Tuesday, October 31, 2017

မမသည် ငွေ့ရည်ဖွဲ့စ တိမ်ဖြူမွကလေးဖြစ်၏


.
၁။
ထိုနေ့က ကြွေကျခဲ့သော သစ်ရွက်ကလေးမှ ရွက်ကြောတို့ကို တစ်နေကုန် ထိုင်၍ ရေတွက်ခဲ့သည်မှာ အကြိမ်ပေါင်းမည်မျှရှိပြီမသိ..။ တကယ်ဆိုလျှင် နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦ၊ အရာဝတ္ထုများသည် အမှတ်တရတို့ သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိကြောင်း ကျွန်တော် သိရှိခဲ့သည်မှာ ကြာခဲ့ပါပြီ..။ မမဖြင့် သိလိမ့်မည်မထင်ပါ..။ မမသည် ကျွန်တော့်ဝတ္ထုထဲမှ ဇာတ်ကောင်တစ်ဦးသာလျှင်ဖြစ်၏။ ကျွန်တော့်ဝတ္ထုထဲတွင် မမသည် စရိုက်သေ..။ ကျွန်တော့်ဝတ္ထုထဲတွင် မမသည် တန်ဆေး၊ လွန်ဘေး..။ ကျွန်တော့်ဝတ္ထုထဲတွင် မမသည် ပြန်ရောက်မလာတဲ့ ဘူတာကလေး..။ အတိတ်ကိုဆောင်သော်..၊ မမသည် ကျွန်တော့်ဝတ္ထုထဲတွင် တစ်ခွန်းတည်းသော စကားကိုသာလျှင် ပြောရပေလိမ့်မည်..။ ဤသည်မှာ စကားကုန်အောင် ကြို၍ အသိပေးထားခြင်းပင်ဖြစ်၏။

၂။
You're a loaded gun
- Bon Jovi

၃။
ကြုံခဲ့ရဖူးသော ပူဆွေးသောက ဗျာပါဒတို့အား တဖန်ပြန်၍ လွမ်းမောတမ်းတလာချိန်သည် မက်မောခဲ့ရဖူးသော ပျော်ရွှင်ဖွယ်ရာများ၏ ခြောက်လှန့်စိုးမိုးခြင်းကို အလူးအလိမ့် ခံစားရချိန်ပင်ဖြစ်၏။ တစ်ခါတုန်းက ဒုက္ခတို့သည် အပျော်အရွှင်များဖြစ်လာ၍ တစ်ချိန်တုန်းဆီက ကြည်နူးစရာတို့ကား ဝမ်းနည်းဆွတ်ပျံ့ဖွယ်ရာများ ဖြစ်လာလေသည်။ လောကသည် ထိုသို့ပင် ဆန်းကြယ်လွန်းလေ၏။ ဘဝသည် နာကျင်ဖွယ်များစွာဖြင့် မိမိအား ကြင်နာတတ်ကြောင်း ပြသပေလိမ့်ဦးမည်..။

၎။
ကြည်ပြာရောင်မနက်ခင်းများအကြောင်း တွေးမိတော့
မင့်စိတ်နဲ့ သေရပြီး
ငါ့ခန္ဓာနဲ့ ငရဲခံရတယ်
ကိုယ့်လားရာဂတိဟာ
အဲဒီ ဝပ်ကျင်းကလေးဆီမှာ..။

၅။
သံသရာကို ဘယ်လိုအမည်ပဲ ပေးပေး တကယ်တမ်း ဝေးကြရတဲ့အခါ တစ်ပတ်ပြန်လည်မလာမှာကို ကြောက်နေမိသူတစ်ယောက်ရှိတဲ့အကြောင်း သိစေချင်ရုံပါ..။ နှလုံးသွင်းချင်း မတူညီလို့ လွဲခဲ့ရတဲ့ ဘဝတွေ..၊ ကမ္ဘာကြီးပေါ်ကျတဲ့ မိုးစက်တို့ထက် ပိုများတယ်ဆိုတာကလေး သိစေချင်ရုံပါ..။ အဲဒီမီးဟာ လောင်ကျွမ်းစေသူရော၊ လောင်ကျွမ်းခံရသူကိုပါ မြှိုက်တယ်ဆိုတာ သိစေချင်ရုံပါ..။ ဟိုးတုန်းက ကလင် ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်ဆိုတာ သိစေချင်ရုံပါ..။ ဒါပေမဲ့..၊ အဲဒီစက်ဘီးကလေးရဲ့ ကယ်ရီယာခုံလေးအကြောင်းကိုတော့ ပြောပြခဲ့ဖူးရင်လည်း မေ့သာပစ်လိုက်ပါ..။ ချိန်းကြိုးကလေးတွေဟာ နှစ်ဦးသားအတူ အဝေးကိုမှ မသယ်ဆောင်နိုင်ခဲ့တာ..။

၆။
အိပ်မက်တွေကို မုန်းတယ်
နိုးလာတဲ့ အခါ
ငါ့မှာ
နှစ်ခါ ပြန်နာကျင်ရတယ်..။

၇။
လေထုထဲက မမအသံရုပ်ကလေးတွေကို မြင်နေရတုန်းပင်ဖြစ်၏။ ရနံ့တွေမှာ မမ ပုံရိပ်တို့ ပါဝင်နေဆဲပင်ဖြစ်၏။ စကားလုံးတွေမှာ မမ အမူအရာတို့ ကြားယောင်နေရမြဲပင်ဖြစ်၏။ ချစ်ခြင်းဟာ Overload ဖြစ်တတ်ပါသလား..။ တစ်ရှူးစက္ကူကလေးများဖြင့် ထုပ်ပိုးသိမ်းဆည်းထားခဲ့သော မမ နှုတ်ခမ်းရာကလေးတွေနှင့် ချိတ်ဆက် နားဆင်ဖို့အတွက် ကျွန်တော့်နှလုံးသားကို အားအပြည့်သွင်းထားလျက်ပင်ဖြစ်၏။

၈။
Will I wait a lonely lifetime
If you want me to- I will
- The Beatles

၉။
အတူထိုင်ခဲ့ဖူးသော တစ်ပါးသူတို့၏ ကော်ဖီဆိုင်ကလေးအား ထိုသူတို့ပင် ဖြိုဖျက်နေသည်ကို လိုင်းကားပေါ်မှတဆင့် မမြင်ရခင်ကတည်းကပင် အတူတကွတည်ဆောက်ခဲ့ဖူးသော တစ်စုံတစ်ရာသောအဆောက်အအုံကလေးအား မမ ဖြိုချရစ်ခဲ့သည်မို့ ထူးပြီးလည်း မနာကျင်လိုတော့ပါ..။ အမှတ်ရစရာတို့သည် အဆောက်အဦ၌ မတည်ကြောင်း ကျွန်တော် ဆိုခဲ့ဖူးပါပြီ..။ လွှတ်ခဲ့ဖူးသော စက္ကူလေယာဉ်တို့ ဟိုး..အဝေး ပျံသန်းသွားချိန်၌ အချိန်ကိုက် တိုက်ခတ်လာခဲ့သော လေပြင်းမုန်တိုင်းမှာ ထိုးဇာတ်သာလျှင်ဖြစ်၏။ ဝေ့ဝဲမိသော မျက်ရည်စတို့မှာမူ အစစ်ဖြစ်လေသည်။ ရထားသည် ပုံမှန်ဆိုက်သော်လည်း ဘူတာရုံကလေးမှာ စွန့်ခွာနှင့်လေပြီ။

၁၀။
ထိုနေ့က ကြွေကျခဲ့သောသစ်ရွက်ကလေးမှ ရွက်ကြောတို့သည် "ပြန်မလာဘူး" ဟူသော အနက်ကို ဆောင်၏။ နောက်ထပ်.. နောက်ထပ် တစ်ရွက်ပြီး တစ်ရွက်..။ သစ်ရိပ်အောက်၌ ထိုင်နေရင်း ထိုသစ်ပင်အား မုန်းတီးနေမိခြင်းသည်
ကျေးဇူးမဲ့ရာ ရောက်သည်ဆိုပါလျှင် ငါ၏ ကန္တာရ၌ မည်သည့်အပင်မှ မပေါက်စေသတည်းဟု သင်တို့အား ကျိန်ဆိုခွင့်ကို ပေးပါမည်။ ဆက်လက်၍ ကြွေခဲ့လျှင်မူ မုန်းတီးသူ ငါ၏ အပြစ်မဟုတ်ချေ..။

၁၁။
You promise me heaven
Then put me through hell
Chains of love got a hold on me
When passion's a prison
You can't break free
……………………………
You're loaded gun
……………………………
There's nowhere to run
No one can save me
The damage is done
- Bon Jovi

