Friday, December 22, 2017

သံချေးတက်နေသော တွယ်အပ်ကလေး (သစ္စာနီ)

ဆိုပါစို့။ အချစ်ဆိုတဲ့ စကားလုံး နှစ်လုံးကို မသုံးစွဲဘဲ ရင်ထဲကဟာကို စေ့ငုံခြုံငုံမိအောင် ဖော်ပြနိုင်မည့် ဝေါဟာရသစ် တစ်လုံးကို တစ်စုံတစ်ယောက် ကသာ ကျွန်တော့်အား ရှာဖွေ ပေးခဲ့လျှင် ထိုလူကို ကျွန်တော် အင်းဝဆိုင်၌ ရေခဲမုန့် နှစ်ခွက် ဝယ်ကျွေးရန် ဝန်မလေးပါ။

မတတ်သာသည့် အဆုံး အားနာစွာဖြင့်ပင် (အထူးသဖြင့် ကြောင်ကလေးကို အားနာစွာဖြင့်ပင်) ဤ အချစ်ဆိုသော စကားလုံးကို သုံးစွဲရပါတော့မည်။ (ကြောင်ကလေး ဆိုသည်မှာ ကျွန်တော် ချစ်သောသူကို အမြတ်တနိုး ကျွန်တော် တစ်ကိုယ်တည်း ကြိတ်ကာ သုံးစွဲခေါ်ဝေါ်လေ့ ရှိသော နာမည်ပြောင်ကလေး ဖြစ်ပါသည်။)

ထိုနေ့က ကမ္ဘာပေါ်တွင် မတရားမှုတစ်ခု ဖြစ်ပွားခဲ့၏။ ကျွန်တော် ထီးယူဆောင်း မလာခိုက် မိုးရွာခြင်း ဖြစ်သည်။ ကျွန်တော်သည် အခြေအနေနှင့် အချိန်အခါကို တွက်ဆရာ၌ ယခုတိုင် ညံ့ဖျင်းဆဲ ဖြစ်သည်။ (အိုင်စတိုင်း၏ ရီလေတီဗစ်တီ သီအိုရီကို နားလည်ပါသည်။) နီးရာ အဆောက်အအုံ၏ ပေါ်တီကို အောက်သို့ မိုးခိုရန် ဝင်မိတော့မှ ကျွန်တော့်တွင် ဘယ်တုန်းကမျှ ထီးတစ်လက် မရှိခဲ့ဖူးသည်ကို သတိရလာ၏။ ထားပါတော့။ ကျွန်တော့်တွင် မရှိသော အရာများမှာ အတော် များပါသည်။ ဥပမာ ... မော်တော်ကား တစ်စီး မရှိ၊ အရက်ပုလင်းလွတ် မရှိ၊ ကာဖကာ၏ စာအုပ် မရှိ၊ မိန်းမ မရှိ၊ ဗိုင်းရပ်ပိုး မရှိ၊ ချောကလက် စက်ရုံ မရှိ။

ထိုနေ့က ထိုနေ့သည် သာမန် မိုးဦးကျနေ့ တစ်နေ့သာ ဖြစ်ပါသည်။ ထူးထူးခြားခြား မရှိလှပါ။ နဝဒေး၏ ရတုပိုဒ်ထဲကနှင့်လည်း တူမနေပါ။ (ခပ်ညံ့ညံ့ ရုပ်ရှင်ကားများထဲ၌ ထည့်သွင်း ရိုက်ကူးတတ်သော မိုးရွာခန်းနှင့်ပင် တူနေသေးသည်။) ရေခဲရေသည် နှစ်ဦး ဆိုင်သိမ်း သွားကြသည်။ သူ့ကိုယ်သူ လှသည်ဟု ထင်ဟန် ရှိနေပုံရသော ကောင်မလေး တစ်ယောက် မိုးရွာထဲတွင် ဒီအတိုင်း လမ်းလျှောက် သွားသည်။ ဓာတ်ကြိုးပေါ်တွင် ကျီးကန်းတချို့ နားနေသည်။ မိုးစက်များ ကျနေသည်။ ကျွန်တော် လက်မှတ်တစ်စောင် ဝယ်လိုက်၏။ (ကျွန်တော် မိုးခိုရန် ဝင်ခဲ့မိသော အဆောက်အအုံမှာ ရုပ်ရှင်ရုံ တစ်ရုံ ဖြစ်နေသည်။) ထိုရုံ၌ ဘာကား ပြနေမှန်း ကျွန်တော် မသိပါ။ ကျွန်တော် ဤမြို့သို့ ပြန်ရောက်သည်မှာ ၂- ရက်၊ ၁၀- နာရီ၊ ၄၇- မိနစ်နှင့် စက္ကန့် အနည်းငယ်မျှ စွန်းရုံသာ ရှိပါသေးသည်။ နှစ်ပေါင်းများစွာ ကွဲကွာနေသော ငယ်သူငယ်ချင်း တစ်ဦးကို တွေ့ဆုံ နှုတ်ဆက်ရန် အိမ်မှ ထွက်လာခိုက် လမ်းတွင် ယခုကဲ့သို့ မိုးမိခြင်း ဖြစ်ပါသည်။ မိုးသည် တော်တော်နှင့် တိတ်မည့်ပုံ မပေါ်။ သူ့အိမ်သို့ လောလောဆယ် သွားရန် မဖြစ်နိုင်တော့ပါ။ ကျွန်တော့်အိမ်သို့ ပြန်ရန်လည်း မဖြစ်နိုင်သေးပါ။ ရုပ်ရှင်ကြည့်ရန် ဖြစ်နိုင်ပါသည်။ ကံကောင်းပါက ရုပ်ရှင် ကြည့်နေရင်း မိုးတိတ်သွား နိုင်ပါသည်။ ကံကောင်းပါက ကျွန်တော် လက်မှတ် ဝယ်လိုက်သော ကားသည် ခင်သီတာထွန်း ပါဝင်သော ကားတစ်ကား ဖြစ်နိုင်ပါသည်။ ကံကောင်းပါက ရုပ်ရှင်ရုံထဲ၌ ကြမ်းပိုး မရှိသော ခုံတစ်ခုံတွင် ကျွန်တော်ထိုင်ခွင့် ကြုံနိုင်ပါသည်။ (အနီးတစ်ဝိုက်တွင် ငိုတတ်သော ကလေးလည်း မရှိစေရ။) သို့သော် ကျွန်တော်သည် ကံကောင်းလေ့ မရှိပါ။

ထိုနေ့က သူနှင့် ပြန်ဆုံရခြင်းကိုတော့ ကံမကောင်းခြင်း တစ်မျိုးဟု မဆိုရက်ပါ။ သူ့ကို ကျွန်တော်က စတင် မြင်သော်လည်း သူက ကျွန်တော့်ကို မြင်ဟန်မတူ။ သူ့ဘေးမှ ရှည်မြင့်သော  လူ၏ မျက်နှာကို မော့ကြည့်ကာ ပြုံးချိုစွာ စကားပြော နေပါသည်။ ထိုလူသည် သူ့ယောက်ျား ဖြစ်ကြောင်း ကျွန်တော် ကောင်းကောင်းသိ၏။ သူတို့ မိုးရွာကြီးထဲမှာ ဘာလို့ ရုပ်ရှင်လာကြည့် ကြတာလဲ။ ဘာလို့ အိမ်မှာ စာဖတ်မနေ ကြတာလဲ။ အမျိုးတွေ အိမ်ကို ဘာလို့ သွားမလည် ကြတာလဲ။ နောက်တစ်နေ့မှ ဘာလို့ လာမကြည့် ကြတာလဲ။ ဒါ တိုက်ဆိုင်အောင် ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်မှ မဟုတ်တာ။ ရင်ထဲက တဒိတ်ဒိတ် ခုန်နေသော အသံကို ဘေးမှလူများ ကြားသွားမှာ ကျွန်တော် မလုံမလဲ ဖြစ်နေသည်။ (အမှန်တော့ ကြောင်ကလေး ကြားသွားမှာ ပိုစိုးရိမ်သည်။) ဒါတွေဟာ ကြာခဲ့ပြီပဲ။ ဘာလို့ မအေးခဲ့ရသေးတာလဲ။ အတောင်ပံခတ်သံ ကြားရ၏။ တစ်ခုခု ကျွန်တော့်ဆီက ပျံထွက်သွားသည်။ တစ်ဆယ့်ငါးနှစ် နီးပါး ကိုယ့်ကိုယ်ကို လှည့်စားလာခဲ့တာ အလကားပဲ။ တစ်ခုခု လုပ်ချင်နေသည်။ ဘာလုပ်ရမလဲ။ ဒူးယားတစ်လိပ် ဝယ်သောက်ရရင် ကောင်းမလား။ (ကျွန်တော် ဆေးလိပ်ပြတ်ခဲ့တာ ကြာပြီ။) သူ့ကို ကျောပေး ရပ်လိုက်ရ ကောင်းမလား။ ချောင်းဆိုးလိုက်ရ ကောင်းမလား။ ဒါပဲ အလွယ်ဆုံး ထင်၍ ချောင်းဆိုးဖို့ ကြိုးစားသော်လည်း လည်ချောင်းထဲမှ အသံထွက်မလာ။ ကွမ်းယာဆိုင်မှာ ချိတ်ထားသော မှန်ကလေးထဲကို မကြည့်မိအောင် သတိထား နေရ၏။ ကျွန်တော့် မျက်နှာတွေ နီနေသည်ကို ပြန်မကြည့်ချင် သောကြောင့် ဖြစ်၏။ နှစ်တွေ အတော်ကြာမြင့်ခဲ့ သော်လည်း အရာရာ ပူနွေးနေတုန်း ရှိသေးတာပဲ။

သူလည်း လှတုန်းပဲ။ (ကြောင်ကလေးကို ပြောတာ။) သူတို့ လင်မယား ကလေး မရကြဟု သတင်းကြားရ၏။ နည်းနည်းတော့ ဝလာသလိုပဲ။ သူလည်း သုံးဆယ် ကျော်ခဲ့ပြီကို။ (ကိုယ့်ထက် နှစ်နှစ်ပဲ ငယ်တာ မဟုတ်လား။) လှပသော မေးချွန်ချွန်ကလေးက နှစ်ထပ် ဖြစ်လုပြီ။ သူ လေ့ကျင့်ခန်း ယူဖို့ ကောင်းသည်။ သို့သော် ကျွန်တော်သာ သူ့ယောက်ျား နေရာမှာ ဆိုလျှင်လည်း တကယ်တမ်းကျတော့ ကြောင်ကလေး ပင်ပန်းမှာ စိုးကာ လေ့ကျင့်ခန်း ယူခိုင်းရက်လိမ့်မည် မထင်။ (သူက နဂိုက သွယ်သွယ် နွဲ့နွဲ့ရယ်။) အသားနည်းနည်း တိုးလာတာနဲ့ အချစ်နည်းနည်း လျော့သွားစရာ အကြောင်း မရှိပါဘူး။ ထိုလူနှင့် စကား ပြောနေရင်း သူ့အကြည့် တစ်ချက်က ကျွန်တော့်ထံ ရောက်လာသေး၏။ ကျွန်တော် ချစ်ခဲ့သော မျက်တောင်ကော့ကော့ အောက်မှ ထို မျက်လုံးဝိုင်းများသည် ကျွန်တော့်ထံမှ ခဏချင်းမှာပင် ပြန်လည် လွှဲဖယ်သွားသည်။ ကျွန်တော့်ကို မမှတ်မိတာ ဖြစ်နိုင်သည်။ လွန်ခဲ့သော ဆယ့်ငါးနှစ် နီးပါးက ကျောင်းတစ်ကျောင်းတွင် တစ်နှစ်ခန့် အတူနေခဲ့ဖူးသော မထင်မရှား လူတစ်ယောက်ကို မမှတ်မိဘူး ဆိုတာ ဖြစ်နိုင်သည်။ ဒါ သဘာဝကျသည်။ ကျွန်တော်က အဲဒီတုန်းက သူစီးခဲ့သော သဲကြိုး ကြိုးဖြူဖြူလေးနှင့် ဖိနပ်ကအစ သူ့ညာဘက် တံတောင်ဆစ် အထက်နားမှာ ရွေးစေ့ခန့် အနာရွတ်ကလေး ရှိနေတာအထိ သူနှင့် ပတ်သက်၍ မြောက်မြားစွာ မှတ်မိနေတာလည်း သဘာဝကျသည်။ ထိုနေ့က ကျွန်တော် ရုပ်ရှင် မကြည့်ဖြစ်ပါ။ သူတို့နှစ်ယောက် ရုပ်ရှင်ရုံထဲ ဝင်သွားသောအခါ ရုပ်ရှင်ရုံအောက်မှ ထွက်ကာ ကျွန်တော် အိမ်ပြန်လာခဲ့သည်။ သူငယ်ချင်းထံ သွားရန် ကိစ္စကိုလည်း သတိမရတော့ပါ။ မိုးရေတွေ တစ်ကိုယ်လုံး စိုရွှဲ နေသည်ကိုလည်း သတိမရတော့ပါ။ ခင်သီတာထွန်းကိုလည်း သတိမရတော့ပါ။ အိမ်ကို ဘယ်လမ်းက လျှောက်ပြန်ခဲ့မှန်းလည်း သတိမရတော့ပါ။ အနည်းဆုံး ဖတ်ကောင်းအောင် ရေးထားသော ဝတ္ထုတစ်ပုဒ် ထဲကလို အဆိုတော် ကိုမြကြီး၏ "မိုး" သီချင်းထဲမှ စာသား တချို့ကိုတော့ သတိရဖို့ ကောင်းသော်လည်း သတိမရခဲ့ပါ။ ကြောင်ကလေးကိုသာ သတိရနေပါသည်။

