဲ့ရတယ်
ဂျုံစိုက်ခဲ့တဲ့လက်တွေဆီ
ဂျုံဟာ ပေါင်မုန့်အဖြစ် ပြန်မလာဘဲ
ဂျုံစိုက်ခဲ့တဲ့ဘဝတွေဆီ
ဂျုံ ဟာ ကျည်ဆံအဖြစ် ရောက်လာခဲ့ပါပေါ့
ခိုးသားဓားပြတွေရဲ့ရန်ထက်
ရေဘေးမီးဘေးက ဘဝတွေကို လမ်းဘေးဆွဲချသွားခဲ့တယ်
ရေဘေးမီးဘေးထက် မင်းဘေးအန္တရာယ်က
အရာအားလုံးကို ငရဲထဲ ဆွဲချသွားခဲ့တယ်
အရှင်လတ်လတ် တစ်ယောက်ချင်း ပျက်ကျရ
အရှင်လတ်လတ် တစ်မိသားစုချင်း တပ်ပျက်ရ
အရှင်လတ်လတ် ကမ္ဘာပျက်သလို ဆောက်တည်ရာမဲ့ရ
ပြည်သူတစ်ဦးဟာ သမ္မတရဲ့ထမင်းစားပွဲဝိုင်းက အသားစကို
ခွေးလို လျှာနဲ့ ခိုးယက်နေရတယ်
ဒီဒေသမှာ အမှန်တရားဟာ အသက်တစ်ချောင်း
ဒီဒေသမှာ ဉာဏ်ပညာဟာ သံခြေကျင်းခတ်ခံထားရတဲ့အကျဉ်းသား
အာဏာရှင်ဟာ ပြည်သူကို လက်နက်နဲ့သာ စကားပြောတယ်
မြေခွေးတစ်ကောင်လို တွေးခေါ်တတ်သူဟာ
မြေခွေးတစ်ကောင်လိုသာ ကောက်ကျစ်ယုတ်မာတတ်ပေလိမ့်မယ်
ဒီနိုင်ငံမှာ ပြည်သူ့ဂုတ်သွေးကို ရေစုပ်စက်နဲ့စုပ်သလို
စုပ်ယူခဲ့လွန်းလို့
ဘီလူးသဘက်ဖြစ်သွားတဲ့အစိုးရနဲ့
ဒီနိုင်ငံမှာ လူနဲ့သူနဲ့မတူတော့တဲ့နိုင်ငံသားတွေ . . .
တော်ပြီ . . .
နောက်တစ်ခါဆို ဘယ်အာဏာရူးရဲ့လက်နဲ့မှ
နိုင်ငံတော်အလံကို မလွှင့်တော့ဘူး
ကိုသျှား
**************************************
ပခုက္ကူ ( ဒါမှမဟုတ် ) ချစ်ခြင်းမေတ္တာမြို့
___________________________________
ကိုသျှား
( ၁ )
ဖုန်ထူပေမယ့်လည်း
စိတ်မှာ တောမထခဲ့ပါဘူးပခုက္ကူ
မြို့ရဲ့ပါးပြင်ပေါ်က ပါးကွက်ကြားထက်
ရင်လုံးကျွတ်ပွင့်နေတဲ့ ရိုးသားမှုက
ပိုမို မွှေးမြနေလေရဲ့
နေရောင်ခြည်ဟာ သိမ်သိမ်မွေ့မွေ့ ချွေးစို့နေတယ်
ရှုမျှော်ခင်းတွေဟာ တစ်သွေးတစ်မွေး တိတ်ဆိတ်နေတယ်
မြို့ရဲ့ရာဇဝင်တစ်ခုလုံး
လက်ညှိုးထိုးမလွဲအောင် အမှောင်ကို ထိုးခွဲနေပါတယ်
သမိုင်းနဲ့ . . .
အစဉ်အလာနဲ့ . . .
အနုပညာနဲ့ . . .