၁၂။
ယုန်တွင်းထဲသို့ လိမ့်ကျခဲ့သော အဲလစ်ကဲ့သို့ အပြင်ကမ္ဘာသို့ ပြန်လာနိုင်ခွင့်ကလေး မမ ပေးမသွားခဲ့ပါ..။ ကိုမာ ဝင်ခဲ့သော နှလုံးသားကို နမ်းရှိုက်နိုးယူဖို့ မမ မကြံစည်ခဲ့ပါ..။ ပန်းမဝင်ခင် တိမ်းမှောက်ခဲ့ရသော ကားအိုကြီးကို တွန်းယူ ပြီးဆုံးစေခဲ့သော ပြိုင်ကားကလေးကဲ့သို့ ကျွန်တော်၏ မျှော်လင့်ချက်တို့ ဂုဏ်သရေရှိစွာ ရှုံးနိမ့်စေဖို့ မမ မပြုမူခဲ့ပါ..။ မမသည် ကျွန်တော့်ဝတ္ထုမှ ဇာတ်ဆောင်တစ်ဦးသာလျှင်ဖြစ်၏။ မမသည် ကျွန်တော့်ဝတ္ထုထဲ၌ စရိုက်သေပင်ဖြစ်သည်။ ကျွန်တော့်ဝတ္ထုထဲ၌ မမ၏ ဆံပင်ဂုတ်ဝဲကလေးမှာ ဘယ်တော့မှ ရှည်မလာတော့..။ ကုန်ကုန်ပြောရလျှင်.. ကျွန်တော့်ဝတ္ထုထဲ၌ မမသည် တစ်ခွန်းတည်းသော စကားကိုသာ ပြောဆိုရပေမည်..။ ထိုသို့အားဖြင့် အတိတ်ကိုဆောင်သော်..၊ ကျွန်တော့်ဝတ္ထုထဲ၌ မမသည် ချက်ကော့ဖ်၏ သေနတ်ဖြင့် ကျွန်တော့်အား အသေပစ်သတ်ခဲ့လေသည်။

၁၃။
အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုး  တွေ  က  တိတ်  တာ  တောင်  ကိုယ်  က  ရွာ  တုန်း  ..
.
- တာရာမင်းဝေ
.

မမသည် ငွေ့ရည်ဖွဲ့စ တိမ်ဖြူမွကလေးဖြစ်၏


.
၁။
ထိုနေ့က ကြွေကျခဲ့သော သစ်ရွက်ကလေးမှ ရွက်ကြောတို့ကို တစ်နေကုန် ထိုင်၍ ရေတွက်ခဲ့သည်မှာ အကြိမ်ပေါင်းမည်မျှရှိပြီမသိ..။ တကယ်ဆိုလျှင် နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦ၊ အရာဝတ္ထုများသည် အမှတ်တရတို့ သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိကြောင်း ကျွန်တော် သိရှိခဲ့သည်မှာ ကြာခဲ့ပါပြီ..။ မမဖြင့် သိလိမ့်မည်မထင်ပါ..။ မမသည် ကျွန်တော့်ဝတ္ထုထဲမှ ဇာတ်ကောင်တစ်ဦးသာလျှင်ဖြစ်၏။ ကျွန်တော့်ဝတ္ထုထဲတွင် မမသည် စရိုက်သေ..။ ကျွန်တော့်ဝတ္ထုထဲတွင် မမသည် တန်ဆေး၊ လွန်ဘေး..။ ကျွန်တော့်ဝတ္ထုထဲတွင် မမသည် ပြန်ရောက်မလာတဲ့ ဘူတာကလေး..။ အတိတ်ကိုဆောင်သော်..၊ မမသည် ကျွန်တော့်ဝတ္ထုထဲတွင် တစ်ခွန်းတည်းသော စကားကိုသာလျှင် ပြောရပေလိမ့်မည်..။ ဤသည်မှာ စကားကုန်အောင် ကြို၍ အသိပေးထားခြင်းပင်ဖြစ်၏။

၂။
You're a loaded gun
- Bon Jovi

၃။
ကြုံခဲ့ရဖူးသော ပူဆွေးသောက ဗျာပါဒတို့အား တဖန်ပြန်၍ လွမ်းမောတမ်းတလာချိန်သည် မက်မောခဲ့ရဖူးသော ပျော်ရွှင်ဖွယ်ရာများ၏ ခြောက်လှန့်စိုးမိုးခြင်းကို အလူးအလိမ့် ခံစားရချိန်ပင်ဖြစ်၏။ တစ်ခါတုန်းက ဒုက္ခတို့သည် အပျော်အရွှင်များဖြစ်လာ၍ တစ်ချိန်တုန်းဆီက ကြည်နူးစရာတို့ကား ၀မ်းနည်းဆွတ်ပျံ့ဖွယ်ရာများ ဖြစ်လာလေသည်။ လောကသည် ထိုသို့ပင် ဆန်းကြယ်လွန်းလေ၏။ ဘ၀သည် နာကျင်ဖွယ်များစွာဖြင့် မိမိအား ကြင်နာတတ်ကြောင်း ပြသပေလိမ့်ဦးမည်..။

၎။
ကြည်ပြာရောင်မနက်ခင်းများအကြောင်း တွေးမိတော့
မင့်စိတ်နဲ့ သေရပြီး
ငါ့ခန္ဓာနဲ့ ငရဲခံရတယ်
ကိုယ့်လားရာဂတိဟာ
အဲဒီ ၀ပ်ကျင်းကလေးဆီမှာ..။

၅။
သံသရာကို ဘယ်လိုအမည်ပဲ ပေးပေး တကယ်တမ်း ဝေးကြရတဲ့အခါ တစ်ပတ်ပြန်လည်မလာမှာကို ကြောက်နေမိသူတစ်ယောက်ရှိတဲ့အကြောင်း သိစေချင်ရုံပါ..။ နှလုံးသွင်းချင်း မတူညီလို့ လွဲခဲ့ရတဲ့ ဘ၀တွေ..၊ ကမ္ဘာကြီးပေါ်ကျတဲ့ မိုးစက်တို့ထက် ပိုများတယ်ဆိုတာကလေး သိစေချင်ရုံပါ..။ အဲဒီမီးဟာ လောင်ကျွမ်းစေသူရော၊ လောင်ကျွမ်းခံရသူကိုပါ မြှိုက်တယ်ဆိုတာ သိစေချင်ရုံပါ..။ ဟိုးတုန်းက ကလင် ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်ဆိုတာ သိစေချင်ရုံပါ..။ ဒါပေမဲ့..၊ အဲဒီစက်ဘီးကလေးရဲ့ ကယ်ရီယာခုံလေးအကြောင်းကိုတော့ ပြောပြခဲ့ဖူးရင်လည်း မေ့သာပစ်လိုက်ပါ..။ ချိန်းကြိုးကလေးတွေဟာ နှစ်ဦးသားအတူ အဝေးကိုမှ မသယ်ဆောင်နိုင်ခဲ့တာ..။

၆။
အိပ်မက်တွေကို မုန်းတယ်
နိုးလာတဲ့ အခါ
ငါ့မှာ
နှစ်ခါ ပြန်နာကျင်ရတယ်..။

၇။
လေထုထဲက မမအသံရုပ်ကလေးတွေကို မြင်နေရတုန်းပင်ဖြစ်၏။ ရနံ့တွေမှာ မမ ပုံရိပ်တို့ ပါဝင်နေဆဲပင်ဖြစ်၏။ စကားလုံးတွေမှာ မမ အမူအရာတို့ ကြားယောင်နေရမြဲပင်ဖြစ်၏။ ချစ်ခြင်းဟာ Overload ဖြစ်တတ်ပါသလား..။ တစ်ရှူးစက္ကူကလေးများဖြင့် ထုပ်ပိုးသိမ်းဆည်းထားခဲ့သော မမ နှုတ်ခမ်းရာကလေးတွေနှင့် ချိတ်ဆက် နားဆင်ဖို့အတွက် ကျွန်တော့်နှလုံးသားကို အားအပြည့်သွင်းထားလျက်ပင်ဖြစ်၏။

၈။
Will I wait a lonely lifetime
If you want me to- I will
- The Beatles

၉။
အတူထိုင်ခဲ့ဖူးသော တစ်ပါးသူတို့၏ ကော်ဖီဆိုင်ကလေးအား ထိုသူတို့ပင် ဖြိုဖျက်နေသည်ကို လိုင်းကားပေါ်မှတဆင့် မမြင်ရခင်ကတည်းကပင် အတူတကွတည်ဆောက်ခဲ့ဖူးသော တစ်စုံတစ်ရာသောအဆောက်အအုံကလေးအား မမ ဖြိုချရစ်ခဲ့သည်မို့ ထူးပြီးလည်း မနာကျင်လိုတော့ပါ..။ အမှတ်ရစရာတို့သည် အဆောက်အဦ၌ မတည်ကြောင်း ကျွန်တော် ဆိုခဲ့ဖူးပါပြီ..။ လွှတ်ခဲ့ဖူးသော စက္ကူလေယာဉ်တို့ ဟိုး..အဝေး ပျံသန်းသွားချိန်၌ အချိန်ကိုက် တိုက်ခတ်လာခဲ့သော လေပြင်းမုန်တိုင်းမှာ ထိုးဇာတ်သာလျှင်ဖြစ်၏။ ဝေ့၀ဲမိသော မျက်ရည်စတို့မှာမူ အစစ်ဖြစ်လေသည်။ ရထားသည် ပုံမှန်ဆိုက်သော်လည်း ဘူတာရုံကလေးမှာ စွန့်ခွာနှင့်လေပြီ။

