နားမလည္ဘူးအက်ႌ
•••••••••••••••••••••••
ကျွန်တော် ဝတ်ထားသောအင်္ကျီကို နားမလည်ဘူးအင်္ကျီဟု ခေါ်ပါသည်။ ထိုအင်္ကျီ၏ အဆင်မှာ ခါးသက်သက်အရသာဖြစ်ပါသည်။
ဉာဏ်တုံးသော သိုးတွေမှာ အင်္ကျီမရှိပါ။
စပ်စုတတ်သော မျောက်တွေမှာ အင်္ကျီမရှိပါ။
ရန်လိုတတ်သောမြေခွေးတွေမှာလည်း အင်္ကျီမရှိပါ။
ထို့နောက်...
ထို့နောက်... တို့တွင်လည်း အင်္ကျီမရှိပါ။
ကျွန်တော့်တွင် အင်္ကျီတစ်ထည်ရှိပါသည်။ ကျွန်တော်ဝတ်ထားသော အက်ႌ ကုိ “နားမလည္ဘူး အက်ႌ” ဟုခေါ်ပါသည်။ ထိုအင်္ကျီ၏ အဆင်မှာ ခါးသက်သက် အရသာ ဖြစ်ပါသည်။ “ရှင့်ကို ကျွန်မနားမလည်ဘူး” (ကျွန်တော့်ချစ်သူကပြောခဲ့သည်) “မင်းကိုတို့နားမလည်ဘူး” (ကျွန်တော့်မိဘများပြောခဲ့သည်) “ခင်ဗျားကို ကျွန်တော်တို့နားမလည်ဘူး” (ကျွန်တော်၏ မိတ်ဆွေများနှင့် ရန်သူများ က ပြောခဲ့သည်) “ကျွန်တော်က စာအုပ်မဟုတ်ပါဘူး” (ကျွန်တော် က ပြောခဲ့သည်။ ငြင်းဆန်ခြင်းအတွက် ရှက်ရမှန်းမသိသော ကာလများက ဖြစ်သည်။) မည်သူကမျှ နားမလည်သည်ဖြစ်စေ၊ ထို အင်္ကျီမှာ ကျွန်တော်နှင့်တိုင်းချုပ်ထားသည့်အလား အသားကျနေပြီ ဖြစ်သဖြင့် ချွတ်ပစ်ရန်မဖြစ်နိုင်တော့ပါ။
ဟောဟို လူကတော့ လမ်းဘေးက ဘေထုပ်ထည် အဝတ်ဟောင်းပုံကြီးကို မွှေနှောက် ရှာဖွေလို့ပေါ့။ စုတ်ဖတ်ဖတ် အောက်သိုးသိုး အနံ့အသက်နှင် ထိုဈေးပေါပေါ အင်္ကျီ ဟောင်းများကို ဝယ်ဝတ်ဆင်သော ထိုလူ၏ ချိုင်းကြားထဲတွင် ခေတ်မရှိတော့သော နိုင်ငံရေးကျမ်းစာအုပ် တစ်အုပ်ကို ညှပ်ထားတာတွေ့ရ၏။
ဟောဟို လူကတော့ စပ်ဖြဲဖြဲ အဆင်နှင့် အရောင်မခိုင်သော အထည်စ ကို ကိုင်ကာ အပ်ချုပ်ဆိုင်တွင် ရပ်ရင်း(ခပ်ပွပွချုပ်ပေးပါ) ဟုအော်နေသည်။ ထို အပ်ချုပ်ဆိုင်နာမည် က “ခေတ်အကြိုက်” ဆိုလားဘာလား မသိ။
ဟောဟို လူကတော့ မီနီမတ်ကတ် တစ်ခုတွင် ရယ်ဒီမိတ် အင်္ကျီ တစ်ထည်အား တံဆိပ်ကို ကြည့်၍ ဝယ်ယူနေလေသည်။ ခုလို အသင့်ချုပ်ပြီးသားတွေ ဝယ်ဝတ်ရ တော့ မပင်ပန်းဘူးပေါ့ ဟု ပြောလိုက်သေးသည်ဟု ထင်ပါသည်။
လူတို့သည် အင်္ကျီအမျိုးမျိုးကို ဒီဇိုင်းအမျိုးမျိုးဖြင့် ဝယ်ဝတ်လျှက်ရှိပါသည်။ ပလေတိုး၏ မျက်စိနှင့်တူသော ကြယ်သီးပေါက် ကျဉ်းကျဉ်းများ၊ မတော်လောဘနှင့်တူသော အိတ်ပွပွကြီးများ (တချို့အင်္ကျီ များတွင် လူမမြင်အောင် တပ်ဆင်ထားသော အိတ်ခိုးများလည်း ပါသေးသည်။) ဂျူးလီယက်ဆီဇာ၏ ဓားနှင့်တူသော ကော်လာ ချွန်ချွန်များ။ သို့သော် ထို အင်္ကျီ များအားလုံးမှာ ဆင်ခြင်ခြင်းနှင့် ကိုက်ညီအောင် ချုပ်လုပ်ထားရာ၌ အားလုံးတူပါသည်။ (ဥပမာ ညီညာသေသပ်သော ချုပ်ရိုးချုပ်သားများ) ထိုအင်္ကျီများတွင်လည်း ကျွန်တော်၏ အင်္ကျီအမည် (နားမလည်ဘူး) ကဲ့သို့ပင် အနည်းဆုံး အမည်နာမ တစ်ခုစီတော့ ရှိကြပါသည်။ ဥပမာ အမြင်မကျယ်ခြင်း၊ လှေနံဓားထစ်၊ မစ္ဆရိယစိတ်၊ ငါ အမှန် စသဖြင့် ဖြစ်ကြပါသည်။ ကျွန်တော့်အင်္ကျီ အမည် ကတော့ နားမလည်ဘူး ဖြစ်ပါသည်။