အပျိုရိုင်းတစ်ယောက်လို
စိတ်ထင်တိုင်း လှပစ်လိုက်စမ်းပါပခုက္ကူ
( ၂ )
ငါက
ဘဝတစ်ခုလုံး လီဗာကုန်မောင်းနှင်ပစ်ခဲ့တဲ့လူငယ်ပါ
အခု . . . ဘရိတ်ခ်ပေါက်နေပြီ
အခု . . . တိမ်းမှောက်တော့မယ်
ရထားတဲ့ဒဏ်ရာထက်
ပန်းထွက်နေတဲ့သွေးတွေကို ပိုနက်စေချင်တာ
စိတ်နောက်ကိုယ်ပါတူးမိတဲ့ မိုက်တွင်းလား
ဘာပဲဖြစ်ဖြစ်
ငါ့ကို မယုံကြည်တဲ့လမ်းဆို
ငါ ဘယ်တော့မှ မလျှောက်ဘူး
ဘာပဲဖြစ်ဖြစ်
ငါ့ကို မယုံကြည်တဲ့ဖိနပ်ဆို
ငါ ဘယ်တော့မှ မစီးဘူး
အခု ငါ ရောက်လာခဲ့ပါတယ်
ချစ်ခြင်းမေတ္တာကို
ဘယ်တုန်းကမှ အလံတစ်ဝက်ချပြီး မလွှင့်ခဲ့ဖူးတဲ့မြို့ဆီ
အခု . . . ငါ အရောက်လာခဲ့ပါတယ်
ဉာဏ်ပညာကို ခန္ဓာမှာ စက်လိုတပ်ဆင်ထားတဲ့မြို့ပျိုမလေးဆီ
မြို့ကို မြစ်က သယ်ဆောင်စီးဆင်းနေတာလား
မြို့က မြစ်ကို ထမ်းပိုးပြီး
ခေတ်အဆက်ဆက် ဖြတ်သန်းနေတာလား
သေချာတာက . . .
ဘယ်လိုချောင်းတွေမြောင်းတွေကမှ
အဖက်လုပ်ပြီး မစီးဝင်ချင်တဲ့ငါ့ဘဝထဲ
ဒီထက်ပိုသေချာတာက . . .
အနုပညာကလွဲရင် အရာအားလုံးလောင်မီးကျနေတဲ့
ငါ့ကမ္ဘာဖုန်းဆိုးမြေထဲ
မြို့ရော မြစ်ပါ
တဝုန်းဝုန်း စီးဝင်ခဲ့ပါတယ်
( ၃ )
ပခုက္ကူ . . .
မင်းဟာ တိုင်းပြည်နဲ့လူမျိုးအတွက်
အမြဲတမ်းပုခုံးပြင်ထားတဲ့တော်လှန်ရေးသမားပဲ
ပခုက္ကူ . . .
မတရားမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ
မင်းဟာ အဆုံးသတ်သေချာတဲ့တိုက်စစ်မှူးတစ်ဦးပဲ
အရူးတွေ အုပ်ချုပ်တဲ့နိုင်ငံမှာ
မြို့လာဖြစ်တာဟာ မင်းအပြစ်မဟုတ်ပါဘူး
တကယ်တမ်းကျတော့ . . .
မင်းရောငါပါ အာဏာဘေးသင့်နေတဲ့ပြည်သူတွေပါကွာ
ကမ္ဘာကျော်အာဏာရူးတွေရဲ့လက်မှာ
ငါတို့နိုင်ငံတော် သားကြောပြတ်ခဲ့တာ
မင်းလည်း အသိပဲမဟုတ်လား
ငါတို့ဟာ စက္ကူကျားရုပ်တွေလား
ငါတို့ဟာ အပျော်ကြံခံရဖို့သက်သက်
လွှတ်တော်အမတ်တွေကို ရွေးချယ်တင်မြှောက်ခဲ့ရတာလား
ငါတို့မှာ တစ်ဘဝလုံး ရေကြီးလိုက်ရ
ငါတို့မှာကျတော့ တစ်ဘဝလုံး
ကမ်းပါးလို တိုက်စားခံလိုက်ရ
ဒီထက်ရယ်စရာကောင်းတဲ့ဘဝတွေတောင်
ဒီလောက်ရယ်စရာကောင်းမှာ မဟုတ်ဘူး
လူ့အဖြစ် . . .
ခွေးဘဝကနေ လှမ်းကြည့်ပြီး
ထိုးဟောင်ပစ်လိုက်ဖို့ပဲ ကောင်းတယ်
ဝက်ဘဝကနေ လှမ်းပက်ပြီး
ညွန်လူးပစ်လိုက်ဖို့ပဲ ကောင်းတယ်
အော်ကြီးဟစ်ကျယ် ရယ်မယ်
တိုးတိုးတိတ်တိတ် ရယ်မယ်
ဝါးလုံးကွဲသလို ရယ်မယ်
မျက်ရည်ကျအောင် ရယ်မယ်
ရပြီ . . .
ငါတို့ အသက်ထွက်သွားအောင် ရယ်ကြမယ်
သူတို့က လက်တည့်စမ်းချင်ရုံသက်သက်
အာဏာကို ပါးစပ်ထဲ ထည့်ပစ်တယ်ဆိုပေမယ့်
ငါတို့မှာ ရိုးတွင်းခြင်ဆီထဲကတောင်
ယမ်းငွေ့တွေ အူထွက်ရပါတယ်
အခု မင်းကိုင်ထားတဲ့သစ္စာဓားနဲ့
စနစ်ဆိုးကို ရင်ဝတည့်တည့် ထိုးစိုက်လိုက်
အခု မင်းစီးနေတဲ့ဆိုင်ကယ်နဲ့
စနစ်မိုက်ကို ခါးလည်ကနေ
ဖြတ်တိုက်လိုက်စမ်းပါပခုက္ကူရာ
( ၄ )
တစ်ခုခုဆို ငါတို့မှာ ထစ်အလိုက်ရ
တစ်ခုခုဆို ငါတို့မှာ နားဖျားလိုက်ရ
ဘာတွေ ဘယ်လိုဖြစ်ဖြစ် . . .
