Saturday, August 18, 2018

"လူနှင့်နွေရာသီဂီတ"
______________(တာရာမင်းဝေ)
စကားပြောမည့်ဟန်ပြုပြီးမှ မပြောသေးဘဲ
သူ့လက်ထဲမှ ဝီစကီခွက်ကို မျှင်း၍သောက်၏။
ထိုနောက်မှ ခွက်ကို စားပွဲပေါ်သို့ အသံမမြည်အောင် ပြန်ချကာ
ဤရက်ပိုင်းများအတွင်းဝယ် သူ မကြာမကြာ ပြောနေကျဖြစ်သော (ယခင်က ပြောလေ့ပြောထ လုံးဝမရှိသော) စကားတစ်ခွန်းကို ဆို၏။
လူဟာ လှလှပပ သေတတ်ဖို့ လိုတယ်ဗျ။
Beauty in death ဆိုတဲ့ စကားလေးကို
ခင်ဗျားကြားဖူးတယ်မို့လား။
ကျွန်တော်တို့ဟာ သေခြင်းကို လှလှပပ ရင်ဆိုင်နိုင်ဖို့အတွက်
ကြိုတင်ပြင်ဆင်သင့်တယ်။
မျက်နှာကျက်မှ ပန်ကာအိုကြီး၏ တုန်ရီနှေးကွေးစွာ
လည်ပတ်နေမှုက နွေနေ့လည်ခင်းကို
ပို၍ ငြီးငွေ့စိတ်ပျက်ဖွယ်ရာဖြစ်တော့သည်။
စတင် ကြားရစကတည်းက ဘာမှတုန့်ပြန်ပြောဆိုမှုမပြုခဲ့မိသော သူ့စကားအတွက် ယခုအချိန်မှာတော့
ကျွန်တော် ဘာကိုမှ စောဒကတတ် မနေတော့ပါ။
ဖန်ခွက်ပတ်လည်တွင် ဝန်းခိုတွဲအိနေသော
ရေခဲငွေမှုန်များကိုသာ စစ်ရှုံးပြီး ပြိုကျလာသော
ရေခဲတောင်ကြီးများပမာ ငေးမောစိုက်ကြည့်နေလိုက်၏။
ဆိုင်ပြတင်းမှတစ်ဆင့် ဟိုဟိုဒီဒီ လှမ်းမျှော်ကြည့်လျှင်
နေရောင်ဖြင့် စိုရွှဲနေသော သစ်ပင်ကားကားကြီးများကို
မြင်နေရသည်။ ကြည်နူးစရာ သိပ်မကောင်းလှ။
လက်ထဲမှ ဖန်ခွက်ကို ပြန်ချလိုက်သည်။
သူနှင့်ပတ်သတ်သော အကြောင်းအရာများက
မစဉ်းစားရပါပဲ ခေါင်းထဲမှာ အညီအညာ ပေါ်လွင်လာ၏။
သူနှင့် ကျွန်တော် သိပ်ခင်ကြသည်ဆိုသောအချက်က
ဘာအကြောင်းပြချက်မှ မလိုလှဘဲ မြဲမတ်ခိုင်မာနေသည်။
နှစ်ကိုယ့်တစ်စိတ်၊ နှစ်ယောက်တစ်အိမ်မက်ဟု
ပြော၍ရလောက်အောင် သူရယ် ကျွန်တော်ရယ် အတွဲညီခဲ့ကြ၏။
ကျွန်တော်တို့နှစ်ယောက်လုံး ဂျပန်ရုပ်ရှင်ကားတွေကို
ကြိုက်လေ့ရှိသလို ခရီးထွက်ရတာကိုလည်း သဘောကျတတ်ကြ၏။ ဝီစကီအရက်ခပ်ပြင်းပြင်းကို စွဲလမ်းနှစ်ခြိုက်ရာမှာလည်း
တူညီနေပြန်သည်။
ဤမြို့ကလေးတွင် သူနှင့် ကျွန်တော်သည်
အတွဲအများဆုံး မိတ်ဆွေနှစ်ယောက် ဖြစ်ခဲ့၏။
သူ့ကို ကျွန်တော်က နားမလည်တာရှိသည်ဟု ဆိုမိလျှင်
အချို့သူများက ယုံကြည်လိမ့်မည်မဟုတ်။
ကျွန်တော်ကလည်း သူ့ကိုနားမလည်တာ တစ်ချက်တည်းရှိပြီး
ထိုအချက်ကလည်း ယခု သူပြောသွားသောစကားပင် ဖြစ်လေသည်။
လှပစွာသေဆုံးခြင်း ...