ကျွန်တော်သည် အဖြေတစ်ခု ထွက်ရမည့် သင်္ချာတစ်ပုဒ် မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ပြဠာန်းခံ အရာဝတ္တုမဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် မိုးကျလျှင် ပွင့်ရမည့် စံပယ်တစ်ပွင့် မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် အိုင်းစတိုင်း၏ ရီလေတီဗတီ သီဝရီ မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ယုတ္တိဗေဒ အနည်ထိုင်နေသည့် ဦးနှောက်များ စားသုံးရမည့် မနက်စာ အာဟာရတစ်ပွဲမဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ငွေတစ်ရာပေးသူတိုင်းကို အဖုံးဖွင့်ခွင့်ပေးသည့် ရေခဲစိမ်ဘီယာ တစ်ပုလင်းမဟုတ်ပါ။ လူတစ်ယောက် ဖြစ်ပါသည်။ လောကတွင် ကျွန်တော် မမျှော်လင့်ဆုံးသော အရာမှာ လူများ၏ နားလည်မှုပင် ဖြစ်ပါသည်။
ကျွန်တော် ဝတ်ထားသော အက်ႌကုိ “နားမလည္ဘူး အက်ႌ” ဟုခေါ်ပါသည်။ ထိုအင်္ကျီမှာ လူတို့ နားမလည်နိုင်သော ကောင်းကင်တစ်ခု၊ လူတို့ နားမလည်နိုင်သော အတောင်ပံတစ်စုံ၊ လူတို့ နားမလည်နိုင်သော အလင်းဓာတ် တစ်စုံတစ်ရာ၊ လူတို့ နားမလည်နိုင်သော ဥယျာဉ်တစ်ခု၊ လူတို့ နားမလည်နိုင်သော တူရိယာ တစ်လက်၊ လူတို့ နားမလည်နိုင်သော..... နားမလည်မှုများဖြင့် ချုပ်ထားသော အင်္ကျီ ဖြစ်ပါသည်။ ထိုအင်္ကျီကို ဝတ်ဖို့အတွက် ကျွန်တော် အဖိုးအခ အနည်းငယ်သာ ပေးခဲ့သည်။ ထိုအဖိုးအခ မှာ လူမှား၏ မုန်းတီးခြင်းပင် ဖြစ်ပါသည်။ (လူများ၏ မုန်းတီးခြင်း မှာ ကျွန်တော့်အတွက် ပဲဝက် မျှလောက်ပင်မတန်သော အရာဖြစ်ပါသည်။) ထိုအင်္ကျီ ကိုဝတ်ဆင်မည်ဆိုလျှင် သင်သည် အရည်အချင်း သုံးရပ်နှင် ပြည့်စုံရန် လိုပါသည်။ ထို အရည်အချင်းများမှာ...
(၁) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း
(၂) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း နှင့်
(၃) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း တို့ဖြစ်ပါသည်။
အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံပြီဆိုလျှင် သင်လည်း ကျွန်တော့်လို အင်္ကျီတထည် ရနိုင်ပါပြီ။ လိုချင်လျှင် အောက်ပါလိပ်စာအတိုင်း တောင်းယူနိုင်ပါသည်။ လိပ်စာမှာ သင်နှင့် အဝေးဆုံးဟုဆိုရမည့် သင်ကိုယ်တိုင်၏ အသည်းနှလုံး ထဲမှာသာ ဖြစ်ပါသည်။
သစ္စာနီ (စင်တော် ဝတ္တုတိုပေါင်းချုပ် - ၁၉၉၈)
No comments:
Post a Comment