Tuesday, May 30, 2017

သခင်​ဖိုးလှကြီး



အာဠာဝက အမည်ခံ သခင်ဖိုးလှကြီး

၁၂၉၉ - ခု၊ ၁၃ဝဝ ပြည့်နှစ် ရေနံမြေ သပိတ် ခေါင်းဆောင်တဦး ဖြစ်ခဲ့သူမှာ အာဠာဝက အမည်ခံ သခင်ဖိုးလှကြီး ဖြစ်ပါသည်။ ဖိုးလှကြီးသည် မကွေးခရိုင်၊ သရက်လေးပင် ရွာ၌ မွေးဖွားသည်။ မိဘများမှာ သာမန် ဆင်းရဲသား ဇနီးမောင်နှံများ ဖြစ်ကြသည်ဟု ဆိုသည်။ မိဘများ၏ အမည်များနှင့် ဖိုးလှကြီး မွေးသက္ကရာဇ်ကို အတိအကျ မသိရသေးပါ။

ဖိုးလှကြီး၏ မွေးသက္ကရာဇ်ကို ခန့်မှန်း ယူဆမည် ဆိုလျှင် ၁၉၃၈ - ခု ရေနံမြေ အရေးတော်ပုံ ကာလ အတွင်း၌ သခင် ဖိုးလှကြီး၏ အသက်သည် ၃ဝ ပတ်ဝန်းကျင်တွင် ရှိသည် ဟူသော အချက်ကို မှန်းဆသောအားဖြင့် သူ၏ မွေးသက္ကရာဇ်မှာ ၁၉ဝ၈၊ ၁၉ဝ၉၊ ၁၉၁ဝ - ခုနှစ်လောက် ဖြစ်လိမ့်မည်ဟု ယူဆရန် အကြောင်း ရှိပါသည်။

ဇာတိမာန်
ဖိုးလှကြီး ၁၄ နှစ်သား အရွယ်ခန့်လောက်တွင် ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ အစိုးရ၏ ဖိနှိပ် ချုပ်ချယ်မှုကို ခံခဲ့ရသည့် ဖြစ်ရပ်မှ စတင် လာခဲ့သည်။ ဇာတိသွေး၊ ဇာတိမာန်များ ရင်တွင်းမှ စတင် ပျိုးထောင် လာခဲ့သည်။ ထိုခေတ်ကာလက မြန်မာပြည်ကို အုပ်ချုပ်သော အင်္ဂလိပ် နယ်ချဲ့ အစိုးရသည် မြေခွန်၊ ယာခွန်များ မပေးဆောင်နိုင်လျှင် ပစ္စည်းသိမ်း၍ လေလံပစ်သည်။ သိမ်းရန် ပစ္စည်း မရှိလျှင် လူကိုဖမ်း၍ ထောင်ချသည်။ ဖိုးလှကြီး၏ ဖခင်မှာ မြေခွန်ဆောင်ရန် ငွေလည်းမရှိ၊ သိမ်းရန် ပစ္စည်းလည်း မရှိသဖြင့် လူဖမ်းခြင်း ခံရရှာလေသည်။ ၁၄ နှစ်သား အရွယ် ခပ်ငယ်ငယ် ဖိုးလှကြီးသည် သူ့ဖခင်အား ပုလိပ်များ ဖမ်းသွားသည်ကို မြင်လိုက်ရသည်။ သူ့မိခင်က မျက်ရည်စက်လက်နှင့် “မြေခွန် မပေးနိုင်လို့ ဖမ်းသွားတယ် သားရယ်” ဟူသော သူ့မိခင်၏ အပြောကိုကြားရင်း သူ့ရင်တွင်း ပြည့်ကျပ် ဆို့နစ်နေသော ဝေဒနာကို ခံစားခဲ့ရရှာသည်။ သူ့မိခင်သည် မကျန်းမာလျက် ပုလိပ်ကို ပုဆစ်တုတ် ထိုင်ရင်း တောင်းပန်သည်ကို ဖိုးလှကြီး မြင်သည်။ တိုးလျှိုး တောင်းပန်သော အပြုအမှုမျိုးကို ဖိုးလှကြီး မနှစ်မြို့။ တကယ်မရှိလို့ မပေးနိုင်သည်ကို ခွင့်လွှတ်ရန်သာ ရှိသည်။ ယခုကား ရက်စက်ရာ ကျလွန်းသည်။ လူမဆန်သော ပြုမှုချက်သာ ဖြစ်သည်ဟု သူယူဆသည်။ တိုင်းတပါးသားတို့၏ အုပ်စိုးမှုအောင်တွင် နေရသောကြောင့် ဤအပြုအမူမျိုး ခံစားရသည်ဟု ဖိုးလှကြီး မြင်လာသည်။ နယ်ချဲ့ အင်္ဂလိပ်ကို ရွံမုန်းစ ပြုလာသည်။

ဖိုးလှကြီးသည် နယ်ချဲ့ အင်္ဂလိပ်ကို တော်လှန် တိုက်ခိုက်ခဲ့သော ဗိုလ်လရောင်၏ ညာလက်ရုံး ဖြစ်ခဲ့ဖူးသူ ဘုန်းတော်ကြီးကျောင်းတွင် ပညာ သင်ကြားခဲ့ဖူးသည်။ ထိုဘုန်းတော်ကြီးသည် ဖိုးလှကြီးအား ဗိုလ်လရောင် ကျဆုံးပြီးနောက် အခြေမကျသဖြင့် ရဟန်းဘောင်သို့ ကူးပြောင်းခဲ့ရပုံ၊ အင်္ဂလိပ်တို့ ယုတ်ညံ့ - ညစ်ပတ်ပုံ၊ မြန်မာတို့ ဇာတိသွေးရှိပုံ၊ ထက်မြက်ပုံ၊ အမျိုးကို စောင့်ရှောက် ထိန်းသိမ်းထိုက်ပုံ၊ မြန်မာ့ မြေပေါ်မှ ယုတ်မာသော နယ်ချဲ့ အင်္ဂလိပ်တို့ကို မောင်းထုတ်ရမည့်ပုံ စသည်များကို ဇာတိမာန် တက်ွ့ကအောင် ပြောပြလေသည်။ ဖိုးလှကြီးသည် တစထက် တစ ဇာတိသွေး ဇာတိမာန် တက်ွ့ကသည်ထက် တက်ွ့ကလာလေသည်။

ကမ္ဘာစစ်
၁၉၁၄ - ခု၊ ၁၉၁၅ - ခုနှစ် ခန့်လောက်တွင် ပထမ ကမ္ဘာစစ်ပွဲကြီး ဖြစ်ပွားလေသည်။ အင်္ဂလိပ်တို့သည် ကမ္ဘာစစ်ပွဲ အတွက် စစ်သား စုဆောင်းသော အခါ မြန်မာပြည်မှ မြန်မာ လူမျိုးများလည်း အများအပြား ဝင်ရောက်ကြသည်။ ဤတွင် အင်္ဂလိပ်ကို တော်လှန် တိုက်ခိုက်ခဲ့သော ဘုန်းတော်ကြီးသည် ဖိုးလှကြီးအား စစ်ထဲဝင်ရန် တိုက်တွန်းသည်။ က္ဆွန်အဖြစ် နေရမည့် အတူတူ စစ်မှုထမ်းရင်း ကိုယ့်အတွက် အမြတ် ထုတ်သင့်သည်။ စစ်ရဲ့ အတွေ့အကြုံကို ကိုယ်တိုင် တတ်သင့်သည်။ စစ်ပညာ တတ်ထားပါမှ တနေ့ ဒီကောင်တွေကို ပြန်လှန် တိုက်ခိုက်နိုင်မည် စသည်ဖြင့် စစ်ထဲ ဝင်ချင်အောင် ဟောပြောသည်။

ဖိုးလှကြီးသည် နဂိုကမှ အင်္ဂလိပ်ကို မုန်းတီး ရွံရှာနေသူ တယောက် ဖြစ်၍ မကြာခင်ပင် စစ်ထဲ ဝင်ခဲ့လေသည်။ မက်ဆိုပိုတေးမီးယား စစ်ပွဲတွင် ပါဝင်ခဲ့သည်။ စစ်တပ်၌ အမှုထမ်း နေစဉ်တွင် မျက်နှာဖြူ အင်္ဂလိပ် စစ်ဗိုလ်များနှင့် မျက်နှာကြော မတည့်ပေ။ သူတို့အပေါ် အမြဲတမ်း မွာ့ကတ်ွ့ကတ် ဘုကျကျ ဆက်ဆံခဲ့သည်။ မကြာခဏလည်း အချင်း များခဲ့ရသည်။ ဖိုးလှကြီးသည် မျက်နှာဖြူ အင်္ဂလိပ် တပ်ကြပ် တဦးနှင့် ကပ္ပလီ စစ်သား တဦး လက်ဝှေ့ ထိုးရာမှာ မတရားသဖြင့် ထိုးမှုကြောင့် အင်္ဂလိပ် တပ်ကြပ်ကို လက်ဝှေ့ တက်ထိုးသည့် အဖြစ်ကြောင့် တညလုံး အချုပ်ခံခဲ့ရသည်။ ၎င်းပြင် စစ်ပွဲတွင် အောင်ပွဲခံ၍ အရက်သေစာ စားသောက်ကြသော အခါ၌ ဖြစ်သည့် ဖြစ်ရပ်မှာ စိတ်ဝင်စားစရာ ဖြစ်ရပ် တခု ဖြစ်သည်။

ဖြစ်ရပ်မှာ ဤသို့တည်း။ အင်္ဂလိပ်များသည် ဘယ်အခါမဆို လူမျိုး ခြားထားသော အကျင့်ရှိသည်။ ကုလား၊ မြန်မာ၊ ကပ္ပလီ စသော အခြားသူများကို သူတို့နှင့် တန်းတူရည်တူ မထားပေ။ အစဉ်အမြဲ ခွဲခြားထားလေ့ ရှိသည်။ ယခု အောင်ပွဲခံရာ၌ အသားမည်း၊ အသားညို၊ အသားဝါ စစ်သားများက တခြား၊ သူတို့ လူဖြူ စစ်သားတို့က ရွက်ထည်တဲဖြင့် တနေရာ ကျကျနန လူခွဲ၍ စားသောက်ကြသည်။ အစား အစာများမှာလည်း အစာချင်း မတူ၊ သူတို့က ပိုကောင်းသည်။ ကြက်သားကင်၊ ကြက်သားကြော်၊ ဆိတ်သား၊ သိုးသား၊ အမဲသား စသော အကြော်အနှပ်တို့က တင်းကြမ်း၊ ဝီစကီ၊ ဘရမ်ဒီ စသော အရက် သေစာ တို့ကလည်း အကောင်းစား၊ သောက်မကုန် စားမခန်း။ အသားညို အသားမည်း၊ အသားဝါ အုပ်စုမှ ဖိုးလှကြီးသည် ဤသို့ ခွဲခြားသည်ကို မခံရပ်နိုင် ဖြစ်လာသည်။ သူ့စိတ်ထဲမှာ အတော်ဒေါသ ထွက်နေသည်။ ထို့ကြောင့် ၎င်းအား ပေးလာသည့် အရက်ခွက်ကို မသောက်ဘဲ စားပွဲပေါ်သို့ တအား ပစ်ပေါက် ချလိုက်သည်။ ယင်းနောက် စားပွဲပေါ်သို့ ခုန်တက်ကာ “စစ်မြေပြင် တိုက်တုန်းက အတူတူ၊ ခု အောင်သေ အောင်သားစားတဲ့ အခါကျတော့ ခွဲခြား ထားကြတယ်။ အင်္ဂလိပ်တွေ သိပ်လူပါးဝတယ်။ ကုလားလဲ ကျွန် မဟုတ်၊ မြန်မာလဲ ကျွန် မဟုတ်၊ ကပ္ပလီလဲ ကျွန် မဟုတ်။ အင်္ဂလိပ် မျောက်ကောင်တွေက မတရား ကျွန်လုပ်ထားလို့ ခံနေရတယ်။ ဒီထဲမှာ သတ္တိရှိတဲ့သူ ထွက်ခဲ့ကြ။ အင်္ဂလိပ်မျောက်တွေနဲ့ အရက်အတူတူ သောက်မယ်ကွ” ဟု ကုလားလို ပြောလိုက်သည်။ အားလုံးငြိမ်၍ နားထောင် နေကြသည်။ တုတ်တုတ်မျှ မလှုပ်၊ အံ့အားသင့် နေကြသည်။ ကုလားစစ်သား ၃ ယောက်ခန့် နေရာမှထကာ ဖိုးလှကြီး စကားကို ထောက်ခံသည်။ အင်္ဂလိပ် စစ်သားများနှင့် အရက်အတူ သောက်ရန် သဘောတူကြသည်။ ဖိုးလှကြီး ခေါင်းဆောင်သော လူတစုသည် အင်္ဂလိပ် စစ်သားများ ရှိရာ ရွက်ထည်တဲသို့ ဝင်ကာ ခပ်တင်းတင်းပင် အသင့် ထည့်ထားသော အရက်ခွက်များကို ရဲတင်းစွာ သောက်လိုက်ကြသည်။ အစားအစာများကိုလည်း ယူစားကြသည်။ မျက်နှာဖြူ စစ်သားများသည် ပထမ အံ့အားသင့် နေကြသည်။ နောက်တော့ ဆဲဆိုကာ တဲအတွင်းမှ ထွက်သွားရန် နှင်ထုတ်ကြသည်။ ဖိုးလှကြီးက ထွက်မသွားသေးဘဲ “ဘာလဲကွ၊ မင်းတို့က အသေခံ တိုက်ပွဲဝင်တော့ အတူတူ၊ စားတဲ့ သောက်တဲ့ နေရာကျတော့ ခွဲခြမ်း ခွဲခြမ်းနဲ့၊ မင်းတို့ချည်း ကောင်းကောင်းစားလို့ ဘာရမလဲကွ။” ဟု ပြောပြောဆိုဆို စားသောက်ဖွယ်ရာများ တင်ထားသော စားပွဲကို ဆွဲမှောက် ပစ်လိုက်သည်။ နောက်ဆုံးတွင် ထုံးစံအတိုင်း ဖိုးလှကြီးမှာ တပ်တွင်း အချုပ် ခံရလေသည်။ *လုပ်သားပြည်သူ့ သတင်းစာ ဆောင်းပါး၊ ၁၁ - ၆ - ၁၉ရဝ။

ဖိုးလှကြီးသည် စစ်မြေပြင်တွင် ၃ နှစ် အမှုထမ်းခဲ့သည်။ ထိုစဉ်က စစ်ပြန်များ မြေယာကို ပေးလေ့ရှိသည်။ အမှုထမ်းလိုကလည်း ထိုက်သင့်ရာ အလုပ်ကို ပေးသည်။ တနည်းအားဖြင့် အင်္ဂလိပ်များအား လေးစား ကြည်ညိုလာအောင် စည်းရုံးသော နည်းပရိယာယ် တခုပင် ဖြစ်သည်။ ဖိုးလှကြီးသည် ဗမာ့မြေကို ဗမာပိုင်သည်။ အင်္ဂလိပ်က ပေးစရာမလိုဟု ယူဆကာ သပ်ဆိုင်ရာရုံးသို့ မသွားဘဲ မြေယာများကို မယူခဲ့ပေ။

အလုပ်ကြမ်းသမား
ဖိုးလှကြီးသည် ရေနံမြေ အလုပ်ကြမ်းသမား အဖြစ်ဖြင့် ဝင်ရောက် လုပ်ကိုင်နေသည်။ လစာနှင့် အလုပ်အကိုင် အနေအထိုင်မှာ မျှတမှု မရှိခဲ့။ ဆင်းရဲပြီး အလွန် နုံချာလှသည်။ လူစဉ်မီအောင် အနိုင်နိုင် အားခဲရသည်။ အင်္ဂလိပ် မျက်နှာဖြူများနှင့် အင်္ဂလိပ်ကပြားများမှာ တိုက်တာ အဆောက်အအုံနှင့် ကားနှင့် ဝင်းခြံနှင့် ဇိမ်ယစ် နေကြ နတ်ပြည် ရောက်နေကြသည်။ ဖိုးလှကြီးတို့လို အလုပ်ကြမ်းသမားများ ကျတော့ ငရဲပြည် ရောက်နေ ကြသည်နှင့် တူလှသည်။ အင်္ဂလိပ် မျက်နှာဖြူများက နတ်ပြည် နတ်သားတွေ၊ မြန်မာ အလုပ်သမားတွေက ငရဲပြည် ငရဲသားတွေ၊ အထက်ဘဝဂ်၊ အောက်အဝီစိ ဖြစ်နေကြသည်။ ဖိုးလှကြီးသည် ရေနံမြေ အလုပ်သမားကြီးများ ဘဝ အခြေကို ရင်နာမိသည်။ မျက်နှာဖြူများ မတရား အုပ်စီးထားမှုကို လေ့လာသည်။ စူးစမ်းသည်။ ဆင်ခြင်သည်။ အလုပ်သမားများကို မျက်စိပွင့်ရန် ဆော်ဩသည်။ သတ္တိ ရှိစေရန် သွေးစည်းသည်။ စည်းလုံး ညီညွတ်မှု ရှိရန် ဖန်တီးသည်။

ဖိုးလှကြီးသည် ရေနံမြေ စတိုစာရေးကြီး ဦးညီခင်၏ သမီး မညွန့်နှင့် အိမ်ထောင်ကျသည်။ လူငယ်ချင်း မေတ္တာမျှ၍ ခိုးပြေးကြခြင်း ဖြစ်သောကြောင့် မညွန့်၏ မိဘများက အမွေပြတ် စွန့်ပစ်ခဲ့သည်။ ဖိုးလှကြီးတို့ ဇနီးမောင်နှံကား တူနှစ်ကိုယ် တဲအိုပျက်မှာ နေရစေကာမူ ပျော်တပြုံးပြုံး မော်မဆုံးခဲ့၊ ချစ်တာသာ ပဓာန ဆိုရိုးစကား ရှိခဲ့သည် မဟုတ်ပါလား။

၁၉၃၈ ခုနှစ်တွင် အလုပ်သမားများက တစ်နှစ်လျှင် လုပ်ခမပျက် ခွင့်ရက် ၃ဝ ရက် ပေးရန် တောင်းဆိုကြသည်။ ယင်းအပြင် လိုလားချက် ၁၂ ချက်ကိုပါ တောင်းဆို လိုက်ကြသည်။ အင်္ဂလိပ် မျက်နှာဖြူပိုင် ကုမ္ပဏီများက လိုက်လျောခြင်း မပြုသဖြင့် ၁၉၃၈ ခု၊ ဇန်နဝါရီလ ၈ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်) စနေနေ့တွင် ရေနံမြေ သပိတ်ကြီး စတင် မှောက်ကြသည်။ လုပ်ငန်းများ ဆောင်ရွက်ရန် သခင်လေးမောင်၊ သခင်မြ၊ သခင်သင်၊ သခင်ခင်၊ သခင်အောင်ဖေ၊ သခင်ခ၊ သခင်ဘတင်၊ သခင်လှိုင်၊ ဦးဘလှိုင်၊ သခင်ဖိုးလှကြီး တို့အား ရွေးချယ်ကြသည်။ သပိတ်တပ်ကို ရန်ကုန်သို့ ချီတက်ရန် သခင်ဖိုးလှကြီး ခေါင်းဆောင်၏။

အာဠာဝက
မကွေးသို့ ရောက်သောအခါ သခင် ဖိုးလှကြီးကို အင်္ဂလိပ် လက်ပါးစေတို့က ဖမ်းလိုက်သည်။ သပိတ်တပ် နတ္တလင်းသို့ ရောက်သော အခါ (ဒီဇင်ဘာ ၂၄ ရက်နေ့တွင်) သခင်ဖိုးလှကြီး ပြန်လွတ်လာသည်။ သခင် ဖိုးလှကြီးသည် သပိတ်တပ်နှင့် ထပ်မံ တွေ့ပြန်သော အခါ ခေါင်းဆောင် လုပ်ပြန်လေသည်။ သခင် ဖိုးလှကြီးကို သပိတ် တပ်သားများက အားရ ရွှင်လန်းစွာဖြင့် “အာဠာဝက - ကွ” ဟု အမည်ပေး ကင်ပွန်း တပ်ကြသည်။ ဤသည်မှ စပြီး “အာဠာဝက - သခင်ဖိုးလှကြီး” ဟု တွင်ရစ် ခဲ့တော့သည်။

အရူးထောင်သို့ ပို့
အာဠာဝက သခင် ဖိုးလှကြီးသည် ရေနံမြေ သပိတ်တပ်ကြီး ရန်ကုန်သို့ ရောက်သောအခါ သပိတ် စခန်းချ နေစဉ် အတွင်းမှာပင် ဓနိတော ဘီ၊ အို၊ စီနှင့် အိုင်၊ ဘီ၊ စီ စက်ရုံများမှ အလုပ်သမားများ အရေးကို ဆောင်ရွက်ခဲ့သည်။ အခွင့်အရေးများ ကိုလည်း တောင်းစေခဲ့သည်။ အင်္ဂလိပ် နယ်ချဲ့ ဓနရှင်များသည် သပိတ် ခေါင်းဆောင် အချို့ကို ဖမ်းသည်။ အချို့ကို အပြစ်ပေး၍ ထောင်ချသည်။ ခေါင်းဆောင် စာရင်း ပေးသော အခါ အာဠာဝက သခင် ဖိုးလှကြီး အမည်ကို ပယ်ချလိုက်သည်။ ဦးနှောက်မကောင်း၊ ရူးနေပြီဟု အကြောင်းပြကာ ဖိုးလှကြီးကို အရူးထောင်သို့ ပို့လိုက်သည်။ စည်းလုံး ညီညွတ်နေသော သပိတ်တပ်သားများ ကိုလည်း ခွဲပစ်လိုက်သည်။

အာဠဝက သခင် ဖိုးလှကြီး အရူးထောင်မှ ပြန်လာသော အခါ သပိတ်တပ်သား ၂ဝဝ ခန့်သာ ရှိတော့သည်။ ခေါင်းဆောင် အချို့မှာ အခွင့်အရေး ယူသွားကြသည်။ အားနည်း ကွဲပြားအောင် ဓနရှင် အင်္ဂလိပ်တို့က အမျိုးမျိုး အဖုံဖုံ လုပ်ဆောင် ဖန်တီးကြသည်။ သခင် ဖိုးလှကြီးမှာ စိတ်အပျက်ကြီး ပျက်ကာ ကိုရင်ကြီး ဝတ်သွားရှာသည်။ ကိုရင်ကြီးဝတ်နှင့် “သပိတ်စစ်ပွဲ” အမည်ရှိ စာအုပ်ကို ရေးသည်။ ရသောငွေကို ရန်ပုံငွေ အဖြစ် သုံးသည်။ စိတ်မလျော့သေးဘဲ လူဝတ်လဲကာ လက်ကျန် သံမဏိ သပိတ်တပ် ၂ဝဝ ခန့်ဖြင့် ရှေ့တလှမ်း တိုးပြန်သည်။ ပထမ သပိတ်စခန်းကို ရွှေတိဂုံ ဘုရားတွင် ထားသည်။ နောက်မှ ခြောက်ထပ်ကြီး ဘုရား၊ ၎င်းမှတဆင့် ကိုးထပ်ကြီးသို့ အဆင့်ဆင့် ချီတက်ကာ အဓိဌာန် ပြုကြသည်။

သရဏဂုံ တင်
အာဠာဝက သခင် ဖိုးလှကြီးသည် သံမဏိ တပ်သားများအား မိမိတို့ကိုယ်ကို မိမိတို့ သရဏဂုံ တင်ရန် တိုက်တွန်းပြီး အသုဘဖိတ်စာ ၁,ဝဝဝ ရိုက်၍ ဝေငှပြီး အစာငတ် အသေခံ ဆန္ဒပြကြသည်။ ကိုးထပ်ကြီး ဘုရားရှိ သပိတ် စခန်းသို့ ကြည့်ရှုလာသော ပရိတ်သတ်များ တိုးမပေါက်အောင် စည်ကားလှသည်။ ဆေးလိပ်၊ ကွမ်း၊ သားရေစာ စသည့် ပစ္စည်းများ လှူဒါန်းကြသူ များမှာလည်း အများအပြား ရှိသည်။ ဦးပု ညွန့်ပေါင်း အစိုးရကလည်း ကျေအေးရန် အစွမ်းကုန် ကြိုးစားကြသည်။ အလုပ်ပြန်ဝင်လျှင် စပေါ်ငွေ ၁ဝ ကျပ်၊ ထမင်းဖိုး ၃ ကျပ် ပေးမည်ဟု ဖျောင်းဖျကြသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း “တပည့်တွေ ဘာမဟုတ်တဲ့ ပုရွက်ဆိတ်နဲ့ နပန်းလုံးပြီး အသေမခံနဲ့ဦး၊ ရှေ့မှာ ကျားနဲ့လုံးဖို့ ရှိသေးတယ်” ဟု ဆုံးမပြန်သည်။ ယင်းတို့ကြောင့် သခင် ဖိုးလှကြီးတို့ သံမဏိ သပိတ်တပ်သားများ အစာပြန်စားရန် ဆုံးဖြတ်ပြီး ရေနံမြေသို့ ပြန်ကြလေသည်။

အာဠာဝက သခင် ဖိုးလှကြီးသည် အလုပ်သို့ ပြန်မဝင်တော့ဘဲ အလုပ်သမား အစည်းအရုံးတွင် အချိန်ပြည့် ထိုင်ကာ အလုပ်သမား အကျိုး ဆောင်ရွက်သည်။ ၁၉၄ဝ ခုနှစ်တွင် ရေနံမြေ စခန်းထ၍ လှုပ်ရှားရန် အာဠာဝက သခင် ဖိုးလှကြီးနှင့် သခင်တစုတို့ ကြိုးစားကြပြန်သည်။ လုပ်သားထု လွှတ်တော် ကျင်းပရန် ကြံစည်ကြသည်။ အစည်းအဝေး ၂ ရက် အလိုတွင် လူဖမ်းဝရမ်းပြ၍ အာဠာဝကသခင် ဖိုးလှကြီးနှင့် အပေါင်းပါ သခင်တင်၊ သခင် ဘိုးသာ၊ သခင်မာတို့ကို ဖမ်းသွားကြသည်။ သခင် ဖိုးလှကြီးနှင့် ခေါင်းဆောင် အချို့အား မြစ်ကြီးနား ခရိုင်သို့ နယ်နှင်ဒဏ် ပေးလိုက်သည်။

ရေနံမြေသို့ ပြန်
မြစ်ကြီးနား ခရိုင်တွင် ဥမကွဲ သိုက်မပျက် နေထိုင်ကြရင်း ဒုတိယ ကမ္ဘာစစ်ကြီး နီးကပ် လာသောကြောင့် နယ်ချဲ့ အစိုးရက အာဠာဝက သခင် ဖိုးလှကြီးတို့အား ဗန်းမော်ထောင်သို့ ပို့လိုက်သည်။ ဗိုလ်ချုပ် အောင်ဆန်းတို့ ဦးစီးသော ရဲဘော်သုံးကျိပ်မှ ဘီ၊ အိုင်၊ အေနှင့် ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာသော အခါ မြန်မာ့ တပ်မတော်သည် သခင် ဖိုးလှကြီးတို့အား ဗန်းမော်ထောင်မှ ထုတ်ယူခဲ့သည်။ အခြား အဖမ်းခံ နိုင်ငံရေး ခေါင်းဆောင်များ ကိုလည်း ထောင်မှ ထုတ်ယူ၍ နေရင်းသို့ အသီးသီး ပို့ပေးခဲ့သည်။

အာဠာဝက သခင် ဖိုးလှကြီးကိုမူ ဗန်းမော်မြို့၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူ အုပ်ချုပ်စေခဲ့သည်။ ဂျပန်တို့သည် ရေနံမြေကို ပြန်စသော အခါ သခင် ဖိုးလှကြီးသည် မိမိ ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူး ရာထူးကို ပြန်အပ်ခဲ့ပြီး ရေနံမြေသို့ ပြန်လာခဲ့သည်။

ဘဝနိဂုံး
ရေနံမြေသို့ ရောက်သောအခါ သခင်မြ၏ ပြောပြချက် အရ အခြား လုပ်ငန်းများကို မပေးဘဲ ချောက်မြို့၏ အုပ်ချုပ်ရေး ရာထူးကို ပေးသည်။ ဂျပန်ခေတ် အတွင်း သခင် ဖိုးလှကြီးသည် အစာအိမ်ရောဂါ ဖြစ်၍ သခင်မြ၊ သခင်ကျော်စိန်တို့၏ တိုက်တွန်းချက် အရ ရန်ကုန် ဆေးရုံကြီးသို့ တက်ရောက် ကုသရင်း ဘဝတပါးသို့ကွယ်လွန် သွားရှာသည်။

Posted by Khaing Mye
Credit to Wikipedia.

ယောဦးဖိုးလှိုင်


ဦးဘိုးလှိုင်(ယောမင်းကြီး)
ယောမင်းကြီး ဦးဘိုးလှိုင် ဟုခေါ်သော ယောအတွင်းဝန် ဦးဘိုးလှိုင်သည် ကုန်းဘောင်ခေတ်တွင် ထင်ရှားသောပညာရှိ တစ်ဦးဖြစ်သည်။ ယောမင်းကြီးသည် တီထွင်မှုပေါင်း များစွာကို ပြုလုပ်ခဲ့သော်လည်း ကြွားဝါခြင်း မရှိခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် များပြားလှစွာသော စာအုပ်များ၊ ကျမ်းများကို ရေးသားခဲ့သည်။ ယနေ့ခေတ် ကျောင်းစာတွင် သင်ကြားပေးနေကြသော တစ် တစ်လီ တစ်၊ တစ် နှစ်လီ နှစ် ဟူသော အမြှောက်အလီကျမ်း၊ ကျန်းမာရေးတွင် ယနေ့တိုင် အဖိုးမဖြတ်နိုင်သော ဥတုဘောဇနာကျမ်း၊ ကာယနုပဿနာကျမ်း စသည့် ထင်ရှားသော ကျမ်းများအပြင် အခြားသိပ္ပံစာပေ ကျမ်းစာအုပ်ပေါင်းများစွာကိုလည်း ရေးသား ပြုစုခဲ့လေသည်။

အမည်ရင်း မောင်ဘိုးလှိုင်
မွေးသက္ကရာဇ် မြန်မာသက္ကရာဇ် (၁၁၉၁) နှောင်းတန်ခူးလဆန်း (၁၀)ရက် မနက်(၃) နာရီကျော်
ကွယ်လွန် ၁၂၄၅‌ (အသက် ၅၄နှစ်ဖြင့်)
နိုင်ငံသား Flag of Myanmar.svgမြန်မာနိုင်ငံ
လူမျိုး ဗမာလူမျိုး
အလုပ်အကိုင် ရွှေပြည်ဝန်ကြီး ဘုရင့်သစ္စာခံ အမှုထမ်း(ကုန်းဘောင်ခေတ်)၊ ယောအတွင်းဝန်(မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်)
မွေးရပ်ဇာတိ ရွာပုလဲရွာ၊ မြောင်မြို့ နယ်၊စစ်ကိုင်းတိုင်း၊ မြန်မာနိုင်ငံ။
ကြင်ဖော် ဒေါ်ခင်ဖြူ

ယောမင်းကြီးဦးဘိုးလှိုင်

မြန်မာ့သမိုင်းတွင်ထင်ရှားကျော်ကြားလှသော သမိုင်းဝင်ပညာရှင်ကြီး ဦးဘိုးလှိုင်၏ အဖိုးမှာစာရေးတော်ကြီးဦးတော ဖြစ်သည်။ ဦးတောသည် ယင်းတောရွာမှ ဖြစ်ကာ ဉာဏ်ပညာထက်မြက်သူတစ်ယောက်လည်းဖြစ်သည်။ သူသည် အမရပူရမင်းနေပြည်သို့ သွားရောက်ကာ မိမိ၏ ကြီးပွားရေးလမ်းစကိုရှာဖွေရာ ဉာဏ်ပညာထက်မြက်သောကြောင့် ရွှေပြည်ဝန်လက်ဝဲဝင်းတော်မှုး ၏သမီးနှင့်ထိမ်းမြားနိုင်ခွင့်ရလေသည်။ (အကြောင်းပါခဲ့သည်)။ ရွှေပြည်ဝန်က ဦးတော၏ပညာဉာဏ်ကို သဘောကျသဖြင့် နန်းတွင်းတွင် အမှုထမ်းဆောင်ခွင့်ရအောင် စီမံပေးသောကြောင့် မင်းနေပြည်တော်တွင် စာရေးတော်ကြီး အဖြစ် အမှုထမ်းခွင့်ရခဲ့သည်။ စာရေးတော်ကြီးဦးတောနှင့် ရွှေပြည်ဝန်သမီးနှင့်တို့မှ သားတစ်ယောက်ထွန်းကားလေရာ ထိုသူငယ်ကို ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသောကြောင့် မောင်တုတ်ကြီးဟု ခေါ်ဆိုကြသည်။

မောင်တုတ်ကြီးမှာ ငယ်စဉ်ကပင် ဓါးခုတ်၊ လှံထိုး ကျွမ်းကျွင်လှသည်။ အဖမှာလည်း နန်းတွင်းမှ ဖြစ်သောကြောင့် ဓားရေးလှံရေးကို စနစ်တကျ သင်ကြားခွင့်ရသည်။ မောင်တုတ်ကြီးအရွယ်ရောက်လာသောအခါ သူ၏ဖခင် ဦးတောက စစ်ဘက်တွင် အမှုထမ်းရန် လမ်းညွှန်တိုက်တွန်းသောကြောင့် စစ်ဘက်တွင် အမှုထမ်းခဲ့ပြီး ရဲစွမ်းရှိသောကြောင့် မကြာမီပင် စစ်သူကြီးအဆင့်ရောက်ရှိလာလေသည်။ ထိုအခါသူ့အားလေးစားသမှုဖြင့် ဦးရွှေတုတ်ဟု ခေါ်ဆိုကြလေသည်။ ဦးရွှေတုတ်သည် ယောမင်းကြီး ဦးဘိုးလှိုင်၏ အဖပင်ဖြစ်လေသည်။ ဦးရွှေတုတ်တွင် ကတော်သုံးပါး ရှိလေရာ ဝန်ကတော်မယ်ငြိမ်းနှင့် ရသောသားသည် ယောမင်းကြီး အလောင်းလျာပင်ဖြစ်သည်။

ငယ်ဘဝ
ဦးဘိုးလှိုင်ကို မြန်မာသက္ကရာဇ် (၁၁၉၁) နှောင်းတန်ခူးလဆန်း (၁၀)ရက် မနက်(၃) နာရီကျော်တွင် မြောင်မြို့နယ် ရွာပုလဲရွာ၌ ဖွားမြင်သည်။ အဖမှာ ယင်းတောဝန်ကြီး ဦးရွှေတုတ်၊ အမိ ဝန်ကတော် မယ်ငြိမ်း ဖြစ်သည်။ ဦးဘိုးလှိုင် (၉) နှစ်သားအရွယ်တွင် ဦးရွှေတုတ်သည် ရေနံချောင်းမြို့စား၊ ယင်းတောဝန်ကြီးအထိရာထူးမြင့်တက်လာလေသည်။

သာယာဝတီမင်းသည် အောက်မြန်မာနိုင်ငံ ရွှေတိဂုံဘုရားဖူးပြီး ပြန်လာချိန်တွင် ကံကြမ္မာဆိုးသောကြောင့် စိတ်တော်မူမမှန် ဖောက်ပြန်စပြုလာလေသည်။ ထိုအခြေအနေတွင် မိဖုရားခေါင်ကြီးက မင်းကြီး၏ဝေဒနာ သည်းလာသည်ကို အကြောင်းပြု၍ အိမ်ရှေ့စံနေရာတွင် ပုဂံမင်းသားအား မင်းကြီး၏အမိန့်ဟု ဆိုကာ တင်မြှောက်ပေးလိုက်လေသည်။ သာယာဝတီမင်း၏ စိတ္တဇရောဂါအခြေအနေပိုမိုဆိုးရွားလာသောကြောင့် မှုးမတ်အချို့နှင့် ဝန်ကြီးများမှာ (နေမကောင်းဟန်ဆောင်သူဆောင်ကာ) အကြောင်းအမျိုးမျိုးပြ၍ နန်းတွင်းသို့ အခစားမဝင်ဘဲ ရှောင်တိမ်းကြလေသည်။ သို့သော် မောင်ဘိုးလှိုင်၏ အဘဖြစ်သူ ယင်းတောဝန်ကြီးမှာမူ ကျွန်သခင်အရင်း ချင်းမည်သို့မှ မလုပ်တန်ရာဟု ထင်မှတ်ကာ အခြေအနေကို အကဲခတ်ရန် သွားလေသည်။ ထိုအခိုက်တွင် ရွှေဘိုမင်းမှ ဦးရွှေတုတ်အား လှံဖြင့် လိုက်လံထိုးလေသည်။ ယင်းတောဝန်ကြီးသည် သာယာဝတီမင်း စိတ်နောက်စဉ် အသတ်ခံရသည်။

မောင်ဘိုးလှိုင်၏ အမိ ဝန်ကတော်မယ်ငြိမ်းသည် ထိုအဖြစ်ကို ကြားသိရသောအခါ မင်းရာဇဝတ်ဒဏ်သည် သားသမီးများအပေါ် သက်ရောက်နိုင်သည်ဟု ယူဆကာ မင်းတုန်းမင်း၏ အိမ်တော်သို့ ခိုလှုံခွင့်တောင်းသည်။ သို့ရာတွင် မင်းတုန်းမင်းသားက လက်မခံထားဝံပဲ စကြာဒေဝီ မင်းသမီးကြီး၏ အိမ်တော်သို့တဆင့် ပို့လေသည်။ စကြာဒေဝီမင်းသမီးကြီးမှာ ဇီဝိတဒါန အခွင့်ထူးခံ မင်းသမီးကြီး ဖြစ်သောကြောင့် မောင်ဘိုးလှိုင်၏ အသက်ကို ချမ်းသာပေးရန် အခွင့်ရှိလေသည်။

ထိုသို့ဖြင့် မောင်ဘိုးလှိုင်သည် စကြာဒေဝီမင်းသမီးကြီး၏ အိမ်တော်တွင် ခိုလှုံခွင့် ရရှိလေသည်။ ထိုသို့ နန်းတွင်းရေးရှုပ်ထွေးချိန်တွင် ပြည်မင်းသားကြီးသည် ပုန်ကန်မှုကိုပြုလုပ်လေရာ ဘုရင့်တပ်မတော်က ပြန်လည်ဖမ်းမိသောကြောင့် ကွပ်မျက်လိုက်လေသည်။ ပြည်သူလူထု တစ်ရပ်လုံးက ဝမ်းနည်းမှုများ ဖြစ်ခဲ့ရသည်။ သို့ဖြင့် ပြည်သူတို့ စိတ်ကြိုက်မဟုတ်သော ပုဂံမင်းသားသည် နန်းတက် လာလေသည်။

ပုဂံမင်းသား ဘုရင်ဖြစ်သော် ပုဂံမင်းဟုပင် အမည်တွင်သည်။ မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့သည်လည်း လွှတ်တက် မင်းသားကြီးများ အဖြစ်ရောက်ရှိလာသည်။ ထိုအချိန်တွင် မောင်ဘိုးလှိုင်သည် ဗားကရာဆရာတော်ထံတွင် ပညာလေ့လာ ရှာမှီးနေပြီး မဲထီးဆရာတော်ထံ၌လည်း ပညာသင်ကြားခွင့် ရခဲ့လေသည်။ ထို့အပြင် ဗေဒင်ပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သော စကြာဒေဝီမင်းသမီးကြီးထံ မှလည်း ပညာများဆည်းပူးခွင့် ရရှိခဲ့သည်။

ထိုကာလ၌ ပြည်သူလူထုတို့က မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ကို ပုဂံမင်းထက် ပိုမိုကြိုက်နှစ်လို ကြလေသည်။ ထို့ကြောင့် ပုဂံမင်းက သူ၏ထီးနန်းတည်မြဲရန် ထိုညီနောင်ကို ရှင်းမှသာ ဖြစ်မည်ဟု မှတ်ယူလေသည်။ ထိုအချင်းအရာကို ကြိုတင်သိသော မင်းသားညီနောင်တို့က အကြံဦးကာ (၁၂၁၄)၊ ပြာသိုလဆန်းရှစ်ရက်တွင် ရွှေဘိုသို့ထွက်ခွာကာ ခြားနားကြလေသည်။ မဆွကပင် မင်းသားတို့အား စကြာဒေဝီမင်းသမီးကြီးက ဉာဏ်ပညာထက်မြက်သော မောင်ဘိုးလှိုင်ကို ခေါ်ဆောင်သွားသင့်ကြောင်းကို အကြံပေးပြောဖူးလေရာ မင်းသားညီနောင်တို့က မဲထီးကျောင်းတွင် ပညာသင်ကြားလျက်ရှိသော မောင်ဘိုးလှိုင်ကို ခေါ်ဆောင် သွားလေသည်။ ထိုအဖြစ်အပျက်မှာ ဦးဘိုးလှိုင်၏ ငယ်ဘဝ အဆုံးသတ်ကာ မင်းမှုထမ်းဘဝ ရောက်ရှိလာ ခြင်းပင်ဖြစ်လေတော့သည်။