အတိအကျဆိုက်ရောက်လာတဲ့ရှေးရေစက်မှာ
မင်းရောငါပါ ဝဋ်နာကံနာကို
ပစ်ချနိုင်ရမယ်ပခုက္ကူ
မင်းဟာ
ခေတ်တစ်ခုလုံးကို လျှပ်တပြက်ဓာတ်ပုံရိုက်ယူထားသလို
အသံကြားတာနဲ့ ဖျပ်ခနဲဖျားသွားရလောက်အောင်
လွမ်းစရာကောင်းတဲ့မြို့ပါ
မင်းရင်ခွင်ထဲက ပြန်ထွက်လိုက်တာနဲ့
ငါ့အသက်တစ်ဝက်ဟာ
မင်းဆီမှာ ကျွတ်ကျကျန်ခဲ့တော့မှာပါ
မခွဲချင်ဘူး . . . မခွဲနိုင်ပါဘူးတ်ာလှန်ရေးမြို့ကလေးရယ်
မင်းမှာလည်း ထပ်တလဲလဲရေးထိုးရဦးမယ့်
သမိုင်းသစ်တွေနဲ့ . . .
ငါ့မှာလည်း ခုတ်လှဲခံထားရတဲ့ဂုဏ်သိက္ခာတွေနဲ့
ဧရာဝတီရေ . . .
မင်းရေစီးသံတွေ ဘဝအဆက်ဆက် ကြည်ပါစေ
ရွှေမုဋ္ဌောရဲ့ရင်ပြင်ပေါ်မှာ ဦးခိုက်ရင်း
ဧရာဝတီရဲ့ရယ်သံအဆက်ဆက်ကို
မြို့ကလေး ကြားနိုင်ပါစေ
ငါတို့နိုင်ငံတော်ရဲ့အနာဂတ်ကလည်း
အဆီတဝင်းဝင်း သဲတရှပ်ရှပ်
ငါ့ကို တင်းတင်းဖက်ထားပါဦးပခုက္ကူရယ်
ငါ . . .
ငါ ကြောက်လို့ပါ
ကိုသျှား
____________________________
ရသမြစ် စာပေအနုပညာမဂ္ဂဇင်း
crd: KMN
**************************************
မျှော်ငေး
____________ကိုသျှား
ငါ့ပျော်ရွှင်ချမ်းမြေ့မှုတွေ မင်းကို ပေးပါတယ်
ငါ့အောင်မြင်မှုတွေ မင်းကို ပေးပါတယ်
ကျေးဇူးပြုပြီး . . . မင်းကြေကွဲမှုတွေသာ ငါ့ကို ပေးပါ
ကျေးဇူးပြုပြီး . . . မင်းကျရှုံးမှုတွေသာ ငါ့ကို ပေးပါ
မင်း ပျော်ရွှင်စေချင်တယ်
မင်း အောင်မြင်စေချင်တယ်
ငါက ကြေကွဲနေရင်း မင်းအတွက် ပျော်ပေးမယ်
ငါက ရှုံးနိမ့်နေရင်း မင်းအောင်မြင်မှုအတွက် လက်ခုပ်တီးနေမယ်
လူ့အဖြစ်မှာ
အချိန်တွေဟာ တကယ်ကို အများကြီးကျန်သေးတာလား
အချိန်တိုလေးတွေအတွင်းမှာ လူ့ဘဝဟာ
အများကြီး ဖြစ်ပျက်ပြောင်းလဲသွားမှာလား
ကိုယ့်ကိုယ်ကို သေလူလို သဘောထားတော့
လူသေက ထစကားပြောမိသလိုပေါ့
ကြွေကျနေပါတယ် . . .
သစ်ရွက်လေးလို အမျိုးကောင်းသားတစ်ယောက်
ကြွေကျနေပါတယ် . . .
