Saturday, December 16, 2017

အလွမ်းမပါသော ပြဇာတ် (သစ္စာနီ)


အဲဒီနေ့က နေသည် ခါတိုင်းလိုပင် အရှေ့ဘက်မှ ထွက်ခဲ့၏။ ထိုင်နေကျ လက်ဖက်ရည် ဆိုင်မှာ ထိုင်နေရင်း ကိုဘုန်းဝေက "လူ့လောက ဆိုတာ ကြက်ဥခွံတွေ စုထည့်ထားတဲ့ အမှိုက်ခြင်းနဲ့ တော်တော် တူတယ်ကွ" လို့ ဆိုသည်။ မောင်မင်းဇော်က လေးစားမှု တစ်ဝက် သံသယ တစ်ဝက်ဖြင့် "ခင်ဗျား ဥပမာက မဟုတ်သေးပါဘူးဗျာ၊ ဒါဖြင့် အဲဒီ ကြက်ဥတွေ ထဲက အနှစ်တွေကို ဘယ်သူက ဖောက်သောက် ပစ်သလဲ" ဟု စောဒက တက်၏။

ကိုဘုန်းဝေက ထုံးစံအတိုင်း မောင်မင်းဇော် စကားကို ဂရုမစိုက်ဘဲ အရှေ့ဘက်ကိုသာ မေးငေါ့ပြကာ "ဟောဟိုမှာ ကြက်ဥခွံတစ်ခု လာနေပြီ" ဟု ပြောလိုက်၏။ မောင်မင်းဇော် လှည့်ကြည့် လိုက်တော့ သူတို့စားပွဲ ရှိရာကို လျှောက်လာနေသော ကိုသက်ခိုင်ကို တွေ့ရလေသည်။ ကိုသက်ခိုင်က သူ့ပင်ကိုဟန် အတိုင်း နွမ်းယဲ့ယဲ့ ပြုံးရင်း ကုလားထိုင် အလွတ် တစ်လုံးမှာ ဝင်ထိုင်၏။ သူတို့ နှစ်ယောက်ကို တွေ့သဖြင့်သာ ကိုသက်ခိုင် ဤလက်ဖက်ရည် ဆိုင်ကို ဝင်လာခြင်း ဖြစ်ကြောင်း မောင်မင်းဇော် ကောင်းကောင်း သိသည်။ ကိုသက်ခိုင်က လက်ဖက်ရည်ဆိုင် ထိုင်လေ့ မရှိ။ သို့မဟုတ် ဤ လက်ဖက်ရည် ဆိုင်တွင် ထိုင်လေ့ မရှိ။

ဘော်ဒါဆောင်တွင် ရှိနေလျှင် တစ်ချိန်လုံး စာအုပ် တစ်အုပ်နှင့် အခန်းအောင်း နေတတ်သူသာ ဖြစ်သည်။ လမ်းထွက်လျှင်လည်း ကြုံတဲ့ နေရာမှာ ဖတ်ဖို့ လက်ထဲမှာ စာအုပ် တစ်အုပ် အမြဲ ပါတတ်၏။ သူ့လက်ထဲမှာ ပါလာသော စာအုပ်ကို စားပွဲပေါ် လှမ်းတင် လိုက်သောအခါ ပင်ဂွင်းတိုက်ထုတ် ကမူး၏ ပလိပ် ဝတ္ထု ဖြစ်နေသည်ကို တွေ့ရ၏။ မောင်မင်းဇော် ကိုယ်တိုင်လည်း ဤစာအုပ် ဘာသာပြန် ကိုတော့ ဖတ်ပြီးပြီ။ နားလည်ရ ခက်သော စာအုပ် ဖြစ်၏။ စားပွဲပေါ် တင်လိုက်သော ထိုစာအုပ်ကို သူ့လိုပင် လှမ်းကြည့်လိုက်သည့် ကိုဘုန်းဝေ မျက်နှာပေါ်၌ သရော်ပြုံးကလေး တစ်ခု လင်းလက် သွားတာကို မောင်မင်းဇော် အကဲခတ်လိုက်မိ၏။