အမှုထမ်းဘဝ
မောင်ဘိုးလှိုင်သည် မင်းသားညီနောင်နှင့်လိုက်ပါကာ ၊ ရွှေဘိုမြို့အား သိမ်းပိုက်ပြီးချိန်တွင် ချီးမြှင့် မြှောက်စားထိုက်သူများကို ချီးမြှင့်လေသည်။ မောင်ဘိုးလှိုင်ကို သားအဖြစ်မွေးစားကာ မင်းလှစည်သူဘွဲ့ အမည်ဖြင့် ယောမြို့ကို အပိုင်စားပေးသနားစေသည်။ ယောမြို့စားမင်းသားဟု ထင်ရှားလာလေသည်။ ထို့နောက်မင်းနေပြည်တော်ကိုရောက်ချိန်၊ မောင်ဘိုးလှိုင် အသက် ၂၄ နှစ်အရွယ်တွင် မင်းတုန်းမင်းတရားကြီးက မကွေးမြို့စား သတိုးမင်းကြီး မဟာမင်းလှစည်သူ ၏ သမီးအငယ်ဖြစ်သူ မခင်ဖြူနှင့် လက်ထပ်စေရန် အမိန့်ချမှတ်လိုက်လေသည်။ ထိုအချိန်၌ ခင်ဖြူသည် အသက် နှစ်ဆယ်မျှသာ ရှိသေးသည်။ မင်းမှုထမ်းရင်းနှင့် ကြင်ရာပါရလေသည်။

ဦးဘိုးလှိုင် အသက် ၂၈ နှစ် အရွယ်တွင် ယောမြို့စား အရာမှ တိုးမြှင့် ၍ အတွင်းဝန်ယောမြို့စား အရာသို့ သူကောင်းပြုခြင်း ခံရသသည်။ ဘွဲ့မည်ကိုလည်း မင်းလှစည်သူမှ မင်းကြီးမင်းလှမဟာစည်သူ ဟု ပေးအပ်ချီးမြှင့်လေသည်။ ဦးဘိုးလှိုင်၏ မင်းမှုထမ်းသက် ၂၆ နှစ်တွင် ခြောက်ကြိမ် အရာမှ နုတ်သိမ်းခံရသည်။ ပထမအကြိမ် သည် ၁၂၂၇ ခုနှစ်တွင် ဖြစ်၍ ရာဇဓမ္မသင်္ဂဟကျမ်းကို ဆက်သပြီးချိန် ၁၂၄၀ ခုနှစ်တွင် နောက်ဆုံးဖြစ်လေသည်။ ၁၂၃၈ ခုနှစ် ကဆုန်လမှစ၍ မင်းတုန်းမင်းတရားကြီး၏ တောင်နန်းမတော်ကြီး(စကြာဒေဝီ) နာမကျန်းဖြစ်တော်မူသည်။ ထိုအချိန်တွင် ဦးဘိုးလှိုင်၏ ရာထူးမှာ ရွှေပြည်ဝန် ဝက်မစွတ်မြို့စား မင်းကြီး မင်းလှမဟာစည်သူ ဖြစ်လေသည်။ ဤသည်မှာ ဦးဘိုးလှိုင်၏ မင်းမှုထမ်းဘဝ ဖြစ်ကာ သူ၏အရှင်သခင် အပေါ်တွင် များစွာအထောက်အကူ ပြုသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ခဲ့လေသည်။

စကြာဒေဝီမိဖုရားကြီး လွန်သော် မင်းတုန်းမင်းလည်း ပူဆွေးလှသဖြင့် မိဖုရားကြီးအလောင်းကို သင်္ဂြိုလ်ခွင့်လည်းမပေး၊ ညီလာခံလည်း မထွက်ပဲနေခဲ့သည်။ ထိုအခါ မှုးမတ်၊ မင်းညီမင်းသားများလည်း မလျှောက်တင်ဝံ့သဖြင့် အရာကျနေသည့် ဦးဘိုးလှိုင်ကို အကူအညီတောင်းရာ ဦးဘိုးလှိုင်လည်း စာတစ်စောင်ကို မှုးမတ်များကိုယ်စား ရေးသားပြီး ဆက်သလေသည်။ မင်းတုန်းမင်းလည်း စာကိုဖတ်လျှင် ဦးဘိုးလှိုင်လက်ရာမှန်းသိသောကြောင့်တစ်ကြောင်း၊ စာပါအချက်များမှာ ညီညွှတ်သည်ကြောင့်တစ်ကြောင်း စိတ်လျော့ကာ မိဖုရားကြီး အလောင်းကို သင်္ဂြိုလ်ခွင့်ပေးလေသည်။ ဦးဘိုးလှိုင်ကိုလည်း ပြန်လည်ခေါ်ယူကာ ဆူပူကြိမ်းမောင်းဟန်ပြုပြီး အရာပြန်ပေးခဲ့သည်။ ဦးဘိုလှိုင်သည် မင်းတုန်းမင်း လက်ထက်မှ သီပေါမင်း လက်ထက်တိုင် အတွင်းဝန်၊ မြို့စား၊ အတိုင်ပင်ခံ ပညာရှိ စသော ရာထူးတို့ဖြင့် အမှုထမ်းရွက်သည်။ တစ်ဖက်တွင်လည်း မြန်မာစာပေလောက၌ ထင်ရှားသော ဝိဇ္ဇာသိပ္ပံ ပညာရပ်ဆိုင်ရာ ကျမ်းများကို ပြုစုခဲ့သည်။

စိတ်ဓာတ်
မင်းမှုထမ်းဘဝ၌ ရှိစဉ် ဦးဘိုးလှိုင်သည် မင်း အလိုလိုက်၊ မင်း အကြိုက်မဆောင်ခဲ့ချေ။ ရာထူး စည်းစိမ်ကို မငဲ့ခဲ့။ မှန်ရာကို ပြောခဲ့၊ ရေးခဲ့၊ ပြုခဲ့သည်။ ဤတွင် မကြာခဏ ဘုရင် မျက်သည်ကို ခံခဲ့ရသည်။ သုံးကြိမ်ထက် မနည်း စည်းစိမ် နုတ်သိမ်းခြင်းခံရသည်။ အကျယ်ချုပ် ချထားခြင်း ခံခဲ့ရသည်။ သီပေါမင်း လက်ထက်တွင် ဦးဘိုးလှိုင်သည် အရာကျခဲ့ပြန်သည်။ ဦးဘိုးလှိုင်သည် သက်ဦးဆံပိုင် ဘုရင်စနစ်အရ အုပ်ချုပ်မှုကို တော်လှန်လျက် ပြည်သူ့အာဏာဖြင့် အုပ်ချုပ်မှုကို ကြိုဆိုသည့် "ရာဇဓမ္မ သင်္ဂဟကျမ်း"ကို ရေးသားပြုစုခဲ့ရာ ဘုရင်က မနှစ်သက်နိုင်အောင် ဖြစ်နေသည်။ ထိုအတော်အတွင်း ဘုရင်မင်းမြတ်သည် လွန်စွာ အသုံးအဖြုံး ကြီးသည်။ "ဘဏ္ဍာတော်ဆိုသည်မှာ ဆင်းရဲသားတို့၏ ချွေးနှဲစာမှ ညှစ်ထုတ်ယူထားသည် ဖြစ်၍ ကျောက်ခဲသလဲကဲ့သို့ သဘောမထားသင့်ပါ" ဟု ဆိုကာ ဘုရင့် ဘဏ္ဍာရေးအာဏာကို ကန့်သတ်ရန် ကြိုးပမ်းသည်။ ဤတွင် မိဘုရားက "ရှင်ဘုရင် လုပ်ရတာ ငလှိုင်ပေးသရွေ့နဲ့ စားရမတဲ့လား၊ ဒီလိုဖြင့် ရှင်ဘုရင်တောင် မလုပ်ချင်ပါဘူး" ဟူ၍ ဒေါသမာန် ပါပါဖြင့် ပြောရာ သီပေါမင်းကပါ နားယောင်လျက် ဦးဘိုးလှိုင်ကို ရာထူးမှ ချလိုက်သည်။ ဤအကြိမ်သည် နောက်ဆုံးအကြိမ် ရာထူးကျခြင်း ဖြစ်သည်။ ထပ်မံ ရာထူးခန့်အပ်ထားခြင်း မခံရတော့ပေ။ သို့ရာတွင် ဦးဘိုးလှိုင်သည် မမှုခဲ့၊ စိတ်ဓာတ်မကျခဲ့။ အေးချမ်းစွာ ခြံဥယျာဉ်အလုပ်ကို လုပ်ကိုင်လျက် မိမိ ဝါသနာပါသော ကျမ်းပြုခြင်း အလုပ်ကို လွတ်လပ်စွာ ဖိ၍ လုပ်ကိုင်ခဲ့လေသည်။

လူသားအကျိုးပြု လုပ်ငန်းများ
ဦးဘိုးလှိုင်သည် မြန်မာ၊ ပါဠိ၊ သက္ကတ စာပေတို့အပြင် မျိုးခြားစာပေများကိုလည်း ဆည်းပူး လေ့လာသည်။ အမှန်တရားကို စူးစမ်းရှာဖွေ၍ လည်း ထုတ်ဖော်လေ့ ရှိသည်။ မင်းတုန်းမင်း လက်ထက်တွင် "ကမ္ဘာသည် လုံးသည်၊ ပြားသည်" ဟူသော ပြဿနာ ပေါ်ပေါက်ခဲ့ရာ "ကမ္ဘာသည် လုံးသည်"ဟူသော အယူအဆဘက်မှ ရဲဝံ့စွာ မားမားမတ်မတ် ရပ်ခဲ့သည် ဆိုသည်။ ထို့ကြောင့် ကနောင်မင်းသားနှင့် ဦးဘိုးလှိုင်တို့သည် အလွန်အတွဲ ညီကြသည်။ သူတို့သည် ခေတ်သစ်ကို ထူထောင်လိုသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံကို အခြားသော တိုးတက်နိုင်ငံများ နည်းတူ တိုးတက်စေလိုသည်။ သို့မှလည်း နယ်ချဲ့ရန်ကို တွန်းလှန်နိုင်မည်ဟု မြင်ထားကြဟန် တူသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ခေတ်မီ တိုးတက်ရေးကို အစွမ်းကုန် ဆောင်ရွက်ကြသည်။ ဦးဘိုးလှိုင်က သဘောတရားရေးဆရာ၊ ကနောင်မင်းသားက လက်တွေ့ဆရာ ဖြစ်ရာ အလွန်လိုက်ဖက်ညီကြသည်။ ဘာသျှကာရ ဆရာစီရင်သော လိကာဝတီ ဂဏန်းကျမ်းကို သက္ကတဘာသာမှ မြန်မာဘာသာသို့ ဦးဘိုးလှိုင် ပြန်ဆိုခဲ့သည်မှာ ကနောင်မင်းသား၏ တိုက်တွန်းချက် အရ ဖြစ်ပေသည်။

ထိုစဉ်က ကနောင်မင်းသားကြီး၏ စီမံကိန်းအရ အင်္ဂလန်၊ ပြင်သစ်၊ အီတလီနိုင်ငံများသို့ မြန်မာ ပညာတော်သင်များ စေလွှတ်ခဲ့သည်။ ယင်းတို့ အထဲတွင် ဦးဘိုးလှိုင်၏ တပည့်များစွာလည်း ပါဝင်သည်။ ဦးဘိုးလှိုင်သည် ထိုသူတို့၏ အကူအညီဖြင့် အနောက်တိုင်း ဝိဇ္ဇာသိပ္ပံ ပညာရပ်တို့ကို ကောင်းစွာ လေ့လာဆည်းပူးခွင့် ရခဲ့သည်။ တစ်ဖန် ယင်းတို့ကို လေ့လာဆည်းပူးရုံဖြင့် အားမရ၊ မြန်မာလူထု လက်သို့ရောက်အောင်လည်း ဆီလျှော်အောင် ပြန်ဆို ပြုစုပေးခဲ့သည်။

ရေးသားခဲ့သော ကျမ်းများ
ဦးဘိုးလှိုင်သည် ၁၂၂၂ ခုနှစ်မှစ၍ ၁၂၄၂ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော်အတွင်းတွင် ကျမ်းစာပေါင်းများစွာ ပြုစုရေးသားခဲ့သည်။ ထိုကျမ်းစာများသည် မြန်မာ့စွယ်စုံကျမ်း အတွဲ (၈) တွင်ပါဝင်၍ အောက်ပါအတိုင်းဖြစ်သည်။

လိကာဝတီ ဂဏန်းကျမ်း(၁၂၂၅ ခုနှစ်) အိမ်ရှေ့စံကနောင်မင်းသားကြီး၏ အမိန့်တော်ကြောင့် ရေးသည်။
လောကဓာတ် ဆေးကျမ်း(၁၂၃၀ ခုနှစ်) ဖန်ချက်ဝန်ထောက် မင်းထင်ပညာသိဒ္ဓိကျော် နှင့် အတူရေးသည်။
လိပိဒိပိယာကျမ်း၊ ကြေးနန်းရိုက်ကျမ်း (၁၂၃၁ ခုနှစ်) ထိုကျမ်းကို အင်္ဂလိပ်သံအရာရှိ မက်မာဟွန်က အင်္ဂလိပ်ဘာသာ သို့ပြန်ဆိုခဲ့သည်။
သဒ္ဒသင်္ဂဟ ကျမ်း(၁၂၃၁-၁၂၃၅ ခုနှစ်)
အဿဗေဒကျမ်း (၁၂၃၁ ခုနှစ်) မြင်း၏ကြင်အင်လက္ခဏာပြကျမ်းဖြစ်၍ ဘုရင့်အမိန့်တော်အရရေးသည်။
ဝိမုတ္တိရသကျမ်း(၁၂၃၃ ခုနှစ်)
မဟာ သမ္မတ ဝိနိစ္ဆယကျမ်း(၁၂၃၄ ခုနှစ်)
ကာယနုပဿနာကျမ်း(၁၂၃၇ ခုနှစ်) စလင်းမင်းသမီး၏တောင်းပန်ချက်အရရေးသည်။
ဝိပဿနာ ဉာဏ်ဆယ်ပါး(၁၂၃၉ ခုနှစ်)
ရာဇဓမ္မ သင်္ဂဟကျမ်း(၁၂၄၀ ခုနှစ်)
နဝသိဒ္ဓန္တ လက်ရိုးကျမ်း(၁၂၄၁ ခုနှစ်)
ဥတုဘောဇန သင်္ဂဟကျမ်း(၁၂၄၂ ခုနှစ်)
အလင်္ကာနိဿယကျမ်း(၁၂၄၂ ခုနှစ်)
မဟာသုဇာတက ဗေဒင်ကျမ်း(၁၂၄၃ ခုနှစ်)
မဟာသုဇာတက (၁၂၄၃ ခုနှစ်)
နဝသိဒ္ဓန္တကျမ်း
အသုတသာဂရကျမ်း
နိဗ္ဗာန်ရောက်ကြောင်း စာတမ်း
ဝိဇယသုတ်
သံဌသုတ်
သမသနဉာဏ်တော် ၁၀ ပါးအကျယ်
သဒ္ဒသင်္ဂဟကျမ်း စသဖြင့် ကျမ်းပေါင်း (၁၉) အုပ်ပါရှိသည်။
ထို့သို့ မြောက်မြားစွာရေးသားသည်မှာ သူတစ်ဦးတည်းနှင့်ပင် တက္ကသိုလ်ကျောင်းတစ်ကျောင်း ထူထောင်နိုင်လောက်အောင် တတ်ကျွမ်းသူတစ်ဦးဖြစ်လေသည်။

ယင်းတို့အနက် လောကဓာတ် ဆေးကျမ်းသည် ပြင်သစ်ဘာသာဖြင့် ပါမောက္ခ အင်ဒရီ မရီ အမ်ပီယာ (Andre Marie Ampere) ရေးသည့် ဓာတုဗေဒ ပညာရပ်ဆိုင်ရာ ကျမ်းကို မြန်မာဘာသာဖြင့် ဆီလျော်အောင် ပြန်ဆိုသော ကျမ်းဖြစ်သည်။ ပြင်သစ်ပြန် ဖန်ချက်ဝန်ထောက် မင်းထင်ပညာ သိဒ္ဓိကျော်၏ အကူအညီဖြင့် ပြန်ဆိုသည်။ ယင်းကျမ်း၌ ဓာတုဗေဒ ပညာရပ်ကိုသာမက ရူပဗေဒပညာရပ်ကိုပါ တင်ပြထားသည်။ ဓာတုဗေဒ သဘောဖြစ်သော ဓာတ်အကြောင်း၊ ဓာတ်စင်တို့ အကြောင်း စသည်တို့ကို တင်ပြသည့် နည်းတူ ရူပဗေဒသဘောဖြစ်သော အလင်း၊ အပူ၊ လျှပ်စစ်၊ အသံ စသည်တို့ အကြောင်းကိုလည်း တင်ပြထားသည်မှာ စုံလင်လှပေသည်။ ယင်းကျမ်းသည် ဘာသာပြန်ဆိုပုံကို ကျစ်လစ် သိပ်သည်း၍ အဓိပ္ပါယ် တိကျသည်ဟု ဆိုကြသည်။ ခဲရာခဲဆစ်ဖြစ်သော သိပ္ပံဝေါဟာရတို့ကို မြန်မာ အဂ္ဂိရတ်ကျမ်းတို့၌ ရှိပြီးဖြစ်သော ပါဠိ၊ သက္ကတ ဝေါဟာရတို့နှင့် ညှိုနှိုင်း ပြန်ဆိုထားသည်။ ဥပမာ- အခဲကို ဃန၊ အရည်ကို ဒဝ၊ အခိုးကို ဓုမ၊ ဒြပ်စင်ကို သုဒ္ဓ၊ အောက်စီဂျင်ကို ရီတိဇ စသည်ဖြင့် ပြန်ဆိုထားသည်။ ထိုခေတ် လူတို့ နှစ်သက်လက်ခံသော ဝေါဟာရများကို ဦးစားပေး အသုံးပြုထားခြင်းပင် ဖြစ်သည်။

လိပိဒိပိကာ ကျမ်းသည် မော့စ် ဥပဒေကို အခြေခံထားလျက် မြန်မာဘာသာဖြင့် ကြေးနန်းရိုက်နည်းကို တီထွင်ပြုစုသော ကျမ်းဖြစ်သည်။ ထိုကျမ်းကို မန္တလေးမြို့၌ ရုံးစိုက်သော ဗြိတိသျှ ကိုယ်စားလှယ် မေဂျာ မက္ကမေဟန်က အင်္ဂလိပ်ဘာသာ ပြန်ဆိုသည်။ မြန်မာမင်းပိုင် နေပြည်တော်အတွင်း ကြေးနန်းသွယ်တန်း ဆက်သွယ်ပြီးနောက် ကြေးနန်းဆက်သွယ်ရေး အလုပ်သမားတို့ အကျိုးငှာ ပြုစုခြင်း ဖြစ်သည်ဆိုသည်။ ကာယာနုပဿနာကျမ်းသည် အီတာလျံ ဘာသာဖြင့် ရေးသားထားသော ခန္ဓာဗေဒကျမ်း (Anotomy)ကို ဗုဒ္ဓဘာသာ ကမ္မဌာန်းတရားနှင့် ယှဉ်ပြသော ကျမ်းဖြစ်သည်။ မဟာသုဇာတက ကျမ်းမှာမူ ဗေဒင်ပညာရပ်တို့ကို နက္ခတ္တဗေဒ (Astronomy) နှင့် ယှဉ်ပြသော ကျမ်းဖြစ်သည်။ အထင်ရှားဆုံးမှာ "ဥတုဘောဇန သင်္ဂဟကျမ်း" ဖြစ်သည်။ နောက်ဆုံး ရာထူးကျပြီးနောက် ရေးသားပြုစုသော ကျမ်းဖြစ်သည်။ ပါဠိ၊ သက္ကတ ဆေးကျမ်းများနှင့် အနောက်တိုင်း ဆေးကျမ်းတို့ကို မှီငြမ်းပြုကာ မြန်မာ့မူ၊ မြန်မာ့ဟန်မပျက် တင်ပြထားသော ဆေးကျမ်းဖြစ်သည်။ ထိုခေတ် မြန်မာပြည်သူတို့အတွက် ကျန်းမာရေး လမ်းညွှန်ဖြစ်သည် ဟုဆိုလျှင် သင့်ပေသည်။ ထိုကျမ်းကို ဦးဘိုးလှိုင်သည် မကွယ်လွန်မီ ၃ နှစ် အလိုတွင် ရေးသားပြီးစီးခဲ့သည်။ သူ ကွယ်လွန်ပြီး တစ်နှစ်အကြာတွင် ၁၂၄၆ ခုနှစ်တွင် သီပေါဘုရင် ပုံနှိပ်တိုက်၌ ရိုက်နှိပ်ခဲ့သည်။ ဥတုဘောဇန သင်္ဂဟကျမ်းသည် ဆေးပညာအနေဖြင့် အဖိုးထိုက်သော ကျမ်းတစ်ကျမ်းလည်း ဖြစ်သည်။ မြန်မာစကားပြေ အရေးအသား အနေဖြင့်လည်း အဖိုးထိုက်သော ကျမ်းတစ်ကျမ်း ဖြစ်သည်။ စံပြုထိုက်သော ကျမ်းဖြစ်သည်။ အရေးအသားမှာ အပိုအလို မပါ။ လွန်စွာ ကျစ်လစ် သိပ်သည်းသည်။ တိကျသည်။ ရှင်းလင်းသည်။ ပြတ်သားသည်။ ထိုကျမ်း၌ ကာဗွန်ကို မီးသွေး၊ Acid ကို ငရဲမီး၊ Beer ကို ဗျစ်ခါး စသည်ဖြင့် ပြန်ဆိုထားသည်။ မြန်မာဘာသာ ပြန်ဆို၍ မထိမိသော ဝေါဟာရများကိုမူ ဟိုက်ဒရော်ဂျင် (Hydrogen)၊ အောက္ကစီဂျင် (Oxygen)(အထက်တွင်-ရီတိဇဟု ဖော်ပြထားသည်)၊ နိုက်ထရကာစစ် (Nitric Acid)၊ ကလော်ရစ် အာစစ် (Chloric Acid)၊ ဝှစ္စကီ (Whisky)၊ ဗြန္တီ (Brandy)၊ ရွန် (Rum)၊ ဝိုင် (Wine)၊ ဇင် (Gin) စသည်ဖြင့် အသံလှယ် ပြန်ဆိုထားခဲ့သည်။ နည်းမှီး အတုယူဖွယ်ပင် ဖြစ်လေတော့သည်။ မြန်မာ့သမိုင်းတွင် မက္ခရာ မင်းသားကြီးသည် ရီး၏ စွယ်စုံကျမ်း ( Ree's Encyclopedia) မှ သိပ္ပံပညာရပ်အချို့ကို မြန်မာဘာသာ ပြန်ဆိုသည်ဟု ဆိုသည်။ သို့ရာတွင် အခိုင်အခံ့ကား မကျန်ခဲ့ပေ။ မက္ခရာ မင်းသားကြီးနည်းတူ အခြား ပြန်ဆိုသူများ ရှိကောင်း ရှိဦးမည်လား မဆိုနိုင်ပေ။ သို့ရာတွင် အခိုင်အခံ့ကား မကျန်ခဲ့ပေ။ အခိုင်အခံ့ ရပ်တည်ကျန်ရှိနေသည်ကား ဦးဘိုးလှိုင်၏သိပ္ပံစာပေတို့သာ ဖြစ်သည်။ ဤတွင် မြန်မာလူမျိုးများထဲ၌ အနောက်တိုင်း သိပ္ပံစာပေကို အခိုင်အခံ့ တည်ရစ်အောင် ပထမဆုံး ပြန်ဆို ပြုစုခဲ့သူမှာ ဦးဘိုလှိုင်ပင် ဖြစ်သည်ဟု ဆိုသော် ရအံ့ထင်သည်။ ဦးဘိုးလှိုင်သည် ယင်းသို့ပညာအရာ၌ စံတင်ထိုက်သည်သာမက စိတ်ဓာတ်အရာတွင်လည်း စံတင်ထိုက်သည်။ သက်ဦးဆံပိုင် ဘုရင် ထံပါတွင် အမှုထမ်းရပါလျက် အသက်အိုးအိမ် စည်းစိမ်ကို ဂရုမပြု။ ပြည်သူတို့ဘက်မှ နေ၍ မှန်ရာကို ပြောခဲ့၊ ရေးခဲ၊ ပြုခဲ့သည်မှာ လွန်စွာ အံ့ချီးဖွယ်ရာ ဖြစ်ပေသည်။ ဦးဘိုးလှိုင်သည် သူရ သတ္တိနှင့် ပြည်စုံသည်သာမက၊ အလွန်ဖြောင့်မတ်၏။ ပွင့်လင်း၊ ပြတ်သားသည်။ ထိုပြင် ခွင့်လွှတ်တတ်သော သဘောလည်း ရှိ၏။ မိမ အရာကျအောင် ကုန်းချောသော သူများကို မည်သည့်အခါမှ ရန်တုန့်မမူခဲ့ပေ။ တစ်ခါသော် ဦးဘိုးလှိုင်အား အရာကျအောင် မင်းတုန်းမင်းအား ကုန်းချောခဲ့သော တောင်ထားဝယ်ဗိုလ်ကလေး ရတနာ့ဂူ ဘုရားပွဲတော်၌ မီးကျဉ်သင့်၍ သေဆုံးသွားသည်။ ထိုအခါ မင်းမှုထမ်း တစ်ဦးက "ဝန်မင်းကို ကုန်းချောတဲ့သူ သေပါရော့လား။ ရှေးက ဝိပါတ် ၇ ရက်၊ ကာလဝိပါတ် နောက်ပိုးတတ်ဆိုတာ မှန်ပါရော့လား" ဟု ဝမ်းသာအားရ ပြောလာသည်။ ဤတွင် ဦးဘိုးလှိုင်က "သူသေတာ ငါနှင့် မဆိုင်ပါဘူးကွယ်။ သူလည်း သူ့ကံနဲ့သူ။ ငါလည်း ငါ့ကံနဲ့ ငါပါ။ သည်ဟာနှင့် စပ်လျဉ်းလို့ နောက်ထပ် မည်သူ့ကိုမျှ မပြောလေနှင့်နော်" ဟူ၍ တားမြစ်ခဲ့လေသည်။

ကွယ်လွန်ချိန်
ဦးဘိုးလှိုင်သည် အသက် ၅၄ နှစ်အရွယ်၊ ၁၂၄၅ ခုတွင် ကွယ်လွန်သည်။ ကွယ်လွန်ခါနီး တစ်လခန့်အလိုတွင် သူ၏ ငယ်သူငယ်ချင်း ဦးတူကို အိမ်သို့ ခေါ်ထားသည်။ သူငယ်ချင်းနှစ်ယောက် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုကြသည်။ ဗုဒ္ဓတရားတော်ကို ဆွေးနွေးကြသည်။ ရွတ်ဖတ်သရဇ္ဈာယ် ပြုကြသည်။ ယင်းသို့ ပြုရင်းပင် ဦးဘိုးလှိုင်သည် သေခြင်းတရားကို တုန်လှုပ်ကြောက်ရွံ့ခြင်း မရှိ။ အေးအေးဆေးဆေး ရင်ဆိုင်သွားခဲ့သည်။ သူကွယ်လွန်သည်မှာ ကာလကြာပြီး ဖြစ်သော်လည်း သူ့အမည်၊ သူ့စာ၊ သူ့စိတ်ဓာတ်၊ သူကြိုးပမ်းချက်တို့ကား မကွယ်ပေ။ ယနေ့တိုင် ရှင်သန်ဆဲပင် ဖြစ်ပေသည်။

Posted by Khaing Mye
Credit to Wikipedia.

U Ba Win



(၁၉၀၁-၁၉၄၇)
မွေးသက္ကရာဇ် ၁၂၆၃-ခုနှစ် နယုန်လဆုတ် ၁၁-ရက် (အင်္ဂါနေ့)
၁၁ ဇွန် ၁၉၀၁ ခုနှစ်
အမည်ရင်း မောင်စံတင်
မိဘအမည် ဦးဖာ + ဒေါ်စု
မွေးဖွားရာဒေသ နတ်မောက်မြို့၊ မကွေးတိုင်း
နိုင်ငံသား  မြန်မာနိုင်ငံ
လူမျိုး ဗမာလူမျိုး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဘီ၊အက်စ်စီ (သင်္ချာဂုဏ်ထူး)
အလုပ်အကိုင် ဝန်ကြီး၊ ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာန
ကြင်ဖော် ဒေါ်ခင်စော
သားသမီး မတင်လှဝင်း၊မောင်စောဝင်း၊မောင်အေးဝင်း၊မခင်မြဝင်း၊မောင်စိန်ဝင်း၊မောင်ထွေးဝင်း
ထင်ပေါ်ကျော်ကြားမှု အာဇာနည် ကိုးဦး
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၁၉ ဇူလိုင် ၁၉၄၇
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ


ဦးဘဝင်း၊ ( မြန်မာ ၁၂၆၃-၁၃ဝ၉ )
လူမသမာတို့ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးကြရရှာသော အာဇာနည်ခေါင်းဆောင်ကြီး ၆ ဦးအနက် ဦးဘဝင်းသည် တစ်ဦးအပါအဝင် ဖြစ်သည်။ ဦးဘဝင်းသည် ဘုရင်ခံ ဆာ ဟူးဘတ် ရန့်(စ်)၏ အမှုဆောင်ဝန်ကြီးအဖွဲ့တွင် ကူးသန်းရောင်းဝယ်ရေးကြီးအဖြစ် ထမ်းဆောင်နေစဉ် လုပ်ကြံခံရခြင်းဖြစ်သည်။

ဦးဘဝင်းသည် ဗိုလ်ချုပ်အောင်ဆန်း ၏ အစ်ကို အကြီးဆုံး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၆၃-ခုနှစ် နယုန်လဆုတ် ၁၁-ရက်အင်္ဂါနေ့တွင် နတ်မောက်မြို့ အထက်တန်း အမိန့်တော်ရရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ မွေးဖွားသောမွေးချင်း ၉-ယောက်တို့အနက် အကြီးဆုံးသားဖြစ်သည်။ ဇာတာအမည် မောင်စံတင်ဖြစ်သည်။
ပညာရေး
ဦးဘဝင်းသည် ၅-နှစ်သားအရွယ်တွင် နတ်မောက်မြို့ဆရာကြီး ဦးဝကြီး ကျောင်းတွင်စတင်ပညာသင်ကြားရာ ၇-နှစ်သားအရွယ်တွင် ၃-တန်းအောင်ခဲ့သည်။ တဖန် ဆရာသက်ကျောင်းသို့ ပြောင်းနေရာ ၁၂-နှစ်အရွယ်တွင်မြန်မာ ၇-တန်း စာမေးပွဲကိုကောင်းစွာ အောင်မြင်ခဲ့သည်။ ထိုမှတဖန် တောင်တွင်းကြီးမြို့ ဆရာတော်ဦးသုန္ဒရကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားပြန်သည်။ ၁၆-နှစ်အရွယ်တွင် ၉-တန်းနှင့် ဆရာဖြစ်သင်စာမေးပွဲကို အောင်မြင်ပြီးနောက် ၁၇-နှစ်သားအရွယ်တွင် ရေနံချောင်းမြို့ဆရာဦးဟံသာ ကျောင်းတွင် လက်ထောက်ဆရာအဖြစ်အမှုထမ်းသည်။ လက်ထောက်ဆရာအဖြစ်ထမ်းရွက်နေရင်း ဦးဘဝင်းသည် တတ်နိုင်သရွေ့ အင်္ဂလိပ်စာကိုလေ့လာသင်ယူရာ အင်္ဂလိပ်စာ အတော်အတန် တတ်မြောက်လာ သောအခါ ဆရာအလုပ်မှထွက် ရေနံချောင်းမြို့ ဘီအိုစီဂိုဒေါင်တွင် စာရေးကလေး အဖြစ် ဝင်ရောက်လုပ်ကိုင်သည်၊ လခစားအဖြစ်ရသမျှဝင်ငွေဖြင့် အင်္ဂလိပ်စာအုပ်များဝယ်ဖက်ကာ ရေနံချောင်းမြို့ ဆရာဦးအေးမောင်ထံတွင် ညကျောင်းတက်သည်။ ယင်းသို့ဖြင့်ကြိုးစားလာခဲ့ရာ အသက်၂၀-အရွယ်တွင် အင်္ဂလိပ်ဘာသာ ၁၀-တန်းစာမေးပွဲကို ဂုဏ်ထူးဖြင့်ဖြေဆိုအောင်မြင်ခဲ့ လေသည်၊ ၁၀-တန်းအောင်သည်နှင့် တပြိုင်နက် ဦးဘဝင်းသည် အလုပ်မှထွက်ကာ မန္တလေးဥပစာကောလိပ်သို့ မိဘများအထောက်အပံ့ဖြင့် သွားရောက်သင်ယူပြန်သည်၊ ဥပစာကောလိပ်တွင် သိပ္ပံတန်းကိုဂုဏ်ထူးဖြင့် အောင်မြင်သဖြင့် အစိုးရစကောလားရှစ် ဆုချီးမြှင့်ခြင်းခံရသည်။ မန္တလေး ဥပစာကောလိပ်မှ ဥပစာတန်းအောင်မြင်သူများတွင် ပထမရရှိခဲ့သည်။ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့သည်။၁၉၂၉ ခုနှစ်တွင် ဘီ၊အက်စ်စီ သင်္ချာဂုဏ်ထူးဖြင့်အောင်မြင်သည်။ ဥပစာသိပ္ပံတန်းအောင်မြင် ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ဆက်လက်သင်ယူရာ သိပ္ပံဂုဏ်ထူးတန်းကိုထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့သည်၊ ၁၉၃၅ ခုနှစ်တွင် တောင်တွင်းကြီးမြို့မှ ဦးအံ့၊ဒေါ်ရွှေမေတို့၏ သမီးဒေါ်ခင်စောနှင့် လက်ထပ်ခဲ့သည်။

ကျောင်းဆရာဘဝ
ထို့နောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာ အဖြစ်ဝင်ရောက်အမှုထမ်းသည်။ ယင်းသို့အမှုထမ်းနေစဉ် သက္ကရာဇ် ၁၂၉၇-ခုနှစ်တွင် တောင်တွင်းကြီးမြို့ မြေပိုင်ရှင်ဦးအံ့၊ ဒေါ်ရွှေမေတို့ သမီးကြီး ဒေါ်ခင်စောနှင့် အိမ်ထောင်ပြုသည်။ ခရစ်နှစ် ၁၉၄၁-မှ ၁၉၄၂-ခုထိ (ရေနံချောင်း အမျိုးသားကျောင်းမှထွက်) ဖြူးမြို့ ကေအီးအမ် အမျိုးသားကျောင်း တွင်ကျောင်းအုပ်ကြီး အဖြစ်ဆောင်ရွက်သည်။ မြန်မာနိုင်ငံသို့ ဂျပန်များဝင်လာချိန် ၁၉၄၂-ခုကုန်ခန့်တွင် ဦးဘဝင်းသည်ဇာတိ နတ်မောက်မြို့ သို့ပြန်ကာ မိခင်အိုကြီးအား စောင့်ရှောက်နေထိုင်သည်။
နိုင်ငံရေးဆောင်ရွက်မှု
ဘီအိုင်အေခေတ် အုပ်ချုပ်ရေးအဖွဲ့တွင် ဦးဘဝင်းသည် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရာ တမြို့နယ်လုံး၏ ကြည်ညိုလေးစား ခြင်းကိုခံရသည်။ ဂျပန်ပြေးပြီး အင်္ဂလိပ်ပြန်ဝင်လာသောအခါ ရေနံချောင်းသို့ပြောင်းရွှေ့ နိုင်ငံရေးဆောင်ရွက်သည်။ ရေနံချောင်းနယ်လုံးဆိုင်ရာ ဖဆပလ အဖွဲ့တွင် ဥက္ကဋ္ဌကြီးအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဦးဘဝင်းကား ဖဆပလ ဥက္ကဋ္ဌအဖြစ် တောရောမြို့ပါ ကြည်ညိုလေးစားခြင်း ခံရသူဖြစ်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇-ဧပြီလတွင်ကျင်းပ သောအခါ ဦးဘဝင်းသည် မကွေးအနောက်မြောက်ပိုင်း အမတ်အဖြစ် ပြိုင်ဘက်မရှိ ရွှေးချယ်တင်မြှောက်ခြင်းခံရသည်၊ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီတွင်လည်း ပါဝင်ခဲ့သည်။

ဘဝနိဂုံး
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အမှုဆောင်ဝန်ကြီးအဖွဲ့တွင် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်နေစဉ် ၁၉၄၇-ဇူလိုင်လ ၁၉-ရက်နေ့တွင် နံနက် ၁၀ နာရီ ၃၇ မိနစ် လုပ်ကြံခြင်းခံရလေသည်။ ဦးဘဝင်းသည် ရိုးသား အေးဆေးသူဖြစ်သည်။ ဝါကြွားခြင်းကိုမုန်းတီး တဖက်သားကို အားနာတတ်သည်။ ဇွဲအလွန်ရှိပြီး လုံ့လဝီရိယ နှင့်ပြည့်စုံသည်။ ဉာဏ်အလွန်ထက် တပည့်များအပေါ် စေတနာကောင်းလှသဖြင့် တပည့်များသာမက ယင်းတို့ မိဘများကပါလေးစား ကြည်ညိုကြသည်။ သားသမီး ၆ ယောက် ကျန်ခဲ့ရာ အကြီးဆုံးမှာ ၁၁ နှစ်အရွယ်ရှိပြီးလျှင် အငယ်ဆုံးမှာ ၁ဝ လားသာ ရှိသေးသည်။ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်စော နှင့် သမီး မတင်လှဝင်း၊ သားမောင်စောဝင်း၊ မောင်အေးဝင်း၊သမီး ခင်မြဝင်း၊သားမောင်စိန်ဝင်း၊ မောင်ထွေးဝင်းတို့ကျန်ရစ်သည်။ 

Posted by Khaing Mye
Credit to Wikipedia. 