ပုပ်ပွသစ်သီးလို နေမကောင်းသူတစ်ယောက်
ကြယ်လို မကြွေတတ်တော့ လူတစ်ယောက်လို ကြွေတာပေါ့မေ
မိုးရေတွေကို ငါ သွားသွားမရွှဲစိုချင်တော့ဘူး
ကျန်းမာခြင်းဟာ မင်းကို စောင့်ရှောက်ပါစေ
ထင်ရာတွေးတာ လျှော့ စိတ်ကို လျှော့
ကိုယ်ကို ဖော့ထား ဘုရားမှန်မှန် ရှိခိုး
ကျောခိုင်းသွားတာကို ငေးကြည့်မနေချင်ပါနဲ့
ကျောခိုင်းသွားတာကိုလည်း ငေးမကြည့်ပါရစေနဲ့
မေတ္တာဟာ ငရဲဆိုရင်
စမ်းချောင်းလေးလို ပူပူလောင်လောင် စီးဆင်းမိမယ်
ချစ်မေတ္တာဟာ အပယ်တံခါးပိတ်ခြင်းဆိုရင်
ဘာဝနာပွားသလို တရားထိုင်သလို လွမ်းမိမယ်
စောင့်မျှော်ရခြင်းဟာ သုံးရက်လား သုံးနှစ်သုံးမိုးလား
နှစ်ပေါင်းသုံးဆယ် ကမ္ဘ္ဘ္ဘာအသချေင်္လား
တစ်နေ့ အရောက်လာမယ်ပြောခဲ့သောမျက်ဝန်းလေးကို
ကိုယ့်အိမ်ကိုယ့်ယာလို စောင့်နေတယ်
မင်းက ဆေးရုံဆေးခန်းနဲ့တူတဲ့မိန်းမ
ငါက မင်းရင်ခွင်ထဲက ကုတင်ကို
ကမ္ဘ္ဘာကြီးလို့ ထင်မြင်
တစ်သက်လုံး နာဖျားနေချင်သူပါကွာ
ကိုသျှား
24th July, 2016 ( A.D )
[ Sunday ]
********************************
*****
မျှော်ငေး ၁၆
__________ကိုသျှား
ငါကို ဆယ်ယူဖို့ မကြိုးစားဘူးလား
ငါ့ကို ကယ်တင်ဖို့ မကြိုးစားဘူးလား
ငါ ရေစုန်မျောနေတာလေ
ငါ ပက်လက်မျောနေတာလေ
ငါ့ကို လာဆယ်တော့မလား
ငါ့ကို လာကယ်တော့မလား
ငါ ဆန်ဖို့ စိတ်ကူးရင်း ရူးလို့
ငါ့အသက်ရှုသံလေး ကိုယ်ဖော့လို့
ငါ့ကို ဝါးကူထိုးဖို့ စိတ်ကူးနေသလား
ငါ့အတွက် ကောက်ရိုးတစ်မျှင်လိုလား
မြေနိမ့်ရာ လှံစိုက်ချင်ရင် စိုက်ခဲ့
မင်းကိုယ်မင်းတော့ ဆူးလေးတောင် မခြစ်စေနဲ့
ကမ္ဘာကြီးဟာ မင်းကြောင့်သာ လည်ပတ်နေတာ
ကမ္ဘာကြီးဟာ မင်းကြောင့်သာ လှပနေနိုင်ရှာတာ
ငါ အဲဒီလို ဖားပါတယ်
ငါ့ကို ချစ်ပါ
ငါ့ဆီ လာ
ကိုသျှား
****** *****
မျှော်ငေး ၁၇
____________ကိုသျှား
ပြတင်းကို တစ်ဝက်ပဲ ဖွင့်ထားလည်း
ရှုမျှော်ခင်းဟာ အမြဲတမ်း ပြည့်ဝဝိုင်းစက်
လမ်းတွေကို ကြည့်ရတာ ကြည်လင်စိမ်းမြနေပုံပဲ
လောကကြီးကို ကြည့်ရတာ သာယာနေပုံပဲ
ခန်းမထဲမှာ စားပွဲဝိုင်းတွေက အများကြီး
အဲဒီစားပွဲဝိုင်းအများကြီးထဲမှာ ငါဟာ သူလိုကိုယ်လို
တံခါးပေါက်ကနေ မင်း ဝင်လာကတည်းက
မျက်လွှာချ ငြိမ်ဆိတ်
ရှိုက်ထားတဲ့ဝင်သက်ကို ပြန်မထုတ်မိသောစားပွဲတစ်လုံး
ငါ့အဖြစ်ဟာ မင်းအလာကို ထိုင်စောင့်နေတာ