တစ်ခါက ကမူးရဲ့ အပြင်ကလူကို ဖတ်ပြီးစ မောင်မင်းဇော်က ကိုဘုန်းဝေကို "ခင်ဗျား ကမူးစာတွေ မကြိုက်ဘူးလား" ဟု မေးဖူး၏။ ကိုဘုန်းဝေက သူ ပြုံးနေကျ အပြုံးဖြင့် "ကမူးဟာ ဘောလုံးလည်း ကန်ဖူးတယ် ... ကွန်မြူနစ် ပါတီဝင်လည်း ဖြစ်ခဲ့ဖူးတယ် ... အဲဒီ နှစ်ချက်တည်းနဲ့ သူ့စာတွေကို ဖတ်ဖို့ မလိုတော့ဘူးကွ" ဟု မှတ်ချက် ပေးခဲ့ဖူးတာ သွားသတိရ၏။ ပြီးတော့ ပြောသေးသည်။ "အိတ်ဇစ်စတယ်ရှယ်လစ် ဝါဒ" ဆိုတာကို မြန်မာ စာပေလောက မှာတော့ ယင်နားထားတဲ့ သရက်သီးမှည့် တစ်လုံး ဖြစ်နေပြီကွ ... သက်ခိုင်ကိုလည်း အဲဒီ ဝမ်းရောဂါ ကူးစက်နေဟန် တူတယ်"

"ဘာသောက်မလဲ ဆရာ ..."

စားပွဲထိုးလေးက ကိုသက်ခိုင်ကို မေး၏။

ကိုသက်ခိုင်က ခပ်တိုးတိုးပင် "လက်ဖက်ရည်ပေါ့" လို့ မလိုအပ်သလို ဖြေ၏။

"ချိုဆိမ့်လား ပေါ့ကျလား ..."

စားပွဲထိုးလေးက ထပ်မေး၏။ ကိုသက်ခိုင် မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် အမူအရာမှာ ဖုံးဖိမရအောင်ပင် ပေါ်လွင်လာ၏။ သူက သက်ပြင်းတစ်ချက် ချကာ"ဘယ်လိုဖြစ်ဖြစ် ပေါ့ကွာ" ဟု စိတ်မရှည်စွာ ပြောလိုက်၏။ စားပွဲထိုးလေးက သူ့ကို အူကြောင်ကြောင် ကြည့်ကာ အနားမှ ထွက်သွားတော့မှ မောင်မင်းဇော်တို့ဘက်လှည့်ပြီး ...

"လက်ဖက်ရည် တစ်ခွက် အချို ပေါ့သွားတာ၊ အကျရည် များသွားတာတွေထက် အရေးကြီးတဲ့ ကိစ္စတွေ လောကကြီးမှာ အများကြီး ရှိပါတယ်ဗျာ၊ လူတွေဟာ ဘာလို့ ဒီလို အသေးအဖွဲ ကိစ္စလေးတွေနဲ့ အလုပ်ရှုပ် ခံနေကြတာလဲ" လို့ ညည်းညူသည်။

သူတို့နှစ်ယောက် (ကိုဘုန်းဝေနှင့် ကိုသက်ခိုင်) သည် ဒီလို နေရာမျိုးမှာတော့ တူတတ်တယ်လို့ မောင်မင်းဇော် တွေးမိ၏။ နှစ်ယောက် စလုံး၌ပင် တခြားသူတွေနှင့် မတူသော ထူးခြားသည့် ဘဝအမြင်တွေ ရှိနေကြ၏။ သူတို့ နှစ်ယောက်ချင်း ကျတော့လည်း မတူပြန်။