Thursday, May 25, 2017

ဗိုလ်ချုပ်အောင်ဆန်း ( General Aung San)သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ စစ်သေနာပတိတစ်ဦးဖြစ်သည့်အပြင် နိုင်ငံရေးသမားလည်း ဖြစ်သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုန်းစေပြီး မြန်မာတနိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း (၃၀) အကြာတွင် ဖြစ်ပါသည်။ နတ်မောက်နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။ အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ် သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက် လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။
ဗိုလ်ချုပ်
အောင်ဆန်း
Aung San color portrait.jpg

5th Premier of British Crown Colony of Burma
Deputy Chairman of the Executive Council of Burma
တာဝန်သက်တမ်း
၂၆ စက်တင်ဘာ ၁၉၄၆ – ၁၉ ဇူလိုင် ၁၉၄၇
ယခင်လူ ဆာပေါ်ထွန်း
ဆက်ခံသူ ဦးနု (ဝန်ကြီးချုပ်အဖြစ်)
ဖဆပလ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၇ မတ် ၁၉၄၅ – ၁၉ ဇူလိုင် ၁၉၄၇
ယခင်လူ မရှိ
ဆက်ခံသူ ဦးနု
မြန်မာနိုင်ငံ စစ်ဘက်ဝန်ကြီး
တာဝန်သက်တမ်း
၁ ဩဂုတ် ၁၉၄၃ – ၂၇ မတ် ၁၉၄၅
ယခင်လူ မရှိ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား ထိန်လင်း
၁၃ ဖေဖော်ဝါရီ၊ ၁၉၁၅
နတ်မောက်မြို့မကွေးဗြိတိသျှဘားမား
ကွယ်လွန် ဇူလိုင် ၁၉၊ ၁၉၄၇ (အသက် ၃၁)
ရန်ကုန်မြို့၊ ဗြိတိသျှဘားမား။
သင်္ဂြိုလ်ရာနေရာ အာဇာနည်ဗိမာန်၊ ရန်ကုန်မြို့။
လူမျိုး မြန်မာ
နိုင်ငံရေးပါတီ ဖဆပလ
ဗမာပြည်ကွန်မြူနစ်ပါတီ
ကြင်ဖော် ဒေါ်ခင်ကြည် (၆ စက်တင်ဘာ ၁၉၄၂)
ဆွေမျိုးသားချင်း ဦးဖာ (ဖခင်)
ဒေါ်စု (မိခင်)
ဘဝင်း (အစ်ကို)
စိန်ဝင်း (တူ)
သားသမီး အောင်ဆန်းဦး
အောင်ဆန်းလင်း

အောင်ဆန်းစုကြည်
မိခင်ကျောင်း ရန်ကုန်တက္ကသိုလ်
ရေနံချောင်း အထက်တန်းကျောင်း
အလုပ်အကိုင် နိုင်ငံရေးသမား၊ ဗိုလ်ချုပ်
ကိုးကွယ်သည့်ဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
လက်မှတ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ ဗမာ့အမျိုးသားတပ်မတော်
ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်
ဗမာပြည် ကွန်မြူနစ်ပါတီ
ရာထူး ဗိုလ်ချုပ် (ထိုစဉ်က တပ်မတော်တွင် အမြင့်ဆုံးရာထူး)
ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်းဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ “ဗိုလ်လရောင်” ခေါ် “ဦးမင်းရောင်” အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။ “ကုလားတို့ ကျွန်မခံ” ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးကား အောင်ဆန်းမိသားစုနှင့် နယ်သူနယ်သားများ ဂုဏ်ယူစံထား အားကျဖွယ်ရာ ဖြစ်လာပါသည်။

အမည်

ဇာတာတွင်ပါရှိသည့် အမည်မှာ ‘မောင်ထိန်လင်း’ ဖြစ်သည်။ မိဘများက အကိုဖြစ်သူ အောင်သန်း နှင့် လိုက်ရန် အောင်ဆန်း ဟု ခေါ်ခဲ့သည်။ တို့ဗမာအစည်းအရုံးဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ တရုတ်အမည်မှာ ထန်လုရှိုဖြစ်ကာ၊ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိတ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။ တော်လှန်ရေးကာလအတွင်းတွင် အသုံးပြုခဲ့သော လျှို့ဝှက်အမည်များမှာ ဦးနောင်ချို၊ မျိုးအောင် ဟူ၍ဖြစ်ပြီး၊ ထောက်လှမ်းရေးရှေ့ပြေးဖြစ်သည့် ဗိုလ်နေဝင်းနှင့် ဆက်သွယ်သော လျှို့ဝှက်အမည်မှာ ကိုစက်ဖေဖြစ်သည်။ ထို့အပြင် အရိုင်း၊ ငမိုး စသည်ဖြင့် မိတ်ဆွေ၊ သူငယ်ချင်းများက ချစ်စနိုးဖြင့် နောက်ပြောင်ခေါ်သည့် အမည်များလည်း ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ဆွေစဉ်မျိုးဆက် ဇယား

ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတာ

လူငယ်ဘဝ

ညီအကိုမောင်နှမ (၆) ဦး (ကလေးဘဝကပင် ကွယ်လွန်ကြသူများအပါအဝင်ဆိုလျှင် မွေးချင်း - ၉ ဦး) အနက် အထွေးဆုံးဖြစ်သူ အောင်ဆန်းသည် သူကိုယ်တိုင်ရေးခဲ့သော မှတ်တမ်းအရ ညစ်ပတ်ချူချာ အစားကြူး၍ လုံးဝနှစ်လိုဖွယ်မဟုတ်သော ကလေးတဦးဖြစ်ပါသည်။ စကားပြောလည်း နောက်ကျလှသဖြင့် မိသားစုက ‘ဆွံ့အ’ နေသလားဟူ၍ပင် ပူပင်ခဲ့ရ၏။ သို့သော် အောင်ဆန်းကလေးသည် ပရိယာယ်မရှိခြင်း၊ အလွန်ရိုးသားဖြောင့်မတ်ခြင်း၊ ဆင်းရဲသူများအား သနားကြင်နာတတ်ခြင်း စသော ချစ်စဖွယ်စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု သူ့ အားငယ်စဉ်က ကောင်းစွာသိခဲ့သူများနှင့် သူ့မိသားစုဝင်များက ကောက်ချက်ချကြပါသည်။
အောင်ဆန်းမိသားစုမှာ ဉာဏ်ရည်ကောင်းပြီး ပညာဖက်တွင် ထွန်းပေါက်သူများအဖြစ် နာမည်ကောင်းရထားပါသည်။ အောင်ဆန်း၏ အကို (၃) ဦးမှာ အသက်ငယ်⁠ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင်ဆန်းမှာမူ အမေပါတက်မှ ကျောင်းတက်မည်ဆိုကာ ကတ်ဖဲ့နေ၏။ စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဟု ဆိုရမည် ဖြစ်သော ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ဟု အလိုလိုက်ထားခဲ့၏။
သို့ဖြင့် (၈) နှစ်သားအရွယ်ရောက်သောအခါမှ အောင်ဆန်း ကျောင်းတက်ရန် ဆုံးဖြတ်ပါတော့သည်။ အကိုဖြစ်သူ အောင်သန်း ရှင်သာမဏေဘောင်သို့ ဝင်သောအခါ၌ ဘုန်းကြီးကျောင်းနေ သံဃာတို့ဘဝကို သဘောကျ၍ ပေလား၊ ရှင်လောင်းများစီးသည့် ကကြိုးတန်ဆာ ဆင်ရင်ထားသောမြင်းဖြူလေးကို သဘောကျ၍လားမသိ၊ အောင်ဆန်းက သူလည်း ရှင်ပြုချင်ပါသည်ဟု ဆိုလာပါတော့သည်။ လိမ္မာပါးနပ်သော အမေက အခွင့်ကောင်းကို ချက်ချင်းယူ၍ ရှင်မပြုမီ စာရေးစာဖတ်တတ်ရန် လိုမည်ဟု ထောက်ပြလိုက်ပါသည်။
ကျောင်းစတက်သည်ဆိုသည်နှင့် အောင်ဆန်းသည် ထူးချွန်သော ကျောင်းသားတဦးဖြစ်ကြောင်း ပေါ်လွင်လာပါသည်။ စာကြိုးစား၍ စည်းကမ်းရိုသေပြီး အတန်းထဲတွင် အစဉ်ထိပ်တန်းက ရှိနေခဲ့ပါသည်။ အောင်ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါသည်။ လောကုတ္တရာပညာသာမက ခေတ်သစ်ပညာရပ်အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုးဖြစ်ပါသည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်းမရှိပေ။
ထိုအချိန်က အထက်တန်းပညာသင်ကြားရာ၌ လိုအပ်ချက်တခုဖြစ်သော အင်္ဂလိပ်စာကို အကိုကြီးများက သင်ထားပြီးဖြစ်သည့်အတိုင်း အောင်ဆန်းကလည်း တတ်အောင်သင်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။ သို့ဖြင့် အောင်ဆန်းလည်း ရေနံချောင်း အမျိုးသားကျောင်းသို့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းသွားပါသည်။ သားထွေးလေးကို အိမ်မှ ခွဲခွာမသွားစေလိုသော ဒေါ်စုထံမှ ရေနံချောင်းကျောင်းတက်ခွင့်ရရန် အောင်ဆန်းသည် အစာငတ်ခံဆန္ဒပြပွဲလေးတခုကို ဆင်နွှဲခဲ့ရပါသေးသည်။
ရေနံချောင်းရောက်သောအခါ ကျောင်းတွင် ဆရာတဦးအဖြစ် အလုပ်လုပ်နေသော အကိုကြီး ဦးဘဝင်း၏ ထိန်းကျောင်းစောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်မှာ အောင်ဆန်းအတွက် လွန်စွာမှ ကံကောင်းပါသည်။ ဦးဘဝင်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်းကမ်းရှိရှိ၊ ဆင်ဆင်ခြင်ခြင် အထူးဂရုစိုက်ခဲ့၏။ ညီဖြစ်သူကလည်း ပညာရေးဖက်တွင် အားကောင်းကြောင်း ဆက်လက်ပြသကာ အသက် (၁၅) နှစ်အရွယ်၌ သတ္တမတန်းစာမေးပွဲတွင် ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမစွဲသူများအား ချီးမြှင့်သော ဦးရွှေဘို ရွှေတံဆိပ်နှင့် ပညာသင်ထောက်ပံ့ကြေး ဆုကို ရရှိခဲ့၏။
အမျိုးသားကျောင်းများမှာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက်တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင်သူများကယူဆခဲ့ပါသည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်တို့အား သူတို့ ၏ ကိုလိုနီလက်အောက်ခံ ဘဝအခြေအနေကို နိုင်ငံရေးအသိတရားအရ ခံစားနားလည်စေပြီး၊ ထိုဘဝမှ လွတ် မြောက်လိုစိတ်များ အသည်းနှလုံးအတွင်းမှ ဖြစ်ပေါ်လာရန် ကျိုချက်ပေးလိုက်သော နေရာများသဖွယ်ဖြစ်ပါ သည်။
မိမိ၏နိုင်ငံကို လူမျိုးခြားတို့အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသောဆန္ဒသည် ရေနံ ချောင်းအမျိုးသားကျောင်း မတက်မီကာလကပင် အောင်ဆန်း၏ စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရပါသည်။ ကလေးဘဝက ဗြိတိသျှတို့အား ပုန်ကန်မောင်းထုတ်ရန် နည်းအမျိုးမျိုး ကို ကြံစည်စဉ်းစားခဲ့ပုံ၊ တခါတရံ ပြဒါးရှင် လုံးကဲ့သို့သော တန်ခိုးသိဒ္ဓိရှင်ပစ္စည်းများ အကူအညီဖြင့် မြန်မာပြည်လွတ်မြောက်ရေးကိုရယူရန် စိတ်ကူးယဉ် ခဲ့ပုံအကြောင်းကို သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးတွင် ရေးသားထားပါသည်။
အမျိုးသားကျောင်း၌ နေစဉ်အတွင်း နိုင်ငံရေးလောက၌ နာမည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စိတ်ဝင် စားလာပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။ သူ၏ ဟောပုံပြောပုံမှာ အားတက်စရာမဟုတ်သော် လည်း ကိုင်တွယ်ရမည့် အကြောင်းအရာနှင့်ပတ်သက်၍ သေချာစေ့စပ်စွာ ပြင်ဆင်ထားခြင်း၊ ယုံကြည်ချက် အပြည့်အဝရှိခြင်းတို့ကြောင့် အဟောကောင်း၊ အပြောကောင်းဟူ၍ နာမည်ရခဲ့၏။
ကျောင်းဂျာနယ် စာတည်းအဖြစ်လည်းဆောင်ရွက်ခဲ့၏။ ထိုကဲ့သို့ စာသင်ခန်းပြင်ပလုပ်ငန်းများတွင် ပါဝင်သော် လည်း တယောက်တည်း အတွေးနယ်ထဲ နစ်မြုပ်နေတတ်ခြင်း၊ နေပုံထိုင်ပုံထောင့်မကျိုးခြင်းတို့ကြောင့် အောင် ဆန်းကို လူ့ဂွစာ လူထူးလူဆန်းအဖြစ် ကျောင်းနေဖက်များက မြင်ကြပါသည်။ ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ်ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပ ညာဆက်သင်ရန် ရောက်သွားပါသည်။
အောင်ဆန်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည့်နှစ်သည်ကား ဆရာစံသူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်း ကာ ခေါင်းဆောင်များကို သေဒဏ်ပေးခဲ့ပြီး တနှစ်ကြာကာလကပင်ဖြစ်ပါသည်။ တောင်သူလယ်သမားများ ခံစားနေရသော အတိဒုက္ခများမှ ပေါ်ပေါက်လာရသော ပုန်ကန်မှုကို ဗြိတိသျှအစိုးရက ရှင်ဘုရင်ဖြစ်လိုသော အယူသည်းသူတယောက် ဦးဆောင်သည့် တောသူတောင်သား ပုန်ကန်မှုမျှသာဖြစ်သည်ဟု သေးသိမ်စေရန် နှိမ်၍ဖော်ပြခဲ့ပါသည်။ သို့သော်လည်း မြန်မာများအနေဖြင့် ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲခဲ့သူ မများပြား သော်လည်း ထိုပုန်ကန်မှုအပေါ် အတော်ပင် ဂရုဏာထားကြပါသည်။ ဆရာစံကို စွဲဆောင်နိုင်စွမ်းရှိသူတဦးအ ဖြစ် မမြင်သူများကပင် သူပုန်တို့၏ မျိုးချစ်စိတ်နှင့် သတ္တိပြောင်မြောက်မှုကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့ရပြီး အစိုးရ၏ ရက်စက်ကြမ်းတမ်း တုံ့ပြန်မှုများကြောင့် အရေးနိမ့်သွားရသော သူပုန်တို့ကို များစွာသနားကြင်နာခဲ့ ကြ၏။
ဗြိတိသျှအုပ်ချုပ်မှု အစောပိုင်းကာလတွင် ကျင့်သုံးသော ငြိမ်ဝပ်အေးချမ်းရေးလမ်းစဉ်မှာ အတော်အတန် အောင်မြင်မှုရှိခဲ့သော်လည်း လူမျိုးခြားကြီးစိုးမှုကို မြန်မာများက ကျေနပ်စွာ လက်ခံခြင်းမရှိပါ။ ကိုလိုနီအစိုးရ ပိုမိုခိုင်မြဲလာသည်နှင့် အုပ်ချုပ်သူလူမျိုးခြားတို့၏ ပလွှားမောက်မာသော အမူအကျင့်များနှင့် တိုင်းပြည်အတွက် စစ်မှန်သောကောင်းကျိုးကိစ္စရပ်တို့ကို လျစ်လျူရှုမှုများသည် တိုင်းသူပြည်သားတို့၏ မနှစ်သက် မကျေနပ်စိတ် များကို ဆွပေးသကဲ့သို့ ဖြစ်လာပါသည်။
ပထမဦးစွာပေါ်ထွန်းခဲ့သော အမျိုးသားရေးရာ အဖွဲ့အစည်းများသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု တည်တံ့ခိုင်မြဲရန်နှင့် သန့်ရှင်းစင်ကြယ်ရန်ကိုသာ ဆောင်ရွက်ကြသည်။ သို့သော် ခေတ်ပညာတတ် မြန်မာလူ ငယ်အရေအတွက် များပြားလာသည်နှင့်အမျှ နိုင်ငံရေးရည်မှန်းချက်များပါ ပေါ်ပေါက်လာပါသည်။ ၁၉၀၆ ခုနှစ် တွင် တည်ထောင်သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဝိုင်အမ်ဘီအေ)သည် နိုင်ငံရေးရာများကို စတင် ကိုင်တွယ်သော အဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်သပိတ်ကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။
အမျိုးသားလှုပ်ရှားမှု အရှိန်အဟုန်ရလာသောအခါ ‘ဝိုင်အမ်ဘီအေ’ သည် ၁၉၂၀ ခုနှစ်၌ ‘ဂျီစီဘီအေ’ အသွင် သို့ ကူးပြောင်းသွားပါသည်။ ပထမဦးဆုံး ပေါ်ပေါက်လာသော အမျိုးသားမဟာမိတ်အဖွဲ့ဟု ခေါ်နိုင်ပါသည်။ မြန်မာ့အမျိုးသားရေးရာလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည်သွင်းပေးလိုက်သော ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမ ဖြစ်သည်။ ဆရာတော်၏ စိတ်အားထက်သန်သော လွတ်လပ်ရေးတောင်းဆိုမှုတို့ကြောင့် နိုင်ငံတဝှမ်းတွင် မျိုး ချစ်စိတ်ဓာတ်ပြင်းပြစွာ တက်ကြွလာပါသည်။ သို့သော်လည်း စုပေါင်းညီညာသော လွတ်လပ်ရေးလှုပ်ရှားမှု ပေါ်ပေါက်စေမည့် အင်အားများမှာ နိုင်ငံရေးအကွဲအပြားများကြောင့် လွင့်စင်သွားရ၏။
၁၉၂၂ ခုနှစ်တွင် (၂၁) ဦးပါတီသည် ဂျီစီဘီအေမှ ခွဲထွက်သွားပြီးနောက်တွင် ထပ်မံကွဲကြပြန်သဖြင့် ၁၉၂၀ ခု နှစ်များ ကုန်ဆုံးခါနီးတွင် အဖွဲ့အစည်း (၃) ဖွဲ့ ဖြစ်သွားပါတော့သည်။ ၁၉၃၀ ခုနှစ်များ၏ အစပိုင်းကာလတွင်မူ ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲထားသင့်၊ မထားသင့် ဟူသော “ခွဲရေး-တွဲရေး” ကိစ္စအပေါ် မြန်မာနိုင်ငံရေးသမားများ စိတ်ဝင်စားစွာ အငြင်းပွားကြသည်ကို တွေ့ရပါသည်။
ထိုနိုင်ငံရေးသမားများအနက် အချို့မှာ ဆရာစံသူပုန်တို့အား ဗြိတိသျှအစိုးရက ခုံရုံးတင်စစ်ဆေးရာ၌ သူပုန် များဘက်မှ ခုခံကာကွယ်ပေးခဲ့သဖြင့် ထင်ပေါ်ကျော်ကြားလာသူများဖြစ်ပါသည်။ တချိန်တည်းမှာပင် ငြိမ်၍ ခေါင်းငုံ့ခံသည့်ကာလမှာလည်း ဆုံးခန်းသို့ ဦးတည်လာကာ ထိုးနှက်တိုက်ခိုက်ခြင်း သဘောဆောင်သော နည်းဗျူဟာများသုံးစွဲရန် တွန့်ဆုတ်လိမ့်မည်မဟုတ်သော အမျိုးသားရေးစိတ်ဓာတ်ရှိသည့် မျိုးဆက်သစ်များ လည်း နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရောက်ရှိလာပါသည်။
အသက် (၁၈) နှစ်အရွယ် အောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားကလေးပင်ဖြစ်ပါသည်။ မိမိတို့ကိုယ်မိမိတို့ လူ့မလိုင်ဟု အထင်ရောက်နေကြပြီး ကြော့ရှင်းဝံ့ကြွားစွာ ဝတ်ဆင်နေထိုင်ကြသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ အသိုင်းအဝိုင်းတွင် မျက်နှာထားရှုသိုး⁠သိုးနှင့် အဝတ်အစား ပိုသီပတ်သီဝတ်ဆင်သော အောင်ဆန်းသည် အံမဝင်ဂွင်မကျ ဖြစ်နေ၏။ ထို့အပြင် သူ့ထက်သိမ်မွေ့ပါးနပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက် ပြောင်မှုကိုလည်း ဂရုမစိုက်ကြောင်း စောစီးစွာပေါ်လွင်စေခဲ့၏။
အောင်ဆန်း တက္ကသိုလ်ရောက်စ ပထမနှစ်ပတ်တွင် ကျောင်းသားသမဂ္ဂမှ စကားရည်လုပွဲတရပ် ကျင်းပပါ သည်။ ထိုစကားရည်လုပွဲအပြီး၌ အောင်ဆန်းသည် ပရိသတ်အကြားမှထကာ သူ့အကို အောင်သန်း တင်သွင်း သော “ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်”ဟူသည့် အဆိုကို ထောက်ခံလိုက်ပါသည်။ ဤသည်မှာ မိသားစုသွေးစည်းရေး သဘောဆောင်သည့် အပြုအမူမဟုတ်ပါ။ ယုံကြည်ချက်အရ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါ သည်။
အောင်ဆန်း အင်္ဂလိပ်စကားပြောရာတွင် အသံထွက် အမှားမှားအယွင်းယွင်း ကို့ယို့ကားရား ချောမွေ့ပြေပြစ် ခြင်း မရှိသောကြောင့် သူ့စကားများမှာ နားမလည်နိုင်သလောက်ပင်ဖြစ်၏။ ပရိသတ်က ပြောင်လှောင်သရော် အော်ဟစ်ကြသဖြင့် အကိုဖြစ်သူ အတော်ပင်အနေရခက်သွား၏။ အောင်ဆန်းကမူ ကြောက်ရွံ့၍ အသံပျောက် သွားခြင်းမရှိ။ ကဲ့ရဲ့သံများ၊ မြန်မာစကားနှင့်သာပြောရန် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်သံများကို လျစ်လျူရှုကာ အဆင့်အတန်းမမီသော သူ့အင်္ဂလိပ်စကားကို ပါဠိအသုံးအနှုန်းများဖြင့် ဖြည့်စွက်၍ သူပြောလိုရာအားလုံးကို ပြီးဆုံးအောင် ဆက်လက်ပြောဆိုသွားပါသည်။
ထိုပထမစကားရည်လုပွဲ အဖြစ်အပျက်သည် နောင်အတွက် အစဉ်အလာတရပ် ချမှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပါသည်။ ပရိသတ်က ကဲ့ရဲ့ရှုတ်ချနေသည့်ကြားကပင် သူပြောလိုရာကို အင်္ဂလိပ်စကားနှင့်ပြောခြင်း၊ သုန်သုန်မှုန်မှုန် နေတတ်ခြင်းတို့ကြောင့် သူသည် အူကြောင်ကြောင်နိုင်သော အရူးတယောက်ဟူ၍ပင် နာမည်ရခဲ့ ၏။
သို့သော် အောင်ဆန်းသည် အဝေဖန်ခံရမည်ကို ကြောက်ရွံ့ပြီး သူလုပ်ကိုင်ရန် ဆုံးဖြတ်ထားသောကိစ္စများကို မလုပ်ဘဲနေမည့် လူမျိုးမဟုတ်ပါ။ ခေတ်ပြိုင်ကမ္ဘာတွင် အင်္ဂလိပ်စကား အရေးပါပုံကို သိရှိနားလည်သဖြင့် အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင်သုံးစွဲနိုင်ရန် သူ ကြိုးစား၏။ အင်္ဂလိပ်စာအုပ်များကို သဲကြီးမဲကြီးဖတ်ခြင်း၊ အခြားသူများ ပြောပုံဆိုပုံကို နားထောင်လေ့လာခြင်း၊ အင်္ဂလိပ်စာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့သူ မိတ်ဆွေရင်းတဦးထံမှ အကူအညီယူခြင်း စသည်တို့ဖြင့် ဘုန်းကြီးကျောင်းထွက် အညာသားတဦးအတွက် ထူးခြားလောက်သော အင်္ဂလိပ်စကားကျင်လည်မှုကို သူရရှိလာ၏။
ထိုပထမစကားရည်လုပွဲတွင် အောင်ဆန်း ထောက်ခံခဲ့သောအဆိုမှာ သူ၏ ရေရှည်ယုံကြည်ချက်တရပ်အား ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ကို သတိမူသင့်ပါသည်။ ထိုယုံကြည်ချက်မှာ သံဃာတော်များ နိုင်ငံရေးတွင် ဝင်ရောက်လုပ်ကိုင်ခြင်း မပြုသင့်ကြောင်းပင်ဖြစ်ပါသည်။ မကွယ်လွန်မီ တနှစ်ကျော်ခန့်က ပြောကြားခဲ့သော ရွှေတိဂုံစေတီတော် အလယ်ပစ္စယံညီလာခံမိန့်ခွန်း၌ “ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏”ဟု ပြောခဲ့၏။ ရဟန်သံဃာများအား “အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ – ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည် -- ဤကဲ့သို့ဆောင်ရွက်မှုသည် သာသနာဖက်ကသာကြည့်၍ မြင့်မြတ်သည်မဟုတ်ပါ၊ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာရောက်ပါသည်ဘုရား” စသဖြင့် လျှောက်ထားခဲ့ပါသည်။
အများက နိုင်ငံရေးသတ္တဝါ ပကတိအဖြစ်ဖြင့်မြင်ကြသော အောင်ဆန်းမှာ စင်စစ်တွင် ဘာသာရေး၌ လေးနက်စွာ တသက်လုံး စိတ်ဝင်စားသူပင် ဖြစ်ပါသည်။ ရေနံချောင်း၌ ကျောင်းတက်နေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ဝမ်းနည်းကြေကွဲကာ ရဟန်းဘောင်ဝင်ရန်ပင် စိတ်ကူးခဲ့ပါသည်။ တက္ကသိုလ်ရောက်စအချိန်ကလည်း အီတလီ လူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးလောကနန္ဒကို ကြည်ညိုလေးစားလှသဖြင့် ဆရာတော်နှင့် အတူလိုက်ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မိခင်ထံ အခွင့်တောင်းဖူး၏။ အခွင့်ကား မရခဲ့ပေ။ သို့သော် လောကုတ္တရာကိစ္စများကို အောင်ဆန်း ဆက်လက်၍ ဂရုတစိုက်အလေးထားပါသည်။
နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ပြီးနောက်ပိုင်း၌ပင် သူနှင့် အရင်းနှီးဆုံး မိတ်ဆွေတဦးအား သူ၏ “သစ္စာတရားနှင့် လုံးဝအပြစ်ကင်းစင်မှု ရှာပုံတော်ဘဝခရီး” အကြောင်းနှင့် ကာယကံ၊ ဝစီကံ၊ မနောကံအရ ရိုးဖြောင့်နိုင်ရန် သတိပြုကြိုးပမ်းနေကြောင်းတို့ကို စာရေး၍ ရှင်းပြဖူးပါသည်။ ခေတ်လူငယ် စိတ်ပိုင်းဆိုင်ရာ အသိတရား ခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ လောကဒဏ်လှိုင်းများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်တွန်းလှန်နိုင်စွမ်းမရှိပါက ထိုအသိတရားများ လုံးဝကွယ်ပျောက်ပြီး စိတ်ဓာတ်ဗလာ မွဲပြာကျသောအဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန်မိကြောင်း စသဖြင့်လည်း ရေးသားထားပါသည်။
ကိုအောင်ဆန်း ကျောင်းသားနိုင်ငံရေးတွင် ပါဝင်မှုမှာ အစ၌ ခပ်ဖြေးဖြေး မှန်⁠မှန်သာဖြစ်သော်လည်း ၁၉၃၅ ခုနှစ်နောက်ပိုင်း၌ အရှိန်အဟုန် မြင့်မားလာ၏။ ထိုအချိန်တွင် သူသည် ကိုနု၊ ကိုလှဖေ (နောင် ဗိုလ်လင်္ကျာ)၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ်ကဲ့သို့သော ပုဂ္ဂိုလ်များနှင့်အတူ စတင်လုပ်ကိုင်နေပြီး မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် ထင်ရှားလာမည့် ထိုလူငယ်များနှင့် အောင်ဆန်းတို့ လက်တွဲကာ ကျောင်းသားများ အတော်ပင် ဂရုပြုရမည့် နိုင်ငံရေးအင်အားစုတစုဖြစ်လာအောင် စည်းရုံးပါသည်။
သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်းတို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ ကိုအောင်ဆန်းတို့လူစုသည် အာဏာပိုင်အလိုတော်ရိများ လွှမ်းမိုးထားသော တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ထိုးထွင်းဝင်ရောက်နိုင်ရန် ကြိုးပမ်းခြင်းဖြင့် စတင်လှုပ်ရှား၏။ ပထမတွင် အောင်မြင်မှုသိပ်မရှိခဲ့ပေ။ ၎င်းတို့အထဲမှ ကိုကျော်ငြိမ်းနှင့် ကိုသိန်းဖေတို့သာ သမဂ္ဂအမှုဆောင်များအဖြစ် အရွေးချယ်ခံရသည်။ သို့သော် နောက် ပိုင်းတွင် ထက်သန်သော အမျိုးသားရေးစိတ်ဓာတ်နှင့် ဇွဲလုံ့လတို့၏ အကျိုးအမြတ်များ ထွန်းကားလာ၏။ တက္ကသိုလ်ကျောင်းသားများ၏ စိတ်နေစိတ်ထားလည်း ပြောင်းလာ၏။ လှုပ်ရှားတက်ကြွသော ပြည်ချစ်စိတ်လွှမ်းမိုး လာ၏။
၁၉၃၅-၃၆ စာသင်နှစ်အတွင်း ကျောင်းသားသမဂ္ဂအမှုဆောင် ရွေးကောက်ပွဲတွင် အဓိကနေရာအား လုံး အမျိုးသားရေးစိတ်ဓာတ် ထက်သန်သောလူငယ်များက ရရှိသွားကြ၏။ ကိုအောင်ဆန်းသည် အမှုဆောင် အဖွဲ့ဝင်တဦးအဖြစ် အရွေးခံရပြီး သမဂ္ဂမဂ္ဂဇင်း၏ အယ်ဒီတာလည်း ဖြစ်လာပါသည်။
သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ‘ငရဲ‌ခွေးကြီး လွတ်နေပြီ’ ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါးတစ်ပုဒ်ကိုရေးသားခဲ့သည်။၊ ဆောင်းပါးရှင်အားဖေါ်ထုတ်ရန် တောင်းဆိုသည်ကို မဖော်ပြခြင်း၊ ကိုနုသည်လည်း ကျောင်းအုပ်ကြီးအား ပစ်⁠ပစ်ခါခါ ဝေ ဖန်မှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံရသည်။
တက္ကသိုလ်စာမေးပွဲများစစ်ချိန် ဖြစ်လေရာ ဤဆုံးဖြတ်ချက်မှာ အထူးလေးနက်သည့် ကိစ္စတရပ်ဖြစ်ပါသည်။ သပိတ်သတင်းမှာ ချက်ချင်းပင် ဟိုလေးတကျော်ဖြစ်သွားလေသည်။ ကိုနု နှင့် ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံခဲ့ရသောကြောင့် ကျောင်းသားများထဲတွင် မကျေနပ်မှု၊ ဒေါသထွက်မှု ပို၍များပြားလာ လေသည်။ သို့ဖြင့် သပိတ်မှောက်ရန် ဆုံးဖြတ်ကြပါတော့သည်။ သတင်းစာများနှင့်တကွ တနိုင်ငံလုံးက သပိတ်မှောက်ကျောင်းသားများကို ကြင်နာစွာ ထောက်ခံကြပါသည်။ ဤကဲ့သို့ အများထောက်ခံမှုကို ရယူနိုင် ခြင်း၊ လေးစားလောက်အောင် စီမံကွပ်ကဲနိုင်ခြင်း၊ စည်းကမ်းရှိခြင်း စသည်တို့ကြောင့် ကျောင်းသားများ၏ လုပ်ရည်ကိုင်ရည်နှင့် ကျောင်းသားအင်အား၏ တန်ခိုးအာနိသင်ကို လူကြီးပိုင်း နိုင်ငံရေးသမားများ အသိအ မှတ်ပြုလာကြရသည်။ အစိုးရအနေဖြင့်လည်း သပိတ်မှောက်သူများ၏ မကျေနပ်ချက်များကို လေးနက်စွာ မ စဉ်းစား၍ မဖြစ်တော့ပါ။ နောက်ဆုံး၌ နိုင်လူမင်းထက်ပြုတတ်သော ကျောင်းအုပ်ကြီးမှာ အငြိမ်းစားယူလိုက်ရ ၏။ တက္ကသိုလ်အက်ဥပဒေတွင် ကျောင်းသားများထည့်သွင်းလိုသော ပြင်ဆင်ချက်များကို လေ့လာရန် ကော်မ တီတရပ်ကိုလည်း ဖွဲ့စည်းလိုက်ရပြီး အရေးမပါလှသော တောင်းဆိုချက်များကိုမူ လိုက်လျောလိုက်လေသည်။
ထို့ကြောင့် သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ရုတ်သိမ်းခဲ့ရသည်။ ၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးဆက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ်ရွေးချယ်ခဲ့သည်။

ကိုအောင်ဆန်းနှင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖွဲ့
၁၉၃၈ ခုနှစ်တွင် သမဂ္ဂနှစ်ရပ်စလုံး၏ ဥက္ကဋ္ဌဖြစ်လာပါသည်။ ထိုအချိန်၌ ကိုအောင်ဆန်း တက္ကသိုလ်မှ ဝိဇ္စာဘွဲ့ ရပြီး၍ ဥပဒေဝိဇ္စာတန်းတွင် တက်ရောက်နေ၏။ ထိုကဲ့သို့ ဥပဒေတန်းဆက်တက်နေခြင်းမှာ တက္ကသိုလ်တွင် ဆက်လက်နေထိုင်လှုပ်ရှားနိုင်ခွင့်ရရှိရန်ဟူသော အကြောင်းလည်း ပါဝင်ပါသည်။ ဖြောင့်မတ်တည်ကြည်ခြင်း၊ ဇွဲလုံ့လကြီးခြင်း၊ အလုပ်လုပ်နိုင်စွမ်းရှိခြင်း စသည်တို့ကြောင့် ကိုအောင်ဆန်းအနေဖြင့် လေးစားခြင်း ခံရသော် လည်း အခြားကျောင်းသားခေါင်းဆောင်များကဲ့သို့ ယဉ်ကျေးသိမ်မွေ့၍ ဆက်ဆံရေးပြေပြစ်ခြင်းမရှိသော လူ့ဂွ စာတဦးပင် ဖြစ်ပါသည်။
သုန်သုန်မှုန်⁠မှုန်နေတတ်ခြင်း၊ မသပ်ရပ်ခြင်း၊ စိတ်မပါလျှင် သူတပါး အနေရကြပ်လောက်အောင် တုံဏှိဘာဝေ နေတတ်ခြင်း၊ စိတ်ပါပြန်တော့လည်း သူတပါး မခံနိုင်လောက်အောင် စကားဖောင်ဖွဲ့ခြင်းနှင့် အခြားထောင့်မ ကျိုးသော အမူအကျင့်တို့ကြောင့် ကိုအောင်ဆန်း မကြာခဏ အဝေဖန်ခံရပါသည်။ သူကိုယ်တိုင်လည်း “ရံဖန် ရံခါ လူ့ယဉ်ကျေးများနှင့် အသားမကျခဲ့ချေ၊ မျက်စေ့နောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူ့ယဉ်ကျေးများ နှင့် ငါ လူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိလာသည်” ဟု ရေးသားခဲ့ဖူး၏။ သို့သော် လူရိုင်းများကို အောင် ဆန်းမြင်ပုံမှာ စိတ်ကူးယဉ်ဆန်၏။ ရိုးဖြောင့်တည်ကြည်၊ ကျန်းမာသန်စွမ်းပြီး၊ လွတ်လပ်ချမ်းသာစွာ နေထိုင်သူ များဟု သူက အမွှန်းတင်ထားခြင်းပင်ဖြစ်ပါသည်။
၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်တွင် သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် ဒို့ဗမာအစည်းအရုံးဝင်တစ်ဦးဖြစ်လာသောအခါတွင် သခင် (အရှင်သခင်/ဆရာ-မြန်မာလူမျိုးများသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့ကြီးများက သူတို့သာလျှင် သူတို့သာလျှင် အသုံးပြုရန်မတရား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွတ်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်းသပိတ်ပွဲများကို လှုံဆောင်ဦးဆောင်ခဲ့သည်။ ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအားထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းအဖွဲ့ကြီးမှာ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသောရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ်ပြုထားခြင်းဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုးဖြစ်လာခဲ့သည်။

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း
သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉ ခုနှစ် ဩဂုတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။ များမကြာမီတွင် သူသည့် ပြည်သူ့တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တောင် စည်းဝေးပွဲသို့တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန် ကြိုးပမ်းအားထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းအား ဖမ်းဝရမ်းထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံမှ ပြေးခဲ့ရသည်။ ပထမတွင် သူသည် တရုတ်ပြသည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။

ဒုတိယကမ္ဘာစစ်‌ကာလ

၁၉၃၉ ခုနှစ် ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ်မီး စတင်လောင်ကျွမ်းပြီး များမကြာမီ ‘ကိုလိုနီဝါဒအခက်၊ လွတ်လပ်ရေးအချက်’ ဟုမြင်ကာ ‘ထွက်ရပ်ဂိုဏ်းကြီး’ တည်ထောင်နိုင်ရန် သခင်အောင်ဆန်း ကူညီပေးခဲ့ပါ သည်။ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီ၊ ဒို့ဗမာအစည်းအရုံး၊ ကျောင်းသားများနှင့် ပုဂ္ဂလိကနိုင်ငံရေးသ မားများ စုပေါင်းဖွဲ့စည်းလိုက်သော ထို ‘ထွက်ရပ်ဂိုဏ်းကြီး’ သည် သခင်အောင်ဆန်း၏ တီထွင်မှုဖြစ်သည်ဟု သခင်နုက သတ်မှတ်ခဲ့၏။ ‘ထွက်ရပ်ဂိုဏ်းကြီး’ ၏ ပြည်သူလူထုကို တိုက်တွန်းဆော်ဩချက်မှာ စစ်ပြီးသည်နှင့် လွတ်လပ်ရေးပေးရန်သဘောတူသော ကတိရမှသာလျှင် ဗြိတိသျစစ်ရေးကြိုးပမ်းချက်များကို ကူညီပံ့ပိုးရမည်။ ဗြိတိသျှအစိုးရအနေနှင့် ထိုကဲ့သို့ကတိကြေညာချက်မပြုပါက စစ်ရေးကြိုးပမ်းချက်များကို အင်တိုက်အားတိုက် ဆန့်ကျင်ရမည်။ တုံ့ပြန်သည့်အနေနှင့် ဗြိတိသျှအစိုးရသည် အမျိုးသားရေးလှုပ်ရှားနေသူအများအပြားကို ဖမ်း ဆီးလိုက်ပါသည်။ ၁၉၄၀ ခုနှစ် ကုန်ဆုံးချိန်၌ သခင်ခေါင်းဆောင် အမြောက်အမြားနှင့် ဒေါက်တာဘမော်တို့မှာ ထောင်ထဲရောက်နေကြပေပြီ။ သခင်အောင်ဆန်းကို ဖမ်းဆီးရန် ဝရန်းအမိန့်ထုတ်ခဲ့သော်လည်း အချိန်မီသတိ ပေးချက်ရသဖြင့် သူသည် ခြေရာဖျောက်ကာ တိမ်းရှောင်သွားနိုင်ခဲ့သည်။

ဂျပန်နှင့် ပူပေါင်းခြင်း

သခင်အောင်ဆန်းသည် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရန် လိုအပ်ကောင်းလိုအပ်မည်ဟု ယူဆခဲ့သည်မှာ ကာလအတန်ကြာကပင် ဖြစ်ပါသည်။ ၁၉၄၀ ခုနှစ် ဩဂုတ်လတွင် သခင်အောင်ဆန်းနှင့် သခင်လှမြိင် (နောင်အခါ ဗိုလ်ရန်အောင်ဟုထင်ရှားသူ)တို့ မြန်မာပြည်မှ ဟိုင်လီအမည်ရှိ သင်္ဘောနှင့် ထွက်ခွာခဲ့ရာ တရုတ်နိုင်ငံ အမွိုင်မြို့ရှိ ‘အပြည်ပြည်ဆိုင်ရာဒေသ’ ဖြစ်သော ကူလန်စုသို့ ရောက်သွားကြပါသည်။ ထိုနေရာ၌ သူတို့နှစ်ဦး လအနည်းငယ်မျှ သောင်တင်နေပြီး တ ရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ရန် ကြိုးစားချက်များလည်း အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်ကွန်မြူနစ်များနှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့သော်လည်း ဂျပန်ကိုယ်စားလှယ်တဦး သူတို့အား ချဉ်းကပ်ပြီး ဂျပန်တပ်မတော် အရာရှိတဦးဖြစ်သူဗိုလ်မှူးကြီးစူဇူကီကေအီဂျီနှင့်တွေ့ရန် တိုကျိုသို့ လေယာဉ်နှင့်ပို့လိုက်ပါသည်။ ထိုဗိုလ်မှူးကြီး သည် နောင်အခါ၌ ‘မြန်မာပြည်လွတ်လပ်ရေးကို ကူညီရန်နှင့် တရုတ်မြန်မာလမ်းမကြီးကို ပိတ်ဆို့ရန်’ ရည် ရွယ်ချက်များနှင့် တည်ထောင်သော မီနာမီကီကန် လျှို့ဝှက်အသင်း၏ ခေါင်းဆောင်အဖြစ် ထင်ရှားမည့်သူဖြစ် ပါသည်။
မြန်မာနိုင်ငံရေးသမားများနှင့် ဂျပန်တို့အကြားအဆက်အသွယ်ရှိခြင်းမှာ အသစ်အဆန်းမဟုတ်ချေ။ဒေါက်တာ ဘမော်နေရာ၌ ဝန်ကြီးချုပ်ဖြစ်လာသောဦးစောသည် ဂျပန်ထောက်ပံ့မှုကြောင့် ချမ်းသာကြွယ်ဝလာသူဟူ၍ နာမည်ထွက်ခဲ့ပါသည်။ ဒေါက်တာဘမော်ကိုယ်တိုင်လည်း ‘ထွက်ရပ်ဂိုဏ်း’ အတွက် ဂျပန်တို့ထံမှ အကူအညီ ရှာခဲ့ပါသည်။ ဒေါက်တာဘမော်၏ အစိုးရအတွင်း ဝန်ကြီးတဦးဖြစ်ခဲ့သော ဝါရင့်နိုင်ငံရေးသမားကြီး ဒေါက်တာ သိမ်းမောင်ကမူ ဂျပန်သို့ အလည်အပတ်သွားရောက်ခဲ့ပြီး ဂျပန်-ဗမာ ချစ်ကြည်ရေးအသင်းကို ရှေ့ဆောင် တည်ထောင်ခဲ့ပါသည်။ ၁၉၄၀ ခုနှစ်လယ်တွင် ဗိုလ်မှူးကြီးစူဇူကီး မြန်မာပြည်သို့ အလည်ရောက်စဉ်က ဒေါက် တာသိမ်းမောင်နှင့် တွေ့ခဲ့၏။ ဤတွေ့ဆုံဆက်သွယ်မှုမှတဆင့် ဂျပန်များက အမွိုင်ရောက် သခင်နှစ်ဦးအား ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံမှု ကတိကဝတ်များရလာသည်။ သူသည် ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့် မြန်မာပြည်လမ်းမကြီးအား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံ့ကူညီရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ (ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။
၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလတွင် သခင်အောင်ဆန်းသည် တရုတ်သင်္ဘောသားအသွင်ဖြင့် မြန်မာပြည်သို့ ပြန် ရောက်လာလေသည်။ သူမှတဆင့် ဂျပန်တို့ကမ်းလှမ်းလိုက်သည့် သဘောတူညီချက်အရ၊ တော်လှန်ပုန်ကန် ရန် လက်နက်များနှင့် ငွေကြေးထောက်ပံ့မည်ဟု မြန်မာတို့က နားလည်ခဲ့၏။ ထို့ပြင် လက်ရွေးစင်လူငယ်တစု ကို စစ်သင်တန်းပေးမည်။ ထိုလူငယ်များကို မြန်မာနိုင်ငံမှ ခိုးထုတ်သွားရန် လိုပေမည်။ သခင်အောင်ဆန်း မြန် မာပြည်၌ ကြာမြင့်စွာမနေပါ။ ဂျပန်သို့ သခင်လှဖေနှင့် အခြားလူငယ်သုံးဦးတို့နှင့်အတူ ပြန်သွားပါသည်။ ထို အုပ်စုမှာ ‘ရဲဘော်သုံးကျိပ်’ ၏ ရှေ့ပြေးတပ်ဦး ဖြစ်ပါသည်။
ရဲဘော်သုံးကျိပ်သည် ဟိုင်နန်ကျွန်း၌ ပင်ပန်းကြီးစွာ စစ်ပညာသင်ယူရပါသည်။ ၎င်းတို့အနက် သခင်အောင် ဆန်း၊ သခင်လှဖေ (ဗိုလ်လင်္ကျာ)၊ သခင်အောင်သန်း(ဗိုလ်စင်္ကြာ)နှင့် သခင်ထွန်းအုပ်တို့ကို စစ်ဌာနဦးစီးကွပ် ကဲရေးနှင့် အုပ်ချုပ်ရေးတို့ကို အထူးလေ့လာရန် ရွေးချယ်လိုက်ပါသည်။ သခင်ပါတီ အုပ်စုတစုကို ကိုယ်စားပြု သော သခင်ထွန်းအုပ်အား နိုင်ငံရေးခေါင်းဆောင်တင်မြှောက်လိုက်၏။ သို့သော်လည်း သခင်အောင်ဆန်း သည် ရဲဘော်သုံးကျိပ်၏ ခေါင်းဆောင်အဖြစ် ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ဗမာ့လွတ်လပ်ရေးတပ်မ တော် ဖွဲ့သောအခါ၌လည်း တပ်မတော်၏ ပြိုင်ဘက်မရှိခေါင်းဆောင် ဖြစ်လာလေသည်။ သခင်အောင်ဆန်း သည် ကိုယ်ခန္ဓာညှက်ပြီး အားကောင်းသန်မာလှခြင်းမရှိသော်လည်း တိုက်ရေးခိုက်ရေးကျွမ်းကျင်ကာ သတ္တိရှိ ၍ အပင်ပန်းခံနိုင်သော စစ်သားတဦးဖြစ်လာ၏။
လူငယ်စစ်သင်တန်းသားများသည် ဂျပန်နည်းပြဆရာအချို့ကို လေးစားချစ်ခင်ကြသော် လည်း၊ ဂျပန်စိတ်နေသဘောထားအချို့ကိုမူ များစွာမနှစ်မြို့ရကား ၁၉၄၁ ခုနှစ်ကုန်ပိုင်း မြန်မာပြည်တွင်းသို့ မချီတက်မီကပင် ဗမာနှင့် ဂျပန်တို့အကြား ကတောက်ကဆဖြစ်မှုများ စတင်ပေါ်ပေါက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂျပန် စစ်ဘက်ဆိုင်ရာအရာရှိကြီးများ(အရှေ့တန်းဝဲမှ စတုထ္တမြောက်)
မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည် ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအိုင်အေ တပ်မတော်အား မြန်မာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ သူသည် အဖွဲ့၏ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြင့်သာနေခဲ့သည်။ ၁၉၄၄ ခုနှစ် မတ်လတွင် သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးကြေငြာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၎င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာ ကြာ⁠ကြာမခံပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။ ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တာရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်းနှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျုးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့သည်။ နောင်တွင် စစ်အစိုးရမှ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်း‎
စစ်ဝတ်စုံဖြင့် ဗိုလ်ချုပ်အောင်ဆန်း