ထိုနေ့က ကျွန်တော် အိမ်ပြန် ရောက်သောအခါ အခန်းထဲသို့ တန်းဝင်ကာ ခုတင်အောက် သံသေတ္တာထဲတွင် ထည့်ထားသော အပြာရောင် ဖိုင်ဟောင်း တစ်ခုကို ဆွဲထုတ်လိုက်သည်။ ဤဖိုင်မှာ ကြောင်ကလေးနှင့် ပတ်သက်သမျှကို စုစည်း သိမ်းဆည်းထားသော ဖိုင်တွဲဖြစ်၏။ ပြန်လှန်မကြည့် ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ (အမှန်အတိုင်း ဝန်ခံရလျှင် ပြန်လှန်ကြည့်ဝံ့အောင် ကျွန်တော့်တွင် သတ္တိ မရှိသောကြောင့် ဖြစ်၏။) အသက်သုံးဆယ် ကျော်ခဲ့ပြီး လူတစ်ယောက်ဟာ ဆယ့်ရှစ်နှစ်သားလေး တစ်ယောက်ရဲ့ ဘဝထဲကို ပြန်လည် ပျော်ဝင်နိုင်သလား။

ထိုနေ့က ကျွန်တော် ကျောင်းရောက် သွားသောအခါ ရုံးခန်းဝတွင် ရစ်သီ ရစ်သီ လုပ်နေသော အတန်းထဲမှ ကျောင်းသား တချို့ကို တွေ့ရ၏။ "ဟေ့ကောင်၊ တို့အတန်းထဲကို ကျောင်းသူ အသစ်ကလေး တစ်ယောက် ရောက်တယ်ကွ၊ နယ်က ပြောင်းလာတာတဲ့၊ ကောင်မလေးက လှတယ်"။ တစ်ယောက်က ကျွန်တော့်ကို သတင်းပေးသည်။ သူပေးသော သတင်းကို ကျွန်တော် စိတ်မဝင်စားပါ။ မနက်ဖြန် ကစားမည့် တိုင်းဘောပွဲတွင် တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်း ဘယ်သူ နိုင်မလဲဟုသာ စဉ်းစား နေပါသည်။ (ထိုကောင်မလေးဟာ ကျွန်တော့်ရဲ့ ကြောင်ကလေး ဖြစ်လာလိမ့်မည် ဟုရော ထိုစဉ်က ဘယ်သို့ တွေးမိပါမည်နည်း။) ကျွန်တော်သည် သဘာဝအားဖြင့် ရွယ်တူ ကောင်မလေးတွေကို စိတ်ဝင်စားသူ မဟုတ်။ ဤကောင်မလေး သည်လည်း တခြား ကောင်မလေးတွေလိုပင် ထမီတိုတို ဝတ်ကာ နှုတ်ခမ်းနီရဲရဲ ဆိုး၍ စွာကျယ်ကျယ် စကားပြောတတ်ပြီး ကျောင်းမုန့်ဈေးတန်း ထဲတွင် အုန်းနို့ခေါက်ဆွဲ နှစ်ပွဲနှင့် ရေခဲသုတ်တစ်ပွဲ ဆက်လျက် စားတတ်သော ရွံစရာ ကောင်မလေး တစ်ယောက်ပဲ ဖြစ်မည်ဟု တွေးခဲ့၏။ (အစား လောဘကြီးသူများကို ကျွန်တော် မုန်းတီးသည်။) ဒီတုန်းက ဒီလို ရွယ်တူ ကောင်မလေးတွေထက် စိတ်ဝင်စားစရာ ကျွန်တော့် ဘဝတွင် များစွာ ရှိခဲ့သောအခါ ဖြစ်၏်။ ညနေ ကျောင်းဆင်းလျှင် ချိန်းကန်သော ရပ်ကွက်ထဲက ဘောလုံးပွဲ ရှိသည်။ (ရှေ့တန်း ညာတောင်ပံမှ ကျွန်တော် ကစား၏။) လစဉ်ထုတ် မဂ္ဂဇင်းများနှင့် ရုပ်ရှင်ရုံ ရှိသည်။ ည ဆယ့်တစ်နာရီထိ သူငယ်ချင်း တစ်စုနှင့် ထိုင်သော လမ်းထောင့်က ကိုကာဆင် လက်ဖက်ရည်ဆိုင် ရှိသည်။ ပြီးတော့ ကြောင်ကလေး တစ်ကောင် ရှိသည်။ (ကျွန်တော် မွေးထားသော အမွေးဝါဝါနှင့် ရွှေဝါဟုခေါ်သည့် တကယ့် ကြောင်အစစ်ကလေး တစ်ကောင် ဖြစ်ပါသည်။ ကြောင်ကလေး ကဲ့သို့သော ကောင်မလေး တခြားတစ်ယောက် မဟုတ်ပါ။)

သို့သော် ...

ထိုနေ့က အတန်းထဲ ဝင်လာသော သူ့ကို တွေ့လိုက် ရသောအခါ၊ ဆိုပါစို့ တစ်ခါတည်း ကျွန်တော် ချစ်သွားပါသည်။ သူ၏ ကျောင်းဝင် နာမည်မှာ သုံးလုံးဖြစ်၍ အတော် လှပါသည်။ သို့သော် ကျွန်တော့်စိတ်ကြိုက် ကြောင်ကလေး ဆိုသည်လောက် မကောင်းသဖြင့် မဖော်ပြတော့ပါ။ ဆိုပါစို့၊ ကြောင်ကလေးသည် တခြား ကောင်မလေးတွေလိုပင် ထမီကို ခပ်တိုတို ဝတ်ထား၏။ နှုတ်ခမ်းနီရဲရဲ ဆိုးထား၏။ (နောက်ပိုင်းတွင် တစ်ခါတစ်ရံသာ ဆိုးသည်။) ဆံပင်ကို နားရွက်တစ်ဝက် ဖုံးထား၏။ သူ့ကျတော့ ကျွန်တော် ချစ်သည်။

တိုက်ဆိုင်မှုတရား ဆိုတာ ဒီတစ်ခါပဲ မှတ်မှတ်ရရ ဖြစ်ရတာ။ ကျွန်တော့် ရင်ထဲတွင် ကျေးဇူးတင်ဖူးသည်။ ဒီလောက်ကျယ်တဲ့ ကမ္ဘာကြီးထဲမှာ ကြောင်ကလေးနှင့် ကျွန်တော် စာသင်ခန်း တစ်ခုထဲမှာ တစ်နေ့ နာရီနည်းနည်း (ကျောင်းပိတ်ရက်က လွဲလို့) အတူတူ နေထိုင်ခွင့်ရတာ ဘယ်လောက် အံ့ဩဖို့ ကောင်းသလဲ။ ကျွန်တော်က ခင်သန်းနုနဲ့ တူတဲ့ တခြား ကောင်မလေး တစ်ယောက်ကို ချစ်မိခဲ့ဖို့ ကောင်းလျက်သားနဲ့ ကြောင်ကလေးကိုမှ ရွေးချစ်မိတာကရော ဘယ်လောက် အံ့ဩဖို့ ကောင်းသလဲ။ ရှေ့ဆုံးတန်းမှာ ထိုင်သော သူ့ကို ကျွန်တော်သည် နောက်ဆုံးတန်းက ထိုင်၍ ချစ်ခဲ့သည်။ တစ်ခါတစ်ရံ အခန်းထဲကို ဝင်၍ (အင်္ဂလိပ်စာ) သင်တတ်သော ကျောင်းအုပ်ကြီးက ကျွန်တော်တို့ နောက်ဆုံးတန်းအား နံရံကပ် အတန်းဟု ခေါ်၏။ ရှေ့တန်းမှ ကျောင်းသားများသည် ကျောင်းမပြေးကြ။ မျက်နှာတွင် ပေါင်ဒါ လိမ်းကြသည်။ အိမ်သာထဲတွင် ဆေးလိပ် ခိုးမသောက်ကြ။ ရီပို့ကတ်ထဲတွင် အကျင့်စာရိတ္တ ကောင်းဟု ရကြ၏။ အိမ်စာကို မှန်မှန်လုပ်ကာ ပုဆိုးကို ချက်ပေါ် တင်ဝတ်ကြသည်။ နောက်ဆုံးတန်းက ကျွန်တော်တို့သည် ပုဆိုးကို ချက်ပြုတ် ဝတ်ကြသည်။ ရင်ဘတ်မှ အင်္ကျီကြယ်သီး သုံးလုံးကို အမြဲ ဖြုတ်ထားကြ၏။ ကျွန်တော်တို့ အင်္ကျီ အိတ်တိုင်းတွင် ဘီးများကို ထောင်ထည့် ထားကြသည်။ ကျွန်တော်တို့၏ အမောက်များသည် ထောင်ကြသည်။ ကော်လံများသည် ထောင်ကြသည်။ လမ်းသွားသောအခါ ပုခုံးနှစ်ဖက်ကို ရှေ့တွင်စုကာ လက်ပြင်ကုန်း၍ လျှောက်ကြ၏။ (တမင် လုပ်ယူ ထားရသော အဲဗစ် ပရက်စလေ၏ စတိုင် ဖြစ်သည်။) ကျွန်တော်သည် ညာသန် ဖြစ်သော်လည်း အခြား အဖော်များလိုပင် အရာရာကို ဘယ်နှင့် ကိုင်သည်။ လွယ်အိတ်ကို ဘယ်ဘက် ပုခုံးပေါ်တွင် တင်သည်။ (လွယ်ထားခြင်း မဟုတ်ပါ။) ထိုကဲ့သို့ ဘယ်ကို အသုံးပြုရခြင်းမှာ တခြားသူများနှင့် ခြားနားစေသည်။

ထိုနေ့ကစ၍ ကျွန်တော်သည် ကျောင်းမှန်မှန် တက်၍ နေသည်။ "ဟေ့ကောင် ... ကျောင်းပြေးပြီး အင်းလျားမှာ ရေသွားကူးရအောင်" ဟု သူငယ်ချင်းများက ပြော၏။ ကျွန်တော် ခေါင်းခါ ပြလိုက်သောအခါ သူတို့ တစ်သိုက်က ဒီကောင် ကြောင်နေပြီဟု ပြောကြ၏။ အင်းလျားမှာ ရေတော့ သွားကူးချင်တာပေါ့။ ဒါပေမယ့် ကြောင်ကလေးကို ပို၍ ကြည့်ချင်နေသည်။ သူ့ဘေးမှ အဖော်ကို ခေါင်းကလေး ငဲ့ကာ ပြောခိုက် သူ့မျက်နှာလေး တစ်ခြမ်းကို မြင်ခွင့် ရသည်မှာ မကြာ မကြာ မျှော်ရတတ်သော အခွင့်အရေး ဖြစ်၏။ ထိုသို့ဖြင့် ပြတင်းပေါက်မှ ဝင်လာသော ကျနေ၏ အရိပ်များ တစ်စထက် တစ်စ ရှည်လျားလာကာ နီကျင်နေသာ နေရိပ်ရှည် တစ်ခု ထိုးကျ၍ သူ့ရဲ့ မျက်နှာတစ်ခြမ်း ရွှေရည် ဝင်းလဲ့နေသည်ကို ငေးကြည့် နေချိန်တိုင်လျှင် ကျောင်းဆင်းသံချောင်း ခေါက်သံကို ကြားရ၏။ "ကမ္ဘာမကြေ" သီချင်းဆိုရန် အားလုံး မတ်တပ်ရပ်ကြသည်။ စာသင်ချိန်များမှာ တိုတောင်းလှသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်က လွမ်းနေ၏။