မောင်မင်းဇော် ကတော့ ဤဘော်ဒါဆောင် တစ်ခုလုံးတွင် သူ တန်ဖိုးထားစွာ ပေါင်းသင်းစရာ ဤလူ နှစ်ဦးသာ ရှိသည်ဟု ထင်မြင်နေ၏။ ဒီလူနှစ်ယောက် ဘော်ဒါဆောင်မှာ နေပုံကလည်း သီးသန့် ဆန်လွန်းအား ကြီးသည်။ တခြားလူတွေနှင့် ရောရောနှောနှော မရှိ။ သူတို့ နှစ်ယောက်လုံးက နယ်မှ ကျောင်းလာနေသော မောင်မင်းဇော်ကို ညီငယ်လို သဘောထားကာ ဆက်ဆက်ဆံဆံ ရှိကြတာကိုပင် မောင်မင်းဇော်အဖို့ ရခဲသော ဆုလာဘ်တစ်ခု အဖြစ် မှတ်ယူရသေးသည်။ ကိုဘုန်းဝေ အသက်က လေးဆယ်ဝန်းကျင် (သူ့အသက်ကို ခန့်မှန်းရတာ မလွယ်)၊ ကိုသက်ခိုင်က သုံးဆယ်ဝန်းကျင်။ ကိုဘုန်းဝေက ရှိရင်းစွဲ အသက်ထက် နုပျိုသလို ထင်ရပြီး ကိုသက်ခိုင်ကတော့ ရှိရင်းစွဲ အသက်ထက် ရင့်ရော်သလို ထင်ရလေသည်။ သူ့အပေါ် ကိုဘုန်းဝေ၏ ဆက်ဆံရေးက တရင်းတနှီးရှိပြီး ကိုသက်ခိုင် ဆက်ဆံရေးကလည်း တလေးတစား ရှိသည်ဟု ခံစားရသည်။ သူတို့ သုံးယောက်စလုံး တူတာ တစ်ခုကတော့ စာပေကို ဝါသနာ ပါကြခြင်း ဖြစ်သည်။

အခုတော့ နှစ်ယောက်လို့ ပြောရင်လည်း မမှားဟု ထင်သည်။ တစ်လောကတော့ ကိုဘုန်းဝေသည် သူ့အခန်းနှင့် အပြည့်ရှိသော စာအုပ်တွေကို ကားတစ်စီးတိုက် သယ်ချသွားကာ ရောင်းခဲ့၏။ ပြီးတော့ ရတဲ့ငွေကို ဝိတ်မသည့် ဝိတ်ပြားတွေ အတံတွေနှင့် အားကစား ကိရိယာတွေ ဝယ်လာသည်။ အရင်က စာရွက်လှန်သံ တဖျပ်ဖျပ် ကြားရသည့် သူ့အခန်းထဲမှာ အခုတော့ ဝိတ် မသည့် ချသည့် အသံ တချွင်ချွင်သာ ကြားရသည်။

"ပညာရှိ ဆိုပြီး လေအေးကလေး တိုက်ရုံ နေပူကလေး ထွက်ရုံနဲ့ နှာစေး ဖျားနာနေရင် ဘယ်ဟုတ်တော့ မလဲကွာ၊ ရုပ်နဲ့ နာမ်နဲ့ ဖွဲ့ထားတဲ့ လူဟာ နှစ်မျိုးလုံး ကြံ့ခိုင်ဖို့ လိုတာပဲ ... လူ တော်တော်များများ မဖတ်နိုင်တဲ့ စာမျိုးကို ငါ အနှစ် သုံးဆယ်လောက် အဆက်မပြတ် ဖတ်ခဲ့ဖူးပြီ။ ငါ့ ကိုယ်မှာ လိုနေတာ တစ်ခုပဲ ရှိတော့တယ်ကွ အဲဒါက ကြွက်သားပဲ" ဟုလည်း မောင်မင်းဇော်ကို ပြောခဲ့၏။

မိုးကလေး နည်းနည်း ညို့ရင် ဆွယ်တာ အင်္ကျီကို ရင်ဘတ်စေ့ ဝတ်ရလေ့ ရှိသော ကိုသက်ခိုင်ကတော့ ထူးထူးခြားခြား မဝေဖန်ဘဲ ထုံးစံအတိုင်း နွမ်းယဲ့ယဲ့သာ ပြုံးသည်။ သူတို့ အပြုံးတွေ ကလည်း တစ်ဘာသာစီပင်။ ကိုဘုန်းဝေ အပြုံးက တစ်လောကလုံးကို ထီမထင်တဲ့ သရော်ပြုံး။ ကိုသက်ခိုင် အပြုံးကတော့ တစ်လောကလုံးကို လက်မြှောက် အရှုံးပေးထား ရတဲ့ မချိပြုံး။

တစ်ခါက ကိုဘုန်းဝေက မောင်မင်းဇော် ပြသော မဂ္ဂဇင်းထဲမှ ကိုသက်ခိုင်၏ ကဗျာ တစ်ပုဒ်ကို စိတ်လိုလက်ရ ခုလို ဝေဖန်ဖူး၏။