ငါ့အဖြစ်ဟာ ရှုံးနိမ့်ဖို့ကို အသက်နဲ့ရင်းပြီး ထိုင်စောင့်နေတာ
ငါ မပိုင်ဆိုင်ပေမယ့် ငါ့မှာ ပိုင်ဆိုင်ခွင့် ရှိသားပဲ
ငါ မပိုင်ဆိုင်ရသေးမယ့် ငါ့မှာ ပိုင်ဆိုင်ခွင့်ရှိသေးရဲ့မဟုတ်လား
မင်း ဝေ့ကာဝဲကာဝိုက်ကာ မျက်စိကစားတော့
မင်း ထိုင်ဖို့ အုံကြွမိတဲ့ထိုင်ခုံဟာလည်း ငါပဲ
ငါ တိတ်တဆိတ် ရင်ပူလိုက်ရတာ
ဘေးဝိုင်းတွေ ငါ့ကို ကြည့်နေမလား ငါ ရှက်ရွံ့ဖို့ မေ့တယ်
မင်းနှုတ်ခမ်းနဲ့ ထိနမ်းခံရဖို့ လှိုက်ဖိုစွာစောင့်စားနေသူ
ဖန်ခွက်လေးဟာလည်း ငါပါပဲ
ငါ တချွမ်ချွမ် ရင်မောလိုက်ရတာအချစ်ရယ်
ငါ မပျော်ပေမယ့် ငါ့မှာ ပျော်ရွှင်ခွင့် ရှိသားပဲ
ငါ မပျော်ရသေးပေမယ့် ငါ့မှာ ပျော်ရွှင်ခွင့်ရှိသေးရဲ့မဟုတ်လား
မိန်းမတစ်ယောက်ရဲ့ကိုယ်သင်းနံ့ကို လုယူချင်လို့
ပန်းပွင့်တွေဟာ အဲဒီမိန်းမသွားလေရာ
တကောက်ကောက်လျှောက်လိုက်နေရရှာ
သူတို့အဖြစ်ကို စာနာပါတယ် ငါ့အဖြစ်ကို စာနာပါ
မင်း နားမလည်လည်း မင်းမှာ နားလည်ခွင့် ရှိပါတယ်
မင်း နားမလည်သေးလည်း မင်းမှာ နားလည်ခွင့် ရှိပါသေးတယ်
ယိုင်နဲ့ရွဲစောင်းသော အရေးအသားဟာ
စာရွက်ထောင့်ဖျားလေးမှာ တုန်ခါနေတယ်
ရန်ကုန်မြို့ကြီးလို ထွန်းကားနေတဲ့မိန်းမတစ်ယောက်ဆီ
လေယာဉ်ပျံလို ပျက်ကျလိုက်ချင်တော့တယ်
အရက်ဆိုင်နံရံပေါ်က ပိုစတာကို ခံစားတယ်
လက်ဘက်ရည်ဆိုင်ထဲက အော်ဟစ်ငေါက်ငမ်းသံကို ခံစားတယ်
နံရံဟာ သွေးတွေ စိမ့်ထွက်နေတယ်
နံရံမှာ စိုက်ဝင်နေသောတွေငေးမှုဟာ တဆတ်ဆတ် ရမ်းခါနေတယ်
မဆီမဆိုင်ဆိုတော့လည်း မဆီမဆိုင်တဲ့အတိုင်း
ပတ်သက်ဆက်နွယ်နေတော့လည်း ပတ်သက်ဆက်နွယ်နေတဲ့အတိုင်း
သားတစ်ကျိပ်မြေးတစ်ရာမြစ်တစ်ထောင်ဇာတ်လမ်းများ
မှားမှားမှန်မှန် ထားခဲ့တော့
အစကတည်းက ကြောက်ရွံတတ်သူမို့
ပြတင်းကို တစ်ဝက်ပဲ ဖွင့်ထားခဲ့မိပေမယ့်
ဖန်ခွက်လို ကွဲတယ် ထိုင်ခုံလို ကျိုးတယ်
စားပွဲလို ရွဲ့စောင်းတယ်
မင်း ရောက်မလာလည်း မင်းမှာ ရောက်လာခွင့် ရှိပါတယ်
မင်း ရောက်မလာသေးလည်း မင်းမှာ အရောက်လာခွင့် ရှိပါသေးတယ်
တစ်စုံတစ်ရာဟာ မင်းနဲ့ငါ့အကြောင်းကို သိနေမှာ
တစ်စုံတစ်ယောက်ဟာ မင်းနဲ့ငါ့အကြောင်း ပြောဖြစ်ဦးမှာပါ
တခြားစားပွဲဝိုင်းမှာ မင်း အန်ချလိုက်တဲ့ဝိုင်တွေဟာ
ငါ့ဘဝစားပွဲခင်းပေါ် သွေးလို လာစွတ်စိုနီစွေးနေတာပေါ့ကွာ
ကိုသျှား
**********
မျှော်ငေး ၁၈