၁၀။
ထိုနေ့က ကြွေကျခဲ့သောသစ်ရွက်ကလေးမှ ရွက်ကြောတို့သည် "ပြန်မလာဘူး" ဟူသော အနက်ကို ဆောင်၏။ နောက်ထပ်.. နောက်ထပ် တစ်ရွက်ပြီး တစ်ရွက်..။ သစ်ရိပ်အောက်၌ ထိုင်နေရင်း ထိုသစ်ပင်အား မုန်းတီးနေမိခြင်းသည်
ကျေးဇူးမဲ့ရာ ရောက်သည်ဆိုပါလျှင် ငါ၏ ကန္တာရ၌ မည်သည့်အပင်မှ မပေါက်စေသတည်းဟု သင်တို့အား ကျိန်ဆိုခွင့်ကို ပေးပါမည်။ ဆက်လက်၍ ကြွေခဲ့လျှင်မူ မုန်းတီးသူ ငါ၏ အပြစ်မဟုတ်ချေ..။

၁၁။
You promise me heaven
Then put me through hell
Chains of love got a hold on me
When passion's a prison
You can't break free
……………………………
You're loaded gun
……………………………
There's nowhere to run
No one can save me
The damage is done
- Bon Jovi

၁၂။
ယုန်တွင်းထဲသို့ လိမ့်ကျခဲ့သော အဲလစ်ကဲ့သို့ အပြင်ကမ္ဘာသို့ ပြန်လာနိုင်ခွင့်ကလေး မမ ပေးမသွားခဲ့ပါ..။ ကိုမာ ၀င်ခဲ့သော နှလုံးသားကို နမ်းရှိုက်နိုးယူဖို့ မမ မကြံစည်ခဲ့ပါ..။ ပန်းမ၀င်ခင် တိမ်းမှောက်ခဲ့ရသော ကားအိုကြီးကို တွန်းယူ ပြီးဆုံးစေခဲ့သော ပြိုင်ကားကလေးကဲ့သို့ ကျွန်တော်၏ မျှော်လင့်ချက်တို့ ဂုဏ်သရေရှိစွာ ရှုံးနိမ့်စေဖို့ မမ မပြုမူခဲ့ပါ..။ မမသည် ကျွန်တော့်ဝတ္ထုမှ ဇာတ်ဆောင်တစ်ဦးသာလျှင်ဖြစ်၏။ မမသည် ကျွန်တော့်ဝတ္ထုထဲ၌ စရိုက်သေပင်ဖြစ်သည်။ ကျွန်တော့်ဝတ္ထုထဲ၌ မမ၏ ဆံပင်ဂုတ်ဝဲကလေးမှာ ဘယ်တော့မှ ရှည်မလာတော့..။ ကုန်ကုန်ပြောရလျှင်.. ကျွန်တော့်ဝတ္ထုထဲ၌ မမသည် တစ်ခွန်းတည်းသော စကားကိုသာ ပြောဆိုရပေမည်..။ ထိုသို့အားဖြင့် အတိတ်ကိုဆောင်သော်..၊ ကျွန်တော့်ဝတ္ထုထဲ၌ မမသည် ချက်ကော့ဖ်၏ သေနတ်ဖြင့် ကျွန်တော့်အား အသေပစ်သတ်ခဲ့လေသည်။

၁၃။
အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုး  တွေ  က  တိတ်  တာ  တောင်  ကိုယ်  က  ရွာ  တုန်း  ..
.
- တာရာမင်းဝေ
.

Sunday, October 29, 2017

မိုးရေစက်များ၏ သုညတ္တအင်အား

မိုးရေစက်များ၏ သုညတ္တအင်အား
_________________________
(တာရာမင်းဝေ)

မိုးခါးကြီးရွာသွားပြီဆိုတော့
ဇနပုဒ်ငယ်လေးတစ်ခုဆီသို့သူရောက်လာခဲ့သည်။
ရည်ရွက်ချက်မရှိဘဲ ရောက်လာခဲ့ခြင်းဖြစ်၏။
ယခင်ဤရွာလေး ရှိကြောင်းပင်မသိ။
ဤရွာကလေးတွင်နေထိုင် ကြသော
လူမျိုးစု သုံးခုအကြောင်းကိုလည်း ကြားပင်မကြားဖူးခဲ့ပေ။
ဤရွာကလေး၌ မိုးခါးကြီးရွာသွားပြီး သောက်သုံးမိသူများ
ရူးသွားကြောင်း၊ မသောက်ဘဲ နေသူများက လည်း
ကျောက်ရုပ်ဖြစ်ကျန်ခဲ့ကြောင်း သတင်းနှင့်အတူ
ဤရွာမှလူများ၏ ရှေးဟောင်းသင်္ချာ နည်း စနစ်များကို
သူသိခဲ့ရခြင်း ဖြစ်သည်။
မိုးခါးကြီး ရွာခြင်း၊ ရူးသွပ်ခြင်း ၊ကျောက်ရုပ်ဖြစ်ခြင်း၊ စသည့်
သတင်းများထက် ရှေးဟောင်း သင်္ချာ နည်းဆိုင်ရာသတင်းက
သူ့ကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။
လေ့လာ ဆည်းပူးချင် စိတ်များတဖွားဖွား ပေါ်ပေါက်လာပြီးနောက် သူဤ ရွာသို့ ရောက်လာခဲ့ရခြင်းဖြစ်လေသည်။
မိုးခါးရေ သောက်ထားပြီးသူ တွေဟာ အသ်စိတ် မရှိကြတော့။
သူတို့ ပြောနိုင်တာ တချက်ဘဲ ကျန်ရစ် ခဲ့သည်။
ထိုအချက်ကတော့ သူတို့ သောက်ခဲ့သည့်
မိုးခါးရေခွက်အရေအတွက် ကို ပြောပြ နိုင်ခြင်း ဖြစ်၏။
မိုးခါးရေက အတော်ဆွဲဆောင်မှုရှိပုံပဲ ထိုသို့ပင်သူမှတ်ချက် ချမိ၏။
မသောက်ရ မနေနိုင်အောင်နှင့် သောက်မိသူကိုလဲ
ထပ်ထပ်သောက်ချင်နေစိတ်ရှိအောင်
ဆွဲဆောင်ဖမ်းစားနိုင်ခဲ့ပုံရသည်။
အချို့လူများသောက်ခဲ့ သည့် မိုးခါးရေခွက်
အရေ အတွက်က အတော်များလေ၏။
ထိုခွက်အရေ အတွက်များကို
သူတို့၏ရှေးဟောင်း သင်္ချာ ညွှန်ပြချက် နည်းများအတိုင်း
ညွှန်ပြ သွား ကြ၏။ ထိုညွှန်ပြချက်နည်းများကို
သူစိတ်ဝင်တစားလေ့လာ မိလေသည်။
အစုသုံးစုခွဲ ပြီးသူလေ့ လာလိုက်ရ၏။
ပထမ အစုမှ လူအများသည်ဓားများ ဝှေ့ရမ်းပြီး ပါးစပ် မှလည်း
ရေ- - -ရေ - - -ဟု ညည်းတွားနေ ကြ၏။
သူတို့ သောက်ခဲ့သော တစ်ဦးစီ၏ ခွက်အရေအတွက်များကို
သစ်ပင်များပေါ်မှာ သူဖတ်ခဲ့ ရ သည်။
ပင်စည်ပေါ်မှာ ဓါးနှင့် အထစ်ကလေးများ ထစ်ပြီး
ခွက်အရေအတွက်ကို ရေးမှတ်ကြ သူများ ဖြစ်သည်။
ဓါးထစ်တ ထစ်လျှင် တခွက်ဖြစ်သည်။

ဒုတိယ အစုမှလူအများကတော့ လက်ထဲမှ ကြိုးများကို ဆွဲချည် ဆန့်ချည် လုပ်ရင်း တဟင်းဟင်း အော်နေကြ ၏။
သူတို့ သောက်ခဲ့သည့် ခွက် အရေ အတွက်ကို
သူတို့လက်ထဲမှ ကြိုးများမှ တဆင့် သိ ရ၏။
သူတို့ကကြိုးကို အထုံးကလေးထုံးရင်း မှတ်သားသွားကြ ခြင်းဖြစ်၏။
ကွစ်ပူ ပုံစံပါလား
သူ... အလွန် သဘောကျသွား၏။ ထိုသို့ကြိုးအထုံးဖြင့် ရေတွက်မှုသဘောတရားကို တောင်အမေရိကတိုက်မှ
အင်ကာ လူမျိုးများ လည်းသုံးစွဲဖူး၏။