"သူ့ကဗျာတွေက သူ့ကို လောကကြီးက၊ ဒါမှမဟုတ် တခြားသူတွေက၊ နောက်ဆုံး ကွဲသွားတဲ့ သူ့မိန်းမနဲ့ ယောက္ခမတွေက ဖြစ်ဖြစ်ပေါ့ကွာ၊ နားလည် ခွင့်လွှတ်ကြဖို့ တောင်းပန် ရှင်းပြ နေတာပဲ၊ အဲဒါကိုပဲ သူက ဘဝအမြင်လို့ ထင်နေသလား မသိဘူး ... ဒီအတွက်နဲ့တော့ ကဗျာ ရေးမနေသင့် ပါဘူးကွာ၊ နောက်ဆုံး ခွင့်လွှတ်စရာ ရှိတယ် ဆိုရင်တောင် အနုပညာသမား ကသာ လောကကြီးကို ခွင့်လွှတ်ရမှာပါ ..."

ကိုသက်ခိုင် ကတော့ ကိုဘုန်းဝေကို အကောင်းအဆိုး ဝေဖန်ခဲသည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော် ကတော့ ကိုဘုန်းဝေ သည်လည်း ကဗျာကောင်း ကြိုက်သူတို့ အကြားမှာ အနည်းငယ် ထင်ရှားသော ကဗျာဆရာ တစ်ယောက် ဖြစ်ခဲ့သည်ဟု ဆို၏။ ဒီအချိန်ကဆို မောင်မင်းဇော် မူလတန်းကျောင်း ရောက်စပဲ ရှိဦးမည်။ ကိုသက်ခိုင် ကတော့ ကိုဘုန်းဝေ ကဗျာတချို့ကို ခုထိ အလွတ်ရွတ်ပြ နိုင်သေးသည်။ ဒီတစ်ချက်တည်းနှင့်ပင် ကိုဘုန်းဝေအပေါ် သူ အနွံအတာ ခံနိုင်ခဲ့တာလည်း ဖြစ်သည်။

"သူ ဘာဖြစ်လို့ ကဗျာ ဆက်မရေးတော့ တာလဲ" လို့ မောင်မင်းဇော်က ကိုဘုန်းဝေကို မမေးရဲသော မေးခွန်းအား ကိုသက်ခိုင်ကို မေးဖူး၏။ "ဒီလူက တစ်မျိုးပဲ သူ အနိုင်နဲ့ ပိုင်းခဲ့တာ နေမှာပေါ့၊ ဒါမှမဟုတ် တခြားအကြောင်း တစ်ခုခုလည်း ရှိချင်ရှိမယ် တစ်ခါတော့ ပြောဖူးတယ်"

ဒီ ဘော်ဒါဆောင်ကို မောင်မင်းဇော် မရောက်ခင် ကတည်းကပင်၊ သူတို့ နှစ်ယောက်မှာ သိခဲ့ကြ ပြီးပြီ။ သို့သော် သူတို့ သဘာဝ အတိုင်း ဆက်ဆံရေးက သူစိမ်းပြင်ပြင်လည်း မဟုတ်။ ရင်းနှီးကျွမ်းဝင် သည်ဟုလည်း မဆိုသာ။ ကိုသက်ခိုင်က ...

"သူက ပြောတယ် ... လူတစ်ယောက်ဟာ ကဗျာ ဖြစ်သွားပြီ ဆိုရင် သူ့ရဲ့ အသွေးအသား အကြောတွေက အစ သူ့ခန္ဓာကိုယ် တစ်ခုလုံးက ကဗျာ ဖြစ်သွားတာ၊ သူ့အနေနဲ့ ကဗျာ မရေးလည်း ကိစ္စမရှိဘူး ... ကဗျာ ရေးနေတာ မရေးတာတော့ အကြောင်း မဟုတ်ဘူး ... သူ ကိုယ်နှိုက်က ကဗျာ ဖြစ်နေတာပဲဟာ သူဟာ တကယ့် ကဗျာ အတုံးအခဲကြီးပဲတဲ့ ..."