ကျောင်းဆင်းလျှင် စုဝေးလှုပ်ရွ နေသည့် လူအုပ်ကြီးထဲတွင် သူနှင့် မလှမ်းမကမ်းက ကျွန်တော် ပါသွားသည်။ ကားမှတ်တိုင်တွင်လည်း သူနှင့် မနီးမဝေးမှာပင် ကျွန်တော် ရပ်နေသည်။ သူ့မျက်နှာကလေးကို ထိုတစ်နေ့တာ အဖို့ ကြည့်ရှုရန် နောက်ဆုံး အခွင့်အရေးများကို ယူနေခြင်း ဖြစ်၏။ တကယ်တမ်း ဆိုလျှင် သူက တောင်ဘက်သို့ သွားသောကားကို စီးရမည် ဖြစ်ပြီး ကျွန်တော်က မြောက်ဘက်သို့ သွားသောကားကို စီးရမည် ဖြစ်သည်။ သူ ကားပေါ် တက်သွားပြီးမှ ကိုယ်စီးရမည့် မှတ်တိုင်သို့ ကျွန်တော် သွားသည်။ သို့မဟုတ် တစ်ခါတစ်ရံ သူစီးမည့် ကားကိုပင် တက်စီးကာ သူ့နောက်သို့ ပါသွားတတ်၏။ (ထိုတစ်ခါတစ်ရံ ဆိုသည်မှာ ကျွန်တော်ကလည်း ညစာ မစားသေးဘဲ အိတ်ထဲတွင်လည်း ကားခပိုက်ဆံ အပို ရှိတတ်သော နေ့များ ဖြစ်တတ်၏။) ကျွန်တော်သည် ကားပေါ်တွင် သူနှင့် မလှမ်းမကမ်းမှ ရပ်ကာ သူ့ကို ငေးကြည့်နေခိုက် အရာရာကို မေ့လျော့ နေတတ်သဖြင့် ပိုက်ဆံတောင်းသော စပယ်ယာ၏ အအော်အငေါက်ကို မကြာခဏ ခံရ၏။ ပိုက်ဆံဆယ်ပြား ဆိုတာ၊ ပြီးတော့ အခြားအရာများ ဆိုတာ အချစ်လောက် အရေးမကြီးပါဘူး ဆိုတာကို အဲဒီ စပယ်ယာ ကံကောင်းသော တစ်နေ့တွင် သိပါလိမ့်မည်။

ကျွန်တော် ကြောင်ကလေးကို တကယ် ချစ်နေခဲ့သည်။ (အက်ဒွပ်ဘုရင်လို သက်သေ ပြစရာတော့ မရှိဘူးပေါ့။) ဘောလုံးလည်း မကန်တော့ဘဲ၊ လက်ဖက်ရည်ဆိုင် ထိုင်ကာ သူငယ်ချင်းများနှင့် လေကန်ခြင်း မပြုတော့ဘဲ၊ (အတူတူ ထိုင်သော သူငယ်ချင်းများက ဟိတ်ကောင် တခြား စကားပြော၊ မင်းကြောင်ကလေး အကြောင်း မပြောနဲ့၊ တို့ နားငြီးတယ်ဟု တားမြစ်ထား၏။) ကျွန်တော် အင်မတန် ကြိုက်သော မင်းသမီး ဘားဒေါ့ ပါသည့် ရုပ်ရှင်ကားသစ်ကိုပင် သွားမကြည့်နိုင်ဘဲ နှစ်ဆယ့်လေးနာရီ လုံးလုံး သူ့ကို သတိရ နေတာကိုမှ အချစ်လို့ မခေါ်ရင် ဘာကို ခေါ်ရမှာလဲ။ အချစ်အတွက် ကျွန်တော် ရေချိုးခဲ့ဖူးပြီ။ အချစ်အတွက် ကျွန်တော် ပို့စကတ် ဝယ်ခဲ့ဖူးပြီ။ အချစ်အတွက် ကျွန်တော် အိပ်မက် မက်ခဲ့ဖူးပြီ။ "ဟဲ့ကောင်လေး၊ နင်ရေချိုးတာ ကြာလှချည်လား၊ အဆုတ် အအေးပတ်မယ်" ဟု ကျွန်တော် ဒုတိယ အကြိမ် ဆပ်ပြာ တိုက်ပြီးစတွင် ပြတင်းဝမှ အမေက ထွက်ကာ အော်၏။ အမေ့ကို ကျွန်တော် စကားပြန်မပြောနိုင်။ ခြေသည်းများကို ရေစိုပုဆိုး အောက်နားစနှင့် ကုန်းကာ ပွတ်တိုက် နေရ၏။ ခြေသည်းများမှာ ပန်းနုရောင် တောက်ပြောင် သန့်လက်နေသည်။ ထမင်းကို ခပ်သုတ်သုတ် စားလိုက်သည်။ မှန်ရှေ့တွင် ရပ်ဖို့ အချိန် ပိုရရန်အတွက် ဖြစ်သည်။ ကြာမြင့်စွာ ခေါင်းဖြီး နေရာမှ နောက်ဆုံးတွင် ကျွန်တော့် အမောက်သည် အဲဗစ် ပရက်စလေ၏ အမောက်လို ထောင်၍လာ၏။ ကျွန်တော်စီးမည့် မန္တလေးဖိနပ် သဲကြိုးများသည် ဝက်မှင်ဘီးနှင့် အထပ်ထပ် ပွတ်တိုက်ခြင်း ခံရသဖြင့် နက်ပြောင်နေ၏။ ကျွန်တော့် ကျောင်းလွယ်အိတ် ကြိုးကို ဘယ်ဘက်လက်နှင့် တွဲလောင်းဆွဲကာ ပုခုံးပေါ် ပစ်တင်လိုက်သည်။ အိမ်က တိုင်ကပ်နာရီသည် အသံ တစ်ဆယ့်တစ်ချက် ပြည့်အောင် မြည်နေသည်။ ကျွန်တော့် ခြေထောက်ကို သူ့ကိုယ်လုံးနှင့် လာရောက် ပွတ်တိုက်နေသော ကြောင်ဝါကလေးကို ကျွန်တော် ခြေထောက်ဖြင့် ခတ်ပစ်ခဲ့သည်။ ဟဲ့ကောင်လေး၊ နင့်ပုဆိုးများ အပေါ်နည်းနည်း တင်ဝတ်ပါလား ခွေးချေးသိမ်း ဖြစ်နေပြီ ဆိုသော အမေ့စကားများကို မကြားယောင် ပြုကာ ကျွန်တော်အိမ်မှ ထွက်လာခဲ့၏။ ကျွန်တော် ဝတ်ထားသော လုံချည်မှာ ခြေမျက်စိ ဖုံးအောင်ပင် ရှည်လျားနေသည်။

ကျွန်တော်တို့ ကျောင်းလမ်းတွင် တံတားဖြူကလေး တစ်ခု ရှိ၏။ (ခပ်နောက်နောက် လူများက မေတ္တာပေါင်းကူး တံတားဟု ခေါ်ကြ၏။ ထိုအမည် ဖြစ်ပေါ်လာသည့် ရာဇဝင်ကို ကျွန်တော် မသိပါ။) ကျွန်တော်သည် နေ့တိုင်း ကျောင်းသို့ စောစောရောက်အောင် လာကာ ထို တံတားဖြူကလေးမှ နေ၍ ကြောင်ကလေး အလာကို စောင့်ငေးကြည့်လေ့ ရှိသည်။ ကျွန်တော် တံတားလက်ရမ်းကို မှီကာ ဟန်ပါပါ ရပ်နေလိုက်သည်။ ကျွန်တော်၏ ဘယ်ခြေမှာ မျဉ်းဖြောင့်ဖြစ်ကာ ထိုမျဉ်းပေါ်၌ ညာခြေက ၉၀ ဒီဂရီ မျဉ်းမတ် ကျနေသည်။ ဒီလို ခြေထောက် ထားပုံကို ကျွန်တော်တို့ အကျင့်ပါ နေကြသည်။ ကျွန်တော်တို့သည် ရပ်တိုင်း ဤကဲ့သို့ပင် ရပ်ကြသည်။ မင်းသားသစ် ဇော်ခင်လည်း ဤကဲ့သို့ ရပ်သည်။

သူလာတာကို ခပ်ဝေးဝေးက မြင်ကတည်းက ကျွန်တော့်ရင်တွေ ခုန်နေသည်။ သူ ကျွန်တော်နှင့် တစ်စထက်တစ်စ နီးကပ်လာ၏။ ကျွန်တော့်ထံတွင် ရှိသော ဖန်တီး ယူထားသည့် ဟန်မှာ အားလုံး ပျက်ပြားသွား၏။ ဤအချိန်တွင်မူ ကျွန်တော်သည် ဖန်တီး မယူရသော သိုးကလေး တစ်ကောင်၏ပုံ ပေါက်နေမည်သာ ဖြစ်၏။ ကျွန်တော့် အင်အားတွေကို ရုတ်ချည်း ဘယ်အရာက စုပ်မျိုသွားသလဲ။ သည် ဖြူဖြူ သွယ်သွယ် နွဲ့နွဲ့ ကောင်မလေးကလား။ သူ သိပ်နီးလာသော အခါ ကျွန်တော် ခေါင်းငုံ့ ထားမိသည်။ (သူ့ကို ဘာလို့ ကြောက်ရမှာလဲ။) သူသည် ကျွန်တော့်ရှေ့မှ ဖြတ်သွားနေသည်။ ဟုတ်တယ်။ သူ ကျွန်တော့်ရှေ့က ဖြတ်သွားနေတယ် ဆိုတာ ဒီနေရာမှာတော့ သေချာမှု တစ်ခုပါပဲ။ ကြောင်ကလေး ကျွန်တော့်ရှေ့မှ ဖြတ်သွားနေသည်။ ငုံ့နေသော ကျွန်တော့်ခေါင်းရှိ မျက်လုံးများက သဲကြိုး ဖြူဖြူကလေးများ နစ်မြုပ်နေသော သူ့ခြေဖမိုး ဝါဝါကလေးများကို မြင်နေရတယ် မဟုတ်လား။ ကျွန်တော်သည် သူနှင့် နီးကပ်နေလွန်း သောကြောင့် သူ့ကိုယ်နံ့ သင်းသင်းကလေးကိုပင် ရလိုက်သလို ရှိ၏။ သူ ကျွန်တော့်ကို နောက်ဆုံး ဖြတ်ကျော်သွားကာ နီးတွင် ရှေ့မှ လာနေသူ တစ်ဦးအား မတိုက်မိအောင် သူရှောင်လိုက်ရ၏။ (တံတားကလည်း ကျဉ်းလွန်းသည်။) သူက ကျွန်တော့်ဘက်သို့ တိမ်းကာ ရှောင်လိုက်ခြင်း ဖြစ်သဖြင့် သူနှင့် ကျွန်တော်သည် သိပ်ပူးကပ်လွန်း သွားကာ သူ့ထမီ အောက်နားစ ကလေးသည်ပင် ကျွန်တော့်ပုဆိုး အောက်နားစကို တစ်ချက် ထိခိုက်သွားသည်။ (ထိသွားသည်ဟု ထင်ရသည်။ ဤအချက်မှာ သိပ်မသေချာသော်လည်း မကြာခဏ ပြန်လည် တွေးတောမိသော အခါ ကြောင်ကလေးနှင့် ကျွန်တော့်အဖို့ အမှတ်ရစရာ အရင်းနှီးဆုံး ဖြစ်ခဲ့ဖူးသည်မှာ ဤအရာကလေး တစ်ခုသာ ရှိသည်ကို တွေ့ရ၏။) ကျွန်တော် ရင်ခုန်နေဆဲမှာပင် သူသည် ကျွန်တော့်ကို ကျောပေးကာ ဝေးကွာ သွားနေသည်။ သူငယ်ချင်း တချို့က ရုပ်ရှင် သွားကြည့်ကြသည်။ ကျွန်တော် လိုက်မသွား။ ကောင်ကင်ပြာပြာ၌ တိမ်ဖြူတို့ လွင့်ပါးနေကြသည်။ နေ့သည် ရွှေရောင် တောက်ပနေသည်။ နေ့တိုင်းသည် ဒီလို မလှပနိုင်။ သို့သော် လှပလိမ့်မည်ဟုကား မျှော်လင့်နိုင်လေသည်။

ထိုနေ့က ကြောင်ကလေး ကျောင်းမတက်။ သူ ကျောင်းမတက်သော နေ့များ၌ ကျောင်းချိန် တစ်ချိန်လုံး ကျွန်တော် နေမထိ ထိုင်မသာ ဖြစ်နေတတ်သည်။ ကြောင်ကလေး မရှိသော စာသင်ခန်းလောက် ခြောက်သွေ့သော သဲကန္တာရ ဟူ၍ ရှိလိမ့်မည် မထင်။ ကြောင်ကလေး ဘာဖြစ်လို့ ကျောင်းမတက်တာလဲကွယ်။ နေမကောင်းလို့လား။ သူ့ကို ကျောင်းမှာ တစ်ယောက်ယောက်က စောင့်မျှော်နေမယ် ဆိုတာ မသိဘူးလား။ (သိရင်ရော အရေးထားပါ့မလား။) စာသင်ခန်း ပြတင်းဝမှ မြင်နေရသော မြက်ရိုင်း ကွင်းပြင်ကျယ်ထဲတွင် နွားတချို့ မြက်စား နေကြသည်။ (မြက်များမှာ စိမ်းစိမ်းလန်းလန်း မရှိပါ။) ထိုနွားများကို ရေတွက်ရမှာ ကျွန်တော် ပျင်းနေ၏။ နေသည် မျက်စိ ကျိန်းလောက်အောင် ကျဲကျဲတောက် ပူလောင် လင်းထိန်နေ၏။ လေသည် တိတ်ဆိတ်နေသည်။ ယင်ကောင် တစ်ကောင်သည် စိတ်တိုဖွယ် ကောင်းလောက်အောင် ကျွန်တော့်မျက်နှာ တစ်ဝိုက်၌ တဝီဝီမြည်ကာ ပျံသန်းနေ၏။ ဤနေ့သည်သာ လက်ဖက်ရည်တစ်ခွက် ဆိုလျှင် ကျွန်တော် ချက်ချင်း သွန်ပစ်လိုက်ပေမည်။