ဒုတိယကမ္ဘာစစ်ပြီးခေတ်

‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ် ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက် တဖြည်း⁠ဖြည်းဖျက်သိမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလက သီဟိုဠ်တွင် ပြုလုပ်ခဲ့သော ကန်ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏အောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။ ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက် ခန့်အပ်ခြင်းခံရသည်။ စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့်နှင့် မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့် ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’ ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။ ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့် အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကို ထုတ်ပစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အက်တလီ
ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ် လုံး⁠လုံးလျား⁠လျားဖြစ်နေပြီ ဖြစ်သော်လည်း ဗြိတိသျှ၏ ဗီတိုကျခံနိုင်လျက် ရှိသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည် လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ ရယူပေးခဲ့သူ ဖြစ်သည်။ နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ် သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို လိုလားကြောင်း၊ ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန် အကြမ်းဖတ်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးတို့ကို အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အချို့က သူ့အား ကရင်လူမျိုးတို့အပေါ် ဗြိတိသျှတို့အားသစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည် ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအားလည်း စစ်အတွင်းက သူကြီးတစ်ဦးအား ကွက်မျက်မှုနှင့် အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်မြ၊ Lord Pethwick-Lawrence၊(၁၉၄၇ ခုနှစ် လန်ဒန်မြို့၌)
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေနွေးပွဲများကို ရန်ကုန်ရှိ ဆိုရန်တာဗီလာတွင် ကျင်းပခဲ့သည်။
လွတ်လပ်ရေးမရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်လိနက်ဝန်ကြီး ခြောက်ဦးတို့ကို လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။ လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဦးစော၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။

မိသားစု


ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစု(ဇနီး ဒေါ်ခင်ကြည်၊ သားကြီး အောင်ဆန်ဦး၊ သားလတ် အောင်ဆန်းလင်း၊ သမီးငယ် အောင်ဆန်းစုကြည်)
၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင် ဒေါ်ခင်ကြည်နှင့် ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ညီမဖြစ်သူက ကွန်မြူနစ် ခေါင်းဆောင်သခင် သန်းထွန်းနှင့် အကြောင်းပါခဲ့လေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ် အောင်ဆန်းစုကြည်သည် ယခုအခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ကို ခေါင်းဆောင်လျက်ရှိသည်။
နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်
နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်
သူ၏ သားတစ်ဦးဖြစ်သူ အောင်ဆန်းလင်းမှာ ၈ နှစ်သား အရွယ်တွင် ရေနစ်သေဆုံးခဲ့သည်။ အခြားသားတစ်ဦးဖြစ်သူ ဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်။ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (ဝိဘဇ္စဝါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ဝိဘဇ္စဝါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇဝင်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇဝင်သိရုံသာ မဟုတ်၊ ရာဇဝင်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘဝ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ်ချုပ်၏ ထိုပြောစကားသည် ဝမ်းသာစရာ ကောင်းသလို ဝမ်းနည်းဖွယ်လည်း ကောင်းလှသည်။ ဝမ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ဝမ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိ⁠ထိမိမိ ကွင်း⁠ကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေဝင်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ဝါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များ⁠များရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄ဝခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။ ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’
‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ဝန်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။
လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။
ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။
ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံး⁠လုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘဝတွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘဝကို ဖြတ်သန်းသွားခဲ့သည်။ ။

ဘဝနိဂုံး

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး များ (အာဇာနည် ကိုးဦး)တို့နှင့်အတူ လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသဖြင့် ဆေးရုံ၌

ဗိုလ်ချုပ်နှင့် အတူတကွကျဆုံးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူသင်္ချိုင်း

ဗိုလ်ချုပ်၏ စကားများ

  • ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။
(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)
  • လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)
  • ဟေ့ ... သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲ⁠ရဲသေပြလိုက်ကြတာပေါ့ ...။
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၎င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)
  • ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။
  • စစ်ထွက်ကြတာပေါ့၊ ရှေး⁠ရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနင်္သာရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ ... ။
(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)
  • ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အဝိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ...။
(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက)

အမွေအနှစ်‌

စစ်အစိုးရသည် ဗိုလ်ချုပ်အောင်ဆန်းအား အမှတ်ရစေမည့် ကိစ္စမှန်သမျှအား ဖျက်ဆီးရှင်းလင်းပစ်သော်လည်း မြို့တော်ရန်ကုန်တွင် ၎င်း၏ ရုပ်ပုံများက အိမ်များ၊ ရုံးများတွင်လည်း နေရာယူထားလျက် ရှိသည်။ စကော့ဈေးနှင့် ကော်မရှင်နာ လမ်းများကို လည်း ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းများအဖြစ် လွတ်လပ်ရေး နောက်ပိုင်းတွင် ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံအနှံ မြို့ကြီးပြကြီးရှိ လမ်းများ၊ ပန်းခြံများလည်း သူ့အား အမှတ်ရစေရန် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအဖြစ် မှည့်ခေါ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း အားအမှတ်ရမိစေမည့် ဗိုလ်ချုပ်အောင်ဆန်းသီချင်း မှာလည်း ထင်ရှားသည်။ ရှစ်လေးလုံးအရေးတော်ပုံ အတွင်း သူ၏ ဓါတ်ပုံအား ကိုင်ဆောင်လှည့်လည်ကြသည်။ သူကွယ်လွန်စဉ်က အသက် ၃၂ သာ ရှိသေးသည်။ ရွှေတိဂုံစေတီ ခြေရင်းတွင် အာဇာနည် ဗိမာန်တစ်ခု တည်ဆောက်ထားပြီး ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့ အဖြစ် နှစ်စဉ် အခမ်းအနားကျင်းပ ကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်နှင့် နိုင်ငံတော်သူရဲကောင်းအဖြစ်တို့မှ သူ့အား ဖယ်ထုတ်၍ ရမည် မဟုတ်ချေ။

တည်းဖြတ်ရန် ကျန်သေးသည့် အရာများ

ဤဦးအောင်ဆန်း ဆောင်းပါးသည် မြန်မာ့အမျိုးသားရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ရည်ညွှန်းသုံးစွဲထားခြင်းဖြစ်သည်။ အခြား ခေါင်းစဉ်အသစ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းအား ကြည့်ရှူနိုင်ပါ။

မာတိကာ

ဦးအောင်ဆန်း အပိုင်း(၁)

ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ဖေ⁠ဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့်”ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘဝလုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေ အထောက်အထားများကို ကျမ စတင်စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများ ထံမှ သိရှိရသောအချက် အလက်များ အပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။
သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကိုရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျ⁠ကျရေးနိုင်မည် မဟုတ်ဟု အစွပ်စွဲခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရ ရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြုံများ၏ ဩဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာ ကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်းရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်။ [၁]
အောင်ဆန်းကို မြန်မာနိုင်ငံ အညာဒေသရှိ နတ်မောက်မြို့ကလေး၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ဖွားမြင်ပါသည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုန်းစေပြီး မြန်မာတနိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း (၃၀) အကြာတွင် ဖြစ်ပါသည်။ နတ်မောက်နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။
အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ် သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက် လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။
ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်း ဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ “ဗိုလ်လရောင်” ခေါ် “ဦးမင်းရောင်” အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။ “ကုလားတို့ ကျွန်မခံ” ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးကား အောင် ဆန်းမိသားစုနှင့် နယ်သူနယ်သားများ ဂုဏ်ယူစံထား အားကျဖွယ်ရာ ဖြစ်လာပါသည်။
ညီအကိုမောင်နှမ (၆) ဦး (ကလေးဘဝကပင် ကွယ်လွန်ကြသူများအပါအဝင်ဆိုလျှင် မွေးချင်း - ၉ ဦး) အနက် အထွေးဆုံးဖြစ်သူ အောင်ဆန်းသည် သူကိုယ်တိုင်ရေးခဲ့သော မှတ်တမ်းအရ ညစ်ပတ်ချူချာ အစားကြူး၍ လုံး ဝနှစ်လိုဖွယ်မဟုတ်သော ကလေးတဦးဖြစ်ပါသည်။ စကားပြောလည်း နောက်ကျလှသဖြင့် မိသားစုက ‘စွန့်အ’ နေသလားဟူ၍ပင် ပူပင်ခဲ့ရ၏။ သို့သော် အောင်ဆန်းကလေးသည် ပရိယာယ်မရှိခြင်း၊ အလွန်ရိုးသားဖြောင့် မတ်ခြင်း၊ ဆင်းရဲသူများအား သနားကြင်နာတတ်ခြင်း စသော ချစ်စဖွယ်စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု သူ့ အား ငယ်စဉ်က ကောင်းစွာသိခဲ့သူများနှင့် သူ့မိသားစုဝင်များက ကောက်ချက်ချကြပါသည်။
အောင်ဆန်းမိသားစုမှာ ဉာဏ်ရည်ကောင်းပြီး ပညာဖက်တွင် ထွန်းပေါက်သူများအဖြစ် နာမည်ကောင်းရထား ပါသည်။ အောင်ဆန်း၏ အကို (၃) ဦးမှာ အသက်ငယ်⁠ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင် ဆန်းမှာမူ အမေပါတက်မှ ကျောင်းတက်မည်ဆိုကာ ကတ်ဖဲ့နေ၏။ စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဟု ဆိုရမည် ဖြစ်သော ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ဟု အလိုလိုက်ထားခဲ့၏။
သို့ဖြင့် (၈) နှစ်သားအရွယ်ရောက်သောအခါမှ အောင်ဆန်း ကျောင်းတက်ရန် ဆုံးဖြတ်ပါတော့သည်။ အကိုဖြစ် သူ အောင်သန်း ရှင်သာမဏေဘောင်သို့ ဝင်သောအခါ၌ ဘုန်းကြီးကျောင်းနေ သံဃာတို့ဘဝကို သဘောကျ၍ ပေလား၊ ရှင်လောင်းများစီးသည့် ကကြိုးတန်ဆာ ဆင်ရင်ထားသော မြင်းဖြူလေးကို သဘောကျ၍လားမသိ၊ အောင်ဆန်းက သူလည်း ရှင်ပြုချင်ပါသည်ဟု ဆိုလာပါတော့သည်။ လိမ္မာပါးနပ်သော အမေက အခွင့်ကောင်း ကို ချက်ချင်းယူ၍ ရှင်မပြုမီ စာရေးစာဖတ်တတ်ရန် လိုမည်ဟု ထောက်ပြလိုက်ပါသည်။
ကျောင်းစတက်သည်ဆိုသည်နှင့် အောင်ဆန်းသည် ထူးချွန်သော ကျောင်းသားတဦးဖြစ်ကြောင်း ပေါ်လွင်လာ ပါသည်။ စာကြိုးစား၍ စည်းကမ်းရိုသေပြီး အတန်းထဲတွင် အစဉ်ထိပ်တန်းက ရှိနေခဲ့ပါသည်။ အောင်ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါသည်။ လောကုတ္တရာပညာသာ မက ခေတ်သစ်ပညာရပ်အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုးဖြစ်ပါသည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်းမရှိပေ။
ထိုအချိန်က အထက်တန်းပညာသင်ကြားရာ၌ လိုအပ်ချက်တခုဖြစ်သော အင်္ဂလိပ်စာကို အကိုကြီးများက သင် ထားပြီးဖြစ်သည့်အတိုင်း အောင်ဆန်းကလည်း တတ်အောင်သင်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။ သို့ဖြင့် အောင်ဆန်းလည်း ရေနံချောင်း အမျိုးသားကျောင်းသို့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းသွားပါသည်။ သား ထွေးလေးကို အိမ်မှ ခွဲခွာမသွားစေလိုသော ဒေါ်စုထံမှ ရေနံချောင်းကျောင်းတက်ခွင့်ရရန် အောင်ဆန်း အစာ ငတ်ခံဆန္ဒပြပွဲလေးတခုကို ဆင်နွှဲခဲ့ရပါသေးသည်။
ရေနံချောင်းရောက်သောအခါ ကျောင်းတွင် ဆရာတဦးအဖြစ် အလုပ်လုပ်နေသော အကိုကြီး ဦးဘဝင်း၏ ထိန်းကျောင်းစောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်မှာ အောင်ဆန်းအတွက် လွန်စွာမှ ကံကောင်းပါသည်။ ဦးဘဝင်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်း ကမ်းရှိရှိ၊ ဆင်ဆင်ခြင်ခြင် အထူးဂရုစိုက်ခဲ့၏။ ညီဖြစ်သူကလည်း ပညာရေးဖက်တွင် အားကောင်းကြောင်း ဆက်လက်ပြသကာ အသက် (၁၅) နှစ်အရွယ်၌ သတ္တမတန်းစာမေးပွဲတွင် ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမစွဲသူများအား ချီးမြှင့်သော ဦးရွှေဘို ရွှေတံဆိပ်နှင့် ပညာသင်ထောက်ပံ့ကြေး ဆုကို ရရှိခဲ့၏။
အမျိုးသားကျောင်းများမှာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက်တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင်သူများကယူဆခဲ့ပါသည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်တို့အား သူတို့ ၏ ကိုလိုနီလက်အောက်ခံ ဘဝအခြေအနေကို နိုင်ငံရေးအသိတရားအရ ခံစားနားလည်စေပြီး၊ ထိုဘဝမှ လွတ် မြောက်လိုစိတ်များ အသည်းနှလုံးအတွင်းမှ ဖြစ်ပေါ်လာရန် ကျိုချက်ပေးလိုက်သော နေရာများသဖွယ်ဖြစ်ပါ သည်။
မိမိ၏နိုင်ငံကို လူမျိုးခြားတို့အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသောဆန္ဒသည် ရေနံ ချောင်းအမျိုးသားကျောင်း မတက်မီကာလကပင် အောင်ဆန်း၏ စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရပါသည်။ က လေးဘဝက ဗြိတိသျှတို့အား ပုန်ကန်မောင်းထုတ်ရန် နည်းအမျိုးမျိုး ကို ကြံစည်စဉ်းစားခဲ့ပုံ၊ တခါတရံ ပြဒါးရှင် လုံးကဲ့သို့သော တန်ခိုးသိဒ္ဓိရှင်ပစ္စည်းများ အကူအညီဖြင့် မြန်မာပြည်လွတ်မြောက်ရေးကိုရယူရန် စိတ်ကူးယဉ် ခဲ့ပုံအကြောင်းကို သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးတွင် ရေးသားထားပါသည်။
အမျိုးသားကျောင်း၌ နေစဉ်အတွင်း နိုင်ငံရေးလောက၌ နာမည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စိတ်ဝင် စားလာပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။ သူ၏ ဟောပုံပြောပုံမှာ အားတက်စရာမဟုတ်သော် လည်း ကိုင်တွယ်ရမည့် အကြောင်းအရာနှင့်ပတ်သက်၍ သေချာစေ့စပ်စွာ ပြင်ဆင်ထားခြင်း၊ ယုံကြည်ချက် အပြည့်အဝရှိခြင်းတို့ကြောင့် အဟောကောင်း၊ အပြောကောင်းဟူ၍ နာမည်ရခဲ့၏။
ကျောင်းဂျာနယ် စာတည်းအဖြစ်လည်းဆောင်ရွက်ခဲ့၏။ ထိုကဲ့သို့ စာသင်ခန်းပြင်ပလုပ်ငန်းများတွင် ပါဝင်သော် လည်း တယောက်တည်း အတွေးနယ်ထဲ နစ်မြုပ်နေတတ်ခြင်း၊ နေပုံထိုင်ပုံထောင့်မကျိုးခြင်းတို့ကြောင့် အောင် ဆန်းကို လူ့ဂွစာ လူထူးလူဆန်းအဖြစ် ကျောင်းနေဖက်များက မြင်ကြပါသည်။ ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ်ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပ ညာဆက်သင်ရန် ရောက်သွားပါသည်။
အောင်ဆန်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည့်နှစ်သည်ကား ဆရာစံသူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်း ကာ ခေါင်းဆောင်များကို သေဒဏ်ပေးခဲ့ပြီး တနှစ်ကြာကာလကပင်ဖြစ်ပါသည်။ တောင်သူလယ်သမားများ ခံစားနေရသော အတိဒုက္ခများမှ ပေါ်ပေါက်လာရသော ပုန်ကန်မှုကို ဗြိတိသျအစိုးရက ရှင်ဘုရင်ဖြစ်လိုသော အယူသည်းသူတယောက် ဦးဆောင်သည့် တောသူတောင်သား ပုန်ကန်မှုမျှသာဖြစ်သည်ဟု သေးသိမ်စေရန် နှိမ်၍ဖော်ပြခဲ့ပါသည်။ သို့သော်လည်း မြန်မာများအနေဖြင့် ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲခဲ့သူ မများပြား သော်လည်း ထိုပုန်ကန်မှုအပေါ် အတော်ပင် ဂရုဏာထားကြပါသည်။ ဆရာစံကို စွဲဆောင်နိုင်စွမ်းရှိသူတဦးအ ဖြစ် မမြင်သူများကပင် သူပုန်တို့၏ မျိုးချစ်စိတ်နှင့် သတ္တိပြောင်မြောက်မှုကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့ရပြီး အစိုးရ၏ ရက်စက်ကြမ်းတမ်း တုံ့ပြန်မှုများကြောင့် အရေးနိမ့်သွားရသော သူပုန်တို့ကို များစွာသနားကြင်နာခဲ့ ကြ၏။
ဗြိတိသျှအုပ်ချုပ်မှု အစောပိုင်းကာလတွင် ကျင့်သုံးသော ငြိမ်ဝပ်အေးချမ်းရေးလမ်းစဉ်မှာ အတော်အတန် အောင်မြင်မှုရှိခဲ့သော်လည်း လူမျိုးခြားကြီးစိုးမှုကို မြန်မာများက ကျေနပ်စွာ လက်ခံခြင်းမရှိပါ။ ကိုလိုနီအစိုးရ ပိုမိုခိုင်မြဲလာသည်နှင့် အုပ်ချုပ်သူလူမျိုးခြားတို့၏ ပလွှားမောက်မာသော အမူအကျင့်များနှင့် တိုင်းပြည်အတွက် စစ်မှန်သောကောင်းကျိုးကိစ္စရပ်တို့ကို လျစ်လျူရှုမှုများသည် တိုင်းသူပြည်သားတို့၏ မနှစ်သက် မကျေနပ်စိတ် များကို ဆွပေးသကဲ့သို့ ဖြစ်လာပါသည်။
ပထမဦးစွာပေါ်ထွန်းခဲ့သော အမျိုးသားရေးရာ အဖွဲ့အစည်းများသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု တည်တံ့ခိုင်မြဲရန်နှင့် သန့်ရှင်းစင်ကြယ်ရန်ကိုသာ ဆောင်ရွက်ကြသည်။ သို့သော် ခေတ်ပညာတတ် မြန်မာလူ ငယ်အရေအတွက် များပြားလာသည်နှင့်အမျှ နိုင်ငံရေးရည်မှန်းချက်များပါ ပေါ်ပေါက်လာပါသည်။ ၁၉၀၆ ခုနှစ် တွင် တည်ထောင်သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဝိုင်အမ်ဘီအေ)သည် နိုင်ငံရေးရာများကို စတင် ကိုင်တွယ်သော အဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်သပိတ်ကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။
အမျိုးသားလှုပ်ရှားမှု အရှိန်အဟုန်ရလာသောအခါ ‘ဝိုင်အမ်ဘီအေ’ သည် ၁၉၂၀ ခုနှစ်၌ ‘ဂျီစီဘီအေ’ အသွင် သို့ ကူးပြောင်းသွားပါသည်။ ပထမဦးဆုံး ပေါ်ပေါက်လာသော အမျိုးသားမဟာမိတ်အဖွဲ့ဟု ခေါ်နိုင်ပါသည်။ မြန်မာ့အမျိုးသားရေးရာလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည်သွင်းပေးလိုက်သော ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမ ဖြစ်သည်။ ဆရာတော်၏ စိတ်အားထက်သန်သော လွတ်လပ်ရေးတောင်းဆိုမှုတို့ကြောင့် နိုင်ငံတဝှမ်းတွင် မျိုး ချစ်စိတ်ဓာတ်ပြင်းပြစွာ တက်ကြွလာပါသည်။ သို့သော်လည်း စုပေါင်းညီညာသော လွတ်လပ်ရေးလှုပ်ရှားမှု ပေါ်ပေါက်စေမည့် အင်အားများမှာ နိုင်ငံရေးအကွဲအပြားများကြောင့် လွင့်စင်သွားရ၏။
၁၉၂၂ ခုနှစ်တွင် (၂၁) ဦးပါတီသည် ဂျီစီဘီအေမှ ခွဲထွက်သွားပြီးနောက်တွင် ထပ်မံကွဲကြပြန်သဖြင့် ၁၉၂၀ ခု နှစ်များ ကုန်ဆုံးခါနီးတွင် အဖွဲ့အစည်း (၃) ဖွဲ့ ဖြစ်သွားပါတော့သည်။ ၁၉၃၀ ခုနှစ်များ၏ အစပိုင်းကာလတွင်မူ ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲထားသင့်၊ မထားသင့် ဟူသော “ခွဲရေး-တွဲရေး” ကိစ္စအပေါ် မြန်မာနိုင်ငံရေးသမားများ စိတ်ဝင်စားစွာ အငြင်းပွားကြသည်ကို တွေ့ရပါသည်။
ထိုနိုင်ငံရေးသမားများအနက် အချို့မှာ ဆရာစံသူပုန်တို့အား ဗြိတိသျှအစိုးရက ခုံရုံးတင်စစ်ဆေးရာ၌ သူပုန် များဘက်မှ ခုခံကာကွယ်ပေးခဲ့သဖြင့် ထင်ပေါ်ကျော်ကြားလာသူများဖြစ်ပါသည်။ တချိန်တည်းမှာပင် ငြိမ်၍ ခေါင်းငုံ့ခံသည့်ကာလမှာလည်း ဆုံးခန်းသို့ ဦးတည်လာကာ ထိုးနှက်တိုက်ခိုက်ခြင်း သဘောဆောင်သော နည်းဗျူဟာများသုံးစွဲရန် တွန့်ဆုတ်လိမ့်မည်မဟုတ်သော အမျိုးသားရေးစိတ်ဓာတ်ရှိသည့် မျိုးဆက်သစ်များ လည်း နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရောက်ရှိလာပါသည်။
အသက် (၁၈) နှစ်အရွယ် အောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားကလေးပင်ဖြစ်ပါသည်။ မိမိတို့ကိုယ်မိမိတို့ လူ့မလိုင်ဟု အထင်ရောက်နေကြပြီး ကြော့ရှင်းဝံ့ကြွားစွာ ဝတ်ဆင်နေထိုင်ကြသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ အသိုင်းအဝိုင်းတွင် မျက်နှာထားရှုသိုး⁠သိုးနှင့် အဝတ်အစား ပိုသီပတ်သီဝတ်ဆင်သော အောင်ဆန်းသည် အံမဝင်ဂွင်မကျ ဖြစ်နေ၏။ ထို့အပြင် သူ့ထက်သိမ်မွေ့ပါးနပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက် ပြောင်မှုကိုလည်း ဂရုမစိုက်ကြောင်း စောစီးစွာပေါ်လွင်စေခဲ့၏။
အောင်ဆန်း တက္ကသိုလ်ရောက်စ ပထမနှစ်ပတ်တွင် ကျောင်းသားသမဂ္ဂမှ စကားရည်လုပွဲတရပ် ကျင်းပပါ သည်။ ထိုစကားရည်လုပွဲအပြီး၌ အောင်ဆန်းသည် ပရိသတ်အကြားမှထကာ သူ့အကို အောင်သန်း တင်သွင်း သော “ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်”ဟူသည့် အဆိုကို ထောက်ခံလိုက်ပါသည်။ ဤသည်မှာ မိသား စုသွေးစည်းရေး သဘောဆောင်သည့် အပြုအမူမဟုတ်ပါ။ ယုံကြည်ချက်အရ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါ သည်။
အောင်ဆန်း အင်္ဂလိပ်စကားပြောရာတွင် အသံထွက် အမှားမှားအယွင်းယွင်း ကို့ယို့ကားရား ချောမွေ့ပြေပြစ် ခြင်း မရှိသောကြောင့် သူ့စကားများမှာ နားမလည်နိုင်သလောက်ပင်ဖြစ်၏။ ပရိသတ်က ပြောင်လှောင်သရော် အော်ဟစ်ကြသဖြင့် အကိုဖြစ်သူ အတော်ပင်အနေရခက်သွား၏။ အောင်ဆန်းကမူ ကြောက်ရွံ့၍ အသံပျောက် သွားခြင်းမရှိ။ ကဲ့ရဲ့သံများ၊ မြန်မာစကားနှင့်သာပြောရန် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်သံများကို လျစ်လျူရှုကာ အဆင့်အတန်းမမီသော သူ့အင်္ဂလိပ်စကားကို ပါဠိအသုံးအနှုန်းများဖြင့် ဖြည့်စွက်၍ သူပြောလိုရာအားလုံးကို ပြီးဆုံးအောင် ဆက်လက်ပြောဆိုသွားပါသည်။
ထိုပထမစကားရည်လုပွဲ အဖြစ်အပျက်သည် နောင်အတွက် အစဉ်အလာတရပ် ချမှတ်ပေးလိုက်သကဲ့သို့ ဖြစ် သွားပါသည်။ ပရိသတ်က ကဲ့ရဲ့ရှုတ်ချနေသည့်ကြားကပင် သူပြောလိုရာကို အင်္ဂလိပ်စကားနှင့်ပြောခြင်း၊ သုန်သုန်မှုန်မှုန် နေတတ်ခြင်းတို့ကြောင့် သူသည် အူကြောင်ကြောင်နိုင်သော အရူးတယောက်ဟူ၍ပင် နာမည်ရခဲ့ ၏။
သို့သော် အောင်ဆန်းသည် အဝေဖန်ခံရမည်ကို ကြောက်ရွံ့ပြီး သူလုပ်ကိုင်ရန် ဆုံးဖြတ်ထားသောကိစ္စများကို မလုပ်ဘဲနေမည့် လူမျိုးမဟုတ်ပါ။ ခေတ်ပြိုင်ကမ္ဘာတွင် အင်္ဂလိပ်စကား အရေးပါပုံကို သိရှိနားလည်သဖြင့် အင်္ဂ လိပ်စကားကို ပိုင်ပိုင်နိုင်နိုင်သုံးစွဲနိုင်ရန် သူ ကြိုးစား၏။ အင်္ဂလိပ်စာအုပ်များကို သဲကြီးမဲကြီးဖတ်ခြင်း၊ အခြား သူများ ပြောပုံဆိုပုံကို နားထောင်လေ့လာခြင်း၊ အင်္ဂလိပ်စာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့သူ မိတ်ဆွေရင်း တဦးထံမှ အကူအညီယူခြင်း စသည်တို့ဖြင့် ဘုန်းကြီးကျောင်းထွက် အညာသားတဦးအတွက် ထူးခြားလောက် သော အင်္ဂလိပ်စကားကျင်လည်မှုကို သူရရှိလာ၏။
ထိုပထမစကားရည်လုပွဲတွင် အောင်ဆန်း ထောက်ခံခဲ့သောအဆိုမှာ သူ၏ ရေရှည်ယုံကြည်ချက်တရပ်အား ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ကို သတိမူသင့်ပါသည်။ ထိုယုံကြည်ချက်မှာ သံဃာတော်များ နိုင်ငံရေးတွင် ဝင် ရောက်လုပ်ကိုင်ခြင်း မပြုသင့်ကြောင်းပင်ဖြစ်ပါသည်။ မကွယ်လွန်မီ တနှစ်ကျော်ခန့်က ပြောကြားခဲ့သော ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ ညီလာခံမိန့်ခွန်း၌ “ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏”ဟု ပြောခဲ့၏။ ရဟန်သံဃာများအား “အရှင်ဘုရားတို့က သာသ နာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ – ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည် -- ဤကဲ့သို့ဆောင်ရွက်မှုသည် သာသနာ ဖက်ကသာကြည့်၍ မြင့်မြတ်သည်မဟုတ်ပါ၊ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာရောက်ပါသည်ဘုရား” စသဖြင့် လျှောက်ထားခဲ့ပါသည်။
အများက နိုင်ငံသတ္တဝါ ပကတိအဖြစ်ဖြင့်မြင်ကြသော အောင်ဆန်းမှာ စင်စစ်တွင် ဘာသာရေး၌ လေးနက်စွာ တသက်လုံး စိတ်ဝင်စားသူပင် ဖြစ်ပါသည်။ ရေနံချောင်း၌ ကျောင်းတက်နေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ဝမ်းနည်းကြေကွဲကာ ရဟန်းဘောင်ဝင်ရန်ပင် စိတ်ကူးခဲ့ပါသည်။ တက္ကသိုလ်ရောက်စအချိန်ကလည်း အီတလီ လူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးလောကနန္ဒကို ကြည်ညိုလေးစားလှသဖြင့် ဆရာတော်နှင့် အတူလိုက်ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မိခင်ထံ အခွင့်တောင်းဖူး၏။ အခွင့်ကား မရခဲ့ပေ။ သို့သော် လောကုတ္တရာကိစ္စများကို အောင်ဆန်း ဆက်လက်၍ ဂရုတစိုက်အလေးထားပါသည်။
နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ပြီးနောက်ပိုင်း၌ပင် သူနှင့် အရင်းနှီးဆုံး မိတ်ဆွေတဦးအား သူ၏ “သစ္စာတ ရားနှင့် လုံးဝအပြစ်ကင်းစင်မှု ရှာပုံတော်ဘဝခရီး” အကြောင်းနှင့် ကာယကံ၊ ဝစီကံ၊ မနောကံအရ ရိုးဖြောင့်နိုင် ရန် သတိပြုကြိုးပမ်းနေကြောင်းတို့ကို စာရေး၍ ရှင်းပြဖူးပါသည်။ ခေတ်လူငယ် စိတ်ပိုင်းဆိုင်ရာ အသိတရား ခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ လောကဒဏ်လှိုင်းများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်တွန်းလှန်နိုင်စွမ်းမရှိပါက ထိုအသိတရားများ လုံးဝကွယ်ပျောက်ပြီး စိတ်ဓာတ်ဗလ မွဲပြာကျသောအဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူ ပန်မိကြောင်း စသဖြင့်လည်း ရေးသားထားပါသည်။

ကျောင်းသားနိုင်ငံရေးနှင့် သခင်များ

ကိုအောင်ဆန်း ကျောင်းသားနိုင်ငံရေးတွင် ပါဝင်မှုမှာ အစ၌ ခပ်ဖြေးဖြေး မှန်⁠မှန်သာဖြစ်သော်လည်း ၁၉၃၅ ခုနှစ်နောက်ပိုင်း၌ အရှိန်အဟုန် မြင့်မားလာ၏။ ထိုအချိန်တွင် သူသည် ကိုနု၊ ကိုလှဖေ (နောင် ဗိုလ်လင်္ကျာ)၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ်ကဲ့သို့သော ပုဂ္ဂိုလ်များနှင့်အတူ စတင်လုပ်ကိုင်နေပြီး မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် ထင်ရှားလာမည့် ထိုလူငယ်များနှင့် အောင်ဆန်းတို့ လက်တွဲကာ ကျောင်းသားများ အတော်ပင် ဂရုပြုရမည့် နိုင်ငံရေးအင်အားစုတစုဖြစ်လာအောင် စည်းရုံးပါသည်။
ကိုအောင်ဆန်းတို့လူစုသည် အာဏာပိုင်အလိုတော်ရိများ လွှမ်းမိုးထားသော တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ထိုးထွင်းဝင်ရောက်နိုင်ရန် ကြိုးပမ်းခြင်းဖြင့် စတင်လှုပ်ရှား၏။ ပထမတွင် အောင်မြင်မှုသိပ်မရှိခဲ့ပေ။ ၎င်းတို့အထဲမှ ကိုကျော်ငြိမ်းနှင့် ကိုသိန်းဖေတို့သာ သမဂ္ဂအမှုဆောင်များအဖြစ် အရွေးချယ်ခံရသည်။ သို့သော် နောက် ပိုင်းတွင် ထက်သန်သော အမျိုးသားရေးစိတ်ဓာတ်နှင့် ဇွဲလုံ့လတို့၏ အကျိုးအမြတ်များ ထွန်းကားလာ၏။ တက္က သိုလ်ကျောင်းသားများ၏ စိတ်နေစိတ်ထားလည်း ပြောင်းလာ၏။ လှုပ်ရှားတက်ကြွသော ပြည်ချစ်စိတ်လွှမ်းမိုး လာ၏။ ၁၉၃၅-၃၆ စာသင်နှစ်အတွင်း ကျောင်းသားသမဂ္ဂအမှုဆောင် ရွေးကောက်ပွဲတွင် အဓိကနေရာအား လုံး အမျိုးသားရေးစိတ်ဓာတ် ထက်သန်သောလူငယ်များက ရရှိသွားကြ၏။ ကိုအောင်ဆန်းသည် အမှုဆောင် အဖွဲ့ဝင်တဦးအဖြစ် အရွေးခံရပြီး သမဂ္ဂမဂ္ဂဇင်း၏ အယ်ဒီတာလည်း ဖြစ်လာပါသည်။
သမဂ္ဂမဂ္ဂဇင်း “အိုးဝေ”တွင် “ငရဲခွေးကြီး လွတ်နေပြီ”ဟူသော ဆောင်းပါးကို ထည့်သွင်းခဲ့ခြင်းသည် ကျယ် ပြန့်စွာထိရောက်မှုရှိခဲ့သည့် ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်ကို သွယ်ဝိုက်သောနည်းဖြင့် လှုံ့ဆော် ပေးခြင်းပင် ဖြစ်ပါသည်။ ဤဆောင်းပါးသည် တက္ကသိုလ်အရာရှိတဦးအား ပုတ်ခတ်တိုက်ခိုက် ရေးသားထား ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ယူဆကာ ဆောင်းပါးရှင်အမည်ကို ဖော်ထုတ်ရန် အယ်ဒီတာ ကိုအောင် ဆန်းအား တောင်းဆိုလာတော့၏။
ကိုအောင်ဆန်းကလည်း ယင်းကဲ့သို့ဖော်ထုတ်ခြင်းသည် သတင်းစာဆရာကျင့်ဝတ်နှင့် ကိုက်ညီမည်မဟုတ်ဟု ဆိုကာ ငြင်းဆန်လိုက်၏။ အာဏာပိုင်များက ယခုကဲ့သို့ ငြင်းဆန်မှုကို အခွင့်ကောင်းယူပြီး ကိုအောင်ဆန်းအား ကျောင်းမှထုတ်ပယ်လိုက်တော့၏။ မကြာသေးမီကပင် ကိုနုသည်လည်း ကျောင်းအုပ်ကြီးအား ပစ်⁠ပစ်ခါခါ ဝေ ဖန်မှုဖြင့် ကျောင်းထုတ်ခံခဲ့ရသောကြောင့် ကျောင်းသားများထဲတွင် မကျေနပ်မှု၊ ဒေါသထွက်မှု ပို၍များပြားလာ လေသည်။ သို့ဖြင့် သပိတ်မှောက်ရန် ဆုံးဖြတ်ကြပါတော့သည်။
တက္ကသိုလ်စာမေးပွဲများစစ်ချိန် ဖြစ်လေရာ ဤဆုံးဖြတ်ချက်မှာ အထူးလေးနက်သည့် ကိစ္စတရပ်ဖြစ်ပါသည်။ သပိတ်သတင်းမှာ ချက်ချင်းပင် ဟိုလေးတကျော်ဖြစ်သွားလေသည်။ သတင်းစာများနှင့်တကွ တနိုင်ငံလုံးက သပိတ်မှောက်ကျောင်းသားများကို ကြင်နာစွာ ထောက်ခံကြပါသည်။ ဤကဲ့သို့ အများထောက်ခံမှုကို ရယူနိုင် ခြင်း၊ လေးစားလောက်အောင် စီမံကွပ်ကဲနိုင်ခြင်း၊ စည်းကမ်းရှိခြင်း စသည်တို့ကြောင့် ကျောင်းသားများ၏ လုပ်ရည်ကိုင်ရည်နှင့် ကျောင်းသားအင်အား၏ တန်ခိုးအာနိသင်ကို လူကြီးပိုင်း နိုင်ငံရေးသမားများ အသိအ မှတ်ပြုလာကြရသည်။ အစိုးရအနေဖြင့်လည်း သပိတ်မှောက်သူများ၏ မကျေနပ်ချက်များကို လေးနက်စွာ မ စဉ်းစား၍ မဖြစ်တော့ပါ။ နောက်ဆုံး၌ နိုင်လူမင်းထက်ပြုတတ်သော ကျောင်းအုပ်ကြီးမှာ အငြိမ်းစားယူလိုက်ရ ၏။ တက္ကသိုလ်အက်ဥပဒေတွင် ကျောင်းသားများထည့်သွင်းလိုသော ပြင်ဆင်ချက်များကို လေ့လာရန် ကော်မ တီတရပ်ကိုလည်း ဖွဲ့စည်းလိုက်ရပြီး အရေးမပါလှသော တောင်းဆိုချက်များကိုမူ လိုက်လျောလိုက်လေသည်။
လူငယ်အမျိုးသားရေးဝါဒီများ၏ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသည့် မှတ်တိုင်တတိုင်ဖြစ်သော ၁၉၃၆ ခုနှစ်သပိတ်ကြောင့် ကိုအောင်ဆန်းသည်လည်း ကျောင်းသားခေါင်းဆောင်တဦးအဖြစ် လူသိများလာ ပါသည်။ သူ့ဂုဏ်သိက္ခာလည်း အရှိန်မှန်⁠မှန်မြင့်မားလာပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် သပိတ် မှောက်ပြီးနောက် တည်ထောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့၏ အမှုဆောင်အဖွဲ့များ တွင်လည်း တဆင့်ထက်တဆင့် ပိုမိုအရေးပါသော အမှုဆောင်နေရာများတွင် တာဝန်ထမ်းဆောင်ရ၏။
၁၉၃၈ ခုနှစ်တွင် သမဂ္ဂနှစ်ရပ်စလုံး၏ ဥက္ကဋ္ဌဖြစ်လာပါသည်။ ထိုအချိန်၌ ကိုအောင်ဆန်း တက္ကသိုလ်မှ ဝိဇ္စာဘွဲ့ ရပြီး၍ ဥပဒေဝိဇ္စာတန်းတွင် တက်ရောက်နေ၏။ ထိုကဲ့သို့ ဥပဒေတန်းဆက်တက်နေခြင်းမှာ တက္ကသိုလ်တွင် ဆက်လက်နေထိုင်လှုပ်ရှားနိုင်ခွင့်ရရှိရန်ဟူသော အကြောင်းလည်း ပါဝင်ပါသည်။ ဖြောင့်မတ်တည်ကြည်ခြင်း၊ ဇွဲလုံ့လကြီးခြင်း၊ အလုပ်လုပ်နိုင်စွမ်းရှိခြင်း စသည်တို့ကြောင့် ကိုအောင်ဆန်းအနေဖြင့် လေးစားခြင်း ခံရသော် လည်း အခြားကျောင်းသားခေါင်းဆောင်များကဲ့သို့ ယဉ်ကျေးသိမ်မွေ့၍ ဆက်ဆံရေးပြေပြစ်ခြင်းမရှိသော လူ့ဂွ စာတဦးပင် ဖြစ်ပါသည်။
သုန်သုန်မှုန်⁠မှုန်နေတတ်ခြင်း၊ မသပ်ရပ်ခြင်း၊ စိတ်မပါလျှင် သူတပါး အနေရကြပ်လောက်အောင် တုံဏှိဘာဝေ နေတတ်ခြင်း၊ စိတ်ပါပြန်တော့လည်း သူတပါး မခံနိုင်လောက်အောင် စကားဖောင်ဖွဲ့ခြင်းနှင့် အခြားထောင့်မ ကျိုးသော အမူအကျင့်တို့ကြောင့် ကိုအောင်ဆန်း မကြာခဏ အဝေဖန်ခံရပါသည်။ သူကိုယ်တိုင်လည်း “ရံဖန် ရံခါ လူ့ယဉ်ကျေးများနှင့် အသားမကျခဲ့ချေ၊ မျက်စေ့နောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူ့ယဉ်ကျေးများ နှင့် ငါ လူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိလာသည်” ဟု ရေးသားခဲ့ဖူး၏။ သို့သော် လူရိုင်းများကို အောင် ဆန်းမြင်ပုံမှာ စိတ်ကူးယဉ်ဆန်၏။ ရိုးဖြောင့်တည်ကြည်၊ ကျန်းမာသန်စွမ်းပြီး၊ လွတ်လပ်ချမ်းသာစွာ နေထိုင်သူ များဟု သူက အမွှန်းတင်ထားခြင်းပင်ဖြစ်ပါသည်။
၁၉၃၈ ခုနှစ်တွင် ကိုအောင်ဆန်းသည် ၁၉၃၀ ခုနှစ် ကုလား-ဗမာအဓိကရုဏ်းမှ မြစ်ဖျားခံသော ဒို့ဗမာအစည်း အရုံးထဲသို့ ဝင်ရောက်လှုပ်ရှားနိုင်ရန် တက္ကသိုလ်မှ ထွက်လိုက်ပါသည်။ ထိုအစည်းအရုံးသည် အမျိုးသားရေး စိတ်ဓာတ်ပြင်းပြ၍ နုပျိုတက်ကြွသည့် အခြေခံလက္ခဏာရှိပြီး အစည်းအရုံးခေါင်းဆောင်များသည် သက်ကြီး နိုင်ငံရေးသမားများနှင့်မတူ တမူထူးခြားကြပါသည်။ မျိုးချစ်အရေးတော်ပုံ၌ ဘဝကိုမြှုပ်နှံရန် အာသီသပြင်းထန် နေသော ခေတ်သစ်ပညာတတ်လူငယ်များက ထိုသက်ကြီးနိုင်ငံရေးသမားများသည် ရဲသင့်သည်လောက်မရဲ၊ မြန်မာဆန်သင့်သည်လောက်မဆန်၊ အခြေခံမှ ပြောင်းလွဲမှုများလုပ်ရန် ဆန္ဒရှိသင့်သည်လောက်မရှိ၊ ငယ်ရွယ် သင့်သလောက်လည်း မငယ်ရွယ်ဟု ယူဆကြပါသည်။
တို့ဗမာအစည်းအရုံးဝင်များကို လူတိုင်းက ကြိက်ကြသည်တော့မဟုတ်ပါ။ အချို့က သူတို့ကို ကလေကချေ ပြ ဿနာရှာနေသော လူမိုက်လူဆိုးလေးများဟူ၍ အထင်သေးပြီး၊ အမည်ရှေ့တွင် ‘သခင်’တပ်၍ ခေါ်ဝေါ်ခြင်းကို ကြီးကျယ်သည်၊ မလုပ်သင့်မလုပ်ထိုက်ဟု ဝေဖန်ကြပါသည်။ ဗြိတိသျှအုပ်ချုပ်ရေးသမားများကို လက်အောက် ခံဖြစ်နေသော ဗမာတို့က ‘သခင်’ ဟု ခေါ်လေ့ခေါ်ထရှိရာ၊ ဗမာများသည် ကျွန်မျိုးမဟုတ် ကိုယ့်ကိုကိုယ် အုပ် စိုးနိုင်သည့် မွေးရာပါအခွင့်အရေးရှိသူများဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ရဲရဲတင်းတင်း ဖေါ်ပြသည့်အနေ နှင့် အစည်းအရုံးဝင်များက ‘သခင်’ ဘွဲ့ကို သုံးစွဲခြင်း ဖြစ်ပါသည်။
အတွင်းသဘောထား မတိုက်ဆိုင်မှုများကြောင့် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသွားပါသည်။ သခင်အများစုပါ ဝင်သည့် အပိုင်းကို ခေါင်းဆောင်သူမှာ မြန်မာ့စာပေနှင့် နိုင်ငံရေးလောကတွင် အထင်ကရပုဂ္ဂိုလ်ကြီးဖြစ်ပြီး မူလက အစည်းအရုံး၏ နာယကဖြစ်သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖြစ်ပါသည်။ ကိုအောင်ဆန်းလည်း သခင်ကိုယ်တော်မှိုင်း ဦးဆောင်သည့် တို့ဗမာအစည်းအရုံးဝင်တဦး ဖြစ်လာပါသည်။ ‘မှိုင်းသခင်’ များအနက် ကိုနု၊ ကိုလှဖေနှင့် ကိုသိန်းဖေတို့အပြင် ကျောင်းသားခေါင်းဆောင်များ မဟုတ်ခဲ့သော်လည်း မြန်မာ့နိုင်ငံရေး တွင် ထင်ရှားအရေးပါလာမည့် သခင်သန်းထွန်းနှင့် သခင်စိုးတို့လည်းပါဝင်ပါသည်။ မကြာမီ သခင်အောင်ဆန်း သည် တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖြစ်လာပြီးနောက် အစည်းအရုံး၏ ကြေညာစာတမ်းကို စီ ရင်ရေးသားခဲ့ပါသည်။