မောင်မင်းဇော်မှာ ကဗျာ မရေးတော့သူ၊ ကဗျာ ရေးနေသူ နှစ်ဦးရဲ့ အကြားက ကဗျာ ရေးချင်သူသာ ဖြစ်သည်။ ဤအဆောင် ရောက်စက ခေတ်ပေါ်ကဗျာ တစ်ပုဒ်ကို ဖတ်ပြီး သဘောမပေါက် ဖြစ်နေသော မောင်မင်းဇော်သည် ကိုသက်ခိုင် အခန်းသို့ သွားကာ အကူအညီ တောင်းရာက စတင် သိခဲ့ကြ၏။ ကိုသက်ခိုင်က ပြုံးကာ

"ခင်ဗျားက ကဗျာ ဖတ်ရတာ ရေသောက်သလို ဖတ်တာကို ... ကဗျာ ဖတ်တာ ဖာလူဒါ သောက်သလို ဖတ်ရတယ်ဗျ ..." ဟု အသေးစိတ် ရှင်းပြခဲ့ ၏။ ပြီးမှ ...

"အမှန်တော့ ဘယ်ကဗျာကိုမှ ကျွန်တော် အခုလို အဓိပ္ပါယ် ဖွင့်ဆို ရှင်းမပြချင်ဘူး ... အဲသလို လုပ်ရတာ အနုပညာ ရာဇဝတ်မှု တစ်ခု ကျူးလွန်ရ သလိုပဲ လိပ်ပြာ မသန့်သလို ခံစားရတယ် ... ပန်းပွင့် တစ်ပွင့်ရဲ့ အလှကို ပွင့်ဖတ်တွေ၊ ဝတ်မှုန်တွေ တစ်စစီ ဖြုတ်ချွေပြီး ရှာသလိုပေါ့" ဟု ဝမ်းနည်းသံနှင့် အဆုံးသတ်ခဲ့၏။

မောင်မင်းဇော် အဖို့တော့ သူတို့ နှစ်ယောက်လုံးမှာ တစ်မျိုးစီ အံ့ဩစရာ ဖြစ်ခဲ့ရသည်။ ကဗျာဆရာ ယက်တူရှင်ကိုနှင့် တွေ့ဆုံမိတ်ဆက်ရန် ဖိတ်စာ၊ အပြင်ကလူ (ကမူးရဲ့ဝတ္ထု) ပြဇာတ်ကို လာရောက် ကြည့်ရှုရန် ဖိတ်စာများမှာ အလုံးလုံး အထွေးထွေးနှင့် ကိုသက်ခိုင် အမှိုက်ခြင်းထဲ ရောက်နေတာ တွေ့ရ၏။

အနီးကပ် ပေါင်းသင်းနေသော မောင်မင်းဇော်ပင် သူတို့နှစ်ဦး အကြောင်းကို စေ့စေ့ငုငု မသိ။ ကိုသက်ခိုင်သည် ကဗျာ ရေးသည်။ ဝတ္ထုတို ရေးသည်။ (အပေါစား လုံးချင်း ဝတ္ထုများ ရေး ရောင်းစားသည် ဟုလည်း ပြောဖူး၏)။

သူ အိမ်ထောင် ကျဖူးတာ ယောက္ခမနှင့် အဆင်မပြေ သဖြင့် အိမ်က ဆင်းလာခဲ့ရ သလိုလို။ သူ့မိန်းမက သင်္ဘောသား တစ်ယောက်နှင့်ပဲ လက်ထပ်သွား သလိုလို။ ဒါက အဆောင်နေ တခြားသူတွေဆီက ကြားရသော စကားများ ဖြစ်၏။ ကိုဘုန်းဝေ ကိုတော့ လေလွင့်နေသော သူဌေးသားဟု ကွယ်ရာမှ လှောင်ခေါ်သံ ကြားရ၏။ တစ်လတစ်ခါ ဒီလူ ဘဏ်က ငွေထုတ် သုံးနေတာ ကိုတော့ မောင်မင်းဇော်လည်း မြင်သိနေသည်။ ကိုဘုန်းဝေ နေထိုင်ပုံက တစ်မျိုး။ သူ့ဘဝကို ဘယ်သော အခါမှ ကွယ်ဝှက် ဖုံးကွယ်ခြင်း မရှိ။ ထို့အတူ ဖွင့်ဆို ရှင်းလင်းခြင်းလည်း မရှိ။ သူ့မှာ အမေ မရှိတော့။ အဖေက မန္တလေးမှာ၊ နောက်မိန်းမငယ်နှင့် နေသည်။ သူကလည်း အဖေဆီက လိုချင်တာ တစ်ခုပဲ ရှိ၏။ ငွေ ဖြစ်သည်။ ဒီလိုနှင့် သူတို့သားအဖ နှစ်ယောက် ဘဝမှာ အပေးအယူ တည့်နေသည် ဟုလည်း တစ်စွန်းတစ်စ သိရ၏။