ထိုနေ့က ညနေ ကျောင်းဆင်းလျှင် ကျွန်တော် သူတို့အိမ်ရှေ့ သွားကာ ကြောင်ကလေး၏ မျက်နှာကို ကြည့်ဖြစ်အောင် ကြည့်ခဲ့သည်။ ကျောင်းပိတ်ရက်များတွင်လည်း သူတို့ အိမ်ရှေ့သို့ ကျွန်တော် အမြဲရောက်လေ့ ရှိသည်။ တစ်ခါတစ်ရံ တစ်နေ့တည်း နှစ်ခေါက် သုံးခေါက် ရောက်တတ်၏။ ကျွန်တော်သွားတိုင်း သူ့မျက်နှာကလေးက မြင်ခွင့်သာသည် မဟုတ်ချေ။ သူသည် ဧည့်ခန်းထဲတွင် ထွက်၍ ထိုင်နေခဲ့သည်။ ကာထားသော ခန်းစီး၏ နောက်ကွယ်မှ ကြောင်ကလေးဟု ထင်ရသော အရိပ်ကလေးတစ်ခု လှုပ်သွားသည်ကို မြင်ရရုံဖြင့် လှည့်ပြန် လာရသော အခါများလည်း ရှိ၏။ ဤမျှလောက်မျှ မမြင်ရမချင်းမူ ကျွန်တော် လှည့်ပြန်ခဲလှသည်။ သူတို့ အိမ်ရှေ့ကို ဖြတ်ကာ ဟိုဘက်ကို လျှောက်သွားသည်။ မတွေ့လျှင် ဟိုဘက်လမ်းထိပ် ကွမ်းယာဆိုင်၌ စီးကရက် တစ်လိပ် ဝယ်သောက်ကာ ဒီဘက်ကို ပြန်လျှောက်လာ၏။ သူ့ကို မတွေ့ရသေးသော် ဒီဘက်လမ်းထိပ် ကုန်စုံဆိုင်၌ ခဏရပ်၍ ငှက်ပျောသီး တစ်လုံး ဝယ်စားပြီးလျှင် သူတို့ အိမ်ရှေ့ကို ဖြတ်၍ ဟိုဘက် လမ်းထိပ်သို့ ပြန်လျှောက်သည်။ သူ့ကို မတွေ့ရသေးသော် လမ်းထိပ် ဗန်ဒါပင်အောက်ရှိ သောက်ရေအိုးတွင် ရေတစ်ခွက် ခပ်သောက်ပြီး (ကျွန်တော် သောက်ရန်ခပ်တိုင်း ထိုသောက်ရေအိုး ထဲ၌ ရေကုန် နေသည်နှင့်သာ ကြုံရလေ့ ရှိ၏။) သူတို့ အိမ်ရှေ့မှ ဖြတ်ကာ ဒီဘက်ကို ပြန်လျှောက်လာ ပြန်သည်။ လမ်းဘေး ရေဘုံဘိုင်တွင် ရေခပ်နေသူ တချို့က ကျွန်တော့်ကို အထူးအဆန်း သဖွယ် ငေးကြည့် နေကြသည်။ ခွေးလေခွေးလွင့် တချို့က လမ်းဘေးဝယ် အိပ်နေရာမှ ထကာ ကျွန်တော့်ကို ဟောင်ကြသည်။ သို့တိုင်အောင် တစ်ခါတစ်ရံ ကြောင်ကလေး၏ မျက်နှာကို မြင်ခွင့်မသာဘဲ အိမ်ပြန်လာရသော အခါများလည်း ရှိ၏။ ထိုအခါမျိုး၌ တောင်တစ်လုံးကို ရွှေ့ပေးခဲ့ရသူလို စိတ်ရောကိုယ်ပါ နွမ်းနယ်၍ နေသည်။ (သို့မဟုတ် ခံစားရပုံမှာ လေအကုန် ထွက်သွားသော ပူပေါင်း တစ်လုံးနှင့်လည်း အတော်တူမည် ထင်ပါသည်။)

သူတို့ အိမ်ရှေ့သို့ ဖြတ်လျှောက်စဉ် အိမ်ထဲသို့ စောင်းငဲ့ကြည့်ခိုက် ကျွန်တော်နှင့် မကြာခဏ မျက်နှာချင်း ဆုံမိတတ်သည်မှာ ဆေးတံ ခဲထားသော သူ့အဖေ၏ အောက်သိုးသိုး မျက်နှာကြီး ဖြစ်၏။ ကျွန်တော့်ကို မြင်လျှင် သူ့ဆေးတံ မည်းမည်း ကောက်ကောက်ကြီးမှာ မီးခိုးတွေ ပို၍ ထွက်လာတတ်သည်။ ဤကဲ့သို့သော မီးခိုးများကို မြင်ရပြီးလျှင် သူတို့ အိမ်ရှေ့သို့ ကျွန်တော် နောက်တစ်ကြိမ် ပြန်မလျှောက်ရဲတော့ချေ။ ထိုမီးခိုးငွေ့များ ဘေးမှ ကင်းဝေးသည်မှာ သူတို့ ရပ်ကွက်ဈေးမှ လက်ဖက်ရည်ဆိုင်တွင် ထိုင်၍ သူ့ကို စောင့်ကြည့်ခြင်းသာ ဖြစ်၏။ ထိုဆိုင်၏ လက်ဖက်ရည်မှာ သိပ်မကောင်းပါ။ ထိုဆိုင်၏ အမည်မှာ ဘဘကြီး လက်ဖက်ရည်ဆိုင် ဖြစ်၏။ (ဤအကြောင်းသည် အချစ်ဝတ္ထု တစ်ပုဒ်သာ ဖြစ်မည် ဆိုပါက ထိုဆိုင်အမည်မှာ ပန်းကမ္ဘာ၊ ရွှေယမင်း စသည်ဖြင့်၊ သို့မဟုတ်၊ တခြား လှပသော အမည်တစ်ခု ဖြစ်နိုင်စရာ ရှိသည်။ ကျွန်တော်သည် ဤဆိုင်ကို ပိုင်ဆိုင်ခွင့် ရပါက ဤဆိုင်၏ အမည်ကို ကျူးပစ် (မြားနတ်မောင်) ဟု ပြောင်းပစ်လိမ့်မည် ထင်ပါသည်။) ထားပါတော့။ မနက်ပိုင်းတွင် ကြောင်ကလေးသည် သူ့အစ်မ ဖြစ်သူနှင့်အတူ ဈေးကို လာတတ်၏။ သူ၏အစ်မ တက္ကသိုလ် ကျောင်းသူသည် လှပါသည်။ သို့သော် ကြောင်ကလေးလောက် မလှပါ။ အိပ်ရာမှနိုးစ ဆံပင် ကပိုကရိုနှင့် မျက်နှာမှာ မည်သည့်အရာမှ လိမ်းခြယ် မထားသော ကြောင်ကလေးသည် ကျွန်တော့် မျက်လုံးထဲတွင် တစ်မျိုး လှနေသည်။ ကျွန်တော်သည် လက်ဖက်ရည်ဆိုင်၏ ချောင်ကျသော စားပွဲ တစ်လုံးတွင် ထိုင်ရင်း သူဈေးလာတာကို ခိုးကြည့်တတ်သည်။ ထိုဆိုင်က လက်ဖက်ရည်မှာ သိပ်မကောင်းပါ။

ဒါဖြင့် စာပေးလိုက်ပေါ့ဟု ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ပြော၏။ ကျွန်တော်သည် (ယခင်က) သတ္တိရှိသူ ဖြစ်ခဲ့၏။ ယောက်ျားလေးချင်း တစ်ယောက်ချင်းလည်း ချိန်းထိုးဖူးသည်။ (နဖူးစောင်းတွင် အမာရွတ် သေးသေးတစ်ခု ရှိ၏။) သူငယ်ချင်းများနှင့် လက်ဖက်ရည်တိုက်ကြေး အလောင်းအစား ပြုကာ ခပ်စွာစွာ ကောင်မလေးများကိုလည်း စာ လိုက်ပေးဖူး၏။ စကား လိုက်ပြောဖူး၏။

အခုကိစ္စကတော့ ဒါတွေနဲ့မတူ။ ကြောင်ကလေးကို စာလိုက်ပေးဖို့ မဆိုထားနှင့် သူနှင့် နီးနီး ကပ်မိသည်နှင့်ပင် ကျွန်တော့်ရင်တွေ ထိန်းသိမ်းမရအောင် ခုန်နေတတ်သည်။ ကျွန်တော်သည် သူ့ကို စာတစ်စောင်မှ မပေးဖြစ်သော်လည်း သူနှင့် ပတ်သက်သမျှ ခံစားရသရွေ့ကို စာအုပ် တစ်အုပ်ထဲတွင် နေ့စဉ်ပင် ရေးမှတ် ထားခဲ့ပေသည်။ ထိုနေ့စွဲ တပ်ထားသော ခံစားချက် စာတမ်းများ၏ အထက်၌ နေ့တိုင်း သူ ဝတ်စားလာသမျှလေးတွေ ကိုလည်း ရေးမှတ်ထားခဲ့၏။ ထိုမှတ်တမ်းများ၌ ကြောင်ကလေး ဝတ်လာခဲ့သည့် ထမီ၊ အင်္ကျီသာမက စီးလာသည့် ဖိနပ်၊ သူ့ခေါင်းဆံညှပ်၊ ဖဲကြိုးကလေးများ၊ ခေါင်းစီးပုဝါမှ အစ သူကိုင်လာသည့် လက်ကိုင်ပုဝါ၊ ပန်လာသည့် ပန်းကလေးများ အထိ အတိအကျ ပါလေသည်။ (ကြောင်ကလေးရဲ့ တရားမဝင်ခဲ့တဲ့ မော်ကွန်းထိန်းလေ။) ကြာသော် ကျွန်တော်သည် သူ၏ ညာဘက် တံတောင်ဆစ်၌ ရွေးစေ့ခန့် အနာရွတ်လေး တစ်ခု ရှိနေတာ သိသလို (သိစက ဒီဒဏ်ရာကလေး ရတုန်းက သူတော့ သိပ်နာမှာပဲ၊ ဘယ်တုန်းက ဘာဖြစ်ခဲ့တာလဲဟု ကြောင်ကလေး ကိုယ်စား နာကျင်စွာ တွေးမိ၏။) သူ၏ လုံချည်ဆင်ကလေးများကိုပင် အလွတ်ရနေသည်။ သူ့တွင် အင်္ကျီ�ဘယ်နှစ်ထည်၊ ထမီဘယ်နှစ်ထည်၊ လက်ကိုင်ပုဝါလေးတွေ ဘယ်နှစ်ထည် ရှိတာကိုပင် ရေတွက်ကြည့်ကာ သိနေသည်။ ကြောင်ကလေး အင်္ကျီ အသစ်တစ်ထည် ချုပ်တာ၊ ဆံညှပ်ကလေး အသစ်တစ်ခု ဝယ်တာကအစ သိနေသည်။ (နည်းနည်း ရူးတယ်လို့လည်း ထင်နိုင်ပါသည်။) ဘဝဆိုတာ တစ်ချိန်ချိန်မှာ တစ်ခုခုအတွက် ဖြစ်ပျက်နေတာ မဟုတ်လား။

အဲဒီအချိန်တုန်းကတော့ အဲဒီတစ်ခုခု ဆိုတာ ဖိနပ်စင်ပေါ်တွင် လဲကျနေသော ပင့်ကူမျှင်များ ငြိတွယ်နေသည့် ဘောကန်ဖိနပ်လည်း မဟုတ်။ မဖတ်ရသေးသော လကျော်မဂ္ဂဇင်းလည်း မဟုတ်။ ကိုကာဆင်၏ လက်ဖက်ရည်ဆိုင်လည်း မဟုတ်။ ကျွန်တော်၏ ကြောင်ကလေးသာ ဖြစ်သည်။