ဦးအောင်ဆန်း အပိုင်း(၂)

၁၉၃၈-၁၉၃၉ ခုနှစ်များတွင် ‘၁၃၀၀ ပြည့် အရေးတော်ပုံ’ ဟု အမည်တွင်မည့် အရေးအခင်းများ ဖြစ်ပေါ်ခဲ့ပါ သည်။ ရေနံမြေအလုပ်သမားများ ချီတက်ပွဲ၊ တောင်သူလယ်သမားများ ချီတက်ပွဲ၊ ရဲ၏ နံပါတ်တုတ်ဒဏ်ဖြင့် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသော ကျောင်းသားဆန္ဒပြပွဲ၊ ထိုဖြစ်ရပ်ကြောင့် ပေါ်ပေါက်ရသော နိုင်ငံအဝှမ်း ကျောင်းသားသပိတ်များ၊ ဗမာတို့နှင့် အိန္ဒိယအနွယ် မူဆလင်များအကြား ဖြစ်ပွားခဲ့သော အဓိကရုဏ်း၊ အလုပ် သမားများသပိတ်၊ ရဲ၏ လက်ချက်ဖြင့် အာဇာနည် (၁၇) ဦး ကျဆုံးခဲ့သော မန္တလေးဆန္ဒပြပွဲ၊ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျသွားခြင်း စသည်တို့ တသီတတန်းကြီး ဖြစ်ပေါ်ခဲ့ပါသည်။
ဤအရေးအခင်းများကြောင့် နိုင်ငံအတွင်း မကြုံစဖူး မငြိမ်မသက် ဆူဆူပွက်ပွက်ဖြစ်လာပြီး အမျိုးသားရေးလှုပ် ရှားမှုများ အရှိန်အဟုန်ပြင်းထန်လာသည်။ သို့သော် ဤမျှစိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များ အကြားကပင် မြန်မာ့ နိုင်ငံရေး၏ ကပ်ကြီးနှစ်ပါးဖြစ်သော ဂိုဏ်းဂဏဝါဒနှင့် မနာလိုမုန်းတီးရေးဝါဒတို့၏ ဆိုးဝါးသော အရှိန်ဩဇာများ လွှမ်းမိုးလာ၏။ အုပ်စုတအုပ်စု၊ လူတဦးချင်းတို့အနေနှင့် မိမိတို့သာလျှင် အထိ ရောက်ဆုံး၊ မျိုးချစ်စိတ်အထက်သန်ဆုံး၊ အတော်ဆုံးဟူ၍ ဂုဏ်တု၊ ဂုဏ်ပြိုင်လုပ်လိုသော စိတ်ရူး များဝင်ကာ အပြန်အလှန် စွပ်စွဲပုတ်ခတ်မှုများ၊ ခါးသီးမှုများ ပျံ့နှံ့လာလေသည်။
ဂိုဏ်းဂဏစိတ်နှင့် မနာလိုဝန်တိုစိတ်များမှ ကင်းရှင်းသည်ဟု အများက သတ်မှတ်ထားသော လူနည်းစုလေး တွင် သခင်အောင်ဆန်း ပါဝင်၏။ သူသည် လက်ဝဲဝါဒများဘက်သို့ယိမ်း၍ ၁၉၃၉ ခုနှစ်တွင် ပေါ်ပေါက်လာ သော အချို့က မာ့က်ဆ်ဝါဒ လေ့လာရေးအုပ်စုဟူ၍လည်းကောင်း၊ အချို့က ပထမဦးဆုံး မြန်မာကွန်မြူနစ်က လပ်စည်းဟူ၍လည်းကောင်း ခေါ်ဝေါ်သည့်အုပ်စုကို တည်ထောင်ခဲ့သူတဦးဖြစ်ပြီး၊ ထိုအုပ်စု၏ အထွေထွေအ တွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့၏။ သို့သော် သခင်အောင်ဆန်းသည် ကွန်မြူနစ်ဝါဒကိုသော်လည်း ကောင်း၊ အခြားတင်းကြပ်သော ဝါဒများကိုသော်လည်းကောင်း၊ မဆင်မခြင် အစွန်းရောက်အမြင်ဖြင့် ယုံကြည် လက်ခံခြင်းမရှိခဲ့ပါ။ ကျယ်ဝန်းထွေပြားသော ဆိုရှယ်လစ်သီအိုရီ အယူအဆအမျိုးမျိုးအနက် သူ့အားဆွဲဆောင် နိုင်သော သဘောတရားများ အတော်အတန်ရှိခဲ့ပါသည်။ သို့သော် သူ၏ အဓိကရည်မှန်းချက်မှာ သူ့တိုင်းပြည် အတွက် လွတ်လပ်ရေးနှင့် စည်းလုံးညီညွတ်ရေး စွမ်းဆောင်ပေးနိုင်မည့် အတွေးအခေါ်များ၊ နည်းဗျူဟာများ ကို လေ့လာသုံးစွဲရန်သာဖြစ်ပါသည်။
၁၉၃၉ ခုနှစ် ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ်မီး စတင်လောင်ကျွမ်းပြီး များမကြာမီ ‘ကိုလိုနီဝါဒအခက်၊ လွတ်လပ်ရေးအချက်’ ဟုမြင်ကာ ‘ထွက်ရပ်ဂိုဏ်းကြီး’ တည်ထောင်နိုင်ရန် သခင်အောင်ဆန်း ကူညီပေးခဲ့ပါ သည်။ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီ၊ ဒို့ဗမာအစည်းအရုံး၊ ကျောင်းသားများနှင့် ပုဂ္ဂလိကနိုင်ငံရေးသ မားများ စုပေါင်းဖွဲ့စည်းလိုက်သော ထို ‘ထွက်ရပ်ဂိုဏ်းကြီး’ သည် သခင်အောင်ဆန်း၏ တီထွင်မှုဖြစ်သည်ဟု သခင်နုက သတ်မှတ်ခဲ့၏။ ‘ထွက်ရပ်ဂိုဏ်းကြီး’ ၏ ပြည်သူလူထုကို တိုက်တွန်းဆော်ဩချက်မှာ စစ်ပြီးသည်နှင့် လွတ်လပ်ရေးပေးရန်သဘောတူသော ကတိရမှသာလျှင် ဗြိတိသျစစ်ရေးကြိုးပမ်းချက်များကို ကူညီပံ့ပိုးရမည်။ ဗြိတိသျှအစိုးရအနေနှင့် ထိုကဲ့သို့ကတိကြေညာချက်မပြုပါက စစ်ရေးကြိုးပမ်းချက်များကို အင်တိုက်အားတိုက် ဆန့်ကျင်ရမည်။ တုံ့ပြန်သည့်အနေနှင့် ဗြိတိသျှအစိုးရသည် အမျိုးသားရေးလှုပ်ရှားနေသူအများအပြားကို ဖမ်း ဆီးလိုက်ပါသည်။ ၁၉၄၀ ခုနှစ် ကုန်ဆုံးချိန်၌ သခင်ခေါင်းဆောင် အမြောက်အမြားနှင့် ဒေါက်တာဘမော်တို့မှာ ထောင်ထဲရောက်နေကြပေပြီ။ သခင်အောင်ဆန်းကို ဖမ်းဆီးရန် ဝရန်းအမိန့်ထုတ်ခဲ့သော်လည်း အချိန်မီသတိ ပေးချက်ရသဖြင့် သူသည် ခြေရာဖျောက်ကာ တိမ်းရှောင်သွားနိုင်ခဲ့သည်။

ဂျပန်နှင့် မဟာမိတ်ဖွဲ့ခြင်း

သခင်အောင်ဆန်းသည် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရန် လိုအပ်ကောင်းလိုအပ်မည်ဟု ယူဆခဲ့သည်မှာ ကာ လအတန်ကြာကပင် ဖြစ်ပါသည်။ ကလေးဘဝက တိုက်ခိုက်တော်လှန်ရန် စိတ်ကူးယဉ်အိပ်မက်ခဲ့သော်လည်း လွတ်လပ်ရေးကို အခြေခံဥပဒေဘောင်အတွင်းမှ နိုင်ငံရေးနည်းဖြင့် ရယူနိုင်မည့် အလားအလာကို အစဉ်တ စိုက် ပယ်ထားခဲ့သူမဟုတ်ပါ။ တက္ကသိုလ်ကျောင်းသားဘဝက အစိုးရဝန်ထမ်း (ထိုစဉ်က အိုင်စီအက်၊ ဘီစီ အက်) စာမေးပွဲဖြေဆိုကာ ၎င်းတို့၏ပညာရှင်ပီသစွာ နိုင်ငံရေးလုပ်ကိုင်မှုနှင့် မျိုးချစ်စိတ်ထက်သန်မှုတို့ကြောင့် သူကိုယ်တိုင်လေးစားသော အိန္ဒိယနိုင်ငံရေးသမားအချို့၏ နမူနာအတိုင်း လုပ်ကိုင်ရန်ကိုလည်း သခင်အောင် ဆန်း စဉ်းစားခဲ့ဖူး၏။ အများသိ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်လာပြီးနောက်ပိုင်း၌ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခအား ပေးပို့သော စာတစောင်တွင် သူသည် ‘ငြိမ်းချမ်းသော တော်လှန်ရေးသမား’ သာ ဖြစ်သည်ဟု ရေးသားခဲ့ကြောင်း ကြားသိရပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း အရေးအခင်းများ၏ ဒီ ရေလှိုင်းသည် သူ့အား သဘောထားပြောင်းလဲစေခဲ့သည်။ ၁၉၄၀ ခုနှစ်က သူ၏ တွေးခေါ်ပုံကို အောက်ပါအ တိုင်း ရှင်းပြထားပါသည်။
“ကျနော်တဦးချင်းအနေနှင့်ကား ကျနော်တို့၏ အရေးတော်ပုံအတွက် ကမ္ဘာ့ဝါဒဖြန့်မှုနှင့် ကမ္ဘာ့အကူအညီလို သည်မှာ မှန်သော်လည်း အဓိကလုပ်ငန်းမှာ ပြည်တွင်းတွင်သာရှိသည်။ အဓိကလုပ်ငန်းမှာ အမျိုးသားရေး တိုက်ပွဲအတွက် ပြည်သူလူထုကို စည်းရုံးရန်ဖြစ်သည်ဟု ယူဆခဲ့သည်။ ကျနော့်မှာလည်း အကြမ်းဖျဉ်းအစီအ စဉ်တခုရှိခဲ့သည်။ ၎င်းအစီအစဉ်မှာ ဗြိတိသျှနယ်ချဲ့စနစ်ကို တပြည်လုံးတွင် ဆန့်ကျင်ရန်၊ ဤလှုပ်ရှားမှုကို ကမ္ဘာ့အခြေအနေ ဗမာ့အခြေအနေနှင့်အညီ တဆတဆတိုးချဲ့ရန်၊ မြို့နေအလုပ်သမား တောနေအလုပ်သ မားတို့၏ ဒေသအလိုက်သပိတ်များမှစ၍ အထွေထွေသပိတ်များ၊ အခွန်အခပေးရေးသပိတ်များအထိ တိုးချဲ့ ဆင်နွှဲရန်၊ တက်ကြွလာသော ဝါဒဖြန့်ချိမှုများဖြစ်သည့် လူထုဆန္ဒပြပွဲများ ချီတက်ပွဲများမှစ၍ ပြည်သူတို့၏ အာ ဏာဖီဆန်ရေးတိုက်ပွဲအထိ ဆက်လက်ဆင်နွှဲရန်၊ စီးပွားရေးအရတွင်လည်း ဗြိတိသျှကုန်ပစ္စည်းများကို သပိတ် မှောက်ရာမှစ၍ လူထုနှင့်ချီ၍ အခွန်မပေးရေးတိုက်ပွဲအထိ ဆင်နွှဲရန် စစ်ဖက်အုပ်ချုပ်ရေးဖက်နှင့် ပုလိပ်ဖက် ကင်းစခန်းများ ဆက်သွယ်ရေးလမ်းကြောင်းများကို ပြောက်ကျားနည်းနှင့် ဝင်ရောက်တိုက်ခိုက်၍ ဗမာပြည်အ တွင်း ဗြိတိသျှအုပ်ချုပ်မှုစနစ်ကို လုံးဝသွက်ချာပါဒလိုက်သည်အထိ တိုက်ပွဲဆင်နွှဲရန်၊ ထိုအခါ ကမ္ဘာဖြစ်ပေါ်တိုး တက်မှုနှင့် တပြိုင်နက် နောက်ဆုံးပိတ်အာဏာသိမ်းပွဲကို ဆင်နွှဲရန် အစီအစဉ်ပင်ဖြစ်သည်။ ဗြိတိသျှအစိုးရ၏ လက်နက်ကိုင်တပ်များ၊ အထူးသဖြင့် ဗြိတိသျှလူမျိုးမဟုတ်သော တပ်များသည် ကျနော်တို့ဘက်သို့ ကူး ပြောင်းလာကြလိမ့်မည်ဟုလည်း ကျနော်တွက်ခဲ့သည်။ ဤအစီအစဉ်တွင် ဂျပန်များ ဝင်ရောက်တိုက်ခိုက်မှုကို လည်း မှန်းဆခဲ့သည်။ သို့သော် ဤနေရာတွင် ကျနော်မှာ ရှင်းလင်းသောအမြင် မရှိခဲ့ပေ။ ထိုအခါက ကျနော် တို့အထဲမှ မည်သူမျှ ရှင်းရှင်းလင်းလင်းမရှိခဲ့။ သို့သော် ယခုဖြစ်ပျက်ပြီးသွားသည့်အခါတွင်ကား လူအချို့အနေ နှင့် ကျန်လူများထက်ပို၍ သိမြင်ခဲ့ဟန် ဟန်ဆောင်ကောင်း ဆောင်ကြမည်။)”
အထက်ပါအကြံအစည်များမှာ သူ၏ “ကြီးမားသောအစီအစဉ်” သာဖြစ်ကြောင်း သခင်အောင်ဆန်း ဝန်ခံခဲ့ပါ သည်။ သူ၏ ရဲဘော်ရဲဘက်များတွင် ထိုစီမံကိန်းကို ထောက်ခံသူ မများလှပါ။ ထိုကဲ့သို့မထောက်ခံခြင်းမှာ သ ခင်အောင်ဆန်းအမြင်အရ “ကျနော်တို့မှာ ဓနရှင်ပေါက်စ ဇာတိရှိသူများဖြစ်ရာ စဉ်းစားရာ ပြောဆိုရာတွင် ရဲ ရင့်သလောက်၊ ပြတ်သားသော ဆောင်ရွက်ချက်ကိုလုပ်ရာ၌ တွန့်ဆုတ်လေ့ရှိကြလေသည်။ ပြည်သူလူထုကို နှိုးဆွရမည့်လုပ်ငန်း ကြာရှည်ခက်ခဲမည်ကိုလည်း စိတ်မရှည်ကြပေ။ ကျနော်တို့အများစုမှာ လူထုတိုက်ပွဲအ ကြောင်း ပြောဟောကြသော်လည်း လူထုတိုက်ပွဲ အကျိုးအာနိသင်ကို သဘောမပေါက်ကြ” စသည်တို့ကြောင့် ပင် ဖြစ်ပါသည်။ သို့သော် သခင်အောင်ဆန်းသည် အမျိုးသားရေးဝါဒီများ ပြောက်ကျားတိုက်ပွဲဆင်နွှဲနိုင်ရန် လက်နက်များရှိရန်လိုသည်ဟူသော ထင်မြင်ချက်ကို အခိုင်အမာ ဆက်လက်ဆုပ်ကိုင်ထားပါသည်။ နောက်ဆုံး တွင် ၎င်းတို့အနက်မှ တဦးဦး မြန်မာပြည်ပြင်ပသို့သွားပြီး အကူအညီ၊ အထောက်အပံ့နှင့် လက်နက်များရှာရန် ဆုံးဖြတ်လိုက်ပါသည်။ “ထိုအခါက ကျနော်တဦးတည်းသာ မြေအောက်၌ နေ⁠နေရသောကြောင့် ထိုသို့သွားရန် ကျနော့်ကိုရွေးချယ်ခဲ့ကြလေသည်” ဟု သခင်အောင်ဆန်း မှတ်တမ်းတင်ခဲ့ပါသည်။
၁၉၄၀ ခုနှစ် ဩဂုတ်လတွင် သခင်အောင်ဆန်းနှင့် သခင်လှမြိင် (နောင်အခါ ဗိုလ်ရန်အောင်ဟုထင်ရှားသူ)တို့ မြန်မာပြည်မှ ဟိုင်လီအမည်ရှိ သင်္ဘောနှင့် ထွက်ခွာခဲ့ရာ တရုတ်နိုင်ငံ အမွိုင်မြို့ရှိ ‘အပြည်ပြည်ဆိုင်ရာဒေသ’ ဖြစ်သော ကူလန်စုသို့ ရောက်သွားကြပါသည်။ ထိုနေရာ၌ သူတို့နှစ်ဦး လအနည်းငယ်မျှ သောင်တင်နေပြီး တ ရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ရန် ကြိးစားချက်များလည်း အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်ကွန်မြူနစ်များနှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့သော်လည်း ဂျပန်ကိုယ်စားလှယ်တဦး သူတို့အား ချဉ်းကပ်ပြီး ဂျပန်တပ်မတော် အရာရှိတဦးဖြစ်သူ ဗိုလ်မှူးကြီးစူဇူကီကေအီဂျီနှင့်တွေ့ရန် တိုကျိုသို့ လေယာဉ်နှင့်ပို့လိုက်ပါသည်။ ထိုဗိုလ်မှူးကြီး သည် နောင်အခါ၌ ‘မြန်မာပြည်လွတ်လပ်ရေးကို ကူညီရန်နှင့် တရုတ်မြန်မာလမ်းမကြီးကို ပိတ်ဆို့ရန်’ ရည် ရွယ်ချက်များနှင့် တည်ထောင်သော မီနာမီကီကန် လျှို့ဝှက်အသင်း၏ ခေါင်းဆောင်အဖြစ် ထင်ရှားမည့်သူဖြစ် ပါသည်။
မြန်မာနိုင်ငံရေးသမားများနှင့် ဂျပန်တို့အကြားအဆက်အသွယ်ရှိခြင်းမှာ အသစ်အဆန်းမဟုတ်ချေ။ ဒေါက်တာ ဘမော်နေရာ၌ ဝန်ကြီးချုပ်ဖြစ်လာသော ဦးစောသည် ဂျပန်ထောက်ပံ့မှုကြောင့် ချမ်းသာကြွယ်ဝလာသူဟူ၍ နာမည်ထွက်ခဲ့ပါသည်။ ဒေါက်တာဘမော်ကိုယ်တိုင်လည်း ‘ထွက်ရပ်ဂိုဏ်း’ အတွက် ဂျပန်တို့ထံမှ အကူအညီ ရှာခဲ့ပါသည်။ ဒေါက်တာဘမော်၏ အစိုးရအတွင်း ဝန်ကြီးတဦးဖြစ်ခဲ့သော ဝါရင့်နိုင်ငံရေးသမားကြီး ဒေါက်တာ သိမ်းမောင်ကမူ ဂျပန်သို့ အလည်အပတ်သွားရောက်ခဲ့ပြီး ဂျပန်-ဗမာ ချစ်ကြည်ရေးအသင်းကို ရှေ့ဆောင် တည်ထောင်ခဲ့ပါသည်။ ၁၉၄၀ ခုနှစ်လယ်တွင် ဗိုလ်မှူးကြီးစူဇူကီး မြန်မာပြည်သို့ အလည်ရောက်စဉ်က ဒေါက် တာသိမ်းမောင်နှင့် တွေ့ခဲ့၏။ ဤတွေ့ဆုံဆက်သွယ်မှုမှတဆင့် ဂျပန်များက အမွိုင်ရောက် သခင်နှစ်ဦးအား ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
‘ထွက်ရပ်ဂိုဏ်း’ ဝင်များအနက် ဂျပန်အကူအညီ လက်ခံသင့်၊ မခံသင့်နှင့်ပတ်သက်၍ စိတ်သဘောထားကွဲပြား မှုများ ရှိနေခဲ့ပါသည်။ ကွန်မြူနစ်များ(၎င်းတို့အနက်အထင်ရှားဆုံးမှာ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း နှင့် သခင်သိန်းဖေ) က အထူးသဖြင့် ဖက်ဆစ်ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဆန့်ကျင်ကြသည်။ သခင် အောင်ဆန်းကတော့ အကူအညီကို ရသည့်နေရာမှယူပြီး အခြေအနေများ မည်ကဲ့သို့ ပြောင်းလဲဖြစ်ပေါ်လာ မည်ကို စောင့်ကြည့်သင့်သည်ဟု လက်တွေ့အကျိုးဖြစ်မည့် နည်းလမ်းအမြင် အယူအဆကို စွဲကိုင်ခဲ့၏။ သို့ သော် သူ၏ စကားအတိုင်းဆိုရလျှင် သူသည် ဂျပန်တို့နှင့် ပူးပေါင်းခြင်းကြောင့် နောင်ဖြစ်ပေါ်လာမည့် အကျိုး ဆက်များကို အသေအချာ ရှင်းရှင်းလင်းလင်းတွက်ဆခဲ့ပုံမပေါ်။
တိုကျိုတွင် သခင်အောင်ဆန်းနှင့် ဗိုလ်မှူးကြီးစူဇူကီးတို့နှစ်ဦး နားလည်မှုယူနိုင်ခဲ့ကြ၏။ သို့သော် နှစ်ဦးနှစ်ဖက် လုံးတွင် ထိန်ချန်ထားသော သဘောမတွေ့မှုလေးများ ရှိခဲ့ပုံရပါသည်။ ဗိုလ်မှူးကြီးစူဇူကီးသည် သခင်အောင် ဆန်း၏ ဖြောင့်မတ်တည်ကြည်မှုနှင့် မျိုးချစ်စိတ်တို့ကို လေးစားသော်လည်း ‘သူ၏ နိုင်ငံရေးအတွေးအခေါ်များ မရင့်ကျက်လှသေး’ ဟု ထင်မြင်၏။ ဤဝေဖန်ချက်သည် ထိုစဉ်ကအနေအထားအရ ဓမ္မဓိဠာန်မကျဟု မဆိုနိုင် ပါ။ သခင်အောင်ဆန်း ကိုယ်တိုင်ရေးခဲ့သည်မှာ သူနှင့် သူ့ရဲဘော်ရဲဘက်တို့ ဂျပန်များအား မြန်မာနိုင်ငံကို ဝင် ရောက်သိမ်းပိုက်ရန် ဖိတ်ခေါ်သကဲ့သို့ ဖြစ်ရသည်မှာ “ဖက်ဆစ်စနစ်ကို လိုလား၍မဟုတ်၊ ကျနော်တို့၏ လူပါး မဝမှုကြောင့်၊ ဓနရှင်ပေါက်စ စိုးရိမ်မှုကြောင့်တို့သာ ဖြစ်လေသည်။”
သူသည် ဂျပန်ပြည်သို့အသွား၌ စိုးရိမ်ကြောင့်ကြစိတ်များ ဖြစ်ပေါ်ခဲ့သည်။ ရောက်သွားသောအခါ သူစိုးရိမ်ခဲ့ သလောက် မဆိုးလှသဖြင့် စိတ်သက်သာရာရသော်လည်း စိတ်မချဖွယ်၊ မနှစ်သက်ဖွယ် ကိစ္စလေးများ ကျန် လျက်ရှိနေပါသည်။ ဂျပန်လူမျိုးတို့၏ မျိုးချစ်စိတ်၊ သန့်ပြန့်စွာနေထိုင်ပုံနှင့် ကိုယ့်အလိုကိုယ်မလိုက်၊ ခြိုးခြိုးခြံခြံ နေနိုင်သော အရည်အချင်းတို့ကို သခင်အောင်ဆန်း လေးစားသော်လည်း ၎င်းတို့၏ စစ်ဝါဒီဆန်သော သဘော ထားအချို့၏ ရိုင်းစိုင်းကြမ်းကြုုတ်မှုကို သူ မနှစ်မြို့သည့်အပြင် ဂျပန်များ အမျိုးသမီးတို့အပေါ်ဆက်ဆံပုံမှာ သူ့ အမြင်တွင် အံ့ဩထိတ်လန့်ဖွယ်ရာ ဖြစ်နေ၏။
၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလတွင် သခင်အောင်ဆန်းသည် တရုတ်သင်္ဘောသားအသွင်ဖြင့် မြန်မာပြည်သို့ ပြန် ရောက်လာလေသည်။ သူမှတဆင့် ဂျပန်တို့ကမ်းလှမ်းလိုက်သည့် သဘောတူညီချက်အရ၊ တော်လှန်ပုန်ကန် ရန် လက်နက်များနှင့် ငွေကြေးထောက်ပံ့မည်ဟု မြန်မာတို့က နားလည်ခဲ့၏။ ထို့ပြင် လက်ရွေးစင်လူငယ်တစု ကို စစ်သင်တန်းပေးမည်။ ထိုလူငယ်များကို မြန်မာနိုင်ငံမှ ခိုးထုတ်သွားရန် လိုပေမည်။ သခင်အောင်ဆန်း မြန် မာပြည်၌ ကြာမြင့်စွာမနေပါ။ ဂျပန်သို့ သခင်လှဖေနှင့် အခြားလူငယ်သုံးဦးတို့နှင့်အတူ ပြန်သွားပါသည်။ ထို အုပ်စုမှာ ‘ရဲဘော်သုံးကျိပ်’ ၏ ရှေ့ပြေးတပ်ဦး ဖြစ်ပါသည်။ နောင် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ မဏ္ဍိုင်သ ဖွယ်ဖြစ်လာမည့် ဤရဲဘော်သုံးကျိပ်ဝင် ပုဂ္ဂိုလ်များကိုရွေးချယ်ရာ၌ အလွယ်တကူလိုက်ပါနိုင်မှုနှင့် သခင်ပါတီ အတွင်းရှိ ဂိုဏ်းဂဏအသီးသီးက ကျေနပ်လက်ခံနိုင်မှုတို့အပေါ် မူတည်ခဲ့သဖြင့် အကျဉ်းကျခံနေရသော အ မျိုးသားရေးခေါင်းဆောင်များ မပါဖြစ်သည့်အပြင် နောင် အချင်းချင်းအကြား စိတ်ဝမ်းကွဲစေမည့် မျိုးစေ့ကို ပျိုး လိုက်သကဲ့သို့လည်း ဖြစ်သွားပါသည်။
ရဲဘော်သုံးကျိပ်သည် ဟိုင်နန်ကျွန်း၌ ပင်ပန်းကြီးစွာ စစ်ပညာသင်ယူရပါသည်။ ၎င်းတို့အနက် သခင်အောင် ဆန်း၊ သခင်လှဖေ (ဗိုလ်လင်္ကျာ)၊ သခင်အောင်သန်း(ဗိုလ်စင်္ကြာ)နှင့် သခင်ထွန်းအုပ်တို့ကို စစ်ဌာနဦးစီးကွပ် ကဲရေးနှင့် အုပ်ချုပ်ရေးတို့ကို အထူးလေ့လာရန် ရွေးချယ်လိုက်ပါသည်။ သခင်ပါတီ အုပ်စုတစုကို ကိုယ်စားပြု သော သခင်ထွန်းအုပ်အား နိုင်ငံရေးခေါင်းဆောင်တင်မြှောက်လိုက်၏။ သို့သော်လည်း သခင်အောင်ဆန်း သည် ရဲဘော်သုံးကျိပ်၏ ခေါင်းဆောင်အဖြစ် ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ဗမာ့လွတ်လပ်ရေးတပ်မ တော် ဖွဲ့သောအခါ၌လည်း တပ်မတော်၏ ပြိုင်ဘက်မရှိခေါင်းဆောင် ဖြစ်လာလေသည်။ သခင်အောင်ဆန်း သည် ကိုယ်ခန္ဓာညှက်ပြီး အားကောင်းသန်မာလှခြင်းမရှိသော်လည်း တိုက်ရေးခိုက်ရေးကျွမ်းကျင်ကာ သတ္တိရှိ ၍ အပင်ပန်းခံနိုင်သော စစ်သားတဦးဖြစ်လာ၏။
သူ့အား လူမှုဆက်ဆံရေးညံ့ဖျင်းသည်ဟု စွပ်စွဲချက်များရှိခဲ့သော်လည်း ရဲဘော်များ ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်နေချိန်များတွင် စိတ်ဓာတ်ပြန်လည်တက်ကြွလာစေရန် အားပေးခြင်း၊ အငယ်ဆုံးရဲဘော်များကို အထူးဂရု စိုက်ခြင်း၊ စစ်သင်တန်းသားဘဝ၏ ကရိကထများကြောင့်လည်းကောင်း၊ ဂျပန်များကြောင့်လည်းကောင်း၊ နာ ကျည်းစိတ်များ ဆူပွက်လာချိန်တွင် စိတ်လိုက်မာန်ပါမလုပ်ရန် အကြံပေးတိုက်တွန်းခြင်း စသည်တို့ကို သူ စွမ်း ဆောင်နိုင်ခဲ့သည်။ လူငယ်စစ်သင်တန်းသားများသည် ဂျပန်နည်းပြဆရာအချို့ကို လေးစားချစ်ခင်ကြသော် လည်း၊ ဂျပန်စိတ်နေသဘောထားအချို့ကိုမူ များစွာမနှစ်မြို့ရကား ၁၉၄၁ ခုနှစ်ကုန်ပိုင်း မြန်မာပြည်တွင်းသို့ မချီတက်မီကပင် ဗမာနှင့် ဂျပန်တို့အကြား ကတောက်ကဆဖြစ်မှုများ စတင်ပေါ်ပေါက်ခဲ့သည်။
ဟိုင်နန်သင်တန်းကျောင်းဆင်းများ၊ ထိုင်းနိုင်ငံနေ မြန်မာများနှင့် မီနာမီအဖွဲ့ဝင်များပါဝင်သော ဗမာ့လွတ်လပ် ရေးတပ်မတော်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ဘန်ကောက်မြို့၌ တရားဝင်ဖွဲ့စည်းလိုက်၏။ စူဇူကီးသည် ဗိုလ်ချုပ်ကြီးရာထူးဖြင့် တပ်မတော်အကြီးအကဲဖြစ်လာပြီး အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးနှင့် စစ်ဦးစီးချုပ် ဖြစ်လာပါသည်။ အပျံသင်စ တပ်မတော်အဖွဲ့ဝင်များသည် သစ္စာရေသောက်ပြီး အရာရှိများက သူရဲကောင်း ဆန်သော ပါဠိအမည်များကို ခံယူကြပါသည်။ စူဇူကီးသည် ဗိုလ်မိုးကြိုးဖြစ်လာပြီး၊ အောင်ဆန်းသည် ဗိုလ်တေ ဇ ဖြစ်လာသည်။ မိမိတို့အမည်သစ်များနှင့် ထင်ရှားလာမည့် ရဲဘော်သုံးကျိပ်ဝင်များအနက် ဗိုလ်လင်္ကျာ၊ ဗိုလ် စင်္ကြာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်ကျော်ဇော စသည်တို့ ပါဝင်ပါသည်။ ‘ဗိုလ်ချုပ်တေဇ’ ကမူ ကျောင်းသားခေါင်းဆောင်နှင့် သခင်ခေါင်းဆောင်အဖြစ် တိုင်းပြည်ကသိခဲ့သော အောင်ဆန်းအမည်ကိုသာ ပြန်လည်သုံးစွဲကာ ‘ဗိုလ်ချုပ်အောင်ဆန်း’ ဟူ၍ ပြည်သူတို့ အမြတ်တနိုးထားသော အာဇာနည်သူရဲကောင်းအ ဖြစ် ထင်ပေါ်လာပါသည်။
ဗမာ့လွတ်လပ်ရေးတပ်မတော် ဂျပန်များနှင့် ရင်ဘောင်တန်း၍ မြန်မာပြည်တွင်းသို့ ချီတက်လာခြင်းသည် မြန် မာများအတွက် ဂုဏ်ယူဖွယ် ပျော်ရွှင်ဖွယ်ဖြစ်ပါသည်။ ကျဆင်းနေသော မိမိတို့၏အမျိုးသားဂုဏ်သိက္ခာကို ပြန် လည်မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားပါသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့်သူ၏ ရဲဘော်ရဲဘက်အချို့ က ရှေ့တွင်ပြဿနာများရှိမည်ကို သိနှင့်ကြပြီ။ ဘန်ကောက်မှာ ရှိနေစဉ်ကပင် မြန်မာပြည်တွင်းသို့ ဂျပန်များ ဝင်လာသောအခါ နိုင်ငံအတွင်းရှိ အမျိုးသားရေးခေါင်းဆောင်များ၏ စီမံလုပ်ဆောင်ချက်ဖြင့် လွတ်လပ်ရေး ကြေညာပြီး နိုင်ငံ၌ ရင်ဆိုင်ရမည့် အခြေအနေကို စီစဉ်ရန် ကြိုးစားခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း မှတ်တမ်း တင်ခဲ့၏။ ထိုကဲ့သို့ မဆောင်ရွက်နိုင်ပါက ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်ကာ မြေအောက်တော်လှန်ရေး စ တင်ထားခြင်းဖြင့် ကျူးကျော်ဝင်ရောက်လာသူများ ခြေကုပ်မရနိုင်အောင် အခြေအနေဖန်တီးရန် ဖြစ်၏။ သို့ သော် မြန်မာနိုင်ငံမှာ ကမောက်ကမဖြစ်နေပြီး နိုင်ငံရေးသမားအများစုလည်း ထောင်သွင်းအကျဉ်းချခံဘဝ ရောက်နေကြရာ အစီအစဉ်နှစ်ခုလုံး လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပါ။ ဂျပန်များလည်း မြန်မာပြည်ကို ဝင်ရောက်သိမ်းပိုက်လိုက်ပါသည်။
ဂျပန်ခေတ်ကား အထင်အမြင်ကြီးခဲ့သမျှ ပြိုကွဲရပြီး မသေချမရေရာမှုများနှင့် ဒုက္ခပေါင်းစုံဖြစ်နေသော ကာလ ဖြစ်ပါသည်။ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရမည်ဟု မျှော်မှန်းခဲ့သူများသည် အာရှတိုက်သားချင်း၏ ဖနောင့် အောက်သာ ရောက်ရကြောင်း သိလာသောအခါ အကြေကွဲကြီး ကြေကွဲခဲ့ရ၏။ အများက လွတ်လပ်ရေးပေး မည့် ကယ်တင်ရှင်များအဖြစ် ကြိုဆိုခဲ့သော နိပွန်စစ်သားများသည် လူကြိုက်မများသော ဗြိတိသျှတို့ထက်ပင် ဆိုးဝါးသည်ကို တွေ့ရတော့၏။ တနေ့တခြား စက်ဆုပ်ဖွယ်ရာဖြစ်ရပ်များ တိုးပွားလာလေသည်။ ‘ကင်ပေအိ’ (စစ်ပုလိပ်) ဟူသော အမည်သည် ကြောက်မက်ဖွယ်ရာ ဝေါဟာရဖြစ်လာသည်။ လူများ အစအနမကျန် ပျောက်သွားခြင်း၊ အနှိပ်စက်အညှင်းဆဲခံရခြင်း၊ ချွေးတပ်ဆွဲခံရခြင်း စသည်တို့မှာ နိစ္စဓူဝကိစ္စမျှသာဖြစ်သော လောကကြီးတွင် နေတတ်အောင်နေကြရလေသည်။
ထို့အပြင် မဟာမိတ်လေတပ်၊ ဂျပန်လေတပ်တို့၏ ဗုံးကြဲဒဏ်၊ စစ်တွင်းရိက္ခာရှားပါးမှုဒဏ်၊ ထောက်လှမ်းရေး သတင်းပေးများဒဏ်၊ စိတ်ဓာတ်နှင့် ယဉ်ကျေးမှုအရ ဖီလာဆန့်ကျင်နေသူများအကြား ဖြစ်ပွားသော ပဋိပက္ခ များ၊ ဘာသာစကားမတူသူတို့အကြား ဖြစ်တတ်သောအထင်အမြင်လွဲမှုများ စသည်ဖြင့် ဒုက္ခအပေါင်းကိုလည်း ထပ်လောင်းခံရပါသေးသည်။ မြန်မာပြည်ရောက် ဂျပန်များအနက် တရားမျှတရေး၊ လူသားချင်းစာနာရေး စိတ်ဓာတ်များအရ ကျင့်ကြံနေထိုင်သူများ ရှိကြသော်လည်း ၎င်းတို့၏ ကောင်းမွန်သော ဆောင်ရွက်ချက်များ သည် စစ်ဝါဒီများ၏ လူမျိုးခွဲခြားရေးစနစ်ကြောင့် အချည်းအနှီးဖြစ်ရပါသည်။
မိမိတို့ကတိသစ္စာ တည်ကြည်နိုင်ရန် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသင့်သည်ဟု ယုံကြည်သော မီနာမီကီ ကန် အဖွဲ့ဝင်များသည် ဖြစ်ပေါ်လာသောအခြေအနေများကြောင့် စိတ်မချမ်းမြေ့ဟန်တူပါသည်။ ၁၉၄၂ ခုနှစ်၊ ရန်ကုန်မြို့ကို ဂျပန်တပ်များသိမ်းပြီးသည်နှင့် ဗိုလ်မိုးကြိုးသည် ဗဟိုအစိုးရတည်ထောင်ကာ သခင်ထွန်းအုပ်ကို ဦးစီးဦးဆောင်ခန့်လိုက်ပါသည်။ ထိုအစိုးရ ကြာ⁠ကြာမခံပါ။ ဂျပန်တပ်များ တိုင်းပြည်ကို ဆက်လက်သိမ်းပိုက် သည်နှင့်အမျှ ဂျပန်စစ်အုပ်ချုပ်ရေး ကျယ်⁠ကျယ်ပြန့်ပြန့် လွှမ်းမိုးလာကာ မြန်မာနိုင်ငံကို စစ်ရှုံးနယ်မြေတခုကဲ့ သို့ ကိုင်တွယ်လာလေသည်။
ဗမာ့လွတ်လပ်ရေးတပ်မတော်၏ အနေအထားသည်လည်း မရေမရာနှင့် အားကျဖွယ်ရာ လုံးဝမရှိပေ။ တပ်မ တော်သည် ချီတက်လာရာ လမ်းတလျှောက် စိတ်အားထက်သန်စွာ ဝင်လာသူများနှင့် ဖောင်းပွနေ၏။ ထိုစစ် သားသစ်များကို ထိရောက်သည့် တိုက်ရည်ခိုက်ရည်ရှိသော တပ်များဖြစ်လာစေရန် စနစ်တကျ၊ စည်းကမ်းရှိရှိ လေ့ကျင့်ပေးရပေဦးမည်။ ဗိုလ်ချုပ်အောင်ဆန်းကား မိမိတပ်များကို အမိန့်ပေးအုပ်ချုပ်ပိုင်ခွင့်မရှိ။ သူသည် ဗိုလ်မိုးကြိုး၏ လက်ထောက်အရာရှိများအနက် အဆင့်မြင့်ဆုံးမျှသာဖြစ်၏။ ဗိုလ်မိုးကြိုးကိုယ်တိုင်လည်း မြန်မာ ပြည်၏ အနာဂတ်အရေးများတွင် သူနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်တို့ မည်သည့်အခန်းကဏ္ဍက ပါဝင်ရ မည်ဟူသော ကိစ္စနှင့်ပတ်သက်၍ စစ်အုပ်ချုပ်ရေးဆိုင်ရာများနှင့် ပြဿနာတက်နေပုံရ၏။
ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ရဲဘော်ရဲဘက်များကမူ ဗမာ့လွတ်လပ်ရေးတပ်မတော်သည် မြန်မာအရာရှိများ လက်အောက်တွင်သာ ရှိသင့်သည်ဟု ယူဆကြသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်လင်္ကျာက သူ၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြားရဲဘော်သုံးကျိပ်ဝင်အချို့ ဗိုလ်မိုးကြိုးနှင့်ရင်ဆိုင်ခဲ့စဉ်က ဇာတ်ဆန်ဆန် အဖြစ်အပျက် အကြောင်းကိုရေးသားခဲ့ဖူး၏။ ရင်ဆိုင်မှု၏ရလဒ်ကား ဗိုလ်ချုပ်အောင်ဆန်းကို ဗမာ့လွတ်လပ်ရေးတပ်မတော် ၏ သေနာပတိချုပ်အဖြစ်၎င်း၊ ဗိုလ်လင်္ကျာကို စစ်ဦးစီးအဖြစ်၎င်း ခန့်အပ်လိုက်ခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏အနေအထားနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံအခြေအနေနှင့် ပတ် သက်၍လည်းကောင်း စိတ်ကူးယဉ်ပြီး ထင်ယောင်ထင်မှားမဖြစ်ခဲ့ပါ။ လွတ်လပ်ရေးရုန်းကန်မှုကား ဆုံးခန်း တိုင်ရန် များစွာလိုသေးသည်ကို သူသိနားလည်သည့်အလျောက် တပ်မတော်တောင့်တင်းခိုင်မာရန်နှင့် စည်း ကမ်းရှိရန်ကို အာရုံစိုက်ခဲ့၏။ ဗမာ့တပ်မတော်ကို ပါတီနိုင်ငံရေးမှ ကင်း⁠ကင်းရှင်း⁠ရှင်းနေရန်နှင့် အရပ်သားအုပ် ချုပ်ရေးဖက်တွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်ကိုလည်း သူကြိုးပမ်းခဲ့၏။ သို့သော်လည်း နိုင်ငံရေးသမားများ ကို ဗဟိုမဏ္ဍိုင်ပြုကာ ဖွဲ့စည်းခဲ့သော တပ်မတော်အနေနှင့် နိုင်ငံရေးနှင့် ကင်း⁠ကင်းရှင်းရှင်း နေနိုင်ဖို့ရန်မှာ အ ချိန်များစွာမှ နှောင်းသွားပြီဖြစ်ကြောင်း သူ ဧကန်သိရှိခဲ့မည်ဖြစ်သည်။
၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ဗိုလ်မိုးကြိုး မြန်မာပြည်မှ ထွက်ခွာသွားပါသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပြီး အောင်ဆန်းသည် ဗိုလ်မှူးကြီးရာထူးနှင့် စစ် သေနာပတိဖြစ်လာပါသည်။ သို့သော်လည်း အသစ်ဖွဲ့စည်းလိုက်သော တပ်မတော်၏ အဆင့်ဆင့်၌ ဂျပန်‘အ ကြံပေးအရာရှိ’များ တွဲခန့်အပ်ထားပြီး မြန်မာအရာရှိများ၏ လက်တွေ့အာဏာများကို တင်းကျပ်စွာ ကန့်သတ် ချုပ်ချယ်ထားပါသည်။ ဩဂုတ်လတွင် ဂျပန်တပ်များ၏ သေနာပတိချုပ် ဗိုလ်ချုပ်ကြီးအီဒါသည် မြန်မာ့အုပ်ချုပ် ရေးကို တရားဝင်အတည်ပြုလိုက်ကာ ဒေါက်တာဘမော်အား နိုင်ငံတော်အကြီးအကဲအဖြစ် ခန့်အပ်လိုက်ပါ သည်။ အပေါ်ယံအားဖြင့် မြန်မာအစိုးရအာဏာသည် မြန်မာပြည်သူပြည်သားတို့လက်သို့ ကူးပြောင်းသွား သည်ဟု မြင်နိုင်သော်လည်း စင်စစ်မှာတော့ ဂျပန်အုပ်ချုပ်ရေး ခြေကုပ်ရသွားခြင်းပင်ဖြစ်ပါသည်။