လေ့လာရ အခက်ခဲဆုံးဖြစ်ခဲ့သည်မှာ တတိယ အုပ်စုဖြစ်သည်။
တတိယ အုပ်စုမှလူများသည် လမ်းမပေါ်မှာ ကခုန်နေကြ၏။
ဘာစကားကိုမှ မပြောကြ။
သို့သော် သူတို့၏ မျက်လုံးများထဲမှ မွတ်သိပ်မှုကို တွေ့နေရသည်။
အားပါးပါး....မလွယ်ပါလား
သူတို့၏ ကခုန်မှုမှာ သူတို့သောက်ခဲ့သည့် ခွက်အရေ အတွက်ကိုညွှန်ပြနေခြင်းဖြစ်သည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများကို
ကိန်းဂဏာန်းများ အဖြစ် သင်္ကေတပြုကာ ဖော်ပြ နေကြခြင်းဖြစ်၏။
အဓိပ္ပါယ်ဖတ်ရန် အတော် ခက်ခဲလေသည်။
ဤကဲ့သို့ သော ရေတွက်မှုပုံ စံကို နယူးဂီနီ လူမျိုးများ လည်း
သုံးစွဲ ကြ၏။ သူ..ကြိုးစားပမ်းစား လေ့လာယူရလေသည်။
ကျေနပ်အားရ မှုလည်းရှိခဲ့၏ ။

လေ့လာမှုများပြီးဆုံးပြီဟု ယူဆသော အချိန်ကျမှ....
အင်း. .ကျောက်ဖြစ်တဲ့လူကို သွားကြည့်ရဦးမယ်။
မိုးခါးရေမသောက်ဘဲ တောင့်ခံနေသဖြင့် ကျောက်ဖြစ်သွားသူမှာ တယောက်တည်း ဖြစ်၏။
(ကျန်လူ များအားလုံးမှာ မိုးခါးရေ သောက်ပြီးရူး သွားကြ၏။)
ထိုလူသည် သို့မဟုတ် ကျောက်ရုပ်သည် အဝေးသို့
လှမ်းကြည့်နေ၏။ ကျောက်ဖြစ်နေသော မျက်လုံး များကတော့
ဘာကိုမှမြင်ပုံမပေါ်။
ထိုကျောက်ရုပ်ကိုလှည့်ပတ်ကြည့် ရှုရင်းသူ. .သက်ပြင်းချမိ၏။
ဖြစ်မှ- -ဖြစ်ရလေ
ထိုလူအတွက် စိတ်မကောင်းဖြစ်ရင်း
သူ့စိတ်ထဲမှာလဲစိမ့်ပြီးကြောက်လာ မိ၏။

အင်း.. အခုပြန်တာဘဲ ကောင်းပါတယ်..
ထိုအခိုက်မှာပင်...
ရုတ်ချည်းဆိုသလို ကောင်းကင်သည် ညိုမှိုင်းသွား၏။
ဝေမှုန်သော်လဲ ကြမ်းတမ်းသည့်လေတို့က အေးရှစွာ
ကျဆင်းလာသည်။ တစ်စုံတစ်ခုသော ရနံ့ကို ရှု ရှုက်လိုက်ရပြီး . . .
ဟင်...မိုးခါးကြီး ထပ်ရွာတော့မယ်
ရင်ထဲမှာ ပူလောင်ပြီး ကမ္ဘာပျက် သွားသလို ခံစားလိုက်ရသည်။
လေထဲမှာမိုး၏ အငွေ့ အသက်တို့ ပါလာသည်။
သူ့အပေါ်ကျလာသော မိုးစက်မိုးမှုန် ပျပျကလေး များကို
လက်နှင့် ဝှေ့ယမ်းကာကွယ် နေမိ၏။
ဂျိမ်း....ဂျုန်း
မိုးခြိမ်းသံ ကြီးက ခြောက်ခြား ဖွယ်ရာ ပေါ်ထွက်လာသည်။
သဲကြီးမဲကြီးရွာတော့ မည်မှာသေချာ၏။
သူ ယောက်ယက်ခက် ပြေးလွှားနေမိသည်။
ဤမိုးကို ကာကွယ်၍ရတော့မည် မဟုတ်ကြောင်းကိုလည်း
သိလိုက်ရသည်။
လူများကို ဒုက္ခဆိုး အမျိုးမျိုးပေးခဲ့သော မိုးခါးကို
သူပက်ပက်စက်စက် ဆဲဆိုရင်း လမ်းပေါ်မှာ ခုန် ပေါက်နေမိ၏။
ပြီး ... လိုအပ်ချက်တစ်ခုကို သတိရပြီး . .
ဘေးဘီဝဲယာဆီလျှောက်ကြည့် မိသည်။

ဓါးတစ်လက်ကို တွေ့သည်။ ကောက်ယူပြီး သစ်ပင်ဆီသို့
ပြေးသွားကာ ပင်စည်မှာအထစ်လုပ်ကြည့်၏
ခုတ်ကြည့်ခြင်း ဖြစ်သည်။
သို့ သော်ဘာ တစ်ခုမှ ထင် မကျန်၊ေ
ဆွေးမြေ့နေပြီဖြစ်သော ဓားကြီးက ကြိုး သွား၏။

တောက် . . .
လမ်းမပေါ်မှာ ကြိုးတချောင်းကိုတွေ၍ ကုန်းကောက်ရသေးသည်။
ကြိုးကို အထုံးလေးများရစ် ချည် ကြည့် ၏။ မရချေ။
ထို ကြိုးထုံးနည်းကို သူမထုံးတတ်၊
ပုံစံမျိုးစုံနှင့် ကမန်းကတန်း ချည်ကြည့် နေပြီး
မရလွန်းသည့် အဆုံးမှာ ထိုကြိုးကို ဒေါသ တကြီး လွှင့်ပစ်လိုက်၏။

နောက်ဆုံး အနေနှင့် ကိုယ်အင်္ဂါ အစိတ် အပိုင်းနှင့်
ဖော်ပြနိုင်ရန် သူကြိုးစားရသည်။
မိုးစက်တွေ က လည်းခပ်ပါးပါး ကျရောက်နေပြီ ဖြစ်၏။
သို့ သော်လည်း ဒူးမြောက် လက်မြောက် လုပ်နေရခြင်းသည်
သူ့ အတွက် အဆင်မပြေလှချေ။
ကိုယ် အင်္ဂါ အစိတ်အပိုင်းများမှ တဆင့် ကိန်း ဂဏာန်းကို
ဖော်ပြနေသလို မဖြစ်ဘဲ ဓါတ်လိုက်နေသလို ၊
ဘရိတ်ဒန့် ကနေသလို လို ဖြစ်နေသည်။
ဒုက္ခပဲ
ထိုသို့ ဆိုရင်တော့ တနည်းဘဲ ကျန်တော့သည်။

ကျောက်ရုပ်ရှိရာကို သူအပြေးသွားလိုက်၏။
မိုးခါးရေကို သူမသောက်ဘဲ ကျောက်ရုပ် အဖြစ်ခံတော့မည်။

ကျောက်ရုပ်၏ နဘေးမှာ သူဝင်ရပ်သည်။
ရပ်ရပ် ခြင်းမှာတော့ လက်နှစ်ဘက် တွဲလောင်းချပြီး
တောင့် တောင့် ကြီးရပ်နေလိုက်ခြင်း ဖြစ်သည်။
ထို့နောက်မှာမူ နောင်လာနောက်သားတွေ အမြင်မှာ
သူ့ ကျောက်ရုပ်လှပရန် လိုအပ်ကြောင်း ကိုသတိရသည်။
ထိုသို့ဖြင့် တစောင်းပြင်ရပ်သည်။ ခါးမှာ လက်ထောက်ရပ်၏၊
ဆံပင်ကို ပင့်တင် ရသေးသည်။
ဓါတ် ပုံဆရာ ရှေ့မှာ အိုက်တင်ပေးသည့်နှယ်
သူ့ကိုယ်ဟန်ကို အမျိုးမျိုး ပြုပြင်နေရ၏။
သိပ် အချိုးမပြေသလို ခံစားမိ၏။ မိုးကြီးကရွာ လာပြီ။
ထိုအခါကျမှ ပန်းပုရုပ်တစ်ခု ၏ကိုယ် ဟန်ကို သတိရပြီး
သူထိုင်ချလိုက်သည်။
ကမ္ဘာကျော် ပန်းပုဆရာကြီး သြဂတ်ရိုဒင်၏
အတွေးအခေါ် သမား အမည်ရှိ ပန်းပု၏ ကိုယ်ဟန်အတိုင်း
သူထိုင်နေခြင်းဖြစ်သည်။
ဒဿန တစ်ခုခုကို အလေးအနက် စဉ်းစားတွေးခေါ်နေဟန် . .