အားလျှင် ပက်လက်ကုလားထိုင် တစ်လုံးတွင် ထိုင်ကာ ခပေါင်းစီးကရက် တစ်လိပ်ပြီး တစ်လိပ် မီးညှိသောက်ရင်း သူ့ကို သတိရနေတာကို ဘာနှင့်မျှ မလဲချင်။ (လက်ဖက်ရည် သောက်ရန် လာခေါ်သော သူငယ်ချင်းများနှင့် "နေမကောင်းဘူးလား" ဟု အမေက မေးသည်ကိုပင် စိတ်တိုချင်နေ၏။) ညတိုင်းလိုလိုပင် အိပ်မက် မက်တတ်ကာ အိပ်မက်တိုင်း လိုလို၌ သူပါနေတတ်သည်။ အိပ်မက်များမှာ ဆေးရောင်စုံ ဖြစ်၏။ အိပ်မက်ထဲမှာလည်း ကြောင်ကလေးသည် အပြင်ကလိုပင် လှပနေပေသည်။ ပြီးတော့ သူသည် ကျွန်တော့်ရှေ့မှ အမြဲတမ်းလိုလိုပင် ထွက်ပြေး နေလေသည်။ ကျွန်တော်သည် အမြဲတမ်းလိုလိုပင် သူ့နောက်မှ ပြေးလိုက် နေလေသည်။ သို့မဟုတ် (ကျွန်တော့် ခြေထောက်များကို အိပ်မက်ထဲတွင် ဂရုထားကာ မကြည့်မိသဖြင့်) မပြေးဘဲ လိုက်နေခြင်းလည်း ဖြစ်ချင်ဖြစ်မည်။ သူ့ကို ဖမ်းဆွဲလိုက်လျှင် သူသည် နိုင်လွန်ပုဝါစ တစ်ခုလို ပါးလှပ်ပေါ့ရှစွာ ကျွန်တော့် လက်ထဲမှ ရုန်းထွက်လွင့်ပါး သွားတတ်သည်။ (သူရုန်းလျှင် နာကျင်မည် စိုးကာ ကျွန်တော် လွှတ်ပေးလိုက်မိသည်ချည်း ဖြစ်၏။) တစ်ခါတစ်ရံ သူသည် ကျွန်တော့်ရှေ့မှ ပျောက်ကွယ် သွားတတ်သည်။ ပန်းတောထဲဝယ် ပန်းကလေးတစ်ပွင့် အယောင်ဆောင်ကာ ပုန်းနေခြင်း ဖြစ်၏။ ပန်းကလေးတွေကို အသေအချာ ကြည့်လိုက်လျှင် ကျွန်တော် မှတ်မိနေသော ကြောင်ကလေး၏ မျက်နှာကို မြင်ရ၏။ (ထိုအိပ်မက်ထဲတွင် မျက်နှာတစ်ခုနှင့် ပန်းပွင့်တစ်ခု ဘာကြောင့် တူသည်ဟု ထင်နိုင်ကြောင်း ဖရွိုက်က ရှင်းပြချင်မလား မဆိုနိုင်ပါ။) ထိုပန်းပွင့်ကို (ကြောင်ကလေးနှင့် တူသော ပန်းပွင့်) ကျွန်တော် ခူးလိုက်လျှင် နှမြောဖွယ်ရာပင်။ ပန်းကလေးမှာ ကျွန်တော့် လက်ထဲတွင် အငွေ့ဖြစ်ကာ လွင့်ပြယ် ပျောက်ပြယ် သွား၏။ သူပါသော အိပ်မက်ကို မက်ပြီး နိုးလျှင် ကျွန်တော့်ရင်မှာ ပန်းလျဖိုလှိုက် နေတတ်၏။

ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း လှပသော ဆေးရောင်စုံများ မရှိတော့။ အမှောင်ထုကသာ ထူပိန်းစွာ လေးလံဖိစီးထား၏။ ကျွန်တော့် လည်ချောင်းများ အက်ကွဲ ခြောက်သွေ့ကာ ပြင်းထန်စွာ ရေငတ် နေပေသည်။

ထိုနေ့က ရေသောက်ရန် အသွား ကျောင်းက သောက်ရေအိုးစင်မှာ သူနှင့် ကျွန်တော် ဆုံမိကြသည်။ သူကလည်း အဖော် တစ်ယောက်နှင့်၊ ကျွန်တော်ကလည်း အဖော် တစ်ယောက်နှင့်ပင် ဖြစ်၏။ ခွက်က တစ်ခွက်တည်း။ သူတို့က အရင်ရောက်နှင့် နေသဖြင့် သူတို့ သောက်တာကို ကျွန်တော်တို့ ရပ်စောင့် နေရသည်။ အပြန်၌ ကျွန်တော်သည် သူသောက်သွားသော သောက်ရေခွက်ကလေးကို ယူလာခဲ့သည်။ သတ္တုရေခွက်ကလေးမှာ ပိန်သည့်နေရာ ပိန်၊ ချိုင့်သည့်နေရာ ချိုင့်ကာ ဟောင်းနွမ်းလှပြီ။ (သို့သော် ဤခွက်ကလေးကို ကြောင်ကလေးသည် သူ၏ နှုတ်ခမ်းကလေးများနှင့် ထိသွားခဲ့သည်။) သို့ဖြင့် ဤခွက်ကလေးမှာ ကျွန်တော့်အိမ်သို့ ပါလာခဲ့လေသည်။

ကျွန်တော့် အခန်းထဲရှိ စာကြည့်စားပွဲမှ အံဆွဲထဲတွင် ထို သောက်ရေခွက်ကလေးကို ထည့်သိမ်းထားလိုက်၏။ ကြောင်ကလေးကို လွမ်းသောအခါ ထုတ်ကြည့်ပါသည်။ သူငယ်ချင်းတွေက ငတုံးဟု ခေါ်ကြသည်။ စာပေးဖို့ အတင်း တိုက်တွန်းကြသည်။ ကျွန်တော့်တွင်လည်း သူ့ကို ဘယ်လောက်ချစ်ကြောင်း ရေးထားသည့် စာတွေ ရှိနေ၏။ "ငါ သူ့ကို လိုက်မပေးရဲဘူးကွာ" ကျွန်တော့်နှုတ်က ငြင်းလိုက်သော်လည်း တတ်နိုင်သမျှ ရေးထားသော ကျွန်တော့် စာများကိုမူ သူဖတ်ကြည့် စေလိုသောစိတ် ရှိနေသည်။ ဆိုပါစို့။ သူငယ်ချင်း တစ်ယောက်ပေးသော အကြံအတိုင်း သူ့ကို စာတစ်စောင် ပေးဖြစ်ခဲ့သည်။ သူ့ဘဝတွင် အခွင့်သင့်က ပြန်လည် ကြွားဝါစရာ မိန်းမ တစ်ယောက်ကို ပေးခဲ့ဖူးသော ရှားရှားပါးပါး ပထမဆုံးနှင့် နောက်ဆုံး စာတစ်စောင် ဖြစ်သည်။

တစ်နေ့တွင် ကျွန်တော် ရေးထားသော စာတစ်စောင်ကို ကြောင်ကလေး၏ စာရေးခုံ အတွင်းသို့ တိတ်တဆိတ် သွားထည့်ထား လိုက်သည်။ စာအုပ်တစ်အုပ် ကြားတွင် ညှပ်၍ သွားထည့်ထားခြင်း ဖြစ်သည်။ (ထိုစာအုပ်သည် မြင့်ကျော်၏ ပြားခြောက်ဆယ်တန် စာအုပ်တစ်အုပ် ဖြစ်နိုင်သည်။ စာအုပ်၏ အမည်၌လည်း အသည်း သို့မဟုတ်၊ မျက်ရည်ဆိုသော စကားလုံး တစ်လုံးလုံး ပါနိုင်သည်။) ထိုနေ့က ကျွန်တော် ကျောင်းမတက် (ရဲ)တော့ချေ။ ကျောင်းထိပ်က လက်ဖက်ရည်ဆိုင်မှာထိုင်ကာ အခြေအနေကို သတင်းလာပို့မည့် သူငယ်ချင်းများအား စောင့်စားနေရသည်။ သူ ... သူ ကိုယ့်စာအုပ်ကို (စာအုပ်ထဲက စာကို) တွေ့ရင် ဘာလုပ်မလဲ။ အမျိုးမျိုး ဖြစ်နိုင်သည်။ မဖတ်ဘဲ အစိတ်စိတ် အမြွှာမြွှာ ဆုတ်ပစ်နိုင်သည်။ ဘယ်သူမှ မသိအောင် လွယ်အိတ်ထဲကို တိတ်တိတ် ထည့်ယူသွားနိုင်သည်။ အတန်းထဲမှ ထွက်ကာ ဆရာ့ဆီ လျှောက်သွားပြီး တိုင်နိုင်သည်။ စာကို တွေ့သောအခါ ရှက်ကာ ငိုနိုင်သည်။ သို့မဟုတ် လမ်း၌ ကျွန်တော်နှင့် တွေ့သောအခါ ကျွန်တော့်ပါးကို ရိုက်နိုင်သည်။ သို့မဟုတ် ကျွန်တော်နှင့် သူသည် အညံ့စားဝတ္ထုနှင့် ရုပ်ရှင်တွေထဲကလို တစ်ယောက်နှင့် တစ်ယောက် အဆင်ပြေ သွားနိုင်သည်။ (အဆင်ပြေသည် ဆိုသည်မှာ ချစ်သွားကြသည် ကိုပင် ဆိုလိုပါသည်။)

ကျွန်တော့်ရင်တွေ ခုန်နေသည်။ သူငယ်ချင်းတစ်ယောက် ကျောင်းဘက်မှ ခပ်သုတ်သုတ် လျှောက်လာနေသည်ကို တွေ့ရ၏။ သူက စားပွဲတွင် ဝင်ထိုင်ရင်း လက်ဖက်ရည် တစ်ခွက်ကို အရင် လှမ်းမှာနေ၏။ (ဤစားပွဲဝိုင်း၏ ကျသင့်သမျှ ငွေကို ယနေ့အဖို့ ကျွန်တော်က တာဝန်ယူ ပေးချေရမည် ဖြစ်၏။) ဘာတွေ ဖြစ်ကုန်ပြီလဲဟု ကျွန်တော် သိချင်သော်လည်း မမေးရဲသလို ဖြစ်နေသည်။ စီးကရက် အသစ်တစ်လိပ်ကို ကျွန်တော် မီးညှိလိုက်၏။ ကျွန်တော့် သူငယ်ချင်းသည် သူ့ရှေ့မှ လက်ဖက်ရည်ခွက်ကို အလောတကြီး မော့သောက်လိုက်၏။ ပြီးမှ လျှာအပူလောင် သွားသလို မျက်နှာကို မသက်မသာ ရှုံ့မဲ့ကာ မင်းတော့ သွားပြီဟု ပြောချလိုက်၏။ ကောင်မလေးက မင်းစာကို ဆရာ့ စားပွဲပေါ် တင်ထားလိုက်ပြီ။ ကျွန်တော် ထူပူသွားသည်။ ကျွန်တော်တို့ အတန်းတွင် ပထမဆုံးအချိန် ယူသူမှာ ကျွန်တော်တို့ အတန်းမှ သင်္ချာဆရာ ဖြစ်၏။ သူသည် လူပျိုကြီး ဖြစ်သော်လည်း ဤကိစ္စမျိုး၌ တင်းကျပ်စွာ အရေးယူလေ့ ရှိသူ ဖြစ်၏။ အဲဒီစာသာ ဆရာ့လက်ထဲ ရောက်သွားရင် မင်းတော့ မစားသာဘူး။ တစ်ယောက်က ချောက်ထဲ တွန်းချနေ၏။ သူတွန်းချနေစရာ မလိုပါ။ ယခုအချိန်၌ ကျွန်တော့် အရှေ့တွင်သာ ချောက်တစ်ခု ရှိနေပါလျှင် ကျွန်တော် ခုန်ချ လိုက်မိမည်သာ ဖြစ်ပါသည်။

သွားပြီ။ ကျွန်တော့် လက်ထဲမှ စီးကရက်ကို စားပွဲပေါ်တွင် ထိုးချေ ပစ်လိုက်သည်။ ပထမတော့ သူ့တို့ မင်းစာကို ဖတ်ပြီး ရယ်နေကြသေးတယ်ကွ။ (ရယ်တော့ မရယ်သင့်ဘူးပေါ့ ကြောင်ကလေးရယ်။) သူတို့ ဘာစကားတွေ ဆက်ပြောနေလဲ ကျွန်တော် မကြားတော့ချေ။ သို့သော် နောက်ရောက်လာသော သူငယ်ချင်း လက်ထဲတွင် ကျွန်တော် သူ့ခုံမှာ ထည့်ခဲ့သော စာအုပ်ကလေးကို ကိုင်လာတာ မြင်ရ၍ ကျွန်တော် နည်းနည်း ပျော်သွားသည်။ လောကကြီးမှာ ထင်သလောက် မဆိုးဝါးဟု ခံစားမိ၏။ သူက ပြောသည်။ ဆရာကလည်း သူ့စားပွဲပေါ်မှာ စာအုပ်ကလေး တင်ထားတာ အမှတ်တမဲ့ပဲကွ။ မနေ့က ပေးလိုက်တဲ့ အိမ်စာတွေကို ဘလက်ဘုတ်မှာ ပြန်တွက်ပြ နေတယ်။ သူကျောပေးနေတုန်း ငါလည်း ခပ်တည်တည်နဲ့ ထယူခဲ့တာ။ မင်းရဲ့ ကောင်မလေးက ငါ့ကို မျက်စောင်း လှမ်းထိုးလိုက်သေးတယ်။ ထိုသူငယ်ချင်း၏ စကားအဆုံးတွင် ကျွန်တော် အသံကျယ်ကျယ်နှင့် လက်ဖက်ရည်တစ်ခွက် မလိုင်များများဟေ့ဟု လှမ်းမှာလိုက်ပါသည်။ (ထိုနေ့ ကျသမျှကို ရှင်းရန် ကျွန်တော့်တွင် ငွေမလုံလောက်သဖြင့် ပိုင်းလော့ဖောင်တိန်ကို ဆိုင်ရှင်ထံ အပေါင်ထားခဲ့ရသည်။)