ဖက်ဆစ်တော်လှန်ရေး

ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ရဲဘော်ရဲဘက်များသည် ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ချီတက်လာရာတွင် ပင်ပန်းဆင်းရဲဒဏ် အတော်ကြီးပင် ခံခဲ့ရ၏။ အများအပြားသည် ငှက်ဖျားရောဂါစွဲကပ်၍လည်းကောင်း၊ ခြေ ကုန်လက်ပန်းဖြစ်၍လည်းကောင်း ဆေးရုံတက်ရကြ၏။ ဗိုလ်ချုပ်နှင့် အပေါင်းဖော်အချို့လည်း ရန်ကုန်ဆေးရုံ ကြီးသို့ ရောက်လာလေသည်။ ထိုဆေးရုံကို မိမိတို့အလုပ်တာဝန်အပေါ် အထူးသစ္စာထားသော ဆရာဝန်၊ ဆ ရာမတစုက အခက်အခဲများစွာကြားမှ စီမံဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မျက်နှာ ထားတည်လွန်း တင်းလွန်းပြီး အရောတဝင် မနေတတ်သူဟူ၍ အများက သိနေကြပါသည်။ ထို့အပြင် သူရဲ ကောင်းတဦးအဖြစ် တနေ့တခြား နာမည်ထွက်လာနေရာ သူနာပြုဆရာမငယ်များသည် သူ့အနားကပ်ရမည် ကိုပင် ကြောက်ရွံ့နေကြပါသည်။
သို့သော် ဆရာမကြီးဖြစ်သူ မခင်ကြည်ကိုယ်တိုင် ဗိုလ်ချုပ်အား ပြုစုရပါသည်။ မခင်ကြည်သည် စွဲမက်ဖွယ်ရာ ရုပ်ရည်နှင့် ချစ်စဖွယ်အမူအယာရှိပြီး မိမိ၏ သူနာပြုလုပ်ငန်းကို စေတနာပြည့်ဝစွာဖြင့် အထူးတာဝန်သိသိ ဆောင်ရွက်ခြင်းကြောင့် လူနာများနှင့် လုပ်ဖော်ကိုင်ဖက်များက လေးစားချစ်ခင်ကြပါသည်။ ဆရာမ မခင် ကြည်သည် ဗိုလ်ချုပ်ကို ပြုစုရာ၌ တင်းသင့်သည့်နေရာတွင် တင်းသော်လည်း ယုယကြည်သာစွာ စိတ်ရှည်စွာ ဆက်ဆံပါသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းပါသည်ဟူသော စစ်သေနာပတိကြီးလည်း အစွဲကြီးစွဲသွား ပါတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရှက်တတ်၍လည်းကောင်း၊ သူ၏ ဘဝရည်မှန်းချက်အပေါ် တာဝန် သိစိတ်ပြင်းထန်၍လည်းကောင်း အမျိုးသမီးများနှင့် ခပ်ခွာ⁠ခွာနေခဲ့၏။
အကျင့်သီလနှင့်ပတ်သက်၍ တင်း⁠တင်းကြပ်ကြပ် တွေးခေါ်သူတဦးဖြစ်ရကား တိုကျိုမြို့၌ စူဇူကီးက အမျိုးသ မီး အလိုရှိပါက စီစဉ်ပေးမည်ဟု ကမ်းလှမ်းသော်လည်း ဗိုလ်ချုပ် အံ့ဩတုန်လှုပ်သွားပါသည်။ စူဇူကီးအနေနှင့် ဂျပန်ယဉ်ကျေးမှုအရ ဧည့်ဝတ်ကျေစေရန် ပြောခဲ့ပုံရပါသည်။ သို့သော် ဗိုလ်ချုပ်ကတော့ သူ့အား ‘အကျင့်စာ ရိတ္တ ပျက်ပြားယုတ်ညံ့သွားအောင် ကြိုးစားနေလေရော့လား’ ဟု သံသယစိတ်ဝင်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်း သည် သူ့စိတ်ကိုသူ ကောင်းစွာသိသည့်အပြင် ပွင့်လင်းပြတ်သားစွာ လုပ်တတ်သူလည်း ဖြစ်ပါသည်။ သို့ဖြင့် ရှည်ရှည်ဝေးဝေး လူပျိုလှည့်ခြင်းမျိုး မလုပ်နေဘဲ ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဆရာမ မခင် ကြည်နှင့် လက်ထပ်ထိမ်းမြားလိုက်ပါသည်။
“ဒေါ်ခင်ကြည်သည် အောင်ဆန်းကို လက်ထပ်ရာ၌ လူပုဂ္ဂိုလ်တဦးကိုသာ လက်ထပ်လိုက်သည်မဟုတ်၊ ကံအ ကြောင်းတရားတရပ်ကိုပါ လက်ထပ်လိုက်ခြင်းဖြစ်သည်” ဟု အပြောရှိခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက လည်း သူ၏ ဘဝကြင်ဖော်အနေနှင့် ရှိအပ်သောသတ္တိနှင့် နွေးထွေးသော မေတ္တာတို့ကို ပိုင်ဆိုင်နိုင်ရုံသာမက သူကွယ်လွန်သွားပြီးနောက် သူ၏ စံတင်ထားမှုများကို ဂုဏ်သရေရှိရှိ၊ ကြံ့ကြံ့ခိုင်ခိုင် ထိန်းသိမ်းသွားမည့် အ မျိုးသမီးတဦးကို လက်ထပ်လိုက်ခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်တို့၏ အိမ်ထောင်ရေးကား သာယာအောင်မြင်ပါ သည်။
သူတို့လေးစားမြတ်နိုးလှသော လူငယ်ဗိုလ်ချုပ် အိမ်ထောင်ပြုသွားသဖြင့် ကနဦးတွင် စိတ်မချမ်းသာဖြစ်ခဲ့ သော ရဲဘော်များလည်း လျင်မြန်စွာပင် သဘောတူကျေနပ်လာလေသည်။ အိမ်ထောင်သည်ဖြစ်လာပြီး နောက် ဗိုလ်ချုပ်အောင်ဆန်း၏ နူးညံ့ပျော့ပြောင်းသော အသွင်လက္ခဏာများ ပိုမိုတောက်ပြောင်လာသည်။ သူ သည်ခင်ပွန်းသည်တဦးအနေနှင့်လည်းကောင်း၊ ဖခင်တဦးအနေနှင့်လည်းကောင်း ကြင်နာယုယတတ်၏။ သူ ၏ ခက်ခဲ အန္တရာယ်များသောဘဝကို အတူရင်ဆိုင်ရန် စွမ်းရည်၊ နားလည်မှုတို့နှင့်ပြည့်စုံသော ဘဝကြင်ဖော် သူ၏အနား၌ ရှိနေခြင်းသည် အရေးကြီးသောလုပ်ငန်းများဆောင်ရွက်ရာ၌ သူ့ကို အားပြည့်စေသည်ဟု ယုံမှား သံသယရှိဖွယ် မဟုတ်ချေ။

ဦးအောင်ဆန်း အပိုင်း(၃)

၁၉၄၃ ခုနှစ် မတ်လတွင် အောင်ဆန်းအား ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခန့်အပ်လိုက်ပြီး ဂျပန်ဘုရင်မင်းမြတ်ထံ မှ ဘွဲ့တံဆိပ်ရယူရန် ဂျပန်သို့ဖိတ်ကြား ပါသည်။ တိုကျိုသို့သွားသောအဖွဲ့ကို ဒေါက်တာဘမော်ဦးဆောင်ပြီး ထို အဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအပြင် ဒေါက်တာသိမ်းမောင်နှင့် သခင်မြတို့ ပါဝင်ပါသည်။ ဇန်နဝါရီလအတွင်း က ဂျပန်ဝန်ကြီးချုပ်တိုဂျိုသည် မြန်မာနိုင်ငံ မကြာမီလွတ်လပ်ရေးရတော့မည်ဟု ကြေညာထားပြီးဖြစ်ပါသည်။ မြန်မာအဖွဲ့ပြန်လာသောအခါ သဘောတူညီချက်စာတမ်းတစောင် သယ်ယူလာခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ခပ်ပြတ်⁠ပြတ်စကားအသုံးအနှုန်းအရ စာတမ်းပါအကြောင်းအရာများမှာ “မြန်မာနိုင်ငံ သည် ၁၉၄၃ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့တွင် လွတ်လပ်ရေးရမည်ဖြစ်ပြီး ကျွနု်ပ်တို့တွေ စာချုပ်အချို့ကို ချုပ် ဆိုရန် စသဖြင့်” ဖြစ်ပါသည်။ စာတမ်းကို အလွန်အမင်း အရေးထားခြင်း မရှိခဲ့ပါ။ အစီအစဉ်အတိုင်း ဩဂုတ်လ (၁) ရက်နေ့တွင် မြန်မာပြည်ကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်လည်းကောင်း၊ “မဟာ အရှေ့အာရှသာတူညီမျှ ကြီးပွားရေးနယ်မြေ”၏ တန်းတူညီတူအဖွဲ့ဝင်နိုင်ငံအဖြစ်လည်းကောင်း ကြေညာလိုက် ပါသည်။
ဒေါက်တာဘမော်အား အဓိပတိဟူသောဘွဲ့နှင့် နိုင်ငံခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီး ဗိုလ်ချုပ် အောင်ဆန်းကား စစ်ဝန်ကြီးဖြစ်လာပါသည်။ မြန်မာ့အမျိုးသားတပ်မတော်ဟု အမည်သစ်ပြောင်းထားသော ဗမာ့တပ်မတော် ထိရောက်မှုမရှိစေရန် ဂျပန်တို့ နည်းပရိယာယ်မျိုးစုံ သုံးစွဲပါတော့သည်။ ပထမတွင် တပ်များ ကို နိုင်ငံအဝှမ်းဖြန့်ကြဲထားသည်။ ထို့နောက် နေရာအချို့တွင် စုပြုံထားပြန်သည်။ စစ်ဝန်ကြီးဌာနနှင့် တပ်များ အကြား ဆက်သွယ်ရေးခက်ခဲစေရန် ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကား မတုန်မလှုပ်။ ဂျပန်တွေအကြံပေးသမျှကို သဘောတူလိုက်ကာ သူ့ထင်မြင်ချက်များ ကို လူသိမပေးဘဲ သူ့အစီအစဉ်နှင့်သူ ဆက်လုပ်သွားပါသည်။ တိုကျိုမှ ပြန်ရောက်လာချိန်လောက်တွင် ဗိုလ် ချုပ်အောင်ဆန်းသည် ဗိုလ်လင်္ကျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်းနှင့် ဗိုလ်ကျော်ဇောတို့အပါအဝင် သူ၏ အရာရှိအ ချို့ကိုခေါ်၍ တော်လှန်ရေးစတင်ရန်အချိန်ကို တိုင်ပင်ဆွေးနွေးပါသည်။ အရာရှိများက အခြေအနေ ပိုမိုစိတ် ချရသည်အထိ စောင့်ဆိုင်းရန် အကြံပေးပါသည်။ တဖန် သခင်သန်းထွန်းနှင့်တိုင်ပင်ရာ ၎င်းကလည်း တော် လှန်ရေးစရန် အချိန်မတန်သေးဟုတင်ပြသဖြင့် ဗိုလ်ချုပ်လည်း စိတ်ပါလက်ပါမရှိလှသော်လည်း စောင့်ဆိုင်း ရန် သဘောတူလိုက်ပါသည်။
အခြားကွန်မြူနစ်များ၊ အထူးသဖြင့် သခင်စိုးနှင့် သခင်သိန်းဖေတို့သည် ဗြိတိသျှတို့ ဆုတ်ခွာသွားသဖြင့် သူတို့ ထောင်မှလွတ်သည့် အချိန်မတိုင်ခင်ကပင် ဂျပန်တော်လှန်ရေးတရားဟောခဲ့၏။ ဂျပန်တပ်များ ချီတက်လာ သည်နှင့် သူတို့နှစ်ဦး တောခိုသွားပါသည်။ သခင်သိန်းဖေသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်နေဝင်းတို့ကို ရွှေဘို၌ ခဏတွေ့ပြီး ဗြိတိသျှတပ်များနှင့် အဆက်အသွယ်ရရေး ကြိုးပမ်းရန် အိန္ဒိယသို့ ထွက်ခွာသွားပါသည်။
၁၉၄၃ ခုနှစ် နိုဝင်ဘာလရောက်ချိန်တွင် တော်လှန်ရေးအစီအစဉ်များ အတော်ပင်ခရီးရောက်နေပြီဖြစ်ရကား မြန်မာနိုင်ငံတောတောင်များထဲတွင် ပြောက်ကျားတပ်များဖွဲ့စည်းရန် ကြိုးစားနေသော ဗိုလ်မှူးစီဂရင်း ခေါ် ဗြိ တိသျှတပ်မတော်အရာရှိသည် ‘ဗမာ့ကာကွယ်ရေးတပ်မတော်မှ အောင်ဆန်းဆိုသူသည် အခါအခွင့်ကြုံလာ လျှင် သူ၏တပ်များနှင့် ဂျပန်ကို ပြန်တိုက်ရန်စီစဉ်နေသည်’ ဟု အိန္ဒိယသို့ သတင်းပို့ခဲ့ပါသည်။ လောလော ဆယ် တွင်မူ တော်လှန်ရေးအစီအစဉ်များ ပြီးစီးသည်အထိ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ သံသယစိတ် များ ပျောက်ကွယ်သွားစေရန် အားထုတ်ရပါသည်။ သို့သော်လည်း သူသည် လက်ရှိလွတ်လပ်ရေးသည် အတု အယောင်မျှသာဖြစ်ကြောင်း၊ စစ်မှန်သောလွတ်လပ်ရေးရရှိရန် ရုန်းကန်ရမည်ဖြစ်ကြောင်းကို သူ၏မိန့်ခွန်းများ တွင် ပြည်သူတို့အား အသိပေးခဲ့၏။
၁၉၄၂ ခုနှစ်ကုန်ပိုင်းတွင် ကရင်များနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်အတွင်းမှ တာဝန်မဲ့သူတို့အကြား ပေါ် ပေါက်ခဲ့သော ပဋိပက္ခတို့မှစ၍ သွေးထွက်သံယိုမှုနှင့် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားလာသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအကြား ဆက်ဆံရေးကောင်းမွန်မှုကို အထူးအလေးပေးခဲ့ ၏။ ထိုကဲ့သို့ ဆက်ဆံရေးကောင်းမှသာလျှင် နိုင်ငံစည်းလုံးညီညွတ်မည်ဖြစ်ကြောင်း သူ ကောင်းစွာသဘော ပေါက်ခဲ့၏။ စူဇူကီးအတွက် သခင်အောင်ဆန်းရေးဆွဲခဲ့သော ‘မြန်မာနိုင်ငံ စီမံကိန်း’တွင် ‘ယခုအခါ၌ ဗြိတိသျှ ပယောဂကြောင့် လူများစုဖြစ်သော ဗမာတို့နှင့် ရခိုင်၊ ရှမ်း စသော တောင်ပေါ်တိုင်းရင်းသားများအကြားတွင် တည်ရှိနေသော ကွာဟချက်များ ကျဉ်းမြောင်းသွားစေပြီး အားလုံးတန်းတူညီမျှရှိသော နိုင်ငံထူထောင်ရန်’ လို အပ်ကြောင်းကို အလေးအနက်ဖော်ပြခဲ့ပါသည်။
ကရင်-ဗမာအဓိကရုဏ်းသည် သူ့အား များစွာဒေါမနဿဖြစ်စေပါသည်။ ၁၉၄၃ ခုနှစ်နောက်ပိုင်းတွင် ဗိုလ်ချုပ် အောင်ဆန်း၊ သခင်သန်းထွန်းနှင့် ဗိုလ်လင်္ကျာတို့သည် ဤလူမျိုးစုနှစ်စုအကြား ငြိမ်းချမ်းရေးနှင့် နားလည်မှုရ ရှိစေရန် အပန်းတကြီး ဆောင်ရွက်ခဲ့ပါသည်။ ၎င်းတို့၏ စုပေါင်းကြိုးပမ်းမှုမှ သီးပွင့်လာသော အကျိုးကား က ရင်ခေါင်းဆောင်များ မြန်မာခေါင်းဆောင်တို့အား ယုံကြည်စိတ်ချလာခြင်းနှင့် မြန်မာ့တပ်မတော်အတွင်း ကရင် တပ်ရင်းတခု ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း အစောတလျင် ကိုင်တွယ်ရန်လိုနေသော နောက်ကိစ္စတရပ်မှာ ကွန်မြူနစ်များနှင့် ပြည် သူ့အရေးတော်ပုံပါတီအတွင်းမှ ဆိုရှယ်လစ်များအကြား တနေ့တခြား ကြီးထွားနေသော အာဃာတများပင် ဖြစ်ပါသည်။ ကွန်မြူနစ်ခေါင်းဆောင်များမှာ ဂျပန်ခေတ်တလျှောက်လုံး တောခိုနေခဲ့သော သခင်စိုး၊ သစ် တောနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဖြစ်နေသော သခင်သန်းထွန်းနှင့် သခင်ဗဟိန်းတို့ ဖြစ်ကြပါသည်။ ဦး ကျော်ငြိမ်းနှင့် ဦးဘဆွေတို့သည်ကား ထင်ရှားသော ဆိုရှယ်လစ်ခေါင်းဆောင်နှစ်ဦး ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် နှစ်ဖက်ခေါင်းဆောင်များအကြား ပြေလည်စေရန် အထူးကြိုးပမ်းခဲ့ပါသည်။ စေ့စပ် ဖြန်ဖြေရေးကို အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်နေခြင်းမှာ နိုင်ငံရေးသဘောထားကွဲလွဲမှုများသည် တပ်မတော် ထဲသို့ စိမ့်ဝင်နေကာ ရဲဘော်များ၏ ညီညွတ်ရေးနှင့် တော်လှန်ရေး၏ အောင်မြင်ရေးတို့ကို ခြိမ်းခြောက်နေ၍ ဖြစ်ပါသည်။ ထို့အပြင် သခင်စိုးသည် ဖက်ဆစ်ဆန့်ကျင်ရေးစည်းရုံးဆော်ဩရာတွင် တပ်မတော်ကို ထိခိုက်နစ် နာစေသော ဝါဒဖြန့်ချိရေး ပြုလုပ်နေသဖြင့် တပ်အတွင်း မကျေနပ်မှုများ ဖြစ်ရုံသာမက ဗိုလ်ချုပ်အောင်ဆန်း လည်း ဒေါသထွက်ရပါသည်။
လပေါင်းများစွာ သဘောထားချင်းဖလှယ်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် သခင်စိုး၊ သခင်သန်းထွန်း၊ သ ခင်ဗဟိန်းတို့နှင့် ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ရက်အနည်းငယ်ကြာ လျှို့ဝှက်စည်းဝေးပါသည်။ ဗိုလ်ချုပ်အောင် ဆန်း၏ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ တည်ထောင်ရန်အဆိုကို ဆွေးနွေးကြပြီး အဖွဲ့၏ ကြေညာစာတမ်းနှင့် စု ပေါင်းဆောင်ရွက်ရမည့် စီမံကိန်းတရပ်ကို သဘောတူအတည်ပြုလုပ်ပါသည်။ များမကြာမီ ကွန်မြူနစ်ခေါင်း ဆောင်များနှင့် ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်များ အတူစည်းဝေးရန်စီစဉ်လိုက်ပြီး၊ ထိုအစည်းအဝေး ၌ ဗိုလ်ချုပ်အောင်ဆန်းသည် “ဖက်ဆစ်ဓါးပြများကို တိုက်ထုတ်ကြလော့” ခေါင်းစဉ်ပါ ကြေညာစာတမ်းကိုဖတ် ကာ တော်လှန်ရေးကို တရားဝင်အကောင်အထည်ဖော်လိုက်ပါသည်။
အဖွဲ့၌ သခင်စိုးသည် နိုင်ငံရေးခေါင်းဆောင်ဖြစ်ပြီး သခင်သန်းထွန်းသည် အထွေထွေအတွင်းရေးမှူးတာဝန်နှင့် မဟာမိတ်များနှင့်ဆက်သွယ်ရေး တာဝန်တို့ကိုယူကာ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ရေးခေါင်းဆောင်ဖြစ်ပါ သည်။ ထိုအချိန်၌ လူငယ်တပ်မတော်အရာရှိအချို့သည် စတင်လှုပ်ရှားရန် ဇောကြီးကာ သခင်ခေါင်းဆောင် အချို့နှင့် တပ်မတော်အဆင့်မြင့်အရာရှိအချို့တို့ကိုသာ တိုင်ပင်လေ့ရှိသော ဗိုလ်ချုပ်၏ ဆိတ်⁠ဆိတ်နေမှု ကြောင့် မချင့်မရဲဖြစ်နေကြပါသည်။ ၎င်းတို့သည် တော်လှန်ရေးတရပ်ကို မိမိတို့ဖာသာစတင်ရန် ကြံစည်ကြပါ သည်။ ဤကိစ္စကို ဗိုလ်ချုပ်အောင်ဆန်း သိသွားသောအခါ ၎င်းတို့အား ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့၏ လှုပ်ရှားမှု ထဲ၌ တိကျသော အခန်းကဏ္ဍများ စီစဉ်ပေးခြင်းဖြင့် အခြေအနေကို ပြေလည်စေခဲ့ပါသည်။ အတွင်းအင်အားစု များ၏ ညီညွတ်မှုရယူပြီးနောက် တော်လှန်ရေးအစီအစဉ် အပြီးသတ်နိုင်ရန် မဟာမိတ်တပ်များနှင့် မည်ကဲ့သို့ သော သဘောတူညီမှုများ ရနိုင်မည်ကိုသာ သိရှိရန်လိုပါတော့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအဖော်များသည် ပြည်ပအကူအညီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဂျပန်ကို တော်လှန်ရန် ဆုံးဖြတ်ချက်ချပြီးဖြစ်သော်လည်း အောင်မြင်မှုများ ပို၍ပို၍ရနေသော မဟာမိတ်တပ်များနှင့် ပူး ပေါင်းဆောင်ရွက်ခြင်းဖြင့် လက်တွေ့အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ထင်ရှားလာပါသည်။ အမှန်မှာ နိုင်ငံအဝှမ်း မြန်မာတပ်များ ဂျပန်တို့ကို စတင်တော်လှန်သော ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ရောက်သည့် တိုင် ဗြိတိသျှတို့နှင့် ရှင်းလင်းသောသဘောတူညီချက် မရရှိသေးပေ။ ထိုနေ့မတိုင်မီ (၁၀) ရက်အလိုက ဗိုလ် ချုပ်အောင်ဆန်းသည် ရန်ကုန်မြို့၌ စစ်ရေးပြအခမ်းအနားတရပ်တွင် ပါဝင်ပြီးနောက် သူ၏ တပ်များနှင့် အတူ စစ်လေ့ကျင့်ခန်းဆင်းရန်ဟု အကြောင်းပြကာ မြို့တော်မှ ထွက်ခွာခဲ့ပါသည်။
ဗိုလ်ချုပ်ကြီးစလင်း၏ တပ်မ (၁၄) သည် ဧရာဝတီမြစ်ကို မန္တလေးမြောက်ပိုင်းမှ ဖြတ်ကူးနေပြီး၊ သခင်သန်း ထွန်းသည် ဗြိတိသျှတပ်မတော်အရာရှိတဦးနှင့်ဆုံရန် တောင်ငူသို့ ထွက်ခွာသွားပေပြီ။ များမကြာမီ တော်လှန် ရေးရေစီးကြောင်းကား တဟုန်တည်း စီးဆင်းလာပေတော့သည်။ မေလ (၁၅) ရက်နေ့တွင် ဗိုလ်ချုပ်အောင် ဆန်းသည် လက်ထောက်အရာရှိတဦးနှင့်အတူ စလင်းနှင့်တွေ့ဆုံရန် ၎င်း၏ဌာနချုပ်သို့ ရောက်သွား၏။
တွေ့ဆုံရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် မိမိကိုယ်မိမိ မြန်မာနိုင်ငံယာယီအစိုးရ၏ကိုယ်စားလှယ်အဖြစ် မိတ် ဆက်ပြီး၊ မဟာမိတ်စစ်ဦးစီးတဦးအဖြစ် အသိအမှတ်ပြုရန် ရဲရဲတင်းတင်း တောင်းဆိုလိုက်ပါသည်။ ဗြိတိသျှ ဗိုလ်ချုပ်ကြီးထံမှ လိုက်လျောမှုအများဆုံးရရှိနိုင်ရန် တဖက်ကကြိးစားလျက် တဖက်ကလည်း လက်တွေ့ကျကျ တွေးမြင်တတ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မိမိနှင့်ဆက်ဆံသူများ စိတ်ခွေ့ရလောက်အောင် ရိုး သားဖြောင့်မတ်ကြောင်းတို့ကို ဗိုလ်ချုပ်အောင်ဆန်း ပြသခဲ့ရာ စလင်း၏ နှစ်သက်သဘောကျမှုနှင့် လေးစားမှု တို့ကို ရရှိခဲ့၏။
စလင်း၏စကားအရ “သူနှင့်ပတ်သက်၍ ကျနော် မှတ်⁠မှတ်ရ⁠ရကြီး သတိပြုမိသည်ကတော့ သူ၏ရိုးသားဖြောင့် မတ်မှုဖြစ်ပါသည်။ သူသည် အာသွက်လျာသွက် အကြိုက်လိုက် အာမခံချက်ပေးခြင်းမျိုးမရှိ။ လွယ်⁠လွယ်နှင့် ကတိမပေး။ သို့သော် တခု⁠ခုလုပ်ပါမည်ဟုသဘောတူခဲ့လျှင်တော့ စကားတည်မည့်သူဟု ကျနော်မြင်ပါသည်။” ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးစလင်းတို့ တွေ့ဆုံပြီးနောက် မြန်မာတပ်များနှင့် ဗြိတိသျှတပ်များ ပူးတွဲ၍ ဂျပန်တို့ကို တိုက်လေရာ ဂျပန်တပ်များ အလျင်အမြန် ပြိုကွဲသွားပါသည်။ ဇွန်လ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့ အောင်ပွဲစစ်ချီအခမ်းအနားများ ကျင်းပရာ၌ ဗြိတိသျှအင်ပိုင်ယာတပ်များ၊ မဟာမိတ်တပ်များနှင့်အတူ မြန်မာ့ တပ်မတော်ကလည်း ပါဝင်ခဲ့ပါသည်။ ဂျပန်တော်လှန်ရေးကား ပြီးဆုံးသွားပေသည်။
အမျိုးသားရေးလှုပ်ရှားနေသောမြန်မာများသည် တူညီသောရည်မှန်းချက်အောင်မြင်စေရန် ဝါဒရေးရာမတိုက် ဆိုင်မှုများနှင့် ပုဂ္ဂိုလ်ရေးဆန်သော သဘောထားများကို ဘေးဖယ်ခဲ့သော ဂုဏ်ယူဖွယ်အကောင်းဆုံး အချိန် ကာလဖြစ်ပါသည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် ကျယ်ပြန့်သော လူမှုရေးနှင့် နိုင်ငံရေးအင်အားစုများကို ကိုယ် စားပြုသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများပါဝင်နိုင်ရန် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းပြီး ‘ဖက် ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်’ (ဖဆပလ) ဟူ၍ အမည်သစ်ပေးလိုက်ပါသည်။

ဦးအောင်ဆန်း အပိုင်း(၄)