မိုးကြီးက တဝေါဝေါ ရွာချလာ၏။

အား . .အေးလိုက်တာ
ခိုက်ခိုက်တုန်အောင် ချမ်းအေးနေသော်လည်း
ဤကိုယ်ဟန် အနေအထားကိုမပျက်အောင် သူထိုင်နေ ခဲ့၏။
တစ်ကိုယ်လုံးလဲ စိမ့်စက် ရွှဲစိုနေပြီ။
ထိုင်ရတာလဲ ပင်ပန်းလှပြီ၊ မိုးကြီးရွာတာလဲ ကြာပြီ။
နောက်ဆုံး ဆဲချိန်ကျမှ ဤမိုးသည် မိုးခါးမဟုတ်
ရိုးရိုး မိုးဖြစ်မှန်း သူသိရ၏။
....
ဘာပြောရမှန်းပင်မသိ။
အူကြောင်ကြောင်ဖြင့် သူပြန်ထလိုက်ရသည်။
ထွက်ခွာရန် ပြင်ချိန်ရောက်မှ သူ့ ကို စိုက်ကြည့်နေသော
မျက်လုံးအစုံများကို မြင်လိုက်ရသည်။

ဟင်

ကိုယ့် အပူနှင့် ကိုယ် ပြာလောင်ခတ်နေခဲ့၍
ထိုလူများကို သူသတိမထားမိခဲ့။
( ဘယ်အချိန်ထဲက ရောက်နေကြမှန်းမသိ)
သူ့လိုဘဲ လာရောက်လေ့လာ သူများဖြစ်ပုံရသည်။
သူ့ကို ကြည့်နေကြရင်းတယောက် ကပြော၏။

အရူးတွေထဲ ဒီအရူးအဆိုးဆုံးဘဲနော်
အေးလေ . . . မိုးခါးရေတွေ သူဘယ်နှစ်ခွက်လောက်
သောက်ပစ်လိုက်လဲမှ မသိတာ။
အများဆုံးသောက် ပြီး အရူးဆုံး ဖြစ်သွားတာနေမှာပေါ့။. . .
ကျွတ်. .ကျွတ်. .ဖြစ်မှ ဖြစ်ရလေ
သူတို့အားလုံးက သူ့ ကို စိတ်မကောင်းစွာ
ဝိုင်းကြည့်နေကြလေသည်။

(တာရာမင်းဝေ)

နေရဲ့ အင်္ကျီ စာအုပ်မှ
.
မူရင်း ပို့စ်ပိုင်ရှင် Paid Thetnwe အားCreditပေးပါသည်။

Tuesday, October 24, 2017



••••••••••••••••••••••••••••••••••••• သုခမိန်လှိုင်
မော်တော်ကားသွားတာ
ဘီးလေးဘီးကြောင့်လား
အင်ဂျင်ကြောင့်လား
ဓာတ်ဆီကြောင့်လား
ငါကတော့
ငါတို့အဖြစ်က
သွားနေကြတာလား
သစ်ပင်တွေလို
တစ်ပင်ပြီးတစ်ပင်
်တရိပ်ရိပ်လိုက်လို့.။

သုခမိန်လှိုင်
**********************************

[Unicode]
အစိမ်းရောင်ဥစ္စာစောင့်များ
••••••••••••••••••••••••••••••••••••• သုခမိန်လှိုင်
မော်တော်ကားသွားတာ
ဘီးလေးဘီးကြောင့်လား
အင်ဂျင်ကြောင့်လား
ဓာတ်ဆီကြောင့်လား
ငါကတော့
နောက်ကြည့်မှန်ထဲမှာကျန်ခဲ့ကြတဲ့
ရှုမျှော်ခင်းတွေကိုလွမ်းတတ်တယ်။
ငါတို့အဖြစ်က
သွားနေကြတာလား
ကျန်ခဲ့တဲ့ရှုမျှော်ခင်းတွေလား
ဘာမှန်းမသိတဲ့ အဲဒီဆွေးမြေ့မှုဟာ
သစ်ပင်တွေလို
တစ်ပင်ပြီးတစ်ပင်
်တရိပ်ရိပ်လိုက်လို့.။

သုခမိန်လှိုင်
**********************************

Friday, October 13, 2017

နွေးသောနှင်း - သုမောင်

သည်မနက် နှင်းထုက သိပ်သည်းစွာ ကျနေသည်။ တက္ကသိုလ် ပရိဝုဏ် အတွင်းမှာ ကျန်းမာရေးအတွက် လမ်းလျှောက် လာကြသော လူနှင့် ခွေးများ မနည်းလှပါ။ မှုန်ဝါးဝါး နှင်းထု အကြားမှာ အရွယ်လွန် ဂျူးလီးယက်ကို ကျွန်တော်က စ၍ တွေ့ပါသည်။ သူ့ကို ရုတ်တရက် ချာတိတ်မ ခပ်ဝဝကလေးအဖြစ် ပထမ ကြည့်မိခြင်း ဖြစ်သည်။ လုံးဝ မမှတ်မိ။

သို့ရာတွင် သူကတော့ ကျွန်တော့်ကို မြင်မြင်ချင်း မှတ်မိသွားပါသည်။ ကျွန်တော့်ကို နှုတ်ဆက်ပြုံး ပြုံးပြသော သူ့အပြုံး သည်ကား အရင်တုန်းဆီက အတိုင်း မူမပျက်"နောက်တွဲဆံထုံး အပြုံး"။ ပြုံးလိုက်လျှင် ကြေးစည်ကလေးကဲ့သို့ စူသွား တတ်သော သူ့နှုတ်ခမ်းကို ကျွန်တော် ချက်ချင်း မှတ်မိသွားပါသည်။

ရုပ်ရှင်မင်းသမီး တင်တင်အေး၏ နှုတ်ခမ်းနှင့်တူသည်ဟု ကျွန်တော် ပြောခဲ့စဉ်က "အို ...ပေါက်တတ်ကရ" ဟူ၍ ရှက်ပြုံး ဖြင့် ပြောခဲ့သော သူ့စကားသံကိုပင် အဆစ်အနေဖြင့် ပြန်လည်ကြားလိုက်မိ သွားပါသည်။ မှုန်ဝါးသော နှင်းထုကြားမှာပင် အတိတ်ကာလသည် ကြည်လင်ပြတ်သား လာပါတော့သည်။

"ဟင် ... သိန်းသိန်း"

သူ့နာမည်ရင်း`မခင်ချစ်´ ဖြစ်သော်လည်း တော်တော်ကလေး ရင်းနှီးကျွမ်းဝင် လာကတည်းက သူ့ကို သိန်းသိန်းဟုပင် ကျွန်တော် ခေါ်ခဲ့ပါသည်။ အကြောင်း ရှိပါသည်။ အဘွားဒေါ်သိန်းကို ကျွန်တော်သည် ဘာကြောင့်မှန်း မသိ၊ သိန်းသိန်း ဟုပင် ငယ်ငယ် ကတည်းက နှုတ်ကျိုးခဲ့ပါသည်။ ထို ကျွန်တော့်အဘွား `သိန်းသိန်း´ အသုံးပြုလေ့ရှိသော ဘော်ကြယ်သီး အလုံးကြီးမျိုးကို `မခင်ချစ်´ ရင်ခွင်ဆီ၌ ရှေးဆန်စွာ မြတ်မြတ်နိုးနိုး တပ်ဆင်အသုံးပြုလေ့ ရှိခဲ့သည်ကို အကြောင်းပြု၍ သူ့ကို "သိန်းသိန်း" ဟု ကျီစယ်ခေါ်ခြင်းပါ။

နှုတ်ဆက်လိုက်သော ကျွန်တော့် လေသံတွင် ရုတ်တရက် သူ့ကို မမှတ်မိကြောင်း ဝန်ခံသည့် အရိပ်အယောင် ပါသွား သလား မသိ။ မထီသော အပြုံးဖြင့် ကျွန်တော့်ကို တုံ့ပြန်ပါသည်။ သူ့အပြုံးသည် အရင်ကလိုပင် ကျွန်တော့်အပေါ် စိုးမိုးသော၊ အနိုင်ယူသော အထင်သေးသော၊ ဂရုမထားသော ကြေးစည်အပြုံးပင်။

"ဆံပင်တွေ ဖြတ်ထားလို့ ကျွန်မကို မမှတ်မိဘူးမို့လား"

ကျွန်တော်က အမှန်အတိုင်း ဖြေလိုက်လျှင်

"လူဆိုတာ တစ်ခါတလေ စိတ်ထင်ရာတွေ လုပ်ကြမြဲပဲ။ ခုလို ကျွန်မ ဆံပင်ကို ဖြတ်လိုက်တော့ ဘယ်သူ့ကို ထိခိုက်မှာလဲ။ ပြီးတော့ ဘယ်သူနဲ့ကော ဆိုင်လို့လဲ" စသည်ဖြင့် စကားချီပြီး သဘောတရားတွေရော၊ အခြေအနေတွေရော ဘာညာ ကွိကွ စကားလုံး အကြီးကြီးများဖြင့် ကျွန်တော့်ကို ထုပေလိမ့်မည်။