ကိုသက်ခိုင်ကတော့ မဝေဖန်စဖူး၊ "ဒီလူက ဘဝကို ပြဇာတ်ရှည်ကြီး တစ်ပုဒ် ကနေရသလို သဘောထားတဲ့ လူဗျ" ဟု ပြောဖူး၏။ "တစ်ခုတော့ ရှိတယ်၊ ဒီလူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတော့ တော်တော် ပြင်းထန်တဲ့လူ ... သူ ငါးမျှားနေတာ တွေ့လို့ ဘာလုပ် နေတာလဲ သွားမေးရင် ငါးခူ မျှားနေတာလို့ ပြောမယ့်လူ"

"ဟုတ်တယ် ... မာနတစ်မျိုး ပေါ့လေ" ဟု မင်းဇော်က ထောက်ခံ၏။ ကိုသက်ခိုင်က အဝေးကို ငေးကြည့်နေသော မျက်လုံးများဖြင့် ...

"ကိုယ်လည်း မာနကြီးခဲ့ဖူး ပါတယ်... ဘယ်လောက် ကြီးခဲ့သလဲ ဆိုရင် ကိုယ့်အရိပ် ကိုတောင် သူများ အနင်းမခံရအောင် မာနကြီးခဲ့ဖူးတယ် ... လမ်းပေါ်မှာ လူချင်းဆုံရင် ကိုယ်ကသာ သူများအရိပ်ကို နင်းရအောင် ရှောင်ကွင်း လျှောက်ခဲ့တယ်။ ပြန်တွေး ကြည့်တော့လည်း ဒါဟာ ရူးသွပ်မှု တစ်ခုပါပဲ ... ကိုယ် လယ်တီ ဆရာတော် ဘုရားရဲ့ စာတစ်ပုဒ် သွားဖတ်မိတယ်၊ ဘယ် ဒီပနီထဲမှာလည်းတောင် မမှတ်မိဘူး၊ အဲဒီမှာ ရေးထားတာက လူဆိုတာ ကမ္ဘာမြေကြီးရဲ့ အဆင်တန်ဆာသာ ဖြစ်တယ်တဲ့၊ မြေစောင့်မျှသာ ဖြစ်တယ်တဲ့၊ ကိုယ့်ရင်ထဲက မာနတွေလည်း တစ်ဝက် လွင့်စဉ် သွားတော့တယ် ..."
"ကိုဘုန်းဝေကို ကြည့်ရတာ ဘာကိုမှ အတွယ်အတာ မရှိသလိုဘဲနော်"

သူနေခဲ့တဲ့ သက်တမ်းတစ်လျှောက် ကိုဘုန်းဝေဆီကို လာတဲ့ စာတစ်စောင်မှလည်း မတွေ့စဖူး။ ဧည့်သည် တစ်ယောက်မှလည်း မတွေ့စဖူး။

"ဒီလူက လောကကို သမ်းဝေစရာလို့ မြင်နေရတဲ့ လူပဲ ... အသက်လေးဆယ် အရွယ်မှာ ဘဝကို အဲသလို မြင်တာကတော့ နည်းနည်း စောလွန်းတယ် ထင်တယ်" ဟု မှတ်ချက်ချ၏။