ဗြိတိသျှနှင့် စေ့စပ်ဆွေးနွေးခြင်း

ဂျပန်တို့ကို မဟာမိတ်များနှင့်ပေါင်း၍တိုက်ခိုက်ရန် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့၏ကမ်းလှမ်းချက်ကို ဗြိတိသျှတို့ လက်ခံခဲ့ခြင်းမှာ အရှေ့တောင်အာရှ မဟာမိတ်တပ်များ၏ စစ်ဦးစီးချုပ် လော့ဒ်မောင့်ဘက်တင်၏ နိုင်ငံရေးပါး နပ်အမျှော်အမြင်ရှိမှုတို့ကြောင့် ဖြစ်ပါသည်။ ၁၉၄၂ ခုနှစ် မြန်မာနိုင်ငံမှ ဗြိတိသျှတို့ ဆုတ်ခွာပြီးနောက် အိန္ဒိယ တွင် အဝေးရောက်အစိုးရရုံးစိုက်ခဲ့ပါသည်။ ထိုအစိုးရကိုလွှမ်းမိုးနေသော အရာရှိများသည် အမျိုးသားရေးစိတ် ပြင်းထန်သောလူငယ်များက ၎င်းတို့၏ ဩဇာကို စိန်ခေါ်ခြင်းနှင့် ၎င်းတို့၏အုပ်ချုပ်ရေး ဝရုန်းသုန်းကားဖြစ်စေ ရန် လှုပ်ရှားခဲ့သည်ကို ခံခဲ့ရသူများဖြစ်ပေသည်။ ဤအရာရှိများသည် ဖဆပလနှင့်ပူးပေါင်းဆောင်ရွက်မှုမှန်သ မျှကို လုံးဝဆန့်ကျင်၍ ဗြိတိသျှတို့ မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်ပြီးစ စစ်အုပ်ချုပ်ရေးကာလအတွင်း ဖဆပ လကို မတရားသင်းကြေညာကာ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံတော်သစ္စာဖောက်အဖြစ် ဖမ်းဆီးရန် လိုလားကြ ပါသည်။
ပိုမို၍ အဓိဌာန်ကျစွာရှုမြင်နိုင်သော အနေအထားတွင်ရှိနေသော မောင့်ဘက်တင်ကမူ မြန်မာနိုင်ငံကိစ္စများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရာတွင် မြန်မာလူထုကြီးက မိမိတို့လွတ်မြောက်ရေးကို ဆောင်ကြဉ်းပေးခဲ့သူဟူ၍ အသိ အမှတ်ပြုထားသော ပုဂ္ဂိုလ်၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူရန် လိုအပ်မည်ကို နားလည်သည်။ လူထု၏ စိတ် နေသဘောထားနှင့် ကင်းကွာနေသော စစ်အုပ်ချုပ်ရေးခေါင်းဆောင် အရပ်သားအရာရှိ၏နေရာတွင် လျင်မြန် စွာပင် ဝါရင့်တပ်မတော်အရာရှိတဦးဖြစ်သူ ဗိုလ်ချုပ်ရန်စ်အား ခန့်အပ်လိုက်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း ဖြေရှင်းရသော လတ်တလော ပြဿနာတရပ်မှာ ဗမာ့မျိုးချစ်တပ်မတော်ဟု အမည် ပြောင်းထားသော မြန်မာ့တပ်မတော်၏ အနာဂတ်အရေးဖြစ်ပါသည်။ တပ်များကို ကျွေးမွေးရေးနှင့် လက်နက် တပ်ဆင်ပေးရေး လုပ်ငန်းများသည် လွန်စွာမှ ခက်ခဲနေ၏။ မဟာမိတ်တို့ စစ်အောင်ပွဲခံပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် မောင့်ဘက်တင်နှင့် တွေ့ဆုံဆွေးနွေး၍ ဗမာ့မျိုးချစ်တပ်မတော်ဝင်များသည် မိမိတို့ဆန္ဒအ လျောက် ဗြိတိသျှလက်အောက်ရှိ မြန်မာ့တပ်မတော်ထဲသို့ ဝင်လိုက ဝင်နိုင်စေရန် သဘောတူလိုက်ပါသည်။
ဤသဘောတူညီချက်၏ အသေးစိတ်အချက်များကို ၁၉၄၅ ခုနှစ် စက်တင်ဘာလတွင် မဟာမိတ်စစ်ဦးစီးဌာန နှင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လင်္ကျာ၊ သခင်သန်းထွန်းတို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ကန္ဒီအ စည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြသည်။ ကန္ဒီသို့အသွား ကိုယ်စားလှယ်အဖွဲ့ဝင်အချို့ ကာလကတ္တားမြို့တွင် ခေတ္တခ ဏရပ်စဉ် သခင်သိန်းဖေနှင့်တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အနာဂတ်အရေးကို ဆွေးနွေးကြ၏။ သဘော ထားအမြင်တခုအရ လာမည့်နိုင်ငံရေးတိုက်ပွဲတွင် ဗိုလ်ချုပ်ပါဝင်ရန် လိုအပ်သည်။ “သူသည်သာ အမျိုးသား ရေးအင်အားစုအပေါင်းကို ညီညွတ်သော တပ်ဦးတရပ်ဖြစ်လာစေရန် စွမ်းဆောင်ပြီး ခေါင်းဆောင်မှုပေးနိုင် မည့် တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။”
သခင်သိန်းဖေမှအပ အခြားကွန်မြူနစ်များတင်ပြသော အခြားအမြင်တခုအရ ဗိုလ်ချုပ်သည် နိုင်ငံရေးခေါင်း ဆောင်တဦးရှိသင့်သော အရည်အချင်းပေါင်းစုံမရှိ၊ လူမှုဆက်ဆံရေး ညံ့ဖျင်းနေပြီး နိုင်ငံရေးနည်းပရိယာယ်မ ကျွမ်းကျင်၊ ထို့ကြောင့် နိုင်ငံရေးစွန့်လွှတ်ပြီး တပ်မတော်ထဲတွင်သာ နေသင့်သည်။ “နောက်ဆုံးတိုက်ပွဲကြီး” တွင် အင်အားစုအားလုံး၏ စည်းလုံးညီညွတ်ရေးရရှိစေရန် မြန်မာနိုင်ငံလိုအပ်နေသော အမျိုးသားခေါင်းဆောင် သည် ဗိုလ်ချုပ်အောင်ဆန်းသာလျှင် ဖြစ်ကြောင်းကို ခိုင်ခိုင်မာမာ ယုံကြည်သော ဗိုလ်လင်္ကျာက ကွန်မြူနစ်တို့ အကြံပေးချက်ကို အဓိပ္ပာယ်ဖွင့်ပုံရာ၌ “နိုင်ငံရေးနယ်ပယ်ကို သူတို့သာလွှမ်းမိုးထားလို၍ ဗိုလ်ချုပ်ကို ဘေးဖယ် ထားပြီး သူတို့အလိုရှိသောအခါမှ ဗိုလ်ချုပ်အနေနှင့် သွယ်ဝိုက်သောနည်းများနှင့် အထောက်အကူပေးရန်ဖြစ် သည်။”
ဗိုလ်ချုပ်အောင်ဆန်းသည် နှစ်ဖက်သဘောထားများကို နားထောင်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချလိုက်သည်။ တပ်မတော်မှထွက်၍ နိုင်ငံရေးရှေ့တန်းမှ လွတ်လပ်ရေးတိုက်ပွဲကို အစွမ်းကုန်ဆင်နွှဲတော့မည်။ ၁၉၄၅ ခုနှစ် နှင့် ၁၉၄၇ ခုနှစ်များအတွင်း ဗိုလ်ချုပ်အောင်ဆန်းသည် အင်အားကြီးသော ခေါင်းဆောင်တဦးအဖြစ်လည်း ကောင်း၊ လူထု၏ ယုံကြည်မှုနှင့် မေတ္တာကိုရရှိသော လုပ်ရည်ကိုင်ရည်ရှိ နိုင်ငံရေးသမားတဦးအနေနှင့်လည်း ကောင်း ထင်ပေါ်လာ၏။ ၎င်းအား စစ်တပ်အတွင်းသာ နေစေလိုသောသူတို့၏ ဝေဖန်ချက်များမှာ ခိုင်လုံမှုမရှိ ကြောင်းကို အတိအလင်းပြနိုင်ခဲ့၏။
၁၉၄၅ ခုနှစ် မေလတွင် ဗြိတိသျှအစိုးရသည် စက္ကူဖြူစီမံကိန်းဖြင့် မြန်မာနိုင်ငံ အနာဂတ်အပေါ်ထားသော ၎င်း တို့၏ အခြေခံမူဝါဒကို ကြေညာလိုက်ပါသည်။ ထိုစီမံကိန်းအရ ဘုရင်ခံသည် နိုင်ငံကို သုံးနှစ်ကြာတိုက်ရိုက် အုပ်ချုပ်ပြီး ကာလအားလျော်စွာ ရွေးကောက်ပွဲများကျင်းပခြင်း၊ မြန်မာကောင်စီနှင့် ဥပဒေပြုအဖွဲ့တို့တည် ထောင်ခြင်းတို့ကို ဆောင်ရွက်သွားမည်။ ဤအချက်များသည် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအက်ဥပဒေပါ အချက် အလက်များထက် သာလွန်တိုးတက်ခြင်းသဘောကို မဆောင်ပါ။ ကောင်စီနှင့် ဥပဒေပြုအဖွဲ့ ပြန်လည်တည် ထောင်ပြီးမှ ရှေ့တဆင့်တိုး၍ မြန်မာနိုင်ငံကို ဒိုမီနီယန်အဆင့်ရစေမည့် အခြေခံဖွဲ့စည်းပုံဥပဒေကို ပါတီပေါင်းစုံ က ရေးဆွဲရန်ဖြစ်ပါသည်။ သို့သော် တောင်တန်းနှင့် နယ်စပ်ဒေသများသည် ပြည်မနှင့် ပေါင်းစည်းလိုကြောင်း တိတိကျကျ မဖော်ပြလျှင် သီးခြားဒေသများကို ဤစီမံကိန်း၌မထည့်ဘဲ ထားမည်ဖြစ်ပါသည်။
စက္ကူဖြူစီမံကိန်းပါ အချက်အလက်များ လုံးဝလက်ခံနိုင်ဖွယ် မရှိကြောင်းကို စစ်အုပ်ချုပ်ရေး မပြီးဆုံးမီကပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့သည် မြန်မာပြည်ကို ပြန်လာမည်ဖြစ်သော ဘုရင်ခံ ဆာရက်ဂျီ နဲလ်ဒေါ်မန်ဆမစ်အား ရှင်းလင်းစွာအသိပေးပြီးဖြစ်ပါသည်။ ဖဆပလခေါင်းဆောင်များသည် ၎င်းတို့ပါတီသာ နိုင်ငံကိုကိုယ်စားပြုသောကြောင့် ၎င်းတို့သည်သာ စစ်အုပ်ချုပ်ရေးကို အစားထိုးရန် ယာယီအမျိုးသားအစိုးရ တရပ် ဖွဲ့ခွင့်ရှိသင့်ကြောင်း တင်ပြခဲ့ပါသည်။
ဒေါ်မန်ဆမစ်သည် စိတ်စေတနာကောင်း မရှိသူမဟုတ်ပါ။ သို့သော် သူ့အားဝိုင်းရံနေသော ဝန်ထမ်းအရာရှိ များနည်းတူ စစ်ပြီးခေတ်မြန်မာနိုင်ငံ၏ ရှုပ်ထွေးပွေလီအပြောင်းအလဲမြန်လှသော နိုင်ငံရေးဥတုကို နားမလည် နိုင်ချေ။ ဖဆပလအဖွဲ့ချုပ်သည် မြန်မာပြည်သူအများစု၏ ထောက်ခံမှုရရှိထားသည်ဟူသောအချက်ကို ဒေါ်မန် ဆမစ် ယုံကြည်လက်ခံရန် အခက်အခဲတွေ့နေပြီး ထိုအချိန်၌ မြန်မာနိုင်ငံတွင် အရေးပါဆုံးပုဂ္ဂိုလ်သည် ဗိုလ် ချုပ်အောင်ဆန်းဖြစ်ကြောင်းကို သူမမြင်၍မဖြစ်သော်လည်း ထိုအချက်ကိုလည်း လက်ခံရန် ဝန်လေးနေ၏။
ထို့အပြင် စစ်တွင်းကာလတလျှောက် မိမိ၏ အစိုးရအပေါ် သစ္စာစောင့်ခဲ့သော ဝါရင့်မြန်မာနိုင်ငံရေးသမားကြီး များကို ချီးမြှင့်လိုသော အံ့ဖွယ်ရာမဟုတ်သည့် ဆန္ဒသည် သူ၏ နားလည်မှုကို ချို့ယွင်းစေပါသည်။ ဝါရင့်နိုင်ငံ ရေးသမားများ၏ ကဏ္ဍ ခေတ်သစ်မြန်မာနိုင်ငံ၌ မရှိတော့ပြီဟူသောအချက်ကို သူမမြင်နိုင်၍သော်လည်း ကောင်း၊ မမြင်လို၍သော်လည်းကောင်း ဖြစ်နိုင်ပါသည်။ ဗြိတိသျှအင်ပိုင်ယာ ပြိုပျက်ခြင်းကို လက်မခံနိုင်ဟူ သော ချာချီ၏ ဧကရာဇ် စိတ်ဓာတ်ပြင်းပြသည့် ခံယူချက်သည် မြန်မာနိုင်ငံကို အထောက်အကူမပြုခဲ့ပါ။ ချာချီ အား ဝန်ကြီးချုပ်နေရာ၌ဆက်ခံသူ အတ္တလီကလည်း မြန်မာနိုင်ငံအတွင်းရှိ အယူအဆ၊ သဘောထားအသွယ် သွယ်ကို အကဲဖြတ်ရန် အခက်အခဲတွေ့နေရာ တိကျသော မူဝါဒတရပ်ချမှတ်ရန် နှေးကွေးခဲ့၏။
၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် ဒေါ်မန်ဆမစ် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသောအခါ အရပ်သားအ စိုးရ ပြန်လည်ဖွဲ့စည်းလိုက်ခြင်းဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲ ပြီးဆုံးပြီဖြစ်ကြောင်းကို အလေးအနက် ပြသလိုက်ပါသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလတို့၏ သဘောထားကား ထိုကဲ့သို့ မဟုတ်ပါ။ ၎င်းတို့လိုလားသော လွတ်လပ်ရေးကို ၎င်းတို့တောင်းဆိုချက်များနှင့်အညီ ဗြိတိသျှအစိုးရက ပေးရန်ပျက်ကွက် ပါက လက်နက်ကိုင်တိုက်ပွဲ ထပ်မံဆင်နွှဲရမည့် အလားအလာကို ၎င်းတို့ မပယ်ချထားပါ။
ပထမဦးဆုံးတိုက်ပွဲကား ဘုရင်ခံကောင်စီဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်ပါသည်။ ဖဆပလသည် ရာထူးနေရာ (၁၁) နေရာအနက် (၇) နေရာတွင် ၎င်းတို့အမည်တင်သွင်းသော ပုဂ္ဂိုလ်များကို ခန့်အပ်ရန် အတင်းအကျပ် တောင်းဆို၏။ ထို့အပြင် ဘုရင်ခံကောင်စီကို ၎င်းတို့မူလကတောင်းဆိုခဲ့သော ယာယီအမျိုးသားအစိုးရပုံစံ ဖြစ် စေမည့် အခြားလိုအပ်ချက်များကိုပါ တွဲ၍တောင်းဆိုလိုက်ပါသည်။ မျှော်လင့်ထားသည့်အတိုင်း ဗြိတိသျှအစိုး ရသည် တောင်းဆိုချက်များကို ငြင်းပယ်လိုက်ပါသည်။
ထို့နောက် ဒေါ်မန်ဆမစ်သည် ကောင်စီနှင့် ဥပဒေအဖွဲ့ဝင်များအဖြစ် အလယ်အလတ်လမ်းစဉ်သမားများဟု မိ မိယုံကြည်သူတို့ကို ခန့်အပ်လိုက်ပါသည်။ သို့သော် ထိုပုဂ္ဂိုလ်များအနက် ကပ်ပါးရပ်ပါး မင်းမြှောင်များ၊ အမျိုး သားရေးသစ္စာဖောက် ကိုယ်ကျိုးရှာသမားများဟု မြန်မာအများက ယူဆထားသူအချို့လည်း ပါဝင်နေပါသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် အများသဘောတူ တညီတညွတ်တည်းထောက်ခံမှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖဆပလဥက္ကဋ္ဌ တင်မြှောက်လိုက်ပါသည်။ ကန္ဒီသဘောတူညီမှု ရှိထားပါသော်လည်း မြန်မာ့တပ်မတော်အ တွင်း ဝင်ရောက်အမှုထမ်းခြင်းမရှိသော ဗမာ့မျိုးချစ်တပ်မတော်သား အများအပြား ကျန်နေပါသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်မှုထမ်းဟောင်းများနှင့် အသစ်ဝင်လာသူများကိုပေါင်းကာ သူ့ပြည်သူ့ရဲဘော်အဖွဲ့ကို တည်ထောင်လိုက်ပါသည်။
ပြည်သူ့ရဲဘော်အဖွဲ့တပ်သားများသည် ယူနီဖောင်းဝတ်ဆင်ကာ ပွင့်ပွင့်လင်းလင်းပင် စစ်လေ့ကျင့်ရေးများ ပြု လုပ်ပါသည်။ ပြည်သူ့ရဲဘော်အဖွဲ့သည် တရားဝင်အားဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နေသော လူမှုရေးအဖွဲ့အစည်းတရပ်သာ ဖြစ်သော်လည်း ဖဆပလ၏ လက်ရုံးတပ်ဖြစ်လာနိုင်သော အခြေခံ အရည်အချင်းများ ရှိနေသောကြောင့် အစိုးရအတွက် စိတ်မအေးဖွယ်ဖြစ်နေပါသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် ဘုရင်ခံ၏ မကျေနပ်ချက်များကို သိမ်မွေ့စွာ တုံ့ပြန်လိုက်ပါသည်။ ကြေညာချက်တရပ်တွင် တပ်ဖွဲ့၏ ရည်ရွယ်ချက်များကိုဖော်ပြကာ ၎င်းတို့အနက် တချက်မှာ “သူခိုးဓားပြ စသော ရာဇဝတ်မှုများ ပပျောက်ရန်နှင့် ရပ်ရွာငြိမ်ဝပ်ပိပြားရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များ၊ အခြားအဖွဲ့အစည်း၊ တိုင်းသူပြည်သားများနှင့် ပူးပေါင်းဆောင်ရွက်၍ ပြည်သူ့ကာကွယ်ရေးအတွက် ကူညီစောင့်ရှောက်ပေးရန်” ဖြစ်ပါသည်။
ဒေါ်မန်ဆမစ်လည်း မည်သို့အဓိပ္ပာယ်ကောက်ရမည် မသိဖြစ်နေပါသည်။ ဘုရင်ခံသည် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖဆပလတို့ကိုကိုင်တွယ်ရာ၌ မနိုင်မနင်းဖြစ်နေ၏။ မြန်မာခေါင်းဆောင်နှင့်ပတ်သက်၍ သူ စိတ်မပိုင်းဖြတ် နိုင်။ လှိုက်⁠လှိုက်လှဲလှဲ ချီးကျူးသည့်အခါများရှိသကဲ့သို့ ဇဝေဇဝါ၊ သံသယစိတ်များ လွှမ်းမိုးသည့်အခါများ လည်းရှိပြီး နာရီချိန်သီးပမာ အတွေးနှစ်ဖက်အကြား စိတ်မတည်မငြိမ် ဖြစ်နေ၏။ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရယူရာ၌ ပြည်သူလူထုခံနေရဆဲ အတိဒုက္ခများကို ပိုမိုဆိုးဝါးစေမည့် လက်နက်ကိုင်တိုက်ပွဲကို မ လိုလားကြောင်းအရိပ်အမြွက်ပြပါသည်။ တချိန်တည်းတွင် မြန်မာ့လွတ်လပ်ရေးရရန်အတွက် လိုအပ်မည်ဆိုပါ က အကြမ်းဖက်နည်းများသုံးရန်ကို တွန့်ဆုတ်နေမည်မဟုတ်ကြောင်းကိုလည်း ထင်ရှားစေသည်။ လူထုစည်း ဝေးပွဲကြီးများတွင်လည်းကောင်း၊ ဆန္ဒပြချီတက်နေစဉ် ပုလိပ်လက်ချက်ဖြင့် ကျဆုံးခဲ့သော တောင်သူလယ်သ မားများ၏ ဈာပနကဲ့သို့သော စိတ်လှုပ်ရှားဖွယ်အခမ်းအနားများတွင်လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှအုပ်ချုပ်ရေး၏ မူဝါဒများကိုရှုတ်ချပြီး လွတ်လပ်ရေးအတွက် တတိုင်းပြည်လုံး ဆထက်ထမ်းပိုး ကြိုး စားဆောင်ရွက်ရန် နှိုးဆော်နေလျက်ကပင် လူအုပ်ကြီးများငြိမ်သက်စည်းကမ်းရှိစေရန် ထိန်းသိမ်းထားနိုင် ကြောင်းပြသခဲ့၏။
သို့သော်လည်း ဒေါ်မန်ဆမစ်နှင့် သူ၏ အကြံပေးပုဂ္ဂိုလ်တို့သည် ပြဿနာများကို အေးချမ်းစွာ ဖြေရှင်းနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်သည်ကို လက်ခံရန် ဝန်လေးနေကြ၏။ ဖဆပလ၏ အင် အားကိုစမ်းရန် အခြားပါတီအဖွဲ့အစည်းများ တည်ထောင်၍ ရ၊ မရ စဉ်းစားကြသည်။ ဤကဲ့သို့ အားစမ်းရန် စိတ်သန်သော နိုင်ငံရေးသမားများကား ရှိပါသည်။ အင်္ဂလိပ်စာရေးဆရာကြီးတဦး ဘုရင်ခံကောင်စီဝင်များနှင့် ပတ်သက်၍ ရေးသကဲ့သို့ ထိုနိုင်ငံရေးသမားများနှင့် ပတ်သက်၍လည်း ရေးနိုင်သည်မှာ ၎င်းတို့နှင့် ဖဆပလ အကြား ကွာခြားချက်များသည် လွတ်လပ်ရေးမူဝါဒများအပေါ် အခြေခံသည်ထက် အာဏာရရှိရေးပြိုင်ဆိုင်မှု အပေါ်တွင်သာ အခြေခံပါသည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း အမျိုးသားခေါင်းဆောင်အဖြစ် ထင်ပေါ်ကျော် ကြားလာခြင်းနှင့် သူ့အား ပြည်သူတို့က ကိုးကွယ်သည်ဟုပင် ပြောရလောက်မတတ် ချစ်ခင်ကြည်ညိုခြင်းတို့ ကြောင့် အချို့အသိုင်းအဝိုင်းများတွင် မနာလိုမုန်းတီးစိတ်များ ပြင်းပြနေပါသည်။
ဒေါ်မန်ဆမစ်သည် ဖဆပလကို စိန်ခေါ်နိုင်သော အင်အားစုများ ပေါ်ပေါက်လာနိုင်မည့် အလားအလာများကို သုံးသပ်နေပြီး သူ၏ အကြံပေးပုဂ္ဂိုလ်အချို့က ဗိုလ်ချုပ်အောင်ဆန်းအား နိုင်ငံတော်ပုန်ကန်မှု စွဲချက်ဖြင့် ဖမ်း ဆီးရန် နားပူနားဆာတိုက်နေစဉ် ဘုရင်ခံကောင်စီဝင်ဖြစ်နေသော သခင်ထွန်းအုပ်သည် ဗိုလ်ချုပ်ကို လူသတ် မှုနှင့် စွဲချက်တင်လိုက်ပါသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ချီတက်လာစဉ်က ရွာသူကြီးတဦးအား ဗြိတိသျှ အလိုတော်ရိလုပ်ငန်းများဆောင်ရွက်မှု၊ ဖိနှိပ်ရက်စက်မှုနှင့် အဂတိလိုက်စားမှု စွဲချက်များတင်ကာ စစ်ခုံရုံးဖွင့်၍ စစ်ဆေးခဲ့ပါသည်။ စစ်ခုံရုံးမှချမှတ်လိုက်သော သေဒဏ်အပြစ်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဆောင်ရွက် ခဲ့ပါသည်။
ဤအမှုနှင့် ဗိုလ်ချုပ်အောင်ဆန်းကို ရုံးတင်စစ်ဆေးမည်ဆိုပါက သခင်ထွန်းအုပ်သည် ဖြစ်ရပ်လုံးစုံကို တွေ့မြင် ခဲ့သဖြင့် သက်သေထွက်ဆိုပေးမည်ဟု ကမ်းလှမ်းလိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းကို ချက်ချင်းဖမ်းဆီးသင့်၊ မ ဖမ်းဆီးသင့်နှင့်ပတ်သက်၍ အစိုးရအဖွဲ့အတွင်း ဝိဝါဒကွဲပြားနေ၏။ အရပ်သားဗြိတိသျှအရာရှိအချို့က ဖမ်းဆီး ရေးတိုက်တွန်းကြသည်။ ဤကဲ့သို့ဆောင်ရွက်ခြင်းဖြင့် အခြေအနေများ ပိုမို၍ ရှင်းလင်းသွားစေမည်၊ ထကြွပုန် ကန်မှု ဖြစ်ပေါ်စေမည့် အလားအလာကိုလည်း ဖယ်ရှားနိုင်မည်။ ဗိုလ်ချုပ်အောင်ဆန်းကို လူထုက မကြာမီ မေ့ ပျောက်သွားမည်ဖြစ်သဖြင့် ပြဿနာများစွာလည်း ရှိမည်မဟုတ်ဟု ထောက်ပြကြသည်။
ဤအချက်များကို ရဲမင်းကြီးက သဘောမတူပါ။ စစ်အတွင်းပြစ်မှုများနှင့်ပတ်သက်၍ အထွေထွေလွတ်ငြိမ်းချမ်း သာခွင့် ပေးရန်ရှိနေကြောင်း၊ ဖဆပလနှင့် ပြည်သူ့ရဲဘော်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူကို ဖမ်းဆီးခြင်းသည် ပုန်ကန်တော်လှန်မှုကို တားဆီးသည်ထက်၊ ထကြွရန်လှုံ့ဆော်လိုက်သကဲ့သို့သာ ဖြစ်သွားနိုင်ကြောင်း တင်ပြ ပါသည်။ မြန်မာနိုင်ငံ စစ်ဌာနချုပ်သေနာပတိကလည်း ရဲမင်းကြီး၏အမြင်ကို ထောက်ခံကာ ဗိုလ်ချုပ်အောင် ဆန်းသည် အသိတရားနှင့် ပြည့်စုံသူဖြစ်သဖြင့် ပုန်ကန်ထကြွမှုတရပ်ကို စတင်မည်သူဟု မထင်ကြောင်း တင် ပြပါသည်။ ထို့အပြင် သခင်ထွန်းအုပ်၏ ပြောကြားချက်များအပေါ် မူတည်၍ ဆောင်ရွက်သင့်မသင့်ကလည်း ဆင်ခြင်ဖွယ်ရာဖြစ်နေ၏။
၎င်း၏ ရည်ရွယ်ချက်များသည် သံသယမကင်းဖွယ်ဖြစ်သည့်အပြင် ဂျပန်ခေတ်အတွင်း တာဝန်ဝတ္တရားမရှိပါ ဘဲနှင့် ၎င်းဆောင်ရွွက်ခဲ့သော ကြမ်းတမ်းသည့် လုပ်ရပ်များအကြောင်းကို ဂုဏ်ဝင့်စွာ ရေးသားထုတ်ဝေထား သော စာအုပ်ကလည်း ရှိနေသေးသည်။ ဒေါ်မန်ဆမစ်သည် သခင်ထွန်းအုပ်၏ စွပ်စွဲချက်များကို ဗိုလ်ချုပ် အောင်ဆန်းနှင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည် ဤအမှုနှင့်ပတ်သက်၍ လုံးဝတာ ဝန်ယူကာ စစ်ခုံရုံးတွေ့ရှိချက်အရ သေဒဏ်အပြစ်ပေးခဲ့ရကြောင်း ရှင်းပြပါသည်။ ဘုရင်ခံလည်း တဖန် မဝေခွဲ နိုင် ဖြစ်ရပြန်သည်။ တဖက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဖြောင့်မတ်မှုနှင့် စိတ်သတ္တိတို့ကို များစွာလေးစားမိ ၏။ တဖက်တွင်ကား သူ့အုပ်ချုပ်ရေး၏ အဓိကအတိုက်အခံဖြစ်နေသူကို လူသတ်မှုစွဲချက်တင်ကာ ဖယ်ရှားနိုင် လိုက်ပါက နိုင်ငံရေးအကျိုးအမြတ် မည်မျှထုတ်နိုင်မည်ကိုလည်း တွေးမိ၏။
ဤကိစ္စနှင့်ပတ်သက်၍ ဝှိုက်ဟော(လန်ဒန်)အစိုးရက မိမိတို့သာဆုံးဖြတ်ရန် အာဏာရှိသည်ဟု ကန့်သတ် ချက်ထားခြင်းမှာ ကံကောင်းသည်ဟူ၍ပင် ပြောရမည်ကဲ့သို့ဖြစ်ပါသည်။ ၁၉၄၆ ခုနှစ် ဧပြီလ၊ ဒေါ်မန်ဆမစ် စင်္ကာပူသို့ အလည်အပတ်ရောက်စဉ် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် ညွှန်ကြားသော သံကြိုးစာရောက် လာ၏။ ဘုရင်ခံလည်း ညွှန်ကြားချက်အရ ဆောင်ရွက်ရန် ချက်ချင်းပင် ရန်ကုန်သို့ ပြန်ခဲ့၏။ ဝရမ်းမထုတ်မီ လေးတွင် အမိန့်ပယ်ဖျက်လိုက်ကြောင်း သံကြိုးနောက်တစောင် ရောက်လာလေသည်။ ဤကိစ္စသည် အုပ်ချုပ် ရေး၏ မရေရာလှသောဩဇာကို ပိုမို၍ ယိုယွင်းလာစေသည်။ အုပ်ချုပ်သူများ၏ ခြေလှမ်းအားလုံးကို ဖဆပလ သည် အစိုးရဌာနများအတွင်းရှိ ၎င်းတို့အား ထောက်ခံသူများထံမှတဆင့် သိနေ၏။
ဗြိတိသျှတို့သည် ဗိုလ်ချုပ်ကို ဖယ်ရှားလိုသော်လည်း မထိဝံ့ဟူသောသတင်းသည် ပြန့်နှံ့သွား၏။ ဒေါ်မန်ဆမစ် လည်း အခြေအနေကို ထိန်းသိမ်းနိုင်ရန် ကြိုးစားပါသည်။ စက္ကူဖြူစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော် ၍ရမည်မဟုတ်ကြောင်း လန်ဒန်အစိုးရကို ဝန်ခံအသိပေးပြီး ဖဆပလ လက်ခံနိုင်မည့် ကမ်းလှမ်းချက်အသစ် များကို တင်ပြလေသည်။ သို့သော် အချိန်ကား နှောင်းခဲ့လေပြီ။ ၁၉၄၆ ခုနှစ် ဇွန်လတွင် ပူပင်သောကများနေ သော ဘုရင်ခံကြီး ဝမ်းကိုက်ရောဂါစွဲကပ်သောကြောင့် အင်္ဂလန်သို့ ပြန်ရပါသည်။ ဇူလိုင်လမတိုင်မီ အတ္တလီ သည် ဒေါ်မန်ဆမစ်နေရာတွင် ဗိုလ်ချုပ်ရန်ဆ့်ကို ခန့်အပ်ရန် ဆုံးဖြတ်လိုက်၏။ ရန်ဆ့်အား ရွေးချယ်ခြင်းကား သင့်လျော်လှပါသည်။ သူသည် စစ်အုပ်ချုပ်ရေး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ်က မြန်မာပြည်အ ခြေအနေကို ကောင်းစွာသိနိုင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဖဆပလခေါင်းဆောင်များနှင့် သင့်မြတ်သူ ဖြစ်၏။

ဦးအောင်ဆန်း အပိုင်း(၅)