"ဆံပင်ဖြတ်လိုက်လို့ မမှတ်မိတာ မဟုတ်ပါဘူး" ဟု ဖြေမိပြန်လျှင်လည်း "ဒီလိုပဲ မေ့ပစ်တတ်သလား" ခနဲ့ နေပေဦးမည်။ ကျွန်တော် ရယ်ပြလိုက်ပါသည်။ ထိုအခါ တက္ကသိုလ်၏ နှင်းလေအေးသည် ကျွန်တော့်သွားနှင့် သွားဖုံးကိုလာ၍ ထိဟပ် လိုက်ရာ ပါးစပ် ချမ်းသွားပါသည်။

"မနက်တိုင်း ခုလိုပဲ သိန်းသိန်း လမ်းလျှောက် တတ်သလား"
"ဟင့်အင်း၊ ခုမနက်မှ နှင်းတွေ ပိတ်ကျလာလို့ နှင်းတောထဲ လမ်းလျှောက်ချင်လို့ပါ"

အရင် လေးငါးခြောက်နှစ် တစ်မနက်တုန်းဆီက ကျခဲ့သော နှင်းသည် ဒီနေ့ မနက်ကျသော နှင်းနှင့် မည်သို့ ဆွေမျိုး တော်စပ်သနည်းဟု ကျွန်တော် တွေးမိသည်။ သိန်းသိန်း တစ်ယောက် ငယ်မူပြန်နေသည်လား။ သို့မဟုတ် ငယ်စဉ်က ခံစားမွေ့လျော်ဖွယ်များကို လျစ်လျူရှုခဲ့မိသဖြင့် ခုမှ အတိုးချနေခြင်းပေလား။ သူ့စိတ်နှင့် သူ့ရုပ်သည် လိုက်ဖက်နေပါ သည်။ ဂျူးလီးယက်ကြီးသည် နှင်းတောထဲ စိတ်ကူးယဉ် နေပါသည်။

"ကိုဦးကော လမ်းလျှောက် ထွက်တာပဲလား"
"မဟုတ်ပါဘူး၊ ရွှေဘိုဆောင်ဘေးကို သွားမလို့ပါ"
"ရှင်"
"အော် ... သင်္ဘောမဲဇလီပင်အောက် သွားမလို့ပါ"

သူ ဖျတ်ခနဲ မျက်နှာပျက်သွားပါသည်။ ကျွန်တော်က ကျွန်တော့ကိစ္စနှင့်ကျွန်တော် ရိုးရိုးသားသားပြောခြင်း ဖြစ်သော်လည်း သူက အရင်တုန်းဆီကို မှတ်မိသွားပုံရသည်။ တစ်ဆက်တည်းမှာပင် ကျွန်တော်လည်း မှတ်မိသွားပါသည်။ ဟုတ်ပေသားပဲ။ နှင်းကျသော မနက်သည် လည်းကောင်း၊ ကျွန်တော် ခုသွားမည့် နေရာသည် လည်းကောင်း အတိတ်ကို အမှတ်ရစေသည် မဟုတ်ပါလား။ မှတ်မှတ်ရရ နေရာလေး။ ထို မှတ်မှတ်ရရ နှင်းတစ်မနက်ကို ပြိုင်တူ သတိရလိုက်မိသည်။ ဤတွင် နှစ်ယောက်လုံး အနေရခက်မိသလို ဖြစ်မိကြပါသည်။ အတိတ်ဟူသည် ပြန်မရနိုင်တော့သော ကာလများဆီသို့ စိတ်ကူးဖြင့် အရောက် သွားနိုင်သောအရာပင် ဖြစ်သည် မဟုတ်လား။ ကျွန်တော်၏ စိတ်သည် ပျော့ပျောင်းနူးညံ့ လာသည် ထင်၏ ။ သိန်းသိန်းကို ကြင်နာစွာ ကြည့်မိသည်။ သိန်းသိန်းသည်လည်း အတိတ်ကို လွမ်းသောအပြုံးဖြင့် စကားဆိုပါသည်။

"သွားချင် သွားလေ"

သူ့စကားကို ကျွန်တော် နားလည်လိုက်သည်မှာ ကျွန်တော် သွားချင်သွားတော့၊ သူလည်း လမ်းဆက်လျှောက်တော့မည် ဟူ၍ မဟုတ်ပါ။ သူ၏ ခြေဦးကို နောက်ကြောင်း ပြန်လှည့်၍ ကျွန်တော်နှင့် ဘေးချင်းယှဉ် လိုက်လာပါသည်။ ထိုနေရာသို့ နှစ်ယောက်အတူ သွားကြမည့် သဘော။ အလွမ်းပြေ သဘော။ အတိတ်က မရခဲ့သော တကယ့်အရှိ ပစ္စုပ္ပန်၌ ဖန်တီး၍ ဖြေသိမ့်လိုသည့် သဘော။ ကျွန်တော် သိန်းသိန်းကို သနားသွားပါသည်။ တစ်ဆက်တည်းမှာပင် ကျွန်တော်က အလိုလို ရိုမီယို၊ အိမ်က ထွက်လာစနှင့် မတူပါ။ ခြေချောင်းကလေးများကို မြက်ရွက်ဖျားမှာ သီးနေသော နှင်းဥကလေးများ စိမ့်ခနဲ စိမ့်ခနဲ လာပြီး ထိကြသည်ပင် နှင်းတောထဲ လမ်းလျှောက်ရသော အရသာပါကလားဟု ထင်တတ်လာသည်။ ကျွန်တော့် ဘေးဆီမှာ ဟော့(ခ်)ရေမွှေးနံ့သည် ရင်ခုန်မြန်လာစေသည်။

"ကိုဦးက အမှတ်သညာ ကြီးတယ်နော်"
"ခင်ဗျာ"
"ဪ ... အစွဲအလန်း ကြီးတယ်လို့ပါ။ ဒီနေရာလေးကို ဒီလိုပဲ ခဏခဏ ရောက်တတ်သလားဟင်"

ကျွန်တော် ပြုံးနေလိုက်ရ ပြန်ပါသည်။ သူ့အမေးအတွက် ကျွန်တော့်မှာ ချက်ချင်း ဖြေနိုင်စွမ်းမရှိ။ အမှန်တော့ အလွမ်းပြေ သဘောဖြင့် သည်နေရာကို ကျွန်တော် လာခဲ့ခြင်း မဟုတ်။ သို့သော် အမှန်အတိုင်း ဖြေလိုက်လျှင် သူစိတ်မကောင်း ဖြစ်မည်မလွဲပါ။ ကျွန်တော်သည် သူနှင့်ပတ်သက်လျှင် အမြဲတမ်း အလျှော့ပေးခဲ့သည်သာ။ သူ့အတွက် ငဲ့ကွက်တတ်သော အကျင့်သည် ယခုတိုင် မပျောက်သေးပါလား။ ထိုနေရာကလေးနှင့် ပတ်သက်၍ ကျွန်တော့်တွင် အကြီးအကျယ် အစွဲအလန်း ထားခဲ့စဉ် ဟိုအရင်ကာလတုန်းဆီက ထိုနေရာကလေးနှင့်ပတ်သက်၍ ကျွန်တော့်စကားများကို ရယ်မောစရာ အဖြစ် သဘောထားခဲ့သည်။ ကျွန်တော့်အဖြစ်ကို သနားစရာကောင်းသည်ဟု သူ ယူဆခဲ့သည်။ ကျွန်တော့် အစွဲအလန်း ကိုတော့ စိတ်ကူးမယဉ်ပါနဲ့လေဟု ပေါ့ပေါ့တန်တန် ဆိုခဲ့သည်။

ဤနေရာလေးနှင့် ပတ်သက်၍လည်း "နေရာဌာန ဆိုတာ အဓိက မကျပါဘူးရှင်၊ ပင်လယ်ကမ်းခြေပေမယ့်လည်း မုန်တိုင်း လာရင် ဘယ်မှာ လမ်းလျှောက် ကောင်းပါ့မလဲ၊ ဟုတ်ဘူးလား" ဟု အထက်စီးနင်း ပြောခဲ့သည်။

ထိုစဉ်တုန်းက သူ့စကား၊ သူ့အယူအဆမျိုးကို ကျွန်တော် ချေပနိုင်စွမ်း ရှိခဲ့ပါသည်။ သို့ရာတွင် မေတ္တာတရားကို စကား အရာဖြင့်သာ အနိုင်ယူ၍ မရစကောင်းမှန်း ကျွန်တော် သိပါသည်။

ထို့ကြောင့် မတုံ့ပြန်ခဲ့။ ခု ဤနေရာလေးနှင့် ပတ်သက်၍ သူမကပင် မှတ်မှတ်ထင်ထင် စကားဆိုလာသောအခါ ကျွန်တော် ကလဲ့စားချေလိုက ချေနိုင်ပါသည်။ သို့ရာတွင် ကျွန်တော်သည် သူမ မဟုတ်ပါ။