"ကိုယ်လည်း အနုပညာကို တွယ်တာတဲ့ စိတ်ကိုတော့ လျှော့လို့ မရဘူး ဖြစ်နေတယ် ... အမှန်ကတော့ နိဗ္ဗာန်ရောက်ရာ ရောက်ကြောင်း တရားအတွက်က လွဲပြီး ဘာအတွက်ကြောင့်မှ အသေမခံသင့်ဘူး ... ငါ့သား ငါ့မယားအတွက်၊ အနုပညာအတွက် ဘယ်အတွက်ကြောင့်ပဲ သေသေ၊ ဒီလောက် သက္ကာယဒိဌိကြီးနဲ့ သေရင် အပယ်လားမှာ ကတော့ သေချာနေတယ်"

ကိုဘုန်းဝေ ကတော့ "လောကမှာ ခေါင်းကိုက်ပျောက် ဆေးပြားတွေနဲ့ ပြည့်တန်ဆာမတွေ ရှိနေရင် လုံလောက် ပါတယ်ကွာ" ဟု ပြောခဲ့ဖူး၏။ သူ ပြည့်တန်ဆာအိမ် သွားတာ မတွေ့ဖူးသော်လည်း ခေါင်းကိုက်ပျောက် ဆေးပြားတွေကိုပဲ ပဲကြီးလှော်လို စားနေတာ ကိုတော့ မကြာခဏ တွေ့ရတတ်၏။

"ကုသိုလ်လည်း ဝမ်းမမြောက်နဲ့ကွ၊ ဝမ်းမြောက်ရင် လောဘ ဖြစ်တယ်။ အကုသိုလ်ကိုလည်း တွေးကြောက် မနေနဲ့၊ ကြောက်တယ်ဆိုတာ ဒေါသ တစ်မျိုးပဲ အဲဒီ အစွန်းတရား နှစ်ပါးက လွတ်အောင်နေ ... သံသရာ ဆိုတာ ဘာမှ မဟုတ်ဘူး မျဉ်းဖြောင့် တစ်ကြောင်းပဲ" လို့ မောင်မင်းဇော်ကို ပြောဖူးသည်။ မောင်မင်းဇော် ကောင်းကောင်း နားမလည်။ ကိုဘုန်းဝေနှင့် ကိုသက်ခိုင် မကြာခဏ ဘာသာရေးနှင့် ပတ်သက်ပြီး လေးလေးနက်နက် ပြောကြတာ သူ ကြုံဖူးသည်။ သူတို့ အယူအဆတွေက တစ်ခါတလေ သူ အစဉ်အလာ ကြားဖူး ထားတာတွေနှင့် ဖီလာ ဖြစ်နေတတ်၏။

အခုတလောတော့ သူတို့သုံးယောက် သိပ်မဆုံဖြစ်။ မောင်မင်းဇော်က စာမေးပွဲ နီးပြီမို့ ဖုတ်ပူမီးတိုက် စာကျက်နေ၏။ ဒီကြားထဲကပင် ကိုသက်ခိုင်ဆီကို အသက်နှစ်ဆယ်ကျော် အရွယ် ကောင်မလေး ချောချော တစ်ယောက် ကိုယ်ပိုင်ကား အသစ်ကလေး တစ်စီးနှင့် မကြာမကြာ လာနေတာကိုတော့ သတိထားမိသေး၏။ ကိုသက်ခိုင်က စာပေ ဝါသနာပါတဲ့ ဆေးကျောင်းသူလေးလို့ ပြောပြ၏။

စာမေးပွဲ ဖြေအပြီး ကျောင်းပိတ်တော့ မောင်မင်းဇော် အညာပြန်ရ လေသည်။ ကျောင်းဖွင့်လို့ ဘော်ဒါဆောင် တစ်ခေါက် ပြန်ရောက်တော့ အခြေအနေတွေက သိသိသာသာ ပြောင်းလဲ နေလေသည်။ ဤဘော်ဒါဆောင်မှာ သူ အတွေ့ချင်ဆုံး လူနှစ်ဦးစလုံး မရှိတော့။

"ကိုဘုန်းဝေ ဘယ်ပြောင်းသွားသလဲ ခင်ဗျာ ..."

သူ့အမေးကို အဆောင်မှူးက ခပ်တိုတို ဖြေ၏။

"တမလွန်ကို ပြောင်းသွားတယ် ..."
"ခင်ဗျာ ..."
"ပြီးခဲ့တဲ့ လကပဲ အစာအိမ် သွေးယိုတဲ့ ရောဂါနဲ့ ဆေးရုံပေါ်မှာ ဆုံးသွားပြီလေ ..."