ထိုနေ့က အဖြစ်အပျက် ကြုံပြီးသည့် နောက်တွင် သူ့ခုံထဲသို့ နောက်ထပ် စာသွားမထည့် ရဲတော့ချေ။ ဘာမှလည်း ဆက်မလုပ်တတ်တော့ဘဲ ကြောင်ကလေးကိုပဲ ဆက်ကာ ချစ်နေစဉ် မိုးဦးကျလာသည်ကို သတိမပြုမိချေ။ စာသင်ခန်း တံစက်မြိတ်မှ မိုးစက်များ သွယ်တန်း စီးကျနေသည်။ ပြတင်းဝမှ မြင်နေရသော ကောင်းကင်မှာ မီးခိုးရင့်ရောင်မည်းကာ လွမ်းချင်စဖွယ် ရှိသော်လည်း သွပ်မိုးပေါ်ကို မိုးစက်များ အဆက်မပြတ် ပြင်းထန်စွာ သွန်ကျနေသံမှာ ဆူညံလွန်းသဖြင့် လွမ်းဖို့ မကောင်းပြန်ပေ။ ကျွန်တော်တို့ အခန်းထဲတွင် အပြာရင့်ရောင် အမှောင်က လွှမ်းမိုးထား၏။

မိုးရေထဲတွင် စာကလေး တစ်ကောင် ဖြတ်ပျံသွားသည်။ မိုးခိုရာ ရှာနေခြင်း ဖြစ်မည်။ သူသည် ပြာလဲ့လဲ့ အမှောင်ရိပ်ထဲတွင် မှုန်ဝါးစွာ လှပနေသည်။ (တစ်ခါက ကျွန်တော် မက်ဖူးသော အိပ်မက်ထဲမှာ တွေ့ရပုံမျိုးနှင့် ဆင်ဆင်တူနေ၏။) ကျွန်တော့်ဘေးမှ ထိုင်နေသော သူငယ်ချင်းကို ကြောင်ကလေး၏ပုံ ဆွဲပေးဖို့ တောင်းပန်နေ၏။ (ဒီကောင်က ပန်းချီလေး ဘာလေး ဆွဲတတ်သည်။) ကျွန်တော်၏ နှလုံးသားနှင့် ယှဉ်၍ အရေးကြီးသော ကိစ္စကို ပန်းချီဆရာက ပျင်းတယ်ကွာဟု မီးရှို့ပစ်လိုက်သည်။ နောက်ဆုံး ပုံဆွဲခအဖြစ် "အဲဗစ်" ပါသော ဟာဝေယံအပြာ ရုပ်ရှင်ဇာတ်ကားကို ပြပါမည် ဆိုတော့မှ ဈေးတည့်သွား၏။ ကြောင်ကလေးသည် ကျွန်တော့်ကို နောက်ကျောပေးကာ ထိုင်နေသည်။ ထိုပုံမှာလည်း ကြောင်ကလေးသည် ကျွန်တော့်ကို ကျောပေးထားလေသည်။ (သူ့ကို နောက်ကနေ၍ မြင်လိုက်ရသလို ရေးခြင်းဖြစ်၏။) ထို့ကြောင့် ထိုပုံထဲတွင် ကြောင်ကလေး၏ မျက်နှာ မပါချေ။ နောက်စေ့သာ ပါလေသည်။ သူ့ထံတွင်ရှိသော ကျစ်ဆံမြီး နှစ်ချောင်းအနက် (ပုံထဲတွင်) တစ်ချောင်းသာ ပါလေသည်။ ထိုတစ်ချောင်းမှာ ကျောပေါ်တွင် ကျနေသော တစ်ချောင်း ဖြစ်နေ၏။ ကျန်ကျစ်ဆံမြီး တစ်ချောင်းကိုမူ ကြောင်ကလေးသည် ပုခုံးပေါ်ကို ကျော်ကာ ရင်ဘတ်ပေါ်တွင် ချထားသည့်အတွက် နောက်က မြင်ရသူအဖို့ ပျောက်နေလေသည်။ (ပန်းချီဆရာသည် ဤမျှ တိကျသည်။)

ဘယ့်နှယ့်လဲ ကောင်းရဲ့လား။ ပန်းချီဆရာသည် စာအုပ်ထဲက ပုံကို ဆုတ်ဖြဲပေးရင်း ကျွန်တော့်ကို မေး၏။ ပန်းချီဆရာ၏ လက်ရာ ကောင်း၊ မကောင်း ကျွန်တော် မသိပါ။ သို့သော် ကြောင်ကလေး၏ ပုံမှာ လှပနေသည်။ (အပြင်မှာလည်း လှတာပါပဲ။) သူ့ပုခုံးလေးများမှာ စက်ဝိုင်းခြမ်းသဖွယ် လှပစွာ ကွေးဝိုက်နေ၏။ ဆံပင်အောက်မှ တစ်ဝက်မျှ ပေါ်နေသော သူ့နားရွက်ကလေးများမှာလည်း လှပကြသည်။ နည်းနည်းသာ မြင်ရသော သူ့လည်ကုပ်ကလေးမှာလည်း လှပသည်။ ကျစ်ဆံမြီးဖျားတွင် ချည်နှောင်ထားသော ဖဲကြိုးကလေးမှာလည်း တောင်ပံဖြန့်ထားသော လိပ်ပြာကလေးလိုပင် လှပနေသည်။ ကျွန်တော်သည် စကားမပြောဘဲ ပုံကိုသာ တမက်တမော ကြည့်နေခဲ့သည်။ သိပ်တူတာပဲ။ ကျွန်တော့် မျက်လုံးထဲမှာတော့ သူမှ သူပင်။ ထိုပုံကို ကြည့်လိုက်သည်နှင့် သူ့မျက်နှာလေး ပေါ်လာသည်။ သည်လိုနောက်က ကြည့်နေရတာလည်း သူပဲ မဟုတ်လား။ ကျွန်တော်က ပုံကို အကြာကြီး ကြည့်နေသည့်အတွက် သိပ်တော့ မတူဘူးကွဟု ပန်းချီဆရာက စိတ်ပျက် အားလျှော့ဟန်ဖြင့် ပြောလိုက်၏။ ဟာဝေယံအပြာ ဇာတ်ကား မကြည့်ရတော့မှာ စိုးရိပ်ပူပန်နေပုံ ရ၏။ "ကောင်းပါတယ်ကွ၊ သိပ်တူတာပဲ။ နက်ဖြန်ည ခြောက်နာရီခွဲပွဲ တို့ ရုပ်ရှင် ကြည့်ကြတာပေါ့"ဟု ကျွန်တော် ပြောလိုက်တော့မှ သူ ပြုံးနိုင်သည်။

ထိုနေ့က ကျောင်းဆင်းသည့် တိုင်အောင် မိုးကရွာဆဲ ဖြစ်၏။ ကျွန်တော်နှင့် အပေါင်းအသင်းများသည် မိုးတွင်းမှာလည်း ထီးဆောင်းလေ့ မရှိချေ။ (ထီးကိုင်ရမှာ ပဲ့သည်ဟု ထင်သည်။) မိုးရွာထဲမှာ အစိုခံ၍ သည်အတိုင်းသာ သွားလာကြ၏။ ထိုနေ့က မိုးစဲသည့် တိုင်အောင် ကျွန်တော် ကျောင်းမှာ စောင့်နေရသည်။ ကျွန်တော့်ကို မိုးစိုသည်မှာ အရေးမကြီးပါ။ ကျောင်းစာအုပ်များကို မိုးစိုသည်မှာ အရေးမကြီးပါ။ ကြောင်ကလေး၏ ပုံကို မိုးစိုသွားမှာ အရေးကြီးပါသည်။ မိုးရေသာ ထိလျှင် မင်နဲ့ ရေးထားသော ထိုပုံကလေးသည် ပျက်စီး သွားပေလိမ့်မည်။ (ထိုပုံကလေးကို ခေါက်ရိုး ကျိုးမသွားအောင် ဗလာစာအုပ်ထဲတွင် သေသေချာချာ ညှပ်ထား၏။)

ထိုနေ့က မိုးစဲအောင် စောင့်ရသောကြောင့် ကျွန်တော် အိမ်သို့ နောက်ကျမှ ရောက်သည်။ အရင်ကဆိုလျှင် ကျွန်တော်သည် အခန်းထဲတွင် လွယ်အိတ်ကို ပစ်ချပြီးသည်နှင့် အင်္ကျီပင် မလဲဘဲ ထမင်းစားခန်းသို့ အူယားဖားယား လျှောက်သွားမြဲ ဖြစ်သည်။ အခုတော့ အမေက ထမင်းစားခန်းထဲမှ လှမ်းခေါ်နေသော်လည်း ကျွန်တော် မဆာသေးဘူး အမေ ဟုသာ ပြန်အော်ခဲ့၏။ ကျွန်တော့် ရင်ထဲတွင် အလိုလို ပြည့်နေသည်။ ခုတင်ပေါ်မှာ ထိုင်ကာ လွယ်အိတ်ထဲမှ ဗလာစာအုပ်ကို ကွဲရှစေတတ်သော ပစ္စည်းတစ်ခုကို ကိုင်ဆောင်သလို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်၏။ ထိုဗလာစာအုပ်ထဲ၌ ကြောင်ကလေး၏ပုံ ရှိလေသည်။ ထိုပုံထဲ၌ သူသည် ကျွန်တော့်ကို ကျောခိုင်း နေလေသည်။ မီးဖိုချောင်ရှိ ပစ္စည်းဟောင်းများ ထားသော အခန်းသို့ ကျွန်တော် ထွက်လာခဲ့၏။ အမေက ကျွန်တော့်ကို ခေါ်စစ်ဆေးနေသည်။ ကျွန်တော်က လမ်းတွင် တစ်ခုခု စားလာခဲ့သည်ဟု ပြီးစလွယ် ဖြေလိုက်၏။ (မုန့်ဟင်းခါး စားလာခဲ့သည်ဟု ပြောလိုက်မိသလား၊ လက်သုပ် စားလာခဲ့သည်ဟု ပြောလိုက်မိသလား ကောင်းစွာ မမှတ်မိတော့ပါ။) အမေက ထမင်းစားချိန် နီးနီးတွင် ရင်ပြည့်စာတွေ စားလာရမလားဟု ဆက်ကာ ဆူနေသည်။ ကျွန်တော် စတိုခန်းထဲသို့ ဝင်လာခဲ့သည်။ ကျွန်တော် လိုချင်သော အရာကို တွေ့သွားသည်။ တောင်းစုတ် တစ်လုံးထဲမှ ထိုအရာကို ဆွဲယူလိုက်၏။ ဖုန်အလိမ်းလိမ်း ကပ်ငြိနေသော မှန်နှင့် မှန်ပေါင် အတွင်းမှ ပျက်စီးစ ပြုနေသော ဓာတ်ပုံဟောင်းထဲတွင် အဘိုးသည် ကျွန်တော့်ကို ပြုံးပြနေ၏။ ကျွန်တော်သည် အဘိုး၏ ဓာတ်ပုံကို ဖြုတ်ကာ တောင်းဟောင်း တစ်လုံးထဲသို့ ထိုးထည့်ခဲ့၏။ မှန်နှင့် မှန်ပေါင်ကို ရေတိုင်ကီဆီသို့ ယူသွားကာ ဆပ်ပြာနှင့် တိုက်ဆေးသည်။ မှန်မှာ အကြည်လင်ဆုံး ဖြစ်လာပြီဟု ယူဆတော့ ရပ်လိုက်၏။ ရွှေဝါတော့ နေ့ခင်းက ကားတိုက်ခံရလို့ ဆုံးပြီဟေ့ ဆိုသော အမေ့၏ စကားသံသည် ဤဘက်နားမှ ဝင်၍ ဟိုဘက်နားမှ ထွက်သွား၏။ လေးထောင့် သစ်သားပေါင်နှင့် မှန်အတွင်းမှာ ကြောင်ကလေးသည် ကျွန်တော့်ကို ကျောခိုင်း နေလေသည်။ ကျွန်တော်သည် ပျော်ရွှင်နေကာ သူ့ပုံကို ဘယ်နေရာမှာ ထားရမယ်မှန်း စဉ်းစားမရချေ။ စာကြည့်စားပွဲပေါ်မှာ နံရံကို မှီ၍ ထောင်ထားကြည့်၏။ သဘောမကျ။ (ကျွန်တော်က စာကြည့်စားပွဲမှာ အင်မတန် ထိုင်ခဲသည်။) ခုတင်ခြေရင်းက နံရံတွင် ချိတ်ထားရရင်တော့ မဆိုး။ ခုတင်ပေါ်တွင် ပက်လက်လှန်လှဲရင်း အချိန်မရွေး မြင်နိုင်သည်။ သို့သော်ခြေရင်းမှာတော့ ကြောင်ကလေးပုံကို မထားချင်။ အချစ်ကို မလေးစားရာ၊ တန်ဖိုးမထားရာ ရောက်မှာပေါ့။ နောက်ဆုံး ခုတင်ခေါင်းရင်းညနံရံတွင် ချိတ်ဆွဲထားဖို့ ဆုံးဖြတ်လိုက်၏။ ကျွန်တော့်ခုတင် ခေါင်းရင်းနံရံမှာက သည့်အရင် ပုံတစ်ပုံ ရှိနေပါသည်။ ချီဂွေဗားရား၏ပုံ ဖြစ်ပါသည်။ ကြောင်ကလေး၏ ပုံကို ချီဂွေဗားရားပုံ ထက်တော့ နည်းနည်းမြင့်အောင် ချိတ်မှဖြစ်မည်။ ကျွန်တော် ပျော်ရွှင်စွာ ခေါင်းရင်းနံရံကို သံတစ်ချောင်း ရိုက်သွင်းလိုက်၏။ အပြင်ဘက်တွင် ဘုရားစင်မှ သောက်တော်ရေ တစ်ခွက် မှောက်သွားသည်။ (နားလည် ခွင့်လွှတ်တော်မူပါ ဘုရား။) အမေက ဟဲ့ ... ကောင်လေး ... တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ဘာတွေ ထုနေတာလဲဟု လှမ်းအော်သည်။ ကျွန်တော် အခန်းထဲက မီးချောင်းကို ဖွင့်လိုက်၏။ အဖြူမှာ အပြာလုသော အလင်းနုသည် မှန်ပေါင်ထဲမှ ကြောင်ကလေးပုံပေါ်ကို လှပစွာ ဖြာကျနေသည်။ ပုံထဲတွင် သူသည် ကျွန်တော့်ကို ကျောခိုင်းနေသည်။ ခုတင်ပေါ်တွင် ထိုင်ရင်း သူ့ပုံကို ကျွန်တော် အကြာကြီး ကြည့်နေမိသည်။ သစ်သား မှန်ပေါင်များကို ရွှေချထားရရင် ကောင်းမလားဟု စဉ်းစားမိ၏။ ပုံထဲတွင် ကြောင်ကလေးသည် ကျွန်တော့်ကို ကျောခိုင်း နေလေသည်။