ကျွန်တော့် နှလုံးသားနှင့် သူ့နှလုံးသားသည် မတူကြပါ။ ထို့ကြောင့်ပင် ဤနေရာသို့ ကျွန်တော် အလွမ်းပြေ ရောက်လာခြင်း မဟုတ်ကြောင်းကို သူ့အား ငဲ့ညှာစွာဖြင့်ပင် ကျွန်တော် ထိန်ဝှက်ထားလိုက် ရပါသည်။

တကယ်တော့ ခုချိန်တွင် ထိုနေရာလေးကို သူက ကျွန်တော့်ထက် စွဲလန်းနေကြောင်း စောစောက သူမေးသော မေးခွန်း ကပင် သက်သေပြနေသည် မဟုတ်ပါလား။ ယခုတိုင်ပင် မိမိသဘောကို တစ်ပါးသူ၏ သဘောဖြစ်ခဲ့ရလေအောင် သူ၏ ဆန္ဒကို ကျွန်တော်နှင့် ကာဗာလုပ်၍ ထုတ်ဖော်ပြီးသား ဖြစ်ရလေအောင် ပြုမူတတ်သော အကျင့်သီလသည် သူ့၌ စွဲကပ် နေတုန်းပင်တကား။

* * *

အချစ်ဆိုသော အရာနှင့် သက်ဆိုင်သည် မသက်ဆိုင်သည်တော့ဖြင့် မသိ။ ကျွန်တော်နှင့် အိမ်ထောင်ရေးသည် ရိုးသားမွန်မြတ်သည်တော့ အမှန်ပါ။

"နေကောင်းပါတယ်၊ ခု သူ တောသွားတယ်"
"ကလေးတွေကော"
"အငယ်ကောင်တော့ သူ့အမေနဲ့ တောပါသွားတယ်။ အကြီးကောင်ကတော့ ကိုယ်နဲ့ကျန်နေခဲ့တယ်"

သိန်းသိန်းသည် ယခုတိုင် အိမ်ထောင် မပြုသေးပါ။ ဘာကြောင့်မှန်းတော့ မသိပါ။ မည်သို့ရှိစေ ကျွန်တော် အိမ်ထောင် ပြုခြင်းနှင့် ပတ်သက်၍ မိမိကိုယ်မိမိ စိတ်သန့်ပါသည်။

လူသည် အချိန်တန်လျှင် အိမ်ထောင်ပြုသည်၊ မည်သူက အပြစ် ဆိုမည်နည်း။ အချစ်နှင့် ပတ်သက်၍ ကျွန်တော် ဥပေက္ခာထားခြင်း မဟုတ်ပါ။ ဘဝတစ်ခု၏ အစသည် အချစ်ဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။

သို့ရာတွင် ဘဝတစ်ခု ဖြစ်လာသော အခါ၌ အချစ်သည် ဘဝ၏ အစိတ်အပိုင်းသာ ပြန်ဖြစ်သွားတတ်သည် ဟူ၍လည်း ယုံကြည်ပါသည်။

မည်သို့ပင် ရှိပါစေ၊ ဘဝ၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သော အချစ်သည်လည်း သူ့ အင်အားနှင့်သူ ရှိကြောင်း သေချာပါသည်။ ခုပင်ကြည့်တော့၊ ကျွန်တော်၏ စိတ်သည် မအေးမိနှင့် ပတ်သက်၍ သန့်ရှင်းရိုးသားသည်မှာ တစ်ပိုင်း၊ နေရာဟောင်းမှ ငယ်ချစ် (ကျွန်တော်က ချစ်ခဲ့ခြင်းကို ဆိုလိုပါသည်) ဟောင်းနှင့် ပြန်လည်ဆုံစည်းရသော အခိုက်မှာတော့ နည်းနည်း စိတ်လှုပ်ရှားချင်သည်။ အနေရ အထိုင်ရ ခက်သလိုလို၊ ရင်ခုန်သလိုလို၊ တက္ကသိုလ်၏ နှင်းသည် ရုပ်ရှင်ကား တစ်ကား၏ ဇာတ်လမ်းကို နောက်ခံတီးလုံးဖြင့် ပို့ပေးနေသကဲ့သို့။

* * *

"တစ်ချိန်က ကျွန်မပြောခဲ့တဲ့ စကားကို"ကိုဦး" မှတ်မိမလား မသိဘူး။ နေရာဌာန ဆိုတာ အဓိက မကျဘူးလို့လေ။ ပင်လယ် ကမ်းခြေ ဆိုပေမယ့် မုန်တိုင်းကျရင် ဘယ်မှာ လမ်းလျှောက်လို့ ကောင်းပါ့မလဲ လို့လေ။ မှတ်မိရဲ့လား။ တကယ်တော့ ကျွန်မ မှားပါတယ်။ မုန်တိုင်းဆိုတာ အမြဲတမ်း ကျနေတတ်တာမှ မဟုတ်ဘဲရှင်"

ကျွန်တော် အံ့ဩ သွားပါသည်။ သည်မျှအထိ သူပြောရဲ ဆိုရဲလိမ့်မည်ဟု ကျွန်တော် မထင်ခဲ့။ ဤနေရာတွင် အတိတ်ကို သတိရရင်း အာလာပ သလ္လာပ စကားများ ပြောရင်းဖြင့်ပင် ရင်မောစွာ ကိုယ့်လမ်းကိုယ် ပြန်ကြရမည်ဟုသာ ကျွန်တော် ထင်ခဲ့ပါသည်။ ခုတော့ သူ့စကားသည် ရဲတင်းလွန်းသည်။ ဆက်၍ ပြောသည်ကို ကြည့်ပါဦး။

"ကိုဦး စိတ်ထဲမှာ ကျွန်မနဲ့ပတ်သက်လို့ အရင်လိုပဲလား"

ဤမေးခွန်းကို ဖြေဆိုရန် ပိုခက်ပါသည်။ သူ့ကိုရော မအေးမိကိုပါ ငဲ့ကွက်၍ ဖြေရပါလိမ့်မည်။ ထို့ကြောင့် သည်တစ်ခါ ကျွန်တော် ပြုံးမနေပြတော့ပါ။ သူ့မေးကို အမေးဖြင့်ပင် ရှင်းလင်းရပါတော့မည်။

"ဘာပြုလို့ မေးတာလဲ သိန်းသိန်း"
"ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး၊ သိချင်ရုံ တစ်မည်တည်းပါ။ ထားပါလေ၊ မဖြေချင်လည်း မဖြေပါနဲ့၊ တကယ်တော့ ဒီမေးခွန်း မျိုး မေးအပ်တဲ့အချိန် မဟုတ်တော့ဘူး ဆိုတာ ကျွန်မ နားလည်ပါတယ်"

သူ့ကို ကျွန်တော် သနားသွားပါသည်။ မိုးလွန်မှ ထွန်ချချင်လာသော ဝေဒနာသည် အခံရခက်လှပါသည်။ ထို့ကြောင့် သူ့ စကားလမ်းကြောင်းကို ကျွန်တော်မသိမသာ ဆက်ပေးရပါသည်။ ပြောလိုက ပြောပါလေ သိန်းသိန်း။

"သိန်းသိန်း စိတ်ထဲမှာတော့ ကိုယ့်ကို အရင်လိုပဲ သဘောထားသလား"

ကျွန်တော်၏ မေးခွန်းသည် သူ့မေးခွန်းထက် ထိရောက်ပါသည်။ အဘယ်ကြောင့် ဆိုသော် သူ့မေးခွန်းသည် တိုက်ရိုက် ပြောရပါက "ကျွန်မကို ချစ်တုန်းပဲလား၊ မချစ်ခဲ့ဘူးလား" ဟူသော အဓိပ္ပါယ် ဆောင်ပါသည်။ ကလေးငယ်ကဲ့သို့ သနားစဖွယ် ချက်ချင်းဖြေ ပါသည်။

"ကျွန်မကိုယ်ကျွန်မ သိပ်အထင်ကြီးခဲ့တယ် ကိုဦးရယ်။ အရှက်အကြောက် ကြီးတဲ့ ဗီဇကလည်း ရှိနေတော့"

ကျွန်တော်ပင်လျှင် တစ်ချိန်က မိမိဘာသာ မသိလိုက်ရဘဲ ဆုလာဘ်တစ်ခု ရခဲ့ခြင်းကို ခုမှသိရသဖြင့် အသုံးချ၍ မရနိုင်တော့သော်လည်း ဂုဏ်ယူမိသလိုဖြင့် ကြည်နူးမိပါသည်။ မိုးလွန်မှ ထွန်ချခြင်း ဖြစ်သော်လည်း ဝတ္တရားတစ်ခု ပြီးမြောက်သွား သလိုတော့ စိတ်လက် ပေါ့ပါးသွားသည်။

