စတုဂံကွက်ထဲက ငါးတစ်ကောင်
~~~~~~~~~~~~~~~~
စတုဂံကွက်ထဲက ငါးတစ်ကောင်ဟာ အဖော်မဲ့သူဖြစ်တယ်။
သူ့မှာ အစာအိမ်ရှိတယ်
နားရှိတယ်
ရေတောင်ပံတစ်စုံရှိတယ်။
ငါးဟာ အလင်းကိုမြင်ရဲ့
ကောင်းကင်ကိုမြင်ရဲ့
သစ်ပင်တို့ရဲ့ တိတ်တဆိတ် အသက်ရှူသံ၊
ရွက်ကြွေတို့ရဲ့ ငိုရှိုက်သံ၊
သင်းကွဲငှက်တို့ရဲ့ဂီတသံကို ခံစားနိုင်ပေရဲ့။
ရေတောင်ပံနဲ့ ကူးခတ်
ဘဝဟာ အဆုံးအစမရှိဝင်္ကပါကို ပတ်နေသလို။
ငှက်တစ်ကောင်လို ပျံသန်းလိုစိတ်ဟာပြင်းထန်
စိတ်မှာသာ အမွေးအတောင်ဟာပေါက်နိုင်။
စတုဂံကွက်ရဲ့ ရေဝင်ရေထွက်ကိုနားထောင်
်မာနဟာ ရွှေဝါရောင်အကြေးခွံပေါ်မှာ ထင်ဟပ်။
နှုတ်ခမ်းတလှုပ်လှုပ် ရေပူပေါင်းတမြှုပ်မြှုပ်နဲ့
သူ့နှုတ်ပါးစပ်က စကားတွေကို ဘယ်သူနားထောင်နိုင်မလဲ ၊ ဘယ်သူ နားလည်နိုင်မလဲ။
#ခိုင်မြဲ (ဘုမ္မဝတီ)
#ဝန်ခံချက် - ဖတ်ခဲ့ဖူးသော ကဗျာ၏အရိပ်အောက်ကမလွတ်
No comments:
Post a Comment