ထိုနေ့က မိုးစွေနေသည်။ ကျွန်တော်သည် ကြောင်ကလေးကို ချစ်နေသည်။ မိုးစက်ထိမှန်၍ ခြံထဲရှိ သစ်ရွက်များ လှုပ်ခါနေကြသည်။ (ကိုယ့်နှလုံးသား ငြိမ်သက်နားနေရာ မရခဲ့သည်မှာ ကြာပြီကောကွယ်။) အမေက အခန်းထဲသို့ ဝင်လာကာ ကျွန်တော့်ကို ဆေးတိုက်ရင်း ပြတင်းတံခါးကို လေစိမ်းတိုက်တယ်ဟု အကြောင်းပြကာ ပိတ်သွား၏။ မှန်ပြတင်းပေါ်တွင် မိုးစက်တို့ ထိမှန်ကာ တွန့်လိမ်ယိုဆင်း နေသည်မှာ ရင်ထဲဝယ် အမည်မဲ့နာကျင်စရာ တစ်ခုလိုပဲ။ အပြင်ဘက်မှ မြင်ကွင်းမှာ မှုန်ဝါးနေ၏။ မိုးစွေနေသည်မှာ ဘယ်နှစ်ရက် ရှိပြီနည်း။ ကျွန်တော် ဖျားနေသည်မှာ သုံးရက်ရှိပြီ။ တစ်နေ့က ကျောင်းအပြန်မှာ မိုးမိခဲ့သည်။ ထုံးစံအတိုင်း ထိုနေ့ကလည်း ကျွန်တော် ထီးမပါ။ ကျောင်းလွှတ်သောအခါ ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းကာ မိုးရွာလိမ့်မည်ကို ကျွန်တော် သိသော်လည်း သူ့နောက်သို့ လိုက်သွားသေးသည်။ (ထိုနေ့က အထက်အောက် ရွှေဝါရောင် ဝတ်ထားသော ကြောင်ကလေးသည် ကျွန်တော့် မျက်လုံးထဲတွင် ကြည့်မဝအောင် လှနေ၏။) သူ့အိမ်ရှေ့မှ အပြန်တွင် ကျွန်တော် မိုးမိသည်။ နောက်နေ့တွင် ဖျား၏။ ကျောင်းမတက်ရ၍ ကြောင်ကလေး၏ မျက်နှာကို မမြင်ရတော့မှ သူ့ကို ကျွန်တော် ဘယ်လောက် ချစ်နေမိပြီ ဆိုတာကို ခန့်မှန်းနိုင်တော့၏။

သူ့မျက်နှာကို မြင်ချင်လှပါသည်။ အခုနေသာ အိပ်ရာထဲ လဲနေသော ကျွန်တော့်နဖူးကို သူ့လက်ကလေးနှင့်သာ လာစမ်းကြည့်မယ် ဆိုလျှင် သူပြန်သွားပါက ကျွန်တော် သေရဲပြီ။ (အမှန်တော့ ကျွန်တော် မသေချင်သေးပါ။) ကြောင်ကလေးကို ချစ်ဖို့ရာ အကြာကြီး အသက်ရှင် နေချင်သေးသည်။ ကျွန်တော်ချစ်တဲ့သူ အပါးမှာ အဲသည်အကြာကြီး အမြဲနေချင်တာ တစ်ခုပါပဲ။ (အေးလေ ... တချို့ဟာကလေးများလည်း ပါတော့ပါမည်။ ဥပမာ ...) သူ့မျက်နှာ လှလှကလေးကို ငေးကြည့်ရင်း မျက်တောင်ကော့ကလေးများကို ရေတွက်၍ နေမည်။ သူ့လက်သည်း ရှည်ရှည်ကလေးများကိုလည်း ကျွန်တော်ပဲ ချွန်ပေးမည်။ ဝါဝင်းသော သူ့ပါးပြင်ပေါ်မှ သွေးကြောစိမ်းစိမ်း ကလေးများ ယှက်ဖြာစီးဆင်း နေပုံကိုလည်း အလွတ်ကျက်ရဦးမည်။ ကြောင်ကလေးပျင်းလျှင် စန္ဒကိန္ဒရီ သီချင်းကိုလည်း ရသလောက် (သူသာ တကယ် နားထောင်ချင်တယ် ဆိုရင် တစ်ပုဒ်လုံးကို အလွတ်ကျက်ထားဖို့ ဝန်မလေးပါ။) ကျွန်တော် ဆိုပြရဦးမည်။ ပြီးတော့ သူစီးဖို့ ဖိနပ်ကလေးတွေ၏ အရောင်ကိုလည်း ကျွန်တော်ပဲ ရွေးချယ်ပေးရဦးမည်။ (သူကသာ ခွင့်ပြုမယ် ဆိုရင်တော့ လျှော်ပြီး ခြောက်သွေ့စ သူ့ဆံပင်အဖျားကိုလည်း နူးညံ့စွာ နမ်းချင်နမ်းမှာပေါ့။) သည်လို ဆိုပြန်တော့လည်း ကျွန်တော် မသေချင်သေးပြန်ချေ။ ခုလို ကျောင်းမတက်ရသော နေ့များ၌ သူ့မျက်နှာကလေးကို မြင်ရအောင် မည်သို့ ကြံဆောင်ရမည်နည်း။

ထိုနေ့က ကျွန်တော် ကျောင်းပြန်တက်၏။ ကျွန်တော်သည် ကျောင်းစာရေးကို လက်ဖက်ရည် တိုက်ကာ ပူဆာရလေသည်။ မင်းက ကောင်မလေး ဓာတ်ပုံကို ဘာလို့ လိုချင်တာလဲကွ။ ကျောင်းစာရေးက နားမလည်သလို မေး၏။ ကြည့်နေချင်လို့ပေါ့ဗျ။ ကျွန်တော်က အရိုးသားဆုံး ဖြေလိုက်သည်။ ကျောင်းစာရေးက တော်တော် ရူးတဲ့ကောင်ပဲဟု ပြော၏။ သူဘာပြောပြော ကျွန်တော် လိုချင်တာ ရဖို့အတွက် ငြိမ်နေခဲ့ရ၏။ ကျောင်းဖွင့်စက ကျောင်းသား ကျောင်းသူများ ကျောင်းဝင်ခွင့်ပုံစံ လျှောက်လွှာ တင်ရသည်။ ထိုလျှောက်လွှာပုံ အဟောင်းကြီးထဲက သူ့လျှောက်လွှာကို နှစ်ယောက်သား မနည်းရှာရ၏။ တွေ့သောအခါ ထိုလျှောက်လွှာပေါ်မှာ ကပ်ထားသော သူ့ဓာတ်ပုံကလေးကို ဖြုတ်ကာ ကျောင်းစာရေးက ကျွန်တော့်ကို ပေးလိုက်၏။ (ကျွန်တော့်ဘဝတွင် လူတစ်ယောက်ထံမှ ရခဲ့သော ကြီးမားသည့် ရက်ရောမှုတစ်ခု ဖြစ်၏။) ထိုလိုင်စင်ပုံ သေးသေးလေးထဲမှာ ကြောင်ကလေးသည် မျက်မှောင်ကုပ်ကာ ကျွန်တော့်ကို ခပ်တည်တည် ကြည့်နေလေသည်။

ထိုနေ့က ကျွန်တော် ပျော်နေ၏။ တော်တော် ပျော်နေ၏။ (ဘယ်လောက် ပျော်သလဲ အတိအကျ မပြောတတ်ပါ။) ဓာတ်ပုံ သေးသေးလေးကိုပင် ကိုင်ကာ ကြည့်သည်။ ထောင် ကြည့်သည်။ လှည့် ကြည့်သည်။ ခေါင်းအုံးပေါ်တင်ကာ ဝမ်းလျားမှောက် ကြည့်သည်။ (နမ်းတော့ မကြည့်ခဲ့ကြောင်း အခိုင်အမာ ပြောရဲပါသည်။) ထိုနေ့က တစ်နေ့လုံး ကြည့်လို့ အားမရနိုင်။ အိပ်ရာဝင်ကာနီးအထိ ကြည့်၏။ အိပ်ရာမှထကာ တစ်ခါ ကြည့်ပြန်၏။ ကြည့်မဝ။ ဓာတ်ပုံကလေးက သေးလွန်းသည်။