မောင်မင်းဇော် ရင်ထဲမှာ ရုတ်တရက် ကွက်လပ်ကြီးတစ်ခု ဖြစ်သွား၏။ သူ့အသည်းနှလုံးမှာ ဟင်းလင်းပြင်ထဲကို ပေါ့ပါးစွာ လွင့်စဉ် သွားသလို ခံစားရသည်။ ကိုသက်ခိုင်နှင့် ပတ်သက်ပြီး ထပ်မမေးရဲတော့ အောင်ပင် ဖြစ်သွား၏။ အားတင်းပြီးမှ

"ကိုသက်ခိုင်ရော ..."
"သူက လက်ထပ်သွားပြီ"

ကြားရတဲ့ စကားတွေက မယုံနိုင်စရာ။ သူ ဘော်ဒါဆောင် ပြန်ရောက်နေတယ် ကြားတော့ ကိုသက်ခိုင်က တစ်ခေါက် လာတွေ့၏။ ကိုယ်ပိုင်ကား အသစ်ကလေး တစ်စီးကို သူကိုယ်တိုင် မောင်းလာသည်။

"ခင်ဗျား လက်ထပ် ဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး ..."

မောင်မင်းဇော်က ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ သူက ယဲ့ယဲ့ပြုံးရင်း

"ကိုယ့်ကိုယ်ကိုယ်လည်း မထင်ပါဘူး ... ကိုယ်က လက်မထပ်ချင်ဘူး ငြင်းလိုက်တော့ ကောင်မလေးက သူ့ကိုယ်သူ သတ်သေဖို့ ကြံတယ်"
"ဒါနဲ့ ခင်ဗျားက သနားပြီး ယူလိုက်တယ် ဆိုပါတော့"
"သူ့ကို သနားလို့ မဟုတ်ဘူး ... လူတစ်ယောက်ရဲ့ မာနကို သနားလို့ အဲဒါနဲ့ပဲ လက်ထပ်ဖြစ်သွားတာ ... လူတစ်ယောက် အတွက် အထိခိုက်ဆုံး ဝမ်းနည်း ကြေကွဲစရာ ကိစ္စဟာ သူ့မာနကို အထိပါး ခံရတာပဲလို့ ကိုယ် ထင်တယ်"
"ကိုဘုန်းဝေ ဆုံးတော့ ကျွန်တော့်ဆီကို ဘာလို့ စာမရေးတာလဲ"
"ကိုဘုန်းဝေက မသေခင် မှာသွားတယ် ... မင်းဇော်လေးဆီ အကြောင်းကြား မနေနဲ့ ... ရှုပ်တယ်တဲ့ ..."
"ဘာရှုပ်တာလဲ ..."

ကိုသက်ခိုင်က မောင်မင်းဇော် အမေးကို ဂရုမစိုက်ဘဲ သူပြောချင်ရာကို ဆက်ပြော၏။

"သူ သေသွားတာကို ကိုယ်တောင် မနာလိုဘူး"

ခဏ တိတ်ဆိတ်ပြီးမှ ...

"ကိုယ် ကြုံဖူးသမျှတွေ ထဲမှာတော့ ပကာသန အကင်းဆုံးနဲ့ အရိုးစင်းဆုံး အသုဘ တစ်ခုပဲ ... ဘဝမှာ မထင်မရှား သေချင်တဲ့ သူ့ဆန္ဒ ပြည့်ဝသွား ကောင်းပါရဲ့"
"ဘယ်မှာ သင်္ဂြိုဟ်သလဲ ..."
"ကြံတောမှာ ..."

သည်လိုနှင့် ထိုနှစ်ယောက်မှာ မောင်မင်းဇော် ဘဝထဲမှ တစ်ယောက်က ကိုယ်ပိုင်ကားနှင့် ထွက်ခွါသွား၍ တစ်ယောက်က မီးခိုးငွေ့အဖြစ် ထွက်ခွါသွားလေသည်။

-----------
သစ္စာနီ
သဘင် မဂ္ဂဇင်း၊ မတ်လ၊ ၁၉၈၈။
(ဝတ္ထုတို ၆၀)

Credit to thanthannaing @ mmcybermedia

No comments:

Post a Comment