_____________ကိုသျှား
အသက်ကို ဖက်နဲ့ ထုပ်ထားပါတယ်
အဲဒီဖက်နဲ့ထုပ်ထားတဲ့အသက်ဟာ
ပုံပြင်ထဲက ထောပတ်တွေလို
တစ်လမ်းလုံး တစ်စက်ချင်း ဖိတ်စင်စီးကျနေတော့တယ်
ငါ ပုံပြင်ထဲကလိုပဲ တွေးတယ်
ငါက ဥသျှစ်ပင်ပေါ်ကို အတက်နက္ခတ်နဲ့တက်ခဲ့သူ
ငါဟာ ပုံပြင်ထဲက နက္ခတဗေဒသမား
ငါဟာ အဆင်းနက္ခတ်ကိုစောင့်ရင်း ကိုးရိုးကားယား
ဒါလည်း ငါ့အရိုးခံလေးကြောင့်သာ ဖြစ်မှာပါ
ငါ မင်းကို မျှော်နေတယ်ဆိုတာလည်း
မီးဖိုရင်း ထမင်းအိုးတည်ရင်း ခြေထိုးကနေမိတာပေါ့
ငါကြောင့် တစ်စီစီကွဲအက်သွားမယ့် ထမင်းအိုးလေးလည်း
မဖြစ်စေချင်ပါ
ငါ့ကြောင့် မြေကြီးပေါ် တစ်စစီပြန့်ကျဲသွားမယ့်
ထမင်းစေ့တွေလည်း မဖြစ်စေချင်ပါ
မင်းက ဆေးပညာသင်ယူလိုက်စားသူလား
ဘယ်အသီးအရွက်က ဒီရာသီနဲ့ မကိုက်ညီဘူးဆိုတာတွေ
ဘယ်အသားငါးက ဘာရောဂါဖြစ်စေတယ်ဆိုတာတွေ
ထင်ရာမြင်ရာ လျှောက်တွေးနေရင်
လူ့ဘဝထဲကနေ လက်ချည်းသက်သက် ပြန်ထွက်မိလိမ့်မယ်
ငါ့ကို ဝယ်လိုက်တော့ . . .
ငါ့ကို ရတဲ့နည်းနဲ့ အမြန်ဝယ်လိုက်တော့ . . .
ဟင်းသီးဟင်းရွက်လို အသားငါးလို မင်းကိုယ်တိုင်လို
ဒါ ငါ့စေတနာပါ
ဒါဟာ ငါ့ရဲ့အဖိုးထိုက်တန်သောစေတနာပါကွယ် . . .
အရသာရှိဖို့ အရေးကြီးပါတယ်
ဗိုက်ပြည့်မှ လူ့ဘဝကို အနှစ်သာရရှိအောင် တွေးခေါ်နိုင်မယ်မဟုတ်လား
မင်းလည်း ကျန်းမာပါစေ
ငါလည်း စိတ်ချမ်းသာစေ
ချစ်တတ်တာ ကုသိုလ်ရပါတယ်
ကိုသျှား
*****************************************
အခန်း
__________ကိုသျှား
.
ဖြစ်နိုင်မယ်ဆိုရင် သာမန် ကျဆိမ့်တစ်ခွက်ကို တစ်ငုံချင်း
သောက်ရင်း ချစ်သူ့မျက်နှာကို တစ်စိမ့်စိမ့် ငေးကြည့် ကြည်နူးခွင့်ရမယ့် သာမန်ဆိုင်လေးမှာ ထိုင်ချင်တယ်။
ဒီထက်ပိုပြီးဖြစ်နိုင်နိုင်အုံးမယ်ဆိုရင် သာမန်ဆေးပေါ့လိပ်
တစ်လိပ်ကို ခပ်မျှင်းမျှင်း ဖွာရှိုက်ရင်း ချစ်သူရဲ့ အမာန်အမဲ
ကို တိတ်ဆိတ်ငြိမ်သက်စွာ ခံယူလို့ရမယ့် သာမန်ဆိုင်လေး
မှာထိုင်ချင်တယ်။
နောက်ထပ်ဖြစ်နိုင်သေးတယ်ဆိုရင် ချစ်သူကိုပြောပြချင်
တယ်။ ဘာမှဖြစ်မလာနိုင်ခဲ့ရင်လည်း ဘာမှမဖြစ်ပါဘူး။
ကျွန်တော်က သာမန်လူတစ်ယောက်ပါလို့ပေါ့။
ကိုသျှား
*********************************
အထီးကျန်အော်ပရာ ၁၅
____________________
ချစ်ခြင်းမေတ္တာကို အသံကုန်အော်ခဲ့တဲ့လည်ချောင်းဟာ
မီးကျီးခဲကို ငုံမိပြီ