ထိုနေ့က ကျွန်တော် ဈေးထောင့်က စာအုပ်ဆိုင်ကို ရောက်သွား၏။ (ထိုဆိုင်သည် စာအုပ်နှင့်အတူ ပို့စကတ်များကို တွဲဖက်ရောင်းသည်။) ယောက်ျား တစ်ယောက်နှင့် မိန်းမ တစ်ယောက်တို့၏ ဓာတ်ပုံပါသည့် ပို့စကတ်တစ်ခုကို တွေ့ရသောအခါ ကျွန်တော် နှာခေါင်းရှုံ့ကာ ပုခုံးတွန့်လိုက်သည်။ ပုံက ရိုင်းလိုက်တာ။ သန်ဘက်ခါသည် ကြောင်ကလေး၏ (၁၇) နှစ်မြောက် မွေးနေ့ ဖြစ်သည်။ သူသည် ကျွန်တော့်ထက် တစ်နှစ်၊ ကိုးလနှင့် သုံးရက် ငယ်လေသည်။ သူက ၁၉၅၀ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှာ မွေးတာ၊ တနင်္ဂနွေသမီး။ (ကြောင်ကလေး၏ မွေးနေ့သက္ကရာဇ် ကိုလည်း သူ့ဓာတ်ပုံရသော လျှောက်လွှာပေါ်ကပင် ရပါသည်။) တစ်လောက ဗေဒင် တွက်တတ်သည် ဆိုသော သူငယ်ချင်း တစ်ယောက်၏ အစ်ကိုနှင့် ဆုံသည်။ သူက ကျွန်တော်တိုက်သော လက်ဖက်ရည် တစ်ခွက်နှင့် ဒူးယား တစ်လိပ်ကို သောက်ပြီး ကျွန်တော်တို့ကို ဗေဒင် တွက်ကြည့်၏။ ဓမ္မာသောက၊ အင်းဝရာဇာ၊ အိမ်ထောင်ဖက် အသက်မရှည်ရာတဲ့။ အင်းဝဓာတ် ကျနေတယ်။ မင်းက ဗုဒ္ဓဟူး၊ ကောင်မလေးက တနင်္ဂနွေ။ မဖြစ်နိုင်ဘူး။ တနင်္ဂနွေ ရှောင်လေ ဗုဒ္ဓဟူးတဲ့။ မှတ်ထား မရှောင်ရင် မင်း ဒုက္ခရောက်မယ်။ ကျွန်တော် လက်ဖက်ရည်ဆိုင်က ဒေါပွပွနှင့် ထပြန်လာခဲ့သည်။ လမ်းတွင်တွေ့သော ကျောက်စရစ်ခဲလေး တစ်လုံးကို ကောက်ကာ ခပ်လှမ်းလှမ်းက ဓာတ်တိုင်ဆီသို့ လွှဲပစ်လိုက်၏။ လှမ်းပစ်ရင်း ကျွန်တော်နှင့် သူနှင့် ချစ်ရပါက ဓာတ်တိုင်ကို မှန်ပါစေဟု စိတ်ထဲက အဓိဌာန်လိုက်၏။ ခဲမှာ ဓာတ်တိုင်နှင့် လွဲ၍သွားသည်။ ဒါယူမလားဟု ရောင်းသူက ပို့စကတ်တစ်မျိုး ထုတ်ပြပြန်၏။ ကျွန်တော်သည် သူ့ထံသို့ မကြာခဏ ပို့စကတ်ကလေးများ ပို့နေကျဖြစ်၏။ သီတင်းကျွတ် လပြည့်နေ့၊ ပြည်ထောင်စုနေ့၊ ခရစ်စမတ်နေ့၊ ဓမ္မစကြာ အခါတော်နေ့၊ နေ့ကြီးရက်ကြီးများနှင့် ဆုံတိုင်း သူ့ထံသို့ သတိတရ ပို့စကတ်များ ပို့ပေးနေကျ ဖြစ်၏။ (ပို့စကတ် တစ်ခုကို ဝယ်ရန် ကျွန်တော် လက်ဖက်ရည် လေးကြိမ် မသောက်ဘဲ ခြိုးခြံရ၏။ ပေးပို့သူ၏ နေရာ၌ မည့်သည့် နာမည်ကိုမျှ ထည့်လေ့မရှိပါ။) နောက်ဆုံး သစ်ကိုင်းပေါ်တွင် ငှက်ကလေးတစ်ကောင် နားနေသည့် ပို့စကတ်ကို ကျွန်တော် ရွေးလိုက်သည်။ ထိုငှက်သည် ကျီးကန်းသော် လည်းကောင်း၊ ဆက်ရက်သော် လည်းကောင်း မဟုတ်ပါ။ ဘာငှက်မှန်းလည်း ကျွန်တော် မသိပါ။ ပန်းချီဆရာ၏ စိတ်ကူးထဲမှ ငှက်ကလေး တစ်ကောင်ကောင် ဖြစ်နိုင်ပါသည်။ ငှက်ကလေးမှာ တစ်ကောင်တည်း ဖြစ်ရာ ပို့စကတ် ပို့သူ၏ အထီးကျန်ဆန်မှုကို ဖော်ပြနေသလို ရှိသည်။ ကျွန်တော် သဘောကျသည်။ သူက ကြိုက်မှ ကြိုက်ပါ့မလား။ သူ့သူငယ်ချင်း တစ်ယောက်က ပြန်ပြောပြတော့ ကြောင်ကလေးသည် ကျွန်တော်ပို့သမျှ ပို့စကတ်များကို အမြဲ ဆုတ်ဖြဲပစ်သည်ဟု ဆို၏။ ထိုနေ့ကို ကျွန်တော်မမေ့။

ကြောင်ကလေးသည် လူငယ်တစ်ယောက်နှင့် တွဲကာ ကျောင်းသို့လာသည်။ ထိုလူသည် ကျွန်တော့်ထက် အသက် အနည်းငယ်ခန့် ကြီးမည်။ ဖြူဖြူမြင့်မြင့်နှင့် မင်းသားသစ် ဇော်ခင်၏ ရုပ်ရည်မျိုးရှိသူ ဖြစ်၏။ တက်ထရွန် လက်ရှည်အဖြူ၊ သက္ကလတ် ဘောင်းဘီ မီးပူခေါက်ရိုးကျနှင့် နက်ပြောင်သော ရှူးဖိနပ်ကို စီးထား၏။ ထိုလူ ဝတ်ဆင်ထားပုံမှာ သေသပ်လှသဖြင့် အမေ မွေးကတည်းက ထိုအဝတ်အစားများ ဝတ်ကာ မွေးလာသလား ထင်မှတ်ရ၏။ ကျွန်တော့် ကြောင်ကလေးသည် ထိုလူနှင့် အတူတွဲကာ လမ်းလျှောက်လာရင်း ထိုလူ၏ မျက်နှာကို ပျောက်သွားမည် စိုးသည့်ဟန်ဖြင့် မကြာခဏ မော့ကြည့်ကာ စကားပြောလိုက်၊ ပြုံးလိုက် လုပ်နေသည်။ "ဟာ မင်းကောင်မလေးက အတွဲနဲ့ပါလား" ဟု သူသာ မျက်စိရှိသည် ထင်သော သူငယ်ချင်း တစ်ယောက်က ပြော၏။ သည်ကောင်တော့ မောပြီဟု နောက်တစ်ယောက်က ပြော၏။ မဟုတ်ပါဘူးဟု ကျွန်တော့်နှုတ်က ထွက်သွားသည်။ ဤစကားစုသည် အငြင်းဝါကျတစ်ခု ဖြစ်သော်လည်း ကျွန်တော့်ကိုယ် ကျွန်တော် ဘာကိုငြင်းမိတာလဲဟု ဝေခွဲမရ။ ကျွန်တော် မမောဘူး ဆိုတာကိုလား။ ထိုလူဟာ ကြောင်ကလေးရဲ့အတွဲ မဟုတ်ဘူး ဆိုတာကိုလား။ ကမ္ဘာကြီး တစ်ခုလုံး၊ ဒီနေ့ တစ်နေ့နဲ့ အရာရာ ကိုပဲလား။ (အမှန်တော့ ဤနေရာတွင် သည့်ထက်ကောင်းသော၊ ဤ "မဟုတ်ပါဘူး" ဆိုတာထက် ကောင်းသော စကား တစ်ခွန်းခွန်းကို ကျွန်တော် ပြောခဲ့မိဖို့ ကောင်းသည်။) ကြောင်ကလေးနှင့် တစ်လမ်းတည်းနေ သူငယ်ချင်းက ပြောသည်။ အဲဒါ မင်းကောင်မလေးရဲ့ အစ်ကိုဝမ်းကွဲကွ၊ ဆေးကျောင်း တက်နေတာ၊ သူတို့ချင်း လက်ထပ်ဖို့ စီစဉ်ပြီးသားတဲ့။

ကျွန်တော့်ကိုယ် ကျွန်တော် သတိထားမိသော အခါ လွယ်အိတ်ကို လွယ်၍ တစ်ယောက်တည်း လမ်းပေါ်ကို ရောက်နေသည်။ ထိုနေ့က မိုးမရွာ။ (မိုးကုန်သွားခဲ့တာ ကျွန်တော် သတိမရ။) စိတ်များ ပြန်လည်လွင့်ပါး သွားပြန်သည်။ ဒုတိယအကြိမ် ပြန်လည် သတိရသောအခါ ကျွန်တော် အိပ်ရာပေါ် ရောက်နေသည်ကို တွေ့ရ၏။ အိပ်ရာပေါ်ဝယ် မှောက်ချလိုက်သော အခါ ဘယ်က ရောက်လာမှန်း မသိသော မျက်ရည်စများ မျက်လုံးအိမ်မှ ယိုစီးကျလာလေသည်။

ထိုနေ့က သူတို့ နှစ်ယောက်ကို မြင်ပြီးကတည်းက ကျွန်တော်သည် ကျောင်းဆက် မတက်တော့ပါ။ အမေက တောင်းပန်နေသည့် အထဲမှ နီးကပ်နေသော စာမေးပွဲကိုလည်း ဝင်မဖြေတော့။ မမျှော်လင့်ဘဲ ရုပ်ရှင်ရုံတွင် သူနှင့် ပြန်ဆုံရသည်။ ထိုအခါ အရာရာသည် ပူနွေးနေဆဲပင် ဖြစ်ကြောင်း တွေ့ရှိရလေသည်။ နှစ်ကာလများစွာ ကြာမြင့်လာသော်လည်း ကြောင်ကလေးနှင့် ပတ်သက်လာလျှင် ကျွန်တော့်ရင်သည် လတ်ဆတ်စွာ ခုန်စမြဲ ဖြစ်၏။ (သန့်ရှင်းစွာ ခုန်ခြင်းမျိုးသာ ဖြစ်၏။)

ကျွန်တော့်ရှေ့ရှိ ဖွင့်ထားသော ဖိုင်တွဲထဲတွင် ပန်းချီကားလေး တစ်ချပ် ရှိနေသည်။ အချိန်ကြာမြင့်လွန်းပြီ ဖြစ်သဖြင့် မင်ရောင်များ ပျက်လွင့်စ ပြုနေသော ဤပန်းချီကားလေး ထဲတွင် ကျစ်ဆံမြီး တစ်ချောင်းနှင့် သူသည် ကျွန်တော့်ကို ကျောပေးမြဲ ကျောပေးနေသည်။ (ထိုပန်းချီကားကလေးမှာ သူငယ်ချင်း ပန်းချီဆရာကို ရုပ်ရှင်ပြကာ ဆွဲခိုင်းခဲ့သောပုံ ဖြစ်သည်။) ဤဗလာစာအုပ်များမှာမူ သူနှင့် ပတ်သက်၍ ခံစားရသမျှကို နေ့စဉ် ရေးမှတ်ထားခဲ့သော စာအုပ်များ ဖြစ်၏။ ထိုစာအုပ်များ၏ စက္ကူများမှာလည်း ဝါရော်ကြွပ်ဆတ်၍ နေလေသည်။ ဓာတ်ပုံ သေးသေးထဲတွင် သူမသည် မျက်မှောင်ကုပ်၍ ကျွန်တော့်ကို ခပ်တည်တည် ကြည့်နေသည်။

ထိုဓာတ်ပုံကလေးကို စာရွက်အလွတ် တစ်ခုတွင် တွယ်အပ် တစ်ချောင်းဖြင့် ချိတ်ထားသည်။ တွယ်အပ်မှာ သံချေးတက်နေပြီ ဖစ်ရာ သံချေးတချို့မှာ ဓာတ်ပုံကလေးကိုပင် စွန်းကွက်နေ၏။ ဓာတ်ပုံတွင် ကပ်နေသော သံချေးများကို သန့်စင်ရန် ကျွန်တော် တွယ်အပ်ကို ဖြုတ်လိုက်သည်။ သံချေးတက်နေသော တွယ်အပ်ကလေးမှာ ဖြုတ်ရ ခက်ခဲနေ၏။ အားပြု၍ ဖြုတ်လိုက်သောအခါ အမှတ်မထင်ပင် သံချေးတက်နေသော တွယ်အပ်ဖျားသည် ကျွန်တော့် လက်ညှိုးထိပ်ကို စူးဝင်၍ သွားသည်။ လက်ညှိုးထိပ်တွင် သွေးအနည်းငယ် စို့ထွက်လာသည်။

ထိုနေ့က တွယ်အပ် စူးရာမှ ရရှိသော ဒဏ်ရာဖြင့်ပင် မေးခိုင်ရောဂါပိုး ဝင်ကာ နောက်နှစ်ရက်ခန့် ကြာသောအခါ ကျွန်တော် သေဆုံးသွားလေသည်။

ကျွန်တော်၏ ကြောင်ကလေးသည် မိန်းမပီပီ မနက် မိုးလင်းလျှင် သတင်းစာ ဖတ်ရာ၌ နာရေးကြော်ငြာနှင့် မင်္ဂလာသတင်း ကိုသာ ဦးစားပေး ကြည့်လေ့ရှိသူ ဖြစ်ရမည်။ ကျွန်တော်၏ နာရေးကြော်ငြာ သတင်းကို ဖတ်ရသော အခိုက်၌ သူ့မျက်နှာ မည်သို့ ရှိနေလိမ့်မည်ကို ကျွန်တော် သိပ်သိချင်ပါသည်။

--------
သစ္စာနီ

No comments:

Post a Comment