ထိုစကားကို သူပြောတိုင်းမှာ သာမန်မဟုတ်သော
အရိပ်ငွေ့ တချို့ ဝေ့ဝဲလွန့်လူးနေသည်ဟု ကျွန်တော် ခံစားမိသည်။ သူ့အမှုအရာများကလည်း ခါတိုင်းနှင့် မတူဘဲ တစ်မျိုးဖြစ်နေသည်။
သူ့မှာ အကြောင်းတစ်ခုခု ရှိနိုင်ပါ၏။
သူမပြော၍ ကျွန်တော် မမေးဘဲ နေမိခြင်းသည်
တစ်ခုခု လွဲချော်နေပြီလားဟု ကျွန်တော်စဉ်းစားဆဲ ...
"ခွမ်း"
ထိုဖန်ခွက်ကွဲသံထဲမှာပဲ လျှို့ဝှက်ချက်၏ တစ်စိတ်တစ်ပိုင်းကို
ကျွန်တော် သိလိုက်ရပါတော့သည်။
ကျွန်တော်တို့ ဘေးစားပွဲမှ လူတစ်ယောက်
ဖန်ခွက်လွတ်ကျပြီး ကွဲသွားခြင်းဖြစ်ပါသည်။
ထိုသို့သောကိစ္စသည် စားသောက်ဆိုင်များတွင်
ဆန်းလေ့ဆန်းထ မရှိပါ။
သို့သော် သူက လန့်ဖျပ်ကာ မတ်တပ်ရပ်ပြီးမှ ဣနြေ္ဒပြန်ဆယ်၏။ 'ဟက်' ခနဲရယ်ပြီး 'ကျွန်တော်က ကျည်ဆန်မှန်တာလားလို့ ...'
ကျွန်တော်က ဘာမှပြန်မပြောသောအခါ
သူက သက်ပြင်းတစ်ချက်ချရင်း သူ့စကားကို ဆက်ဆိုလေသည်။
'ကျွန်တော်က ... ... ... ... ... '
နောက်ပိုင်းစကားလုံးတွေ တိုးငြိမ်သွား၏။
'ကျည်ဆန်တစ်ထောင့်ကို စောင့်နေတာပါ'
(၂)
အကြောင်းတိုက်ဆိုင်၍ ထိုကိစ္စကို ပြောပြမိသည့်အခါတိုင်းမှာ
သူငယ်ချင်းအားလုံးသည် မျက်လုံးအဝိုင်းသားနှင့်
စိတ်ဝင်တစားနားထောင်နေတတ်ပြီး သိပ်မထူးခြားလှပါဟု
ထင်မြင်သူကပင်လျှင် ဤဖြစ်ရပ် သိပ်မရိုးစင်းလှဟု
ထပ်ဆင့်ထင်မိသဖြင့် ရေငုံနှုတ်ဆိတ်ပြီးသာ
နားထောင်နေတတ်သည်။
နောက်ပိုင်းရက်တွေမှာလည်း အဲဒီလိုပဲ။
သူ့ဆီ ကျည်ဆံတစ်ထောင့် ရောက်လာမယ်ဆိုတဲ့အသိနဲ့
စောင့်နေတော့တာပဲ ...