ယုံကြည်ချက်အတိုင်း ပွင့်လာတဲ့လမ်းလည်း လူခြေတိတ်လို့
အိမ်မြှောင်တစ်ကောင်ရဲ့စုပ်ထိုးသံမှာအတိတ်နိမိတ်ဟာ ကိုယ့်သွေးပျက်မှုလား
ချောက်ချားနေတဲ့သွေးနဲ့ လေလွင့်နေတဲ့မြေအောင်းကြွက်ဟာ
ဟင်းစဟင်းနတွေအပေါ် သူ့ဘဝကို ပုံအောလောင်းနေတယ်
အချိန်တိုင်း သေရေးရှင်ရေးချည်းပဲ
နေ့တိုင်း အသက်နဲ့ ရင်းရတာချည်းပဲ
သားတစ်လို ထိုးသုတ်မခံရဖို့ သိန်းငှက်လို တွေးခေါ်ကြည့်မိတယ်
ဘုရားနဲ့တရားနဲ့နေလို့ မပူပင်တာလားဆိုတော့လည်း မဟုတ်ဘူး
မယားနဲ့သားနဲ့ကောင်မို့ ပူပင်နေရလားဆိုတော့လည်း မဟုတ်ပြန်ဘူး
ယုတ္တိဗေဒနဲ့ ကင်းလွတ်တယ်
လူ့အဖြစ်နဲ့ မိုင်ပေါင်းနှစ်ဆယ့်လေးနှစ်စာ လွတ်ကင်းလာတယ်
အမာရွတ်တစ်ခုကို လူမမြင်အောင် နောက်ဒဏ်ရာတစ်ခုနဲ့ ဖုံးထားတယ်
လူသူဆိတ်သုဉ်းရာဘူတာရုံပျက်ပဲ
ပြန်ထူးသူမရှိတဲ့ညနက်နက်တွေပဲ
အဲဒါ တစ်ယောက်တည်း ဖြစ်နေတာ
အဲဒါ တစ်ယောက်တည်း ပျက်နေတာ
ခေါင်းပေါ် ပန်းသီးတင်ထားတဲ့လူက
လက်ထဲဓားကိုင်ထားတဲ့လူကို ကြည့်နေတယ်
လက်ထဲဓားကိုင်ထားတဲ့လူက
ခေါင်းပေါ် ပန်းသီးတင်ထားတဲ့လူကို
ကြည့်နေတယ်
အဲဒါပဲ လူတွေရဲ့အဓိပ္ပာယ်
အဲဒါပဲ ကမ္ဘာနဲ့ငါ့ရဲ့အချိတ်အဆက်
ငါက ပန်းသီး ငါက ဓား
ဓားကို ငါ ပေါက်မှာ ငါက ဓားပေါက်ခံမှာ
တွေဝေစွာ မှောက်မှားစွာ . . .
ကိုသျှား
( မြန်မာကဗျာ ၂၀၁၅ - မှ )
**************************************
"လူပျော်လေးဆီကပို့လွှတ်လိုက်တဲ့ ဆိုကြပါစို့ ငှက်တစ်ကောင်" (ကိုသျှား)
ဆိုကြပါစို့ . . .
အိပ်မက်မက်နေတာလား တကယ့်ဘဝလား
မသဲကွဲဘူး မရေရာဘူးလို့ ဆိုပါစို့
မြေလျှိုးနိုင်တယ်ထင်လာရော မိုးပျံနိုင်တယ်ထင်လာရော
ခြေထောက်တွေက မြေကြီးနဲ့ လွတ်နေသလိုလို
တိမ်တွေကို ဖိနပ်ချုပ်စီးနေသူဟာ သူကိုယ်တိုင်လိုလို
ပျော်ရွှင်မှုဟာ ချစ်ခြင်းဟန်ဆောင်ပြီး လာမယ်
ညတွေကို ဖွရရွသိမ်းပိုက်ထားတဲ့လရောင်အဖြစ်
တိတ်တိတ်ကလေး ကြွေကျလာမယ်
တစ်နေ့တစ်နေ့ ခန္ဓာကိုယ်ကို ထွန်ယက်ပြီး
သနပ်ခါးပင်တွေ စိုက်ပျိုးဖို့ပဲ တွေးနေလေသူ
ရင်ဘတ်ကို ခပ်နက်နက် တူးပါ
နက်သထက် နက်အောင် တူးပါ
အနက်ရှိုင်းဆုံး တူးပါ
ချစ်ခြင်းရဲ့နံ့သာကို အမြစ်ကနေ နှုတ်ယူလေ
သနပ်ခါးဆိုတာ ရင်ဘတ်ပေါ် ပေါက်ရောက်နေတာထက်
ချစ်သူရဲ့ပါးပြင်ပေါ်မှာမှ ပိုမိုရှင်သန်မွှေးမြသင့်ရဲ့မဟုတ်လား
ဆိုကြပါစို့ . . .