သိန်းသိန်းသည် ကျွန်တော့်ဘေးတွင် ရှက်ရွံ့စွာ ပြုံး၍ ခေါင်းငုံ့လျက် နေပါသည်။ လုံမပျိုလေးပမာ သူ့ပေါင်ထဲကို သူ့လက်ဖဝါးဖြင့် ပွတ်သပ်နေပါသည်။ ကျွန်တော်သည် သူ့ကို သနားပြီးရင်း သနား ဖြစ်သွားပါသည်။ သူနှင့် ပတ်သက်၍ ဘယ်တုန်းကမျှ အနိုင် မယူတတ်ခဲ့သော ကျွန်တော်သည် အခုလို အနိုင်ရနေသည့် အချိန်၌ပင် သူ့ကို အရှုံးမပေး လိုသည့်တိုင် တန်းတူတော့ ထားချင်ပါသည်။ ကျွန်တော့် မေးခွန်းကို ကျွန်တော် ဖြေမိပါတော့သည်။

"သိန်းသိန်းကို ကိုယ်ချစ်ပါတယ်"

ဘယ်လောက်များ ထူးဆန်းနေပါသနည်း။

တစ်ချိန်က သည်နေရာလေးကို အလေးအမြတ်ထားပြီး သည်အချိန်ကလေးကို တယုတယ စောင့်ဆိုင်းရင်း ပြောအပ်သော ပြောချင်သော စကားလုံးပေါင်း များစွာကို စီစဉ်သီကုံးတိုင်း အလဟဿ ဖြစ်ခဲ့ရသည်။ ချစ်ရေးဆိုမည့် ကျွန်တော်က စကား အလှအပများဖြင့် ဝေ့သီဝန်းဝိုက်ပြီး လိုရင်းရောက်အောင် မပြောဖြစ်ခဲ့သလို ချစ်ရေးအဆိုခံရမည့် သိန်းသိန်းကလည်း သူ့ကိုသူ အထင်ကြီးခြင်း၊ အရှက်တရားကြီးခြင်းတို့ကြောင့် ကျွန်တော့်စကားတိုင်းကို ဂျူဒို၊ ကရာတေး၊ ကိုယ်ခံကစားတို့ဖြင့် ဖယ်ရှားပုတ်ထုတ်ပစ်ခဲ့သည်။ ပြောမည့် ပြောဖြစ်တော့လည်း လျှောခနဲ။

* * *

ခေါင်းငုံ့ရှက်နေသော အရွယ်လွန် ဂျူးလီးယက်သည် ကျွန်တော်၏ ပြန်လည်ဆန်းသစ် နေသော အချစ်စကားကို ကြားရသောအခါ မျက်ရည်ငွေ့ဖြင့် ပြုံးပါသည်။ သက်ပြင်းချရင်း ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ကျွန်တော့်ကို တွေတွေ ကြည့်ပါသည်။

"ကျွန်မ ပျော်လိုက်တာကွယ်"

သူ မတ်တပ် ထရပ်လိုက်ခြင်းမှာ ပြန်ကြစို့ဟူသော အဓိပ္ပါယ်ဟု ကျွန်တော် နားလည်ပါသည်။

ဟုတ်ကဲ့။ သည့်ထက် စကားအားဖြင့်လည်း ကျွန်တော်တို့ ရှေ့မဆက်သင့်ကြတော့ပြီ။ ပြန်ကြမည်ဟု ခြေလှမ်းပြင်ရ တော့သည်။ သည်တော့မှ သည်နေရာကလေးကို ကျွန်တော် လာခဲ့ရင်း အကြောင်းကို သတိရသည်။

"သိန်းသိန်း ခဏနော်"

သိန်းသိန်းသည် လက်ကလေး ပိုက်လျက် ပြုံးရင်း ခေါင်းကို တဆတ်ဆတ် ညိတ်ပြပါသည်။ ကျွန်တော်သည် ခပ်လှမ်းလှမ်းရှိ ကွမ်းယာသည်ထံမှ ဝါးလုံးတိုတစ်ချောင်း သွား ငှားပါသည်။ ကျွန်တော်တို့ စောစောက စကားထိုင်ပြော ခဲ့ကြသော မဲဇလီပင် ခြေရင်းသို့ ခပ်သွက်သွက်ကလေး ပြေးသွားပါသည်။ သင်္ဘောမဲဇလီရွက် လေးငါးဆယ်ရွက်ကို ခူးလိုက်ပါသည်။ ကျွန်တော်၏ လှုပ်ရှားမှုတိုင်းကို သိန်းသိန်း မျက်ခြည်မပြတ်။ ကျွန်တော် ခူးပြီးသော သင်္ဘောမဲဇလီရွက် ကလေးများကို အသေအချာ တစ်ရွက်ချင်းထပ်ပြီး သိန်းသိန်းနားသို့ ပြန်ရောက်လာပါသည်။

"သွားကြစို့"

ကျွန်တော်တို့ အတူတွဲပြီး လမ်းလျှောက်ခဲ့ကြပါသည်။ သိန်းသိန်းက ကျွန်တော့် လက်ထဲမှ သင်္ဘောမဲဇလီရွက်များကို နားမလည်သလို ကြည့်ရင်း မေးပါသည်။

"ဘာလုပ်ဖို့လဲ ဟင်"

ခုချိန်တွင် အမှန်အတိုင်းဖြေဖို့ ဝန်မလေး။ ကျွန်တော်ရော သူပါ အတိတ်ဆီက မကြေခဲ့သော စကားကြွေးကို ပေးချေပြီးပြီမို့ စိတ်လက် သန့်ရှင်းနေပြီ မဟုတ်လား။ အတိတ်သည် ပစ္စုပ္ပန် မဟုတ်။ စိတ်ကူးသည် တကယ့်ဘဝ မဟုတ်ချေတကား။

"ကိုယ့်သား အကြီးကောင် အတွက်ပါ။ ဒီကောင်က ဘောင်းဘီ ဘယ်တော့မှ ဝတ်ပေးလို့ မရဘူး။ ဖင်တုံးလုံးနဲ့ အမြဲတမ်း လျှောက်ဆော့နေတဲ့ကောင်။ တစ်ဖင်လုံး ပွေးတွေချည်းပဲ။ အဂ်လိပ်ဆေးလည်း မနိုင်ဘူး။ အဲဒါ ဟိုတလောတုန်းက ဆေးနည်းတစ်ခု ရလာတယ်။ ဒီသင်္ဘောမဲဇလီရွက်နဲ့ တအားပွတ်ချလိုက်ရင် ပွေးရော၊ ပွေးဘကြီးပါ မခံနိုင်ဘူး။ ပြေးရောတဲ့။ အဲဒါ လာခူးမယ် ခူးမယ်နဲ့ ခူးတဲ့စခန်းကို မရောက်ခဲ့ဘူး"
"ဒါဖြင့် ပွေးဝဲကုနည်း စာအုပ်တစ်အုပ်လောက် ရေးပေါ့ ကိုဦးရဲ့"
"ကိုယ့်ကို သိပ်အထင်မကြီးနဲ့ သိန်းသိန်းရေ။ ဒီနည်းက သူ့အမေ မအေးမိ ရလာတဲ့ နည်းဗျ။ အဲဒါ သူခရီးမသွားခင် ကတည်းက ခူးပြီး လုပ်ပေးပါ၊ လုပ်ပေးပါနဲ့ ခိုင်းနေတာ၊ ခု ခရီးထွက်သွားတော့လည်း အလုပ်များတာနဲ့ မေ့နေလို့။ ဒီနေ့တော့ မခူးလို့ မဖြစ်တော့ဘူး သိန်းသိန်းရဲ့"
"ဘာလို့လဲ"
"မအေးမိ ဒီမနက် ပြန်ရောက်မှာဗျ။ ဒီကအပြန် သင်္ဘောဆိပ် ဆင်းကြိုရဦးမယ်။ ပြန်ရောက်လာလို့ ဒီအရွက်ကလေးမှ ခူးမထားမိရင် သူ့စကားဆိုရင် ဘယ်တော့မှ အလေးမထားဘူး ဘာညာနဲ့ ပွက်လောရိုက်ဦးမှာ သေချာတယ်။ ဟဲဟဲ ... ကိုယ်က မိန်းမ ကြောက်ရတယ် သိန်းသိန်းရဲ့"
"ချစ်ရတယ် မဟုတ်ဘူးလား"
ကျွန်တော်ရော သူပါ ဟက်ဟက်ပက်ပက် ရယ်မိပါသည်။ တက္ကသိုလ် ပရိဝုဏ်အတွင်း နှင်းထု မကွဲသေးပါ။ သို့ရာတွင် ကျွန်တော့်သွားနှင့် သွားဖုံးကို လာ၍ ထိရိုက်ကြသော နှင်းငွေ့သည် မအေးတော့ပါဟု ထင်ပါသည်။ ကျွန်တော့်ပါးစပ် မချမ်းတော့ပါ။ နှင်းသည် နွေး၏။

သုမောင်