လွတ်လပ်ရေးကြိုးပမ်းမှု

ဘုရင်ခံပြောင်းလဲခြင်းသည် ဖဆပလ၏ မူဝါဒများ ပြောင်းလဲခြင်းမဟုတ်သော်လည်း ဗြိတိသျှအစိုးရ၏ ချဉ်း ကပ်ပုံချဉ်းကပ်နည်း ပြောင်းလဲခြင်းကို ဖော်ပြလိုက်သဖြင့် လွတ်လပ်ရေးတိုက်ပွဲတွင် နိုင်ငံရေးအခန်းကဏ္ဍအ သစ်တရပ် ဖွင့်လိုက်ခြင်းဖြစ်ပါသည်။ ဘုရင်ခံကောင်စီဟောင်းကို ပယ်ဖျက်လိုက်ပြီး၊ ၁၉၄၆ ခုနှစ် စက်တင်ဘာ လတွင် ဦးအောင်ဆန်းသည် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်များယူကာ ဘုရင်ခံ၏ ကောင်စီအ သစ်တွင် ဒုတိယဥက္ကဋ္ဌ ဖြစ်လာပါသည်။ ကောင်စီဝင် (၁၁) ဦးအနက် ဦးအောင်ဆန်းအပြင် ဖဆပလအဖွဲ့ဝင် (၅) ဦး ပါရှိလေသည်။ ကောင်စီဝင်များသည် စုပေါင်းတာဝန်ယူကြရ၏။ အမည်အားဖြင့် ဘုရင်ခံ၏ အကြံပေး အဖွဲ့မျှသာဖြစ်သော်လည်း လက်တွေ့အားဖြင့် ကောင်စီသည် ကြာမြင့်စွာကပင် တောင်းဆိုခဲ့သော ယာယီအ မျိုးသားအစိုးရပင်ဖြစ်ပါသည်။
ဦးအောင်ဆန်းသည် ဤဖြစ်ပေါ်ချက်အသစ်များကို သတိရှိရှိနှင့် အကောင်းဖက်က ရှုမြင်ပါသည်။ တရားဝင် တည်ဆဲဖြစ်နေသေးသော စက္ကူဖြူစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည့် လူထုစည်းဝေးပွဲကြီးတွင် တိုက်ပွဲဆုံး ခန်းတိုင်မရောက်သေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ သူ ရာထူးနေရာ လက်ခံခဲ့ခြင်းကြောင့် ပြဿနာ အားလုံး ပြေလည်သွားပြီဟု မယူဆသင့်ကြောင်းနှင့် နောင်ဆောင်ရွက်ရန် အလုပ်တာဝန် များစွာရှိသေး ကြောင်း လူထုအား ဦးအောင်ဆန်းက သတိပေးလိုက်ပါသည်။ ပြည်သူလူထု၏ ထောက်ခံအားပေးမှုသည် သူ နှင့် ဖဆပလအတွက် မည်မျအရေးကြီးကြောင်း ပြောကြားပြီးနောက် လူထုနှစ်သက်မြတ်နိုးသော ရိုးသားပွင့် လင်းမှုဖြင့် ကိုယ်ရေးကိုယ်တာကိစ္စနှင့်ပတ်သက်၍ အောက်ပါအတိုင်း မှတ်ချက်ချလိုက်ပါသည်။
“နောက်ဆုံး ကျုပ်အကြောင်းကို ခင်ဗျားတို့ကို နည်း⁠နည်းပြောချင်တယ်။ အခုအခါ ကျုပ်ဟာ (ပတ်ဗလစ်မှာ ပေါ်ပြူလာဖြစ်နေတဲ့သူပဲ)။ ဒါပေမယ့် ကျုပ်ဟာ ဘုရားလည်းမဟုတ်၊ မှော်ဆရာ မျက်လှည့်ဆရာလည်း မ ဟုတ်၊ လူပဲ။ နတ်လည်းမဟုတ်၊ လူလောက်ပဲ အစွမ်းရှိမှာပဲ။ ကျုပ်အသက်ဟာ အင်မတန်မှ ငယ်တယ်။ ကျုပ် အခုထမ်းရတဲ့ တာဝန်ဟာလည်း တတိုင်းပြည်လုံးရဲ့တာဝန်ကို ရှေ့ဆုံးက ထမ်းနေရတယ်။ ကျုပ်ကိုယ်ကို ဒီ တာဝန်တွေ ထမ်းနိုင်အောင် အရည်အချင်းပြည့်စုံတယ်လို့ မယူဆဘူး။ ပြီးတော့ ကျုပ် စိတ်တိုတတ်တယ်ဆို တာလည်း လူအများ သိကြတာပဲ။ ဒါ ကျုပ် နဂိုပဲ။ အလုပ်ရှုပ်ပြီး အနှောင့်အယှက်များရင် စိတ်တိုတတ်တယ်။ ဒါကို ပြုပြင်နိုင်သျှ ပြုပြင်ဖို့ ကြိုးစားမယ်။ သို့သော်လည်း ခင်ဗျားတို့လည်း စိတ်ရှည်ရှည်ထားပြီး ကနေ့ပြတဲ့ အင်အားမျိုးထက် ဆထက်ထမ်းပိုး တိုးအောင်လုပ်ပြီး ကျုပ်တို့က ခင်ဗျားတို့အတွက် လုပ်တဲ့နေရာမှာ အားပေး မယ်ဆိုရင် ကျုပ်တို့လိုချင်တဲ့ လွတ်လပ်ရေး၊ လူထုကောင်းစားရေးတွေကို ရအောင်ပိုလုပ်နိုင်မယ်။ ပိုအကျိုးရှိ မှာပဲ။ ဒါကြောင့် လူထုတွေကို ဆက်တောင့်ထားကြပါအုံးလို့ဆိုတာ ထပ်ပြောခဲ့ချင်တယ်။”
ပြည်သူလူထုသည် ဦးအောင်ဆန်းနောက်မှ မား⁠မားမတ်⁠မတ်ရပ်၍ တောင့်ထားသော်လည်း သူ့ကို အတိုက်အခံ လုပ်မှု မရှိတော့ မဟုတ်ပါ။ ဖဆပလ၏ အင်အားကို ပြင်ပမှ စိန်ခေါ်သော နိုင်ငံရေးပါတီများထက် ဖဆပလအ တွင်းမှ ပြဿနာများ ပို၍ပေါ်ပေါက်ခဲ့ပါသည်။ တသီးပုဂ္ဂလ သစ္စာဖောက်သွားသူ အနည်းငယ်မျှသာရှိသော် လည်း ကွန်မြူနစ်များသည် ဖဆပလအဖွဲ့ချုပ်နောက်မှ ညီညွတ်စွာရှိသယောင်နှင့် မိမိတို့ပါတီအားကောင်းရေး အတွက် ဆောင်ရွက်နေကြပါသည်။
ပုဂ္ဂိုလ်ရေးနှင့် ဝါဒရေးအယူအဆ မတိုက်ဆိုင်မှုကြောင့် ၁၉၄၆ ခုနှစ် မတ်လတွင် သခင်စိုး၏ ‘အလံနီ’ ကွန်မြူ နစ်များနှင့် သခင်သန်းထွန်း၊ သခင်သိန်းဖေတို့ခေါင်းဆောင်သော ‘အလံဖြူ’ ကွန်မြူနစ်များဟူ၍ ကွန်မြူနစ်ပါ တီ နှစ်ခြမ်းကွဲသွားခဲ့ပါသည်။ အလံနီကွန်မြူနစ်များသည် အကြမ်းဖက်မှုဝါဒများ စွဲကိုင်ခြင်းကြောင့် ၎င်းတို့အား ဇူလိုင်လတွင် မတရားအသင်းအဖြစ် ကြေညာလိုက်ပါသည်။ သခင်သန်းထွန်းသည် ဖဆပလ၏ အထွေထွေအ တွင်းရေးမှူး ဖြစ်လာပြီး သခင်သိန်းဖေသည် ကောင်စီဝင်တဦး ဖြစ်လာပါသည်။ သို့သော်လည်း ‘သိန်း၊ သန်း’ ကွန်မြူနစ်တို့သည် ‘ရန်စ်’ မရောက်မီက စတင်ခဲ့သော အထွေထွေသပိတ် ပြီးငြိမ်းသွားစေရန် ကောင်စီ၏ ဒု- ဥက္ကဋ္ဌအနေနှင့် ဦးအောင်ဆန်း၏ စေ့စပ်ရေးဆောင်ရွက်ချက်များကို အနှောင့်အယှက်ပေးခဲ့၏။ အထွေထွေသ ပိတ်ပြီးငြိမ်းရေး ဆောင်ရွက်ချက်များ ပျက်ပြားစေရန် ကြိးပမ်းမှုမှာ အောင်မြင်ခြင်းမရှိခဲ့ချေ။ သို့သော် ဤကြိုး ပမ်းမှုသည် ဦးအောင်ဆန်းနှင့် ဖဆပလတို့၏ ဩဇာပြိုပျက်စေရန် အတန်ကြာကပင် စတင်ခဲ့သော စည်းရုံးလှုံ့ ဆော်ရေးလုပ်ငန်းများ၏ တစိတ်တပိုင်းသာဖြစ်ပါသည်။
အခြေအနေကို မဖြေရှင်း၍ မရတော့ပါ။ ဆိုရှယ်လစ် ဦးကျော်ငြိမ်းကို သခင်သန်းထွန်းနေရာ၌ အထွေထွေအ တွင်းရေးမှူး ခန့်အပ်လိုက်ပြီး အောက်တိုဘာလတွင် ကွန်မြူနစ်များကို ဖဆပလအတွင်းမှ ထုတ်ပယ်လိုက်ပါ သည်။ ဤလုပ်ရပ်ကို နောက်လအတွင်း ကျင်းပသော အဖွဲ့ချုပ်၏ အထွေထွေညီလာခံ၌ အတည်ပြုလိုက်ပါ သည်။ ထုတ်ပယ်ရခြင်း၏ အကြောင်းများကို ရှင်းပြသော မိန့်ခွန်း၌ ဦးအောင်ဆန်းသည် ကွန်မြူနစ်တို့အား တိုင်းပြည်၏ ညီညွတ်မှုပျက်ပြားစေရန် ကြိုးပမ်းသည်။ မိမိတို့၏ပါတီရေးကို မြန်မာ့လွတ်လပ်ရေးထက် အလေး ပေးသည်။ မြန်မာ့အခြေအနေနှင့် သင့်လျော်၊ မသင့်လျော်ကို မဆင်ခြင်ဘဲ အိန္ဒိယကွန်မြူနစ်ပါတီ၏ ညွှန်ကြား ချက်များကို မျက်စေ့စုံပိတ်၍ လိုက်နာသည် စသဖြင့် ရှုတ်ချပါသည်။
အမှုဆောင်ကောင်စီမှ နှုတ်ထွက်လိုက်သော သခင်သိန်းဖေက ဦးအောင်ဆန်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် များအား တော်လှန်ရေးသမားထက် ပြုပြင်ရေးသမားဆန်သည်၊ ၎င်းတို့သည် ဗြိတိသျှ၏ လှည့်ဖြားမှုကို အညံ့ ခံခဲ့ပြီး ဘုရင်ခံနှင့် ဆက်ဆံရာ၌ ပျော့လွန်းသည်၊ အဝေဖန်လည်း မခံနိုင်ဟု ပြောဆိုပါသည်။ ဖဆပလနှင့် ကွန် မြူနစ်တို့ လမ်းခွဲသွားကြသော်လည်း လက်ဝဲညီညွတ်မှုကို အထူးလိုလားသော ဦးအောင်ဆန်းသည် မာက်စ်ဆို ရှယ်လစ်ဝါဒနှင့် ကွန်မြူနစ်ပါတီဝင်အချို့အပေါ် သံယောဇဉ်မကုန်ပါ။ အလံနီကွန်မြူနစ်များနှင့် အလံဖြူကွန် မြူနစ်များအကြား စေ့စပ်ဖြန်ဖြေရန် သူ ကြိုးစားခဲ့ပါသည်။ သိန်း၊ သန်း ကွန်မြူနစ်များကို ဖဆပလအတွင်းမှ ဖယ်ထုတ်ပြီးနောက် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်တို့ကို ပေါင်းစည်းပြီး မက်စ်အဖွဲ့ချုပ်တည်ထောင်ရန် ဦး အောင်ဆန်း စဉ်းစားခဲ့သည်ဟု အဆိုရှိပါသည်။
အမှုဆောင်ကောင်စီအသစ်သည် သခင်စိုးကွန်မြူနစ်များအပေါ် ချမှတ်ထားသော ပိတ်ပင်ချက်ကို ပယ်ဖျက် ပေးလိုက်ပါသည်။ သို့သော် အလံနီကွန်မြူနစ်များသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို တရားသေ ဆုပ်ကိုင်ထားသဖြင့် ၁၉၄၇ ခု ဇန်နဝါရီလတွင် ၎င်းတို့အား တဖန် မတရားအသင်းကြေညာရပြန်သည်။ အဖြူ၊ အနီမရွေး ကွန်မြူနစ်အများအပြား အထူးသဖြင့် ပြည်သူ့ရဲဘော်ဟောင်းများသည် ဦးအောင်ဆန်းကို ဆက် လက်၍ ကြည်ညိုလေးစားကြပါသည်။ သူ့အနေနှင့်လည်း ကွယ်လွန်သွားသည့်တိုင် ပြန်လည်ပေါင်းစည်းရေး ကို လုံး⁠လုံးလျားလျား ပစ်ပယ်ခဲ့ခြင်း ရှိဟန်မတူပါ။ သို့သော် သူသည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် ညီညွတ်ရေး ထက်ပိုပြီး မည်သည့်ဝါဒကိုမှ ဦးစားမပေးခဲ့ပါ။
၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် ဖဆပလသည် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံတည်ထောင်ရေးအတွက် လိုအပ်သောကိစ္စများ ဆွေးနွေးရန် ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက်ကို လက်ခံလိုက်ပါသည်။ နှစ်ဦးပိုင်းတွင် လန်ဒန်သို့ ထွက်ခွာသွားသောကိုယ်စားလှယ်အဖွဲ့ကို ဦးအောင်ဆန်း ဦးဆောင်၍ အဖွဲ့ထဲတွင် အမှုဆောင် ကောင်စီဝင်များ၊ နိုင်ငံရေးသမားများနှင့် အရပ်သားအစိုးရဝန်ထမ်းများ ပါရှိပါသည်။
ဒေလီမြို့၌ ရပ်နားစဉ် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်ဆန်းက လုံးဝလွတ်လပ်ရေးကိုသာ လိုလားကြောင်း၊ ဒိုမီနီယန်အဆင့်အတန်း လက်ခံရေးကို ထည့်သွင်းစဉ်းစားမည် မဟုတ်သဖြင့် မေးစရာပင် မ လိုကြောင်းပြောကြားခဲ့ပါသည်။ သတင်းစာဆရာတို့၏ မေးခွန်းတရပ်ကို ဖြေကြားရာ၌ မြန်မာတို့၏ တောင်းဆို ချက်များကို ကျေနပ်ဖွယ်ရာလိုက်လျောခြင်း မရှိပါက အကြမ်းဖက်နည်းကိုဖြစ်စေ၊ အကြမ်းမဖက်သောနည်း ကိုဖြစ်စေ၊ နည်းနှစ်မျိုးလုံးကိုဖြစ်စေ၊ စဉ်းစားရန် လုံးဝတွန့်ဆုတ်မည်မဟုတ်ဟု ပြောခဲ့၏။ နိဂုံးချုပ်အနေနှင့် အ ကောင်းဆုံးကို မျှော်လင့်ထားသော်လည်း အဆိုးဆုံးအတွက်လည်း အဆင်သင့်ပြင်ထားကြောင်း ပြောသွားပါ သည်။ ဤကား မြန်မာနိုင်ငံမှ မထွက်ခွာမီ နှစ်သစ်ကူးမိန့်ခွန်းထဲတွင် အသေးစိတ်ပြောခဲ့သော အချက်အလက် တို့ထက် ပိုမိုခြင်းမရှိပါ။
ထိုမိန့်ခွန်းတွင် ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့သည်မှာ ဗြိတိသျှတို့သည် အေးချမ်းစွာ ဖြေရှင်းရေးကို လိုလားသည် ဟု သူ ယုံကြည်လိုကြောင်း၊ သူကိုယ်တိုင်လည်း အေးဆေးသော နည်းများကိုသာ ပို၍နှစ်သက်ကြောင်း၊ သို့ သော်လည်း လိုအပ်သည့် သဘောတူညီချက်များ မရပါက လူထုအနေနှင့် တရားဥပဒေပြင်ပမှ လွတ်လပ်ရေး တိုက်ပွဲဝင်ရန် အဆင်သင့်ပြင်ထားရမည်ဖြစ်ကြောင်း စသဖြင့် ဖြစ်ပါသည်။ အမှန်မှာ ဦးအောင်ဆန်းနှင့် ဖဆ ပလသည် ဗြိတိသျတို့နှင့် ဆွေးနွေးပွဲများ မအောင်မြင်ပါက ဖြစ်ပျက်လာမည့် အခြေအနေအတွက် ပြင်ဆင်မှုအ နေနှင့် လက်နက်များစုဆောင်းပြီး၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့များကို အသင့်အနေအထားတွင် ရှိနေစေရန် စီစဉ်ပြီး ဖြစ်ပါသည်။
“အောင်ဆန်း-အတ္တလီ သဘောတူညီချက်” ထွက်ပေါ်စေခဲ့သော ဆွေးနွေးပွဲများအတွင်း ဦးအောင်ဆန်း၏ ကဏ္ဍနှင့်ပတ်သက်၍ ပုဂ္ဂလိကအမှုဆောင်ဝင်တဦးဖြစ်သူ ဦးတင်ထွဋ်က အောက်ပါအတိုင်းရေးသားခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ရွေးကော်ပွဲမကျင်းပမီနှင့် အခြေခံဥပဒေသစ် မရေးဆွဲသေးမီ မြန်မာနိုင်ငံ၏ အစိုးရတာဝန် ဝတ္တရားတို့ကို မြန်မာအစိုးရထံသို့ လက်တွေ့အရလည်းကောင်း၊ ဥပဒေသဘောအရလည်းကောင်း၊ ချက်ချင်း လွှဲပြောင်းပေးရန်ကို သူက အားထုတ်ခဲ့ပါသည်။ ဥပဒေသဘောအရ လွှဲပြောင်းပေးခြင်းကို သူက မရယူနိုင်ခဲ့ သော်လည်း လက်တွေ့အားဖြင့် လွှဲပြောင်းပေးခြင်းကိုကား အနှစ်သာရအားဖြင့် နှစ်ဖက်သဘောတူညီမှုအပေါ် မူတည်၍ ရယူနိုင်ခဲ့ပါသည်။
ဤအနေအထားကို သူ၏ နိုင်ငံရေးအတိုက်အခံတို့က သူခေါင်းဆောင်ခဲ့သော ကိုယ်စားလှယ်အဖွဲ့၏ ရှုံးနိမ့်မှု ကဲ့သို့ဖြစ်စေရန် ကောက်ကွေ့ပွေလီစွာ အဓိပ္ပာယ်ဖွင့်လိုက ဖွင့်နိုင်ပါသည်။ သူသည် အနည်းဆုံး လိုအပ်ချက် များ တောင်းဆိုရာ၌ ခိုင်မာ၏။ ထိုသို့ခိုင်မာခြင်းကြောင့် တော်လှန်ရေးဖြစ်ပေါ်လာနိုင်သည်ဟု သူသိသဖြင့် တာဝန်မှာကြီးလေးလှ၏။ နိုင်ငံရေးပညာရှိတဦးပီသစွာ မြန်မာပြည်သူပြည်သားများ၏ လိုလားချက်တို့ကို အ နှစ်သာရအားဖြင့် ပေးသည်ကို သူလက်ခံခဲ့၏။ လိုလားချက်ကား လွတ်လပ်ရေးသို့ ရှင်းလင်းတိုတောင်းသော လမ်းမှ ချီတက်နိုင်ရန်နှင့် မိမိတို့တိုင်းပြည်၏ လက်တွေ့အစိုးရတာဝန်များကို ချက်ချင်းရရှိရန်တို့ဖြစ်ပါသည်။
နှစ်ဖက်အလိုကျ သဘောတူညီချက်ကို လက်ခံပြီးနောက် ဤသဘောတူညီချက်၏ အဓိပ္ပာယ်သက်မှုကို လူထု အား ရိုး⁠ရိုးရှင်း⁠ရှင်းတင်ပြ၍ လိုအပ်ချက်များ ဖြစ်မြောက်စေရန် ခေါင်းဆောင်မှုပေးခဲ့၏။ သူ၏ ခေါင်းဆောင်မှု နောက်မှ လိုက်ပါက တနှစ်အတွင်း လုံးဝလွတ်လပ်ရေးရစေရမည်ဟု ရဲရင့်စွာ ကတိပေးခဲ့၏။ ဤကား ပေါ့ပေါ့ ဆဆ ကတိမျိုး မဟုတ်ပါ။ သူ၏ နိုင်ငံရေးလုပ်ငန်း၊ သူ၏ ဂုဏ်သိက္ခာနှင့် သူ၏ ဘဝတို့ကိုရင်း၍ ပေးလိုက် သော၊ ခံယူချက်အပေါ် အခြေခံသော ကတိမျိုးဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် သူ၏ ခေါင်းဆောင်ပီသ မှုကို အပြည့်အဝ သက်သေပြလိုက်ပါသည်။
သဘောတူညီချက်ကို လက်မှတ်ထိုးရန် ငြင်းဆိုခဲ့သော ကိုယ်စားလှယ်အဖွဲ့ဝင်နှစ်ဦးကား ဝန်ကြီးချုပ်ဟောင်း ဦးစောနှင့် ၁၉၃၈ ခုနှစ် ဒို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲပြီးနောက် အနည်းစုသခင်များကို သခင်ထွန်းအုပ်နှင့်အ တူ ခေါင်းဆောင်ခဲ့သော သခင်ဗစိန်တို့ဖြစ်ပါသည်။ မြန်မာပြည်သို့ ပြန်ရောက်သောအခါ ဦးစောနှင့် သခင်ဗစိန် သည် ဒေါက်တာဘမော်နှင့် ဝန်ကြီးချုပ်ဟောင်း နောက်တဦးဖြစ်သူ ဆာပေါ်ထွန်းတို့နှင့်ပေါင်းကာ အမျိုးသား အတိုက်အခံတပ်ဦး တည်ထောင်၍ ဦးအောင်ဆန်းသည် ရာထူးတည်မြဲရေးအတွက် နယ်ချဲ့တို့ဘက်သို့ ကူး ပြောင်းသွားပြီဟု ပြောလေသည်။
နိုင်ငံရေးအတိုက်အခံတို့၏ စွပ်စွဲချက်များကြောင့် ဦးအောင်ဆန်း ထူးထူးခြားခြား စိတ်အနှောင့်အယှက်မဖြစ်ခဲ့ ပါ။ တိုင်းရင်းသားလူမျိုးစုများနှင့် ဆွေးနွေးစေ့စပ်ရေးကိုသာ ဇောက်ချ၍ လုပ်ပါတော့သည်။ ဤကိစ္စကို ဖြေ ရှင်းရန် လန်ဒန်သွားကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ပြန်ရောက်ပြီး ရက်ပိုင်းအတွင်းပင် ပင်လုံ၌ ညီလာခံခေါ် ရေး စီစဉ်ထားပြီးဖြစ်ပါသည်။ ညီလာခံ၏ ရလဒ်ဖြစ်သော ပင်လုံစာချုပ်အရ “ကြားဖြတ်မြန်မာအစိုးရနှင့် ချက် ချင်းပူး ပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်” ဟူ၍ အသိအမှတ်ပြုလိုက်ပါသည်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်
ပင်လုံညီလာခံကား စစ်အတွင်းက တိုင်းရင်းသားများအကြား သင့်မြတ်ကြည်ဖြူရေးအတွက် သခင်များကြိုး ပမ်းချက်များနှင့် အစပျိုးခဲ့သော ဦးအောင်ဆန်း၏ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုပေါင်းစုံ စည်းလုံးညီညွတ်ရေး ဦးတည်သော လုပ်ငန်းစဉ်၏ အထွတ်အထိပ်ပင်ဖြစ်ပါသည်။ တဖန် ဦးတင်ထွဋ်၏ စကားအရပြောရလျှင် ဆွေး နွေးစေ့စပ်ရေးနယ်ပယ်တွင် သူ(ဦးအောင်ဆန်း) အောင်မြင်မှုများ ရရှိခဲ့ခြင်းမှာ သူ၏ မသွယ်မဝိုက်ပွင့်လင်းမှု နှင့် ပုဂ္ဂလိကအရည်အသွေးတို့ကြောင့် ဖြစ်ပါသည်။ ထိုနယ်ပယ်တွင် သူ၏ အကြီးမားဆုံးဆောင်ရွက်ချက်ကား တောင်တန်းဒေသ တိုင်းရင်းသားများနှင့် အခြားလူငယ်စုများ၏ လုံးဝဥဿုံ စိတ်ချယုံကြည်မှုကို ရယူနိုင်ခြင်း ဖြစ်ပါသည်။
ပင်လုံညီလာခံ ပြီးလျှင်ပြီးချင်း ဧပြီလတွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဖဆပလကိုယ်စား ဦးအောင်ဆန်းသည် ပင်ပန်းကြီးစွာ နိုင်ငံအနှံ့ စည်းရုံးရေးခရီးထွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ ပြည်သူလူထုနှင့် (၃၂) နှစ် မျှသာရှိသေးသော သူတို့၏ နုပျိုရွယ်ခေါင်းဆောင်အကြား မကြံစဖူး ထူးခြားသော ဆက်ဆံရေးအနေအထားမျိုး ပေါ်ပေါက်ခဲ့ပါသည်။ ဦးအောင်ဆန်းသွားလေရာ လူအုပ်ကြီးများသည် ‘ငါတို့ဗိုလ် ချုပ်’ ကို မြင်လိုဇော၊ နားထောင်လိုဇော၊ သွေးစည်းခိုင်မာမှုကို ပြသလိုဇောတို့နှင့် ဖုံကိုမမှု၊ နေပူကိုမရွံ့၊ လာ ရောက်အားပေးကြပါသည်။ ‘ဗိုလ်ချုပ်’ ဟူသော ဝေါဟာရမှာ မူလတွင် သူ၏ တပ်မတော်ရာထူးကို ရည်ညွှန်း ခြင်းအမှုသာဖြစ်သော်လည်း နောင်တွင် သူ့အပေါ်ထားရှိသော ချစ်ခင်လေးစားမှုကို ရောင်ပြန်ဟပ်လာသော ဝေါဟာရဖြစ်လာ၏။
ဦးအောင်ဆန်းကား နားထောင်ကောင်းအောင် အပြောအဟောပြေပြစ်သူတဦး မဟုတ်ပါ။ သူ၏ မိန့်ခွန်းများ သည် ငြီးငွေ့ဖွယ် အတတ်ပညာရေးရာကိစ္စများနှင့် လွှမ်းမိုးနေသည်လည်း ဖြစ်နိုင်၏။ ဟိုအကြောင်းရောက် ဒီ အကြောင်းရောက်နှင့် လိုက်ရခက်သည်လည်း ဖြစ်နိုင်၏။ လွန်စွာရှည်လျားသည်လည်း ဖြစ်နိုင်၏။ သို့သော် လည်း လူထုသည် ငြိမ်သက်အေးဆေးစွာ နားထောင်ပြီး သူ့စိတ်သန္တာန်ကိုလိုက်ကာ သူ၏ တုံးတိတိနိုင်သော ဆုံးမသတိပေးချက်တို့ကို သဘောကျနှစ်သက်သကဲ့သို့ ကြားရခက်လှသော သူ၏ ရယ်ရွှင်ဖွယ်စကားလေး များကိုလည်း သဘောကျနှစ်သက်ကြပါသည်။
ဦးအောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးနှင့် စည်းလုံးညီညွတ်ရေးပြဿနာများကို ဖြေရှင်းပေးနိုင်မည့် အ တွေးအခေါ်များနှင့် နည်းဗျူဟာများကို အစဉ်တစိုက်ရှာဖွေနေသူဖြစ်၏။ ဤလုပ်ငန်းတွင် လူထုကို သူနှင့်အတူ ပါဝင်ရန်ခေါ်ဆောင်နိုင်ခဲ့သည်။ ကာလဒေသအခြေအနေများအရ လိုအပ်ပါကစိတ်ပြောင်းလဲရန် သူမကြောက် ရွံ့ပါ။ သူ၏ ယူဆချက်များနှင့် ရည်ရွယ်ချက်များကို လူထုအား ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး ၎င်းတို့၏ ထောက်ခံ မှုကို တောင်းဆိုပါသည်။ သို့သော်လည်း လွယ်လင့်တကူ အောင်မြင်မှုများနှင့် စိတ်ကူးယဉ်အိပ်မက်လောက များ အကောင်အထည်ဖော်လာမည်ဟူ၍ လက်လွတ်စပယ် ကတိပြုချက်များ မပေးချေ။ သူ့တိုင်းပြည်အပေါ် တည်ကြည်ဖြောင့်မတ်စွာ ပြုကျင့်သွားမည်၊ မြန်မာ့လွတ်လပ်ရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်၊ လူထု၏ ညီညွတ်မှုအင်အားသာ သူနှင့် ဖဆပလနောက်၌ တည်ရှိနေမည်ဆိုပါက လွတ် လပ်ရေးနှင့် စည်းလုံးညီညွတ်ရေးဟူသော နှစ်ပွင့်ဆိုင်ပန်းတိုင်သို့ ဦးဆောင်ခေါ်သွားနိုင်မည်ဟူ၍သာ ကတိပြု ခဲ့၏။
မြန်မာနိုင်ငံ ပြည်သူလူထုလည်း ရွေးကောက်ပွဲတွင် ဖဆပလကိုယ်စားလှယ်ပေါင်း မြောက်မြားစွာကို ရွေးချယ် တင်မြှောက်လိုက်ခြင်းဖြင့် ဦးအောင်ဆန်း၏ နှိုးဆော်ချက်တို့ကို တုံ့ပြန်လိုက်၏။ ပုဂ္ဂလိကကိုယ်စားလှယ်များ နှင့် ကွန်မြူနစ်ကိုယ်စားလှယ်များ လက်တဆုပ်စာလောက်သာ ရွေးချယ်ခြင်းခံခဲ့ရပါသည်။ ‘စော၊ စိန်၊ မော်’ အုပ်စုကား မိမိတို့သေချာပေါက်ရှုံးမည်ကို သိထားကြသဖြင့် ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့၏။ ဖဆပ လသည် မသင့်တော်သော ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရ၏။ သို့သော် ရွေး ကောက်ပွဲဆိုင်ရာ ခုံရုံးများ၏ တွေ့ရှိချက်များအရ ရွေးကောက်ပွဲရလဒ်များသည် လူထု၏ဆန္ဒကို အမှန်အတိုင်း ရောင်ပြန်ဟပ်ခဲ့ပါသည်။ ဦးအောင်ဆန်း၏ ဘဝနောက်ဆုံးအပိုင်းတွင် သူသည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးရင့် ကျက်မှုနှင့် နိုင်ငံအုပ်ချုပ်ရေး ကျင်လည်မှုတို့တွင် တိုးတက်လာသည်ကို မြင်နိုင်ပါသည်။ နိုင်ငံတော်တည် ဆောက်ရေး ကိစ္စရပ်များကို ရင်ဆိုင်ရာ၌ သူ၏ ပင်ကိုယ်အရည်အသွေးများနှင့် တာဝန်သိစိတ်ဓာတ်တို့ ကွန့် မြူးလာ၏။ ဤကာလအတွင်း၌ တချိန်ကဆန့်ကျင်ဘက်ဖြစ်ခဲ့သော ဗြိတိသျှများစွာတို့၏ လေးစားမှုကို ရယူနိုင် ခဲ့သည်။ ထိုပုဂ္ဂိုလ်များအနက် တဦးက အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။
အောင်ဆန်း၏ နိုင်ငံရေးပညာရှင်အရည်အချင်းများ တိုးတက်ကြွယ်ဝလာခြင်းသည် သူ၏ ပင်ကိုယ်စရိုက်ကား ဖြစ်ပေါ်လာသော အခြေအနေများအရ ကြီးထွားလာနိုင်စွမ်းရှိကြောင်းကို ပြသပါသည်။ သူ့ဘဝ၏ နောက်ဆုံး (၁၀) လတွင် သူသည် လက်တွေ့အားဖြင့် ဝန်ကြီးချုပ်အနေအထား၌ ရှိခဲ့ပါသည်။ ထိုကာလအတွင်း၌ သူသည် သူ့နိုင်ငံ မည်မျကျယ်ဝန်း၍ လူမျိုးပေါင်း မည်မျှစုံပြီး ပြဿနာများ မည်မျှရှုပ်ထွေးပွေလီလှသည်တို့ကို စ၍ ဂဃ နဏ သဘောပေါက်ခဲ့ပါသည်။ အလုပ်များလွန်းလှသဖြင့် သူ၏ ကျန်းမာရေးထိခိုက်လာသည့်အပြင် ရံဖန်ရံခါ အလုပ်မနိုင်မနင်း ဖြစ်ခဲ့ပါသည်။ သို့သော် သူကား ယောင်္ကျားကောင်းပီသစွာ ဤဖြစ်ရပ်ကို ဝန်ခံသဖြင့် သူနှင့် နေ့စဉ် ထိတွေ့နေသော ဗြိတိသျှအုပ်ချုပ်ရေးအရာရှိများ၏ လေးစားမှုကို ရရှိခဲ့ပါသည်။ သူ့အား လုပ်ကြံသတ် ဖြတ်ခြင်းသည် နောင်ဖြစ်ထွန်းလာမည့် ဥပဒေမဲ့ကာလများတွင် သူ့နောက်လိုက်များကို စည်းကမ်းထိန်းသိမ်း ရန် စွမ်းဆောင်နိုင်သည့် တဦးတည်းသောပုဂ္ဂိုလ်ကို သူ့တိုင်းပြည် ဆုံးရှုံးရခြင်းပင်ဖြစ်ပါသည်။
ဇွန်လအစောပိုင်းတွင် ဦးအောင်ဆန်းသည် တိုင်းပြည်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီစဉ်ရန် ရန်ကုန်မြို့ ပြည်လမ်းရှိ ‘ဆိုရန်တိုဗီလာ’ အဆောက်အဦးတွင် စည်းဝေးပွဲများ ဆက်တိုက်ကျင်းပပါသည်။ ညီ လာခံအဖွင့်မိန့်ခွန်းတွင် ဦးအောင်ဆန်းသည် အစောတလျင် လိုအပ်နေသော လုပ်ငန်းများကို မီးမောင်းထိုးပြ ပြီး လက်တွေ့ကျ၍ လှေနံဓားထစ်မဟုတ်သော အစီအစဉ်များလိုအပ်ကြောင်းကို အလေးပေးပြောသွားပါသည်။ လောဘကြီးလွန်းသော စီမံကိန်းများ မပြုလုပ်မိရန်နှင့် မည်သည့်ကိစ္စများ ပထမဦးဆုံး ဆောင်ရွက်ရန်လိုသည် ကို ဆုံးဖြတ်ရန် အရေးကြီးကြောင်းကိုလည်းပြောသွားပါသည်။ ထို့အပြင် တိုင်းသူပြည်သားတို့ လက်အတွင်း သို့ အချုပ်အခြာအာဏာ ပြန်၍ရောက်နေရကား တိုင်းပြည်တွင်ဖြစ်ပေါ်သမျှ အနိဌာရုံများအတွက် နယ်ချဲ့စနစ် ကို အပြစ်တင်တိုက်ခိုက်ခြင်းဖြင့် အချိန်နှင့်အင်အားတို့ကို အလဟဿမဖြုန်းကြရန် သတိပေးသွားပါသည်။
နယ်ချဲ့စနစ်ကို တိုက်ဖျက်ရန်သုံးခဲ့သော လက်နက်များသည် လွတ်လပ်သော နိုင်ငံတခုကို တည်တံ့ခိုင်မြဲ၍ တိုးတက်စေရန်အတွက် သင့်လျော်သော ကိရိယာများဖြစ်သည်ဟု အစဉ်အမြဲ မတွက်ဆနိုင်ကြောင်း သူ ပြည့် ပြည့်ဝ၀ နားလည်ပါသည်။ ဦးအောင်ဆန်းသည် မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာမိသားစု အသိုင်းအဝိုင်းတွင် မှန်ကန်သောနေရာမှ ပါဝင်ဆောင်ရွက်နိုင်မည့် အနာဂတ်ကာလကိုမျှော်မှန်းကာ စစ်မှန်သော အမျိုးသားရေး သည် နိုင်ငံတကာအရေးကို အထောက်အကူပြုရမည်ဖြစ်ကြောင်း သူ မြင်ပါသည်။ ဦးအောင်ဆန်း၏အမြင် သည် သွေးထွက်အောင်မှန်သဖြင့် အချို့လူများ မခံသာသော စကားမျိုးကိုပြောရန်မတွန့်ဆုတ်ပါ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သော သူ၏ နောက်ဆုံးမိန့်ခွန်းတွင် ပြည်သူတို့အား မိမိတို့၏ ချို့ယွင်း ချက်များကို ပြုပြင်ရန်၊ စည်းကမ်းရှိရန်၊ ဇွဲဝိရိယကြီးရန်နှင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ရန် စသဖြင့် ဆော်ဩခဲ့ပြီး လွတ်လပ်ရေး၏ အကျိုးအရသာများ ပြည့်ဝစွာ မခံစားနိုင်မီ နှစ်ပေါင်းများစွာ ရုန်းကန်ကြိုးစားရ ဦးမည်ဖြစ်ကြောင်းကိုလည်း သတိပေးခဲ့၏။
ဖြောင့်မတ်တည်ကြည်ပြီး မိမိကိုယ်ကို ဆန်းစစ်နိုင်စွမ်းရှိသူပီပီ ဦးအောင်ဆန်းသည် သူ၏ အားနည်းချက်များ ကို ပြုပြင်ရန်လိုကြောင်းကိုလည်း မိတ်ဆွေများအား ဝန်ခံခဲ့ပါသည်။ ကျောင်းသားတော်လှန်ရေးသမား လူငယ် တယောက်တွင် သည်းခံခွင့်လွှတ်နိုင်သော အပြစ်အနာများသည် နိုင်ငံ၏အထင်ကရ ခေါင်းဆောင်တွင်မူကား လက်ခံခွင့်လွှတ်ဖွယ် မဟုတ်ပေ။ အချောကိုင်ရန်လိုနေသော အမူအကျင့်များ ရှိနေသေး၏။ အဆင်မပြေလှ သော ဒေါသကြီးတတ်ခြင်းကို ထိန်းချုပ်ရပေဦးမည်။ လူမှုဆက်ဆံရေးတွင်လည်း မည်မျှပင် ငြီးငွေ့ဖွယ်ဖြစ်စေ လောကဝတ်ပျူငှာစေရန် လေ့ကျင့်ရပေဦးမည်။
အာဏာလွှဲပြောင်းရေး အစီအစဉ်များကို လျင်မြန်စွာ တဆင့်ပြီးတဆင့် တိုးတက်၍ အကောင်အထည်ဖော်နိုင် ခဲ့ပါသည်။ မေလတွင် ကျင်းပသော ညီလာခံ၌ ဖဆပလအဖွဲ့ချုပ်သည် မိမိတို့၏ လွတ်လပ်ရေးနှင့်ပတ်သက် သော မူဝါဒကို ချမှတ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ ခေါ်တွင်မည့် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ အခြေခံဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို ရေးဆွဲရန် ကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပါသည်။ ခက်ခဲ ဆင်းရဲစွာ လုံးပမ်းခဲ့ရသော ပန်းတိုင် လက်တကမ်းမျှသာ ရှိတော့သည်ဖြစ်၍ ဦးအောင်ဆန်းသည် တင်းမာမှု များလျော့ကာ ပိုမို၍ ပျော့ပြောင်းချိုသာလာ၏။ သူ၏ တပ်များကို ဂျပန်တော်လှန်ရေးတွင် ဦးဆောင်ခဲ့စဉ်က အံကြီးတခဲ⁠ခဲနှင့် တွေ့မြင်ရသော လူငယ်စစ်သေနာပတိချုပ်၏ ပုံပန်းသဏ္ဍာန်နှင့်ကား သိသိသာသာ ခြားနား လာပါသည်။ သူ၏ အတွင်းအပြင်သည် ကြည်လင်တည်ငြိမ်၍ သောကကင်းစင်သကဲ့သို့ ဖြစ်နေပါသည်။ သို့ သော်လည်း ပင်ပန်းနွမ်းနယ်ခြင်းသည်လည်း နက်ရှိုင်းလှပါသည်။ လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးမှ အနား ယူကာ မိသားစုကိစ္စများ၊ စာပေရေးသားခြင်းကိစ္စများကိုသာ အချိန်ပြည့်ပေး၍ လုပ်ဆောင်လိုလားကြောင်း ထုတ်ဖော်ပြောခဲ့ပါသည်။
သို့သော်လည်း ဤဆန္ဒကား မပြည့်ဝခဲ့ပါ။ ဇူလိုင်လ (၁၉) ရက်နေ့ အမှုဆောင်ကောင်စီ အစည်းအဝေးထိုင်နေ စဉ် အစောင့်အကြပ်များမရှိသော စည်းဝေးခန်းထဲသို့ ယူနီဖောင်းဝတ်လူတစု တွန်းဝင်လာ၍ စက်သေနတ် များနှင့်ပစ်ခတ်ရာ ဦးအောင်ဆန်း၊ သူ၏အကိုကြီး ဦးဘဝင်း အပါအဝင် ကောင်စီဝင် (၆) ဦး၊ အထက်တန်းအုပ် ချုပ်ရေးအရာရှိတဦးနှင့် ကိုယ်ရံတော်လေးတဦးကျဆုံးခဲ့ရပါသည်။ လူသတ်သမားများ ထွက်ပြေးလွတ်မြောက် သွားခဲ့သော်လည်း၊ ၎င်းတို့အား ဦးစောနေအိမ်သို့ ခြေရာခံလိုက်နိုင်ခဲ့ပါသည်။ ဝန်ကြီးချုပ်ဟောင်းသည် အကြံ ကြီးသူတယောက်ဖြစ်ပြီး ‘ကောင်လေးတယောက်ပါပဲ’ ဟူ၍ သူ သတ်မှတ်လေ့ရှိသော ဦးအောင်ဆန်း နိုင်ငံ့ ခေါင်းဆောင်အဆင့်သို့ တရှိန်ထိုးတက်သွားသည်ကို လက်မခံနိုင်ခဲ့ပေ။
မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် လန်ဒန်သို့ ထွက်ခွာမသွားမီ လအနည်းငယ်အလိုလောက်တွင် ကာကီဝတ်စုံ ဝတ်ဆင်ထားသူများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးစောမျက်စေ့တွင် ဒဏ်ရာရခဲ့ပါသည်။ ဦးစောသည် ဤ ကိစ္စတွင် ဦးအောင်ဆန်း၏ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်များ၌ တာဝန်ရှိသည်ဟု ယူဆကာ ကလဲ့စားချေခြင်းဖြစ် သည်ဟု အချို့ကခန့်မှန်းကြပါသည်။ သို့သော်နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်များအရ အလုပ်အမှုဆောင်ကောင်စီတခုလုံးအား သုတ်သင်ချေမှုန်းရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ပါသည်။ ဦးအောင်ဆန်းနှင့် လုပ်ဖော်ကိုင်ဖက်များကို ရှင်းလင်းသုတ်သင်လိုက်ခြင်းဖြင့် သူသာ မြန်မာနိုင်ငံအစိုးရခေါင်းဆောင် ဖြစ်လာ မည်ဟူသော ထူးဆန်းသည့် ယုံကြည်ချက်ဖြင့် လုပ်ကြံမှုကြီးကို ဦးစော စီစဉ်ခဲ့ဟန်တူပါသည်။ ဦးစောအပေါ် ရာဇဝတ်ပြစ်မှုများ ကျူးလွန်ရန် အားပေးကူညီမှုအတွက် အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ပြီး သေဒဏ်ချမှတ် လိုက်ပါသည်။
ဦးအောင်ဆန်း ကွယ်လွန်အနိစ္စရောက်သွားသော်လည်း သူ၏ ဘဝကိုပေး၍ ကြိုးပမ်းခဲ့ရသော လွတ်လပ်ရေး ကိုသာ မြန်မာနိုင်ငံ ရရှိခဲ့ပါသည်။ အသက်ရှင်ကျန်ခဲ့သော ဖဆပလဝင်များအနက် အဆင့်မြင့်ဆုံးဖြစ်သော ဦးနုသည် စေ့စပ်ဆွေးနွေးရေးများကို ဆုံးခန်းတိုင် ဆက်လက်ဆောင်ရွက်သွားပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို မွေးဖွားခဲ့ပါသည်။
နိဂုံးခေတ်သစ် မြန်မာနိုင်ငံသမိုင်း သုတေသီတဦးဖြစ်သူ အမေရိကန်ပညာရှင် ဖရင့်၊အင်၊ထရေဂါ ရေးသားခဲ့ သော အောက်ပါ စကားကောက်နုတ်ချက်ကို ဤနေရာ၌ ဖော်ပြက သင့်တော်မည်ထင်ပါသည်။ မဟာလူသား တဦး၏ လုပ်ဆောင်ချက်များအနေဖြင့်သာ ဖြစ်ရပ်စဉ်ကို တင်ပြခြင်းသည် သမိုင်းကို လွဲမှားစွာ မြင်ခြင်းဖြစ်ပါ သည်။ ဤစာအုပ်တွင်လည်း ထိုကဲ့သို့ တင်ပြခြင်းမျိုး အတိုင်းအတာတခုအထိ ပါဝင်ခဲ့ပါလျှင် ထိုအတိုင်းအ တာအထိ လွဲမှားသောအမြင်ရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ထိုစဉ်က မြန်မာပြည်အခြေအနေအရ သခင်များ နိုင်ငံရေးရာထူးနေရာ ရရှိခဲ့ချိန်မှစ၍ လွတ်လပ်ရေးအရုဏ်တက်ချိန်ဖြစ်သော ၁၉၄၈ ခုနှစ် ဇန်နဝါ ရီလတိုင် (၁၂) နှစ်ကာလအတွင်း စွမ်းဆောင်နိုင်မှုများကို ဖြစ်ရပ်စဉ်အလုံးစုံအပေါ် လွှမ်းခြုံခဲ့သော အောင် ဆန်း၏ ခေါင်းဆောင်မှုရှုထောင့်မှ စိစစ်ခြင်းကား မှန်ကန်သင့်လျော်သည်ဟု ထင်မိပါသည်။
အခြားတဖက်မှကြည့်လျှင်လည်း အထက်ဖော်ပြပါ သဘောတရားကား မှန်ကန်ပါသည်။ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှု နောက်ခံကားကို အခြေပြု၍သာ ဦးအောင်ဆန်း၏ ဘဝကို လေ့လာနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ ချဉ်းကပ်နည်းသည် သူ၏ ကိုယ်ရေးကိုယ်တာအပိုင်းကို လျစ်လျူရှုရာရောက်နိုင်ပါသည်။ သို့သော် သူ့အသက် (၂၀) ကျော်ကျော် ကျောင်းသားနိုင်ငံရေးလောကထဲ ဝင်ခဲ့စဉ်ကစ၍ သူ၏ ဘဝနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သည် ခွဲခြား၍မရလောက်အောင် ရောထွေးဆက်နွယ်နေသည့်အပြင် ဦးအောင်ဆန်းကား သူ၏ အဇ္ဈတ္တသန္တန် နှင့် ကွာခြားသော ဗဟိဒ္ဓအသွင်ကို လူထုရှေ့မှောက် ဘန်းပြသူမျိုး မဟုတ်ခဲ့ပါ။ သူ၏ ရုပ်ပုံလွှာတခုလုံးကို ခြုံ၍ ကြည့်ပါက မြင့်မားသောရည်မှန်းချက်၊ ခိုင်မာပြတ်သားသော စိတ်ဓာတ်တို့ဖြင့် သူ၏နိုင်ငံ လွတ်လပ်ရေးရစေ ရန် ခေါင်းဆောင်မှုပေးခဲ့သော သိက္ခာသမာဓိ ကြီးမားသည့် လူငယ်တဦးကို မြင်ရပေမည်။
သူ၏ နိုင်ငံရေးအတိုက်အခံများနှင့် သူ၏ နိုင်ငံကို အုပ်ချုပ်နေသော နိုင်ငံခြားသားများကို တိုက်ခိုက်ခဲ့သဖြင့် သူ့အား သစ္စာဖောက်ဟု မြင်ခဲ့သူတို့က ဦးအောင်ဆန်းသည် ထင်ပေါ်ကျော်ကြားမှုလိုလားသဖြင့် အကြင်နာ ကင်းသည်၊ ဆင်ခြင်တုံတရား ခေါင်းပါးသည်၊ နှစ်ဖက်ချွန်လုပ်တတ်သည်ဟု စွပ်စွဲခဲ့ကြ၏။ ထိုကဲ့သို့သော စွပ်စွဲ ချက်များကို သူ၏ လုပ်ဆောင်ချက်မှတ်တမ်းအပေါ် အခြေပြု၍ အကဲဖြတ်နိုင်ပါသည်။ အခြားသူများ ပိုမို၍ ကောင်းမွန်သော ခေါင်းဆောင်မှုပေးနိုင်သည်ဟု သူ ယုံကြည်သ၍ နောက်လိုက်နေရာမှ တာဝန်ကို စေတနာ ပြည့်ဝစွာထမ်းဆောင်ခဲ့ပါသည်။ သူတဦးတည်းသာ တိုင်းပြည်ကို ညီညွတ်မှုပေးကာ လွတ်လပ်ရေးပန်းတိုင်သို့ ရောက်ရန် ခေါင်းဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း ထင်ရှားလာသောအခါမှ သူသည် ဗဟိုမဏ္ဍိုင်နေရာကို ယူ ခဲ့ပါသည်။
ကျောင်းသားဘဝကပင် သူ၏ ရင်းနှီးသော နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူ ဦးကျော်ငြိမ်းက မည်သူကမှ ဗိုလ်ချုပ်အောင်ဆန်းအား ခေါင်းဆောင်နေရာကို ပေးခဲ့သည်မဟုတ်ဘဲ သူ၏ လုပ်ရည်ကိုင်ရည် ကြွယ်ဝမှု ကြောင့် ခေါင်းဆောင်နေရာကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ ဦးအောင်ဆန်းသည် သုန်မှုန်ခြင်းနှင့် စိတ်လှုပ်ရှားသဖြင့် ပေါက်ကွဲခြင်းများ ရှိခဲ့သော်လည်း လွတ်လပ်ရေးလှုပ်ရှားမှုအကျိုးငှာ စုပေါင်းဆုံးဖြတ်ချက် များ ချရာတွင် သူ၏ ပုဂ္ဂိုလ်ရေးရာခံစားချက်များနှင့် အလိုဆန္ဒတို့ကို မည်သောအခါမျှ အသားမပေးခဲ့ချေ။ လွတ်လပ်ရေးတိုက်ပွဲအဆင့်ဆင့်၌ သူသည် ရင်းနှီးသော နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ဆောင် ရွက်၍ တရားမှန်ဝေဖန်ချက်များကို လက်ခံကာ အသင့်တော်ဆုံးဖြစ်မည်ထင်ပါက တာဝန်များကို လွှဲပြောင်းခွဲ ဝေပေးပါသည်။
သို့သော် ကိုယ်ကျိုးရှာသမားများ၊ တာဝန်မဲ့လုပ်ရပ်များနှင့် လွတ်လပ်ရေးကြိုးပမ်းမှုကို ထိပါးနိုင်မည့် အလုပ် ပျက်ကွက်မှုများကို သည်းမခံပါ။ သူသည် တရားမျှတမှုနှင့် ဒီမိုကရေစီဝါဒတို့ကို ယုံကြည်လက်ခံကာ သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရလုပ်ပါက ပိုမို၍ကောင်းမွန်မည်ဖြစ်သောအချိန်အခါများ၌ပင် လုပ်ဖော်ကိုင်ဖက်များ ၏ အလိုကျ ဆောင်ရွက်ခဲ့သည်လည်းရှိခဲ့၏။ အမှုဆောင်ကောင်စီခေါင်းဆောင်အနေနှင့် သူ၏အမြင်ကို အခြား သူများလက်ခံစေရန် အပေါ်စီးနှင့် ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါ။ အားလုံးက လွတ်လပ်၊ ပွင့်လင်း၊ ပြည့်စုံစွာ ဆွေး နွေးပြီးမှ ဆုံးဖြတ်ချက်ချကြပါသည်။
သူကိုယ်တိုင် ပွင့်လင်းစွာ ဝန်ခံခဲ့သည့်အတိုင်း သူသည် အမှားအယွင်း ကင်းသူမဟုတ်ပါ။ သို့သော် သူ၏ စိတ် ရည်ဉာဏ်ရည်ကား အစဉ်သဖြင့် ကြီးထွားတိုးတက်နိုင်စွမ်းရှိခဲ့ပါသည်။ ဦးအောင်ဆန်းသည် အစွန်းရောက် တယူသန်သမားများကို စွဲဆောင်နိုင်စွမ်းထက် မိမိတို့ ယုံကြည်လေးစားသော ခေါင်းဆောင်အောက်တွင် စိတ် ငြိမ်းအေး ကိုယ်ချမ်းသာစွာဖြင့် မိမိတို့ဘဝကို နှင်လိုသော သာမန်ပြည်သူတို့ကို စွဲဆောင်နိုင်စွမ်းရှိခဲ့ပါသည်။ ပြည်သူတို့သည် ၎င်းတို့မျှော်မှန်းထားသော ခေါင်းဆောင်ကောင်း အရည်အသွေးများ ဦးအောင်ဆန်း၌ ရှိသည် ဟု မြင်ခဲ့၏။ သူကား ကိုယ်ကျိုးထက် နိုင်ငံ့အကျိုးကို ဦးစားပေးခဲ့သည်။ သူ၏အာဏာ အထွတ်အထိပ် ရောက် နေသည့် အချိန်တွင်ပင် ဆင်းဆင်းရဲရဲ ဟန်ပန်မရှိ နေထိုင်ခဲ့သည်။
ခေါင်းဆောင်တို့၏ အထူးအခွင့်အရေးများကို မမက်မောဘဲ ခေါင်းဆောင်မှုတာဝန်များကို လက်ခံခဲ့သည်။ ထို့ အပြင် သူသည် နိုင်ငံရေးပါးနပ်လိမ္မာမှုနှင့် နိုင်ငံအုပ်ချုပ်ရေးကျွမ်းကျင်မှုစွမ်းအားကြီးသော်လည်း သူ၏အတွင်း သဘောထား၏ နက်ရှိုင်းလှသော ရိုးသားမှုကား မည်သောအခါမျှ တိမ်ကောသွားခြင်း မရှိခဲ့ပါ။ မြန်မာနိုင်ငံ ပြည်သူလူထုအတွက် ဦးအောင်ဆန်းသည် မိမိတို့ လိုလားတောင့်တနေချိန်တွင် နိုင်ငံ၏ ဂုဏ်သိက္ခာကိုဆည် ရန် ပေါ်ပေါက်လာခဲ့သူဖြစ်ပါသည်။ သူ၏ ဘဝသည် ပြည်သူတို့ စိတ်အားတက်ကြွ အတုယူဖွယ်ရာဖြစ်သကဲ့သို့ သူ့အား သတိရလွမ်းဆွတ်ခြင်းသည် ပြည်သူတို့၏ နိုင်ငံရေးအသိစိတ်ကို လမ်းမလွဲစေရန် ထိန်းကွပ်မှုအဖြစ် တည်ရှိလျက် နေပါသည်။

ကျမ်းကိုး


  1. အောင်ဆန်းစုကြည် ရေးသားသည့် “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” စာအုပ် (မြန်မာပြန် - ဒေါက်တာအောင်ခင်)
  1. အောင်ဆန်းစုကြည် (၁၉၄၈) မြန်မာနိုင်ငံ၏ အောင်ဆန်း၊ အီဒင်ဘရာ၊ ကစ္စကဒေလ်(၁၉⁠၉၁)
  2. မာတင်စမစ် (၁၉⁠၉၁) ဘားမား-ပုန်ကန်ထကြွမှုနှင့် တိုင်းရင်းသား မျိုးနွယ်စုနိုင်ငံရေး လန်ဒန်၊ နယူးဂျာစီ၊ ဇတ်စာအုပ်များ
  3. ပင်လုံသဘောတူညီချက် ၁၉၄၇ 
  4. အောင်ဆန်းအား မည်သူသတ်သနည်း၊ ဗိုလ်ချုပ်ကျော်ဇောနှင့် တွေ့ဆုံမေးမြန်းခြင်း
  5. ဧရာဝတီ (ဩဂုတ်၁၉⁠၉၇)
  6. (ဒေါက်တာလွဏ်းဆွေ) “ဝင့်ထည်” ကလောင်အမည်ဖြင့် ဖော်ပြခဲ့သည့် ဆောင်းပါး
  7. WiKiMyanmar 
  8. အောင်သန်း ၏ အောင်ဆန်း
  9. ကိုမိုးသီး
  10. www.aungsan.com