တစ်နေ့အရောက်လာမယ်ပြောခဲ့သောစကားများ
တဖြည်းဖြည်း တိုးတိတ်ပြေလျော့ကာ
လွင့်ပြယ်ပျောက်ကွယ်သွားမှာပါလို့ ဆိုပါစို့
မျက်လုံးလေးတွေဆိုလည်း မျက်လုံးလေးတွေမို့
ရွဲနေအောင် ချစ်ရတယ်
နှုတ်ခမ်းလေးတွေဆိုလည်း နှုတ်ခမ်းလေးတွေမို့
ဖူးဖူးမှုတ်မတတ် ချစ်ရတယ်
လက်ချောင်းလေးတွေဆိုလည်း လက်ချောင်းလေးတွေမို့
ညင်သာဖွဖွ ချစ်ရတယ်
လည်တိုင်လေးဆိုလည်း လည်တိုင်လေးမို့
ကျော့ကျော့မော့မော့ ချစ်ရတယ်
ကြည်လင်ဝင်းပစွာ လင်းသောအပြုံးများ သာပါ
နူးညံ့ရွှန်းစိုစွာ အိစက်သောအနမ်းများ ရွာပါ
သိမ်မွေ့သွဲ့နွဲ့စွာ သွယ်ပျောင်းသောနွေးထွေးမှုများ လာပါ
ကဗျာလို ဖတ်ထားမယ် လူတစ်ယောက်လို ဖက်ထားမယ်
စိမ်းလန်းစွာအောင်မြင်သောညောင်ရွက်ခတ်သံတွေရဲ့နောက်ကွယ်မှာ
သူ့ဘဝသူ လူမသိသူမသိ မြှုပ်နှံပေးဆပ်နေတဲ့ညောင်မြစ်တွေ တကယ်ရှိပါတယ်
သူ့ဘာသာသူတောက်ပနေတဲ့ ကြယ်တွေကို ဒီအတိုင်းထား
သူ့ဘာသာသူ လင်းနေတဲ့လမင်းကို ဒီအတိုင်းထား
အရာရာကို ဒီအတိုင်းလေးပဲ ထား
စိတ်ကို ချစ်ခြင်းမှာ ဌာပနာပြီး ဆုတောင်းပြည့်စေတီတည်ကြမယ်
တဖွဲဖွဲရွာကျနေသောမိုးများ ခြောက်သွေ့မြက်ခင်းပြင်ပေါ် ခုန်ဆင်း
နှင်းသည်းသည်းညများစွာ အလွမ်းဝင်္ကပါထဲ သွေးအေးစွာ
လူပျော်လေးက မြစ်ချောင်းအင်းအိုင်တွေကိုလည်း ဖြတ်သန်းစီးဆင်းလာမိမှာ
ဆိုကြပါစို့ . . .
ချစ်သူက မြို့ပြမှာ တိမ်းမှောက်နေရင်
လူပျော်လေးက တောင်ပေါ်မှာ တောပျောက်နေမယ်လို့ ဆိုပါစို့
သူ နေမကောင်းထိုင်မသာဖြစ်တဲ့အခါ
လူပျော်လေးဟာ ကြက်သားဆန်ပြုတ်ပူပူကို မှုတ်တိုက်ချင်တာ
သူ ရွှင်လန်းတက်ကြွစွာ စာသင်နေချိန်မှာ
လူပျော်လေးဟာ ကလေးတွေသံပြိုင်အော်နေမယ့်
စာအံသံတွေ ဖြစ်ချင်တာ
မိန်းမတစ်ယောက်ဟာ ဂစ်တာတစ်လက်
လူပျော်လေးဟာ အဲဒီဂစ်တာကို ရင်ခွင်ပိုက်လို့
မိန်းမတစ်ယောက်ရဲ့စိတ်ကို ဘယ်ကီးနဲ့ တီးခတ်ရမလဲ
စဉ်းစားမရဘူး
လောကနဲ့သူ့ကို ချိတ်ဆက်ပေးမယ့်ပြတင်းတစ်ပေါက်သာ
လူပျော်လေးဟာ ဖြစ်လိုခဲ့ပါတယ်
လူပျော်လေးက ဒီလို ပြောခဲ့တယ်
ကိုယ် မင်းကို မချစ်ဘူးလို့ ပြောမိရင် အဲဒါဟာ ကိုယ် လိမ်ညာနေတာလို့ ယုံပါ
ဆိုလိုက်ကြပါစို့ကွာ . . .
ကဗျာဆရာတစ်ယောက်ဟာ မင်းအကြောင်းကို ဖွဲ့ဆိုနေပြီ
အဲဒါ မင်းဟာ အဲဒီကဗျာဆရာကို ဖွဲ့နွဲ့လိုက်တာပဲ
အဲဒါ မင်းဟာ အဲဒီကဗျာဆရာရဲ့အသက်ကို
နှုတ်ယူလိုက်နိုင်တာပါပဲ
#ကိုသျှား
1 Jul '17
(နောက်ဆုံးကဗျာ)
No comments:
Post a Comment