"ဘာဖြစ်လို့လဲ ... အဲဒါ ဘယ်လိုဖြစ်တာလဲ"
ဝေဝေဝါးဝါးပင် ကျွန်တော်ပြုံးလိုက်မိ၏။
နံရံဆီငေးကြည့်ရင်း နှုတ်ခမ်းကိုလည်း ဖွဖွကိုက်ထားမိသေးသည်။
တကယ်တော့ ကျွန်တော် မပါဘဲ ရုပ်ရှင်သွားကြည့်သည်ဆိုတာ သူ့အတွက် အတော်ရှားပါးလှပါသည်။
ကျွန်တော်တို့ နားမလည်နိုင်မိသော ဤဖြစ်ရပ်ကလည်း
ကျွန်တော်မပါဘဲ သူတစ်ယောက်တည်း
သွားကြည့်သောရုပ်ရှင်ပွဲတစ်ခုမှ စတင်ခဲ့ခြင်းဖြစ်၏။
ထိုရုပ်ရှင်ကားနာမည်ကို သူ မမှတ်မိတော့ဟု ကျွန်တော်သိရသည်။
သူမှတ်မိသည်က နှင်းဆီဖူးလေးတစ်ခုက
'ဖန်း' ခနဲ မြည်ဟည်းပြီး နှင်းဆီပွင့်အဖြစ်
ပြောင်းလဲသွားခြင်းကိုဖြစ်သည်။
နှင်းဆီဖူးကလေး ပွင့်ထွက့်သည့် ထို 'ဖန်း' ခနဲမြည်သံကို
သေနတ်သံဟု သူခံစားလိုက်ရသည်။
သူ့ရင်ဘတ်ဆီ 'ဝီ' ခနဲ တိုးဝင်လာသည်ဟု သူသိလိုက်၏။
ထိုခဏမှာ သူ အသက်မဲ့သလိုဖြစ်သွားရ၏။
အသက်ရှူရပ်မိသည်နှင့်အမျှ ဝိညာဉ်လည်း
လွင့်ကျွတ်ထွက်သွားသည်။
ပတ်ဝန်းကျင်တစ်ခုသည် လုံးဝတိတ်ဆိတ် ... ။
ရထားဘီးက သံလမ်းကို မီးပွင့်အောင်ပွတ်ကြိတ်လိုက်သည့်နှယ် သူ့စိတ်တွေ တကျွီကျွီအသံမြည်ပြီးမှ ငြိမ်ကျသွားသည်။
သူ အိမ်ပြန်လာခဲ့သည်။
အရာရာကို စိတ်မပါဘဲလျှက် အရာပေါင်းများစွာကို
ကျောပေးပြီးသူ အိမ်ပြန်လာခဲ့ရသည်။
ရထားကြီးတစ်စင်းက သူနောက်မှ ဥသြဆွဲပြီး
ပြေးလိုက်လာသလို ချောက်ချား၏။
သူ့ခြေအစုံကို ရပ်လိုက်မိ၏။
ဖြည်းဖြည်းချင်းပြန်လျှောက်၏။
ကျည်ဆံတစ်တောင့်က သူ့နောက်မှ (အေးအေးဆေးဆေး)
ပျံသန်းလိုက်လာပါသည်ဟု သူ သိလိုက်လေသည်။
"သူငါတို့မြို့မှာ ကျန်ခဲ့တယ်။
သိပ်စိတ်ဝင်စားရင်တော့ ဒီတစ်ခါ ငါပြန်ရင်လိုက်ခဲ့ကြပေါ့။
သူ့ကို တွေ့မှာပေါ့။
အခုထိ သူဟာ သူ့ဆီလာမယ့် ကျည်ဆံကို စောင့်နေတုန်းပဲ"
ညနေသည် မြူတချို့ကို ရွှေရောင်ဝင်းစေသည်။
မည်သူသီဆိုနေမှန်းမသိသော ဘဝသံသရာသီချင်းကိုလည်း
ခပ်လှမ်းလှမ်းမှ တိုးသဲ့စွာ ကြားနေရ၏။
ကျွန်တော်တို့အားလုံး အတန်ကြာ ငြိမ်သက်နေမိပြီးမှ
ကျွန်တော်တစ်ယောက်တည်းပြောသလို ရေရွတ်မိပြန်သည်။
"လှလှပပ သေဆုံးသွားတာဟာ
လှလှပပ ရှင်သန်ခဲ့တာပဲ ဖြစ်မှာပေါ့ ... ဒါဟာ ...."
(၃)
သူ၊ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းတစ်ယောက်တို့
လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်မှာ ဆုံစည်းမိကြပါသည်။ သူ့ဘာသာ စားပွဲတစ်လုံးမှာ တစ်ယောက်တည်းထိုင်နေရင်းက
မမျှော်လင့်ဘဲ ကျွန်တော့်ကို တွေ့လိုက်ရသဖြင့်
သူ ဝမ်းသာသွားပုံရလေသည်။
အင်္ဂလိပ်ဝတ္ထု စာသားတစ်ပုဒ်ထဲက အတိုင်း ...
'နွေရာသီကတော့ ပျံလွှားတွေနဲ့အတူ ခင်ဗျားကိုပါ ယူလာတာကိုး' ဟု အင်္ဂလိပ်လို လှမ်းပြော၏။
ကျွန်တော်တို့ ထွေရာလေးပါးစကားတွေကို
ရယ်ကာမောကာထိုင်ပြောဖြစ်ကြ၏။
ကျွန်တော်နှင့်သူ နောက်ပြောင်ပြောဆိုနေသမျှကို
ကျွန်တော့်သူငယ်ချင်းက နံဘေးမှအကဲခတ်နေသည်။
(သူ့ကို အကဲခတ်ခြင်းသာဖြစ်လေသည်)
သူက နှစ်လိုဖွယ်ရာကောင်းလောက်အောင် လန်းဆန်းတတ်ကြွနေသည်။
တစ်ချက်တစ်ချက် လက်မှနာရီကိုကြည့်လိုက်၊
ဆိုင်ပေါက်ဝကိုလှမ်းကြည့်လိုက်နှင့် တစ်စုံတစ်ရာကို
စောင့်မျှော်ဟန်လည်းရှိ၍ ကျွန်တော်က မေးလိုက်မိသည်။
"ခင်ဗျားက ဘာကိုမျှော်နေတာလဲ"
ထိုအခါ သူက ကျွန်တော့်ကို အပြစ်တင်သလိုကြည့်ရင် .....
"ခင်ဗျားသိရက်သားနဲ့ဗျာ ..."
"ဘာလဲ ... ဘာကိုသိရမှာလဲ"
သူက သူ့အကြည့်ကို ကျွန်တော့်မျက်နှာဆီမှ လွှဲပြီး
မသဲမကွဲရယ်ဟန်ပြုသည်။
ခပ်တိုးတိုးလေးဖြင့် ...
"ကျွန်တော့်ကျည်ဆံကို ကျွန်တော် စောင့်နေတာ"
ပြောပြီး သူက စားပွဲမျက်နှာပြင်ကို ငေးစိုက်ကြည့်နေလိုက်သည်။
ထို့ကြောင့် ကျွန်တော့်သူငယ်ချင်း၏
မျက်နှာအမှုအရာပြောင်းလဲမှုကို သူ မရိပ်မိလိုက်မိပါချေ။
သူငယ်ချင်းက စားပွဲပေါ်သို့ ကက်ဆက် သေးသေးလေးတစ်လုံးကို မသိမသာတင်လိုက်၏။
(သူ့စကားကို အသံဖမ်းရန်ဖြစ်သည်)
"ခင်ဗျားကျည်ဆံကရော လာမှာမို့လို့လားဗျာ"
"လာလိမ့်မယ် အခုလာလိမ့်မယ်"
ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် အံ့သြသလိုဖြစ်သွားမိကြပြီး သူ့ကို ခပ်စူးစူးကြည့်မိကြသည်။
ကျွန်တော်တို့ကို ပြုံးပြပြီး ကျွန်တော် အငိုက်မိသွားစေမည့်
စကားတစ်ခွန်းကို ပြောချလိုက်သည်။
"ပြောရင်းဆိုရင်းကို လာနေပြီ .... အခု ဆိုင်ထဲဝင်လာသူဟာ ကျွန်တော့်ဆီလာတဲ့ ကျည်ဆံပဲ"
ကျွန်တော်တို့စကားဝိုင်းကလေး အုံ့မှိုင်းတိတ်ဆိတ်သွား၏။
စိတ်ထဲမှာလည်း ယမ်းခိုးရနံ့တွေ ရှူလိုက်ရသလို ခံစားလိုက်ရသည်။
ဆိုင်ထဲဝင်လာသူကလည်း အခြားစားပွဲလွတ်တွေရှိလျှက်နှင့်
ကျွန်တော်တို့စားပွဲကိုမှ တည့်တည့်လျှောက်လာနေလေသည်။
ငယ်ရွယ်လှပသော မိန်းကလေးတစ်ယောက်ဖြစ်နေသည်။
ထူးခြားသောအချက်တစ်ချက်ဖြစ်နေ၏။
သူမ ကျွန်တော်တို့ဆီလျှောက်လာပုံက နှင်းဆီပန်းလေးတစ်ပွင့်
လမ်းလျှောက်လာသလိုပင် သိမ်မွေ့နေသည်။
(ကျည်ဆံတစ်ထောင့် ပျံသန်းလာသလိုလည်း ပြင်းထန်လေသည်)
သူမက ကျွန်တော်တို့ကို အကဲခတ်သလိုဝေ့ကြည့်ရင်း
သူ့ရှေ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်သည်။
"ရောက်နေတာ ကြာပြီလား"
ဟု ဘယ်သူ့ကိုမှ မကြည့်ဘဲ ပိုင်နိုင်ရဲရင့်စွာ မေး၏။
"မကြာသေးပါဘူး"
ဟု တိုးညှင်းတုံ့ဆိုင်းစွာ သူဖြေလေသည်။
ထို့နောက် သူနှင့် သူမတို့ စကားတိုးတိုးပြောကြလေသည်။
ဂစ်တာကြိုးတစ်ချောင်းဝယ်ရန်၊
ကလေးအချို့ကို စာသင်ပေးရန်
ပန်းအလှပြပွဲတစ်ခုကို သွားကြည့်ရန် ...စသော
သိပ်အရေးမကြီးလှသည့် ကိစ္စများဖြစ်ပြီး
ထိုကိစ္စများ အားလုံးကလည်း အင်မတန်အရေးကြီးသယောင်ပင်
သူတို့နှစ်ယောက်အကြားမှာ စုန်ဆန်လူးလားနေသည်။
သူ့ကို ကျွန်တော်တွေ့မြင်နေရသည်ကလည်း
မည်သည့်အခါက နှင့်မတူအောင် နူးညံ့ယဉ်ကျေးနေပေသည်။
ကျွန်တော်တို့ ရှူရှိုက်မိသော ယမ်းခိုးရနံ့က
ချိုရီသော နှင်းဆီရနံ့အဖြစ် ပြောင်းလဲကာ
ကျွန်တော်တို့အားလုံးအပေါ် စိမ့်ယိုပျံ့စီးကျနေ၏။
သူငယ်ချင်းက သက်ပြင်းတစ်ချက်ချရင်း
စားပွဲပေါ်မှ ကက်ဆက်ကလေးအပေါ် လက်တင်လိုက်၏။
ကက်ဆက်ထဲမှ သာယာသော ဂီတသံများ ထွက်ပေါ်လာပြီး
နွေရာသီသည် ဂီတနှင့်အတူ သူနှင့် သူမတို့အပေါ်သို့ကျသွားသည်။
ကျွန်တော်တို့ ငေးကြည့်နေရလေသည်။
အတန်ကြာမှ ကျွန်တော်က သူ့ကို စကားဆိုမိပြန်သည်။
"ခင်ဗျားနဲ့ ကျွန်တော်ခရီးမထွက်ဖြစ်တာ အတော်ကြာပြီနော်"
"အင်း ... ဟုတ်တယ် ... အားလဲမအားပါဘူးဗျာ"
ဘာကြောင့်ရယ်တော့ မသိချေ။
သူက သူ့ကို ကျွန်တော် ခရီးထွက်ဖို့ခေါ်မှာကို
စိုးရွံ့နေဟန်ရှိလေသည်။ တစ်ခါမှ ထိုသို့မကြုံဖူးသဖြင့်
ကျွန်တော့မှာ အထူးအဆန်းသဖွယ် ဖြစ်ရပါသေးသည်။
"ခု .. ဂျပန်ကားသစ် ရုံတင်နေတယ် သွားကြည့်ရအောင်"
"ကျွန်တော် ကြည့်ပြီးပြီဗျ။ သူနဲ့ပေါ့ ...."
သူ့ကျည်ဆံကလေးကို မေးဆတ်ပြပြီး ပြန်ဖြေခြင်းဖြစ်သည်။
ကျွန်တော့်မှာ ခေါင်းညိတ်လက်လျှော့ရုံမှတစ်ပါး
အခြား ဘာကိုမှ မတတ်နိုင်ခဲ့။
နောက်ဆုံးအနေနှင့်သာ ...
"ကျွန်တော့်မှာ ဝီစကီအပြင်းစားတွေလဲပါတယ် ... "
သူ စိတ်ဝင်စားသွားလေသည်။
သူ့စကားမဆုံးခင်မှာ သူ့ကျည်ဆံလေးထံမှ
သတိပေးချောင်းဆိုးသံလေး တဟွတ်ဟွတ်ထွက်လာ၏။
သူက ပြောလက်စ စကားကို ပြန်ပြောင်းကာ ...
"မသောက်တော့ပါဘူး ...
အရက်ကတော့ မသောက်တာပဲ ကောင်းပါတယ်။
ဘီယာလောက်ပဲ ...."
ဤတစ်ကြိမ်မှာလည်း သူ့စကားက မဆုံးလိုက်ပြန်ပါ။
မအောင့်နိုင်သော ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူတို့က
ဝါးခနဲ ရယ်လိုက်မိသောကြောင့်ဖြစ်သည်။
ကျည်ဆံကလေးကို တစ်ချက်ခိုးကြည့်ပြီးမှ သူကလည်း
ကျွန်တော်တို့နှင့်အတူ လိုက်ရယ်ရှာသည်။
ခဏအကြာမှာ ကျွန်တော်တို့ စားပွဲပေါ်သို့
ဘီယာပုလင်းများရောက်နေပြီဖြစ်၏။
သူ၊ ကျွန်တော်နှင့် သူငယ်ချင်းတို့
ဘီယာခွက်များ ဆန့်မြှောက်လိုက်ကြသည်။
ထို့နောက် တိုင်ပင်မထားသော စကားတစ်ခွန်းသည်
သုံးယောက်၏ နှုတ်ဖျားမှ ညီတူညာတူ ထွက်ကျသွား၏။
"Beauty in death"
ကျွန်တော်တို့ ရယ်လိုက်မိပြန်သည်။
ဤတစ်ကြိမ်မှာတော့ သူကျည်ဆန်ကလေး၏
ရယ်သံလွင်လွင်ကလေးကပါ ရောရောနှောနှောပါဝင်လာပြီဖြစ်၍ နွေရာသီကလည်း ကြည်နူးချမ်းမြေ့ဖွယ်ရာဖြစ်လာသည်။
နွေရာသီသည်လည်းကောင်း .......
ဂီတသည်လည်းကောင်း ....
သူနှင့်သူမအကြောင်းကို
များစွာပြောပြလိမ့်ဦးမည်ဟု
ယူဆရလေသည်။
(တာရာမင်းဝေ)
.
ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမှု ဝတ္ထုတိုစာအုပ်မှ
.
အဝေးက လက်ဆောင်
အစ/အဆုံး
ချိုပိန်းနောင်
မနေ့ကသူမတရားရုံးသို့သွားသည် ။ ပြီးခဲ့သည့် နှစ်(၈၀)က ချင်ပန်ဇီတစ်ကောင်အား သူမက မျောက်ခေါင်းစွပ်ပေးမိမှုနှင့် ပတ်သက်ကာ ချားလ်စ်ဒါဝင်က သူမအားအမှုဖွင့်ဆိုခဲ့ခြင်း ဖြစ်သည် ။

“ မင်းကဘာလို့ အဲ့လိုလုပ်ရတာလဲ ”
လူလိုလို မျောက်လိုလို ဖြစ်နေခြင်းကိုမကြည့်ရက်သောကြောင့် လူသားချင်းစာနာထောက်ထားသောအားဖြင့်မျောက်စစ်စစ် ဘ၀သို့ ကူးပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သူမပြောပြသောအခါ လက်မခံဘဲသူမအဖေကသူမကို “ ထွက်သွား” ဟု ပြောပါသည်။ လိုချင်သော မျိုးပွားအဂါင်္မရမှုနှင့် ပတ်သက်ကာ အဖေနှင့်အမေအား သူမက တရားလိုလုပ်ကာ တရားစွဲဆို ထားကြောင်း ပြန်လည် ပြောပြမိသောကြောင့် သူမအမေက “ ဆင်းဆင်း” ဟုပြောပါသည် ။ အဘိုးနှင့် အဘွားကသူမ၏ မိုက်ပြစ်များအတွက် ခွင့်လွှတ်ပေးရန် ဘုရားသခင်ထံတွင် အာပတ်ဖြေရန်ပြောသောအခါ သူမက “ ဘုရားသခင်သေပြီ” ဟု ပြန်ပြောလိုက်ပါသည် ။
“ နင့်ကိုဘယ်သူပြောသလဲ ” ဟုမေးရာတွင်
“ နီရှေး ”
ဟု သူမဖြေမိသောကြောင့် တစ်အိမ်လုံးကသူမကိုအလုံး ( နှင့်) အရင်း (နှင့်) နှင်ချကြပါသည် ။

သူမ အိမ်က ဆင်းလာသောအခါ ဂျက်ကီကလိုက်လာသည် ။
“ ဘာလိုက်လုပ်မလို့လဲ ”
“ ကျွန်တော်ကPlimpsestကို မုန်းတယ် ”
သူမတို့ နှစ်ယောက် နေထိုင်ဖို့ အိမ်တစ်လုံးကို ကောင်းကင်ပြင်တွင် တည်ဆောက်လိုက်သည် ။ ( နောက်ပိုင်းတွင် လေကြောင်း မလွတ်ကင်းမှုဖြင့် ထိုအိမ်ကို ဖျက်သိမ်းလိုက်ရပါသည်။ ) သူမကို စိန့်ပီတာက တွေ့သောအခါ ခွေးတစ်ကောင်နှင့် တူတူနေ သောကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် သူမကို စစ်ပြန်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထိုခွေးသည် သူ့ထက် အိုင်ကျူပိုမြင့်ကြောင်း သူမပြောမိသောကြောင့် သူ ငိုကြီးချက်မနှင့် အိုင်းစတိုင်းသို့ တိုင်ကြားခဲ့ ပါသည်။ အိုင်းစတိုင်းက ဟုတ်မှန်ကြောင်း ထောက်ခံ သောကြောင့် နောက်ပိုင်းတွင် သူ့ကိုယ်သူ ကြိုးဆွဲချ သွားပါသည်။

စစ်ပြန်ဆေးရုံတွင် သူမအားအမဲရိုးဖြင့် ရှော့ရိုက်ကြရာ မိုနာလီဇာက ထမီစွန်တောင်ဆွဲလျက် လာရယ်ပြပါသည်။ မျက်ခုံး မရှိဘဲ တဟားဟားလုပ်နေခြင်းကို သည်းမခံနိုင်သောကြောင့် သူမရှေ့မှ ဆရာဝန်ကို နှုတ်သီးဖြတ်ရိုက်လိုက်ရာ ဆရာဝန် သည် လင်းတ တစ်ကောင် ဖြစ်သွားပါသည်။ ရှော့ရိုက်မှုဖြင့် သူမသည် အသိအာရုံများဖွံ့ဖြိုးလာရာ ကိုယ်ဟန်ပြမယ် ပုံများကို ဟမ်ဘာဂါအဖြစ် မြင်ယောင် စားသောက်နိုင်သည်အထိတိုးတက်လာပါသည်။

ဆေးရုံမှ ဆင်းသောအခါ သူမသည်အဆင်သင့်တွေ့ရသော ဒိုဘီကားကြီးတစ်စီး၏ နောက်တွင် ပုန်းပြီးလိုက်သွားပါသည်။ အစောင့်က တွေ့သွားသောအခါ သူမကိုစိုက်ကြည့်ပြီး သေနတ်ဖြင့်ချိန်ကာ “ဒီမှာ ဘာလာလုပ်နေတာလဲ”ဟု မေးပါသည်။ သူမတို့က “ကျွန်မဟာ အ၀တ်လျှော်စက် တစ်လုံးပါ” ဟု တညီတညွတ်တည်းဖြေလိုက် ( ကြ ) ပါသည် ။ အစောင့်က သူ့အမြီးကြီးတရမ်းရမ်းနှင့် သူမ၏ အတောင်များကို အတော်ကြာစိုက်ကြည့်ပြီး “ မင်းဟာအိန်ဂျယ် ဖြစ်ရမယ် ” ဟုဆိုကာ အတောင်များကိုသော့ခတ်ပြီး The Veiling ပန်းချီကားထဲ ထည့်လိုက်ပါသည် ။

သူမသက်ပြင်းချကာသူမနှင့် မျက်နှာချင်းဆိုင်မှ လူကို “ဘယ်လိုရောက်လာတာလဲ” ဟုမေးလိုက်ပါသည် ။ ၄င်းက သူသည် Bill Viola ကိုယ်တိုင် ဖြစ်ကြောင်း ပြောပြပါသည်။
“ ကျွန်မတို့ တကယ်ဆုံ ဖြစ်ကြမှာလာ ”
ဟု သူမမေးသောအခါ ၄င်းက လက်ခုပ်လက်ဝါးတီးလျက် သူ၏အနုပညာကို ရှမ်ပိန်ဖောက်ပြီး ချီးမြှောက်ပါသည်။ သူမ ခေါင်းခါကာ ခေါင်းအုံးကို ဆွဲထုတ်ပြီး ဒေါက်ဖိနပ်ဖြင့် ဖိထားလိုက်ပါသည်။ သူမအိပ်ယာမှ နိုးသောအခါ နေသာပြီး လှိုင်းပြေသော ကမ်းခြေတစ်ခုသို့ရောက်ရှိနေပါသည်။ ဘုရားသခင်ဆိုသူက သူမကို ပြုံးပြကာ “ ကမ်းမွန် ရှိတ်ကဲန်း ” ဟု ပြောပါသည် ။ သူမ သရဲကြောက်တတ်သောကြောင့် ထိုသူများကို မပြုံးပြခဲ့ပါ ။ သူမ မိုက်ကန်းကန်းကြည့်လိုက်ရာ “ငါတို့ ရှင်ပြန် ထ မြောက်လာတာ မသိဘူးလား” ဟုသူမကို တစ်ယောက် (ကို)တစ်ပေါက် နှုန်းဖြင့်ဝိုင်းဝန်းအပြစ်တင်ကြပါသည်။ နီရှေးအားလည်း တရားစွဲဝါသနာ ပါသည့်အလျောက် သေဒဏ်ချမည်ဟုတစ်ယောက် (ကို ) တစ်ခွန်းကျစီ ၀ိုင်းပြောကြ ပါသည် ။

သူမ ဧ၀ရက်တောင်ထိပ်သို့ တက်သည်။ အပေါ်တွင် အောက်ဆီဂျင်နည်းသည့်အပြင် လိမ့်ကျလျှင် လက်ကျိုးမည် စိုးသော ကြောင့် ပြန်ဆင်းလာပါသည်။ အဆင်းတွင် ဂူးစတပ်ဖလော်ဘာနှင့် တွေ့သည်။ ဆရာကြီးတစ်ဆူအား လေးစားသော အားဖြင့် သူမ အင်္ဂလန်လုပ် ပေသီးတစ်ခုကို လက်ဆောင်ပေးခဲ့ပါသည်။ သူက သူမအားကျေးဇူးပြန်ပြုသောအားဖြင့်စာအုပ် တစ်အုပ် ပြန်ပေးခဲ့ပါသည်။ သူမထိုစာအုပ်ကို ဖတ်မရပါ ။ အများကြီး ဖတ်လိုက်ရပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘာမှ ရေးမထားသောကြောင့် ဖြစ်ပါသည်။ လမ်းတွင် ရေတွင်းတစ်တွင်းတွေ့ရာ သူမ လှန်လှောဖတ်ရှုမိပါသည် ။

သူမခင်္ရီးထွက်နေစဉ်အတွင်း ဂျက်ကီသည် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ရရှိသွားပြီ ။ သူ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာကို သူမပေးပို့ခဲ့ပါသည် ။
“ ခင်ဗျားအရုးပဲ ”
ဟုဆိုကာ ကိန်းကဘိုင်ဘယ်ကျမ်း ပြတင်းပေါက်မှ ချောင်းကြည့်ကာ သူမအား ဂျယ်လီတစ်လုံးပေးပါသည် ။
“ ရှင်မသေသေးဘူးလား” ဟု သူမ မေးလိုက်ရာ “ ကျုပ်ရော အေဘယ်ပါ ထာဝရအသက် ရကုန်ကြပြီဗျ ” ဟု ပြန်ပြောကာ စာအုပ်ကို ဂျိန်းခနဲပိတ်လိုက်ပါသည် ။ သူမခေါင်းခါလျက် ဆူနာမီဝင်တာ နင့်ကြောင့်လား ဟုမေးလိုက်သောအခါ အစိမ်း ရောင် ကြောင်ကလေးက တခိခိ ရယ်ပါသည် ။ (သူသည် တခိခိရယ်ခြင်းမှာ သူမကိုအဖက်လုပ်သောကြောင့် မဟုတ်ဘဲ လေဒီဂါဂါကို ကြည့်လျက် နှာချေနေခြင်း ဖြစ်ကြောင်း နောက်မှ သိရပါသည်။)

သူမ အလွန်ပျော်သောစိတ်ဖြင့် လေဘာတီရုပ်တုကြီးနှင့် တွဲကာ က လိုက်ပါသည် ။ သူမ ပိုင်သော ဂျယ်လီလေးအား ထောင်ပြကာ သောက်ဦးမလားဟု မေးသောအခါ လေဘာတီရုပ်တုကြီးက သူမလက်ထဲမှ မီးတိုင်ကို မြှောက်ပြလျက် “ငါဘာမှမမြင်ရဘူး” ဟု ပြန်ပြောပါသည်။

နောက်တစ်နေ့တွင် သူမသည် အန္တာတိကတိုက်မှ ပို့လိုက်သောပါဆယ်တစ်ထုပ်ကို မေးလ်ဖြင့် လက်ခံရရှိပါသည် ။

ချိုပိန